64th Martyrdom day

ဇူလိုင်လ (၁၉) ရက်နေ့သည် ကျနော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ၆၄နှစ်မြောက် နှစ်ပတ်လည် အာဇာနည်နေ့ ဖြစ်ပါတယ်။ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ပါမယ်။ ဒီသတင်းသာ အတည်ဖြစ်ခဲ့ရင် ၉နှစ် အတွင်း ဒေါ်စုအနေနဲ့ ပထမဆုံး လူကိုယ်တိုင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာလို့ ဆိုပါတယ်။ ဒေါ်စုအနေနဲ့ စစ်အစိုးရ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ဘယ်လိုပုံစံနဲ့ တက်ရောက်သင့်သလဲဆိုတာ အကြံပြုချင်ပါတယ်။

သိကြတဲ့အတိုင်း တိုင်းပြည်အနေအထားသည် လွန်ခဲ့တဲ့ ၉နှစ်ကနဲ့ မတူတော့ပါဘူး။ စစ်အစိုးရက ရွေးဂေါက်ပွဲအတုနဲ့ ဘောင်းဘီချွတ်လိုက်တယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို အသဲအသန် လိုနေတယ်။ အာဆီယံမှာ ဥက္ကဌရာထူးရဖို့ လုံးပန်းနေတာ သိသာတဲ့ သာဓကပါ။ တဖက်မှာလဲ လိပ်ခဲတင်းလင်းဖြစ်နေတဲ့ နိုင်ငံရေးပြသနာကို ဒေါ်စုနဲ့အန်အယ်ဒီအပေါ် ပုံချဖို့ကြိုးပမ်းနေတယ်။ သူတို့မျှော်လင့်ထားသလို အန်အယ်ဒီ နှစ်ခြမ်းကွဲဖို့၊ လူထုအကြားတွေဝေမှုတွေ ဖြစ်မလာတော့ အန်အယ်ဒီကို တရားမဝင်ကြောင်း ကြေငြာမယ်လို့ ခြိမ်းခြောက်ထားပြန်ပါပြီ။

ဒီနေ့အာရ်အက်ဖ်နဲ့ အင်တာဗျူးမှာ စစ်အစိုးရ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် ဆိုသူက အခြေအနေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မူတည်ကြောင်း သူခိုးလူဟစ် လိုက်ပါတယ်။ အစိုးရအသစ်တက်တာ ရက်တရာပြည့်ပေမယ့် ဘာမှမယ်မယ်ရရ ပြောင်းလဲမှု မတွေ့ရသေးပါဘူး။ (အမှိုက် သိမ်း၊ လမ်းဘေးဈေးသည်ဖမ်း၊ ဇိမ်ခန်းနဲ့ချဲဒိုင်ပိတ်တာ လာမပြောနဲ့နော်၊ အဲဒါ အောက်ခြေရဲတပ်ဖွဲ့ လုပ်ရမှာ) ဒါတွေကိုတုံ့ပြန်ဖို့ ဒေါ်စုအနေနဲ့ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ အရေးကြီးတဲ့ အထိမ်းအမှတ်နေ့ အခမ်းအနားကို ဘယ်လိုပုံစံမျိုးနဲ့ တက်ရောက်သင့်ပါသလဲ။

ဒေါ်စုအနေနဲ့ အန်အယ်ဒီအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ရော၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး အဖြစ်နဲ့ပါ တက်ရောက်သင့်တယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကျန်ရစ်သူ သမီးအနေနဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် ဖိတ်ကြားမှုကို လုံးဝ လက်မခံသင့်ပါဘူး။ ရှေ့မှာလည်း ရင်ဆိုင်တွေ့မဲ့အတူတူ ဦးချိုးမခံလိုက်ရဖို့ အရေးကြီးပါတယ်။ စစ်အစိုးရ အဆက်ဆက်ဟာ အတိုက်အခံများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လူရှေ့မှာတမျိုး ကွယ်ရာမှာတဖုံ ဆက်ဆံပြပြီး နိုင်ငံရေးအမြတ် ထုတ်တတ်တာ သတိပြုရပါမယ်။ ဒါကြောင့် ရန်၊ငါ စည်းခြားပြဖို့ လိုနေပါပြီ။ ခေါင်းလျှိုဝင် နိုင်ငံရေးသမားများ၊ သာကူးများ၊ အစိုးရသစ္စာခံများ၊ ပုလင်းတူဗူးစို့ အစိုးရများ၊ ပရောဂျက်မုဆိုး အဖွဲ့အစည်းများရဲ့ ဝေဖန်မှုကို ဂရုပြုစရာမလိုဘဲ ကိုယ်လျောက်မဲ့ လမ်းကြောင်းကိုပဲ  အာရုံစိုက်ပါ။

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ အစိုးရအသစ် ဖွဲ့ပြလိုက်ပေမယ့် ဟုတ်တိပတ်တိ အပြောင်းအလဲ တစုံတရာ လုပ်ပြနိုင်စွမ်းမရှိဘူး။ သူတို့အချင်းချင်း စားမာန်ခုတ်နေတယ်။ တိုင်းပြည် စီးပွားရေး ကျဆင်းနေတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အတင်ခံရကိန်း ရှိနေတယ်။ နိုင်ငံတကာ မပြောနဲ့ အာဆီယံအဖွဲ့ အတွင်းမှာတောင် ထောက်ခံမှု လုံလုံလောက်လောက် မရဘူး။ တချိန်ထဲမှာ လူထုက တညီတညာထဲ ဒေါ်စု အနောက်မှာ ရပ်တည်ကြောင်း ပြသနေကြပါတယ်။ အဖွဲ့ရပ်တည်ရေး၊ လုံခြုံရေးဆိုတာ စစ်မှန်တဲ့အခြေအနေ အောက်မှာသာ အာမခံချက်ရှိ၊ တန်ဖိုးရှိ၊ လူလေးစားပါတယ်။ ကျားသနားမှ နွားချမ်းသာရတဲ့ ရပ်တည်မှုမျိုးဟာ အန်အယ်ဒီအတွက် မဟုတ်ပါဘူး။ အာဏာရှင်ဆိုတာ သူ့အလိုအလျောက် ဘယ်သောအခါမှ ပြောင်းတာမရှိပါ။ အရင်ကတော့ အာဏာလက်ရှိစစ်တပ်နဲ့ အတိုက်အခံ အင်အားခြင်း အရမ်းကွာနေလို့ ငြိမ်နေသင့်တယ်ဆိုရင် ယနေ့အချိန်လောက် တဖက်ရန်သူ အားနည်းနေချိန်မျိုး မရှိသေးပါဘူး။ ဒီအချိန်ဟာ လူထုနဲ့ နိုင်ငံတကာကို ပြတ်ပြတ်သားသား အချက်ပြဖို့ အကောင်းဆုံးဖြစ်လို့ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF