ကုန်ပစ်စည်း ဖြန့်ချိခြင်း

အဲဒီသဘာဝအရင်းအမြစ်တွေ အားလုံး ကုန်ပစ်စည်းဘဝ ရောက်သွားပြီးနောက် ဘာဆက်ဖြစ်သလဲ။ ကုန်ပစ်စည်းဖြန့်ချိခြင်းဆီရောက်လာတာပေါ့။ ကနေ့မှာတော့ ကုန်ပစ်စည်းဖြန့်ချိခြင်းဆိုတာ ”အဆိပ်တွေ ခိုအောင်းပါဝင်နေတဲ့ အမှိုက်သရိုက်တွေကို အမြန်ဆုံးကုန်အောင်ရောင်းချခြင်း” လို့အဓိပ်ပါယ်ရပါတယ်။ ဒီနေရာမှာ အဓိကပန်းတိုင်က ဈေးနှုန်းတွေကို လျှော့ချဖို့၊ လူတွေ အမြဲဝယ်ယူနေအောင်လုပ်ဖို့နဲ့ ကုန်ပစ်စည်း ရောင်းချနှုန်းကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။

ဈေးနှုန်းလျော့ကျအောင် သူတို့ဘယ်လိုလုပ်ကျသလဲ။ ရှင်းပါတယ်။ အရောင်းဆိုင် ဝန်ထမ်းတွေကို လစာနည်းနည်းသာပေးပြီး၊ ကျန်းမာရေးအာမခံကိုလည်း အခွင့်သာရင်သာသလိုလျှော့ချကြတာပေါ့။ ဒါကို ”တာဝန်မရှိသော အခြားလူများ/ အရာများအား အဖိုးအခ ပေးဆောင်စေခြင်း ( Externalizing the costs) လို့ခေါ်ပါတယ်။ (ရှင်းလင်းချက်။ ။ ကုန်ပစ်စည်း ထုတ်လုပ်မှုဖြစ်စဉ်မှာ တကယ်ပါဝင်ကုန်ကျရတာတွေ အများကြီးရှိပါတယ်။ ဥပမာ- ရေသုံးစွဲမှု၊ စွန့်ပစ်ပစ်စည်းများကို စွန့်ပစ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းခြင်းတို့ကို ပေါ်ပေါက်စေမှု၊ အလုပ်သမားတို့အတွက် နာမကျန်းစရိတ် စတာတွေပေါ့။ ဒါတွေဟာ ကုန်ပစ်စည်းထုတ်လုပ်ခြင်းကြောင့် ပေါ်ပေါက်တွေ့ကြုံရတဲ့အရာတွေ။ ဒါပေမယ့် ကုန်မဏီ ပိုင်ရှင်တွေက ဒါတွေကိုလျစ်လျူရှုကြတယ်။ ဒီတော့ တကယ့်ကုန်ကျစရိတ်အဖိုးအခကို သူတို့မပေးကြဘူးလို့ တနည်းဆိုလို့ရတယ်။ နောက်ဆုံး ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်တို့က အဲဒီထုတ်လုပ်မှုကနေ ပေါ်ပေါက်တဲ့ ဆိုးကျိုးတွေကို ခါးစည်းခံရတာကြောင့် တကယ့်အဖိုးအခကို ပေးဆောင်ရသူက ပြည်သူနဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်လာရတယ်။) ဒီတော့ ကျွန်မတို့ ဝယ်ယူစားသုံးနေတဲ့ ကုန်ပစ်စည်းတွေအတွက် ပေးရတဲ့ အဖိုးအခထဲမှာ တကယ်ကုန်ကျရတဲ့ အဖိုးအခတွေမပါပါဘူး။

ဒီအကြောင်းကို ဟိုတနေ့က ကျွန်မတွေးနေမိသေးတယ်။
အလုပ်ကို လမ်းလျှောက်ရင်း၊ သတင်းပလင်းတွေနားထောင်လိုစိတ် ဖြစ်လာတာနဲ့ ရေဒီယိုကုန်လှောင်ရုံတခုထဲကို ဇွတ်ကနဲ ဝင်လိုက်မိတယ်။ ရေဒီယိုတလုံးလောက်ဝယ်မယ်ပေါ့လေ။ ၄.၉၉ ဒေါ်လာတန်တဲ့ ချစ်စရာရေဒီယိုလေးတလုံး ရွေးဝယ်လိုက်တယ်။ ရေဒီယိုလေးက အစိမ်းရောင်လေး။ ဒါနဲ့ ဝယ်လိုက်မယ်ဆိုပြီး ပိုက်ဆံရှင်းဖို့အတွက် အခြားလူတွေနဲ့အတူတူ ငွေချေကောင်တာမှာ တန်းစီလိုက်တာပေါ့။ ကျွန်မတွေးနေခဲ့မိတာက ဒီရေဒီယို ကျွန်မလက်ထဲရောက်လာတဲ့အထိ ကုန်ကျရတဲ့ကုန်ကျစရိတ်တွေကို အဲဒီ ဒေါ်လာ ၄.၉၉ ထဲမှာဘယ်လိုကာမိအောင် ထည့်သွင်းထားသလဲဆိုတာဘဲ။ ဒီရေဒီယိုထဲက သတ်တုကို တောင်အာဖရိက မှာတူးတယ်။ လိုအပ်တဲ့လောင်စာဆီက အီရတ်ကရတာ။ ပလတ်စတစ်ကိုတော့ တရုတ်မှာလုပ်တာဖြစ်မယ်။ ရေဒီယိုတခုလုံးကိုတော့ မက်ဆီကိုက ကုန်ပစ်စည်းတပ်ဆင်ရေး အလုပ်ရုံတခုမှာ (၁၅)နှစ်အရွယ် အလုပ်သမားလေးတွေက အချောသတ် တပ်ဆင်မယ်။ ၄.၉၉ ဒေါ်လာဆိုတဲ့ ငွေဟာ အခု ရေဒီယိုကိုတင်ထားတဲ့ စင်နဲ့နေရာအတွက် ကုန်ကျရတဲ့ ငွေပမာဏထက်တောင်နည်းပါဦးမယ်။

ကျွန်မအတွက် ရေဒီယိုကိုစင်ပေါ်ကနေယူပေးတဲ့ဝန်ထမ်းရဲ့လစာကို အသာထားဦး။ ပြီးတော့ ဒီရေဒီယိုထဲက အစိတ်အပိုင်းတွေကို အချောသတ်တပ်ဆင်ဖို့ နိူင်ငံအသီးသီးကနေ အချောသတ်စက်ရုံဆီရောက်အောင် ယူဆောင်လာရာမှာ သမုတ်ဒရာကူး သင်္ဘောတွေနဲ့ ကုန်တင်ကားတွေအတွက် ပေးရတာရှိသေးတယ်။ ကျွန်မကတော့ ဒီလိုဘဲ သဘောပေါက်ပါတယ်။ ပြီးတော့ ဒီအတိုင်းသာဆို ကျွန်မဟာ ရေဒီယိုရဲ့ တကယ့်ကုန်ကျစရိတ်ကို မပေးခဲ့ဘူးပေါ့။

ဒါဆိုတကယ့် ကုန်ကျစရိတ်တွေကို ဘယ်သူပေးရသလဲ။

သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးရသူတွေ၊ သန့်ရှင်းတဲ့လေထုကို ဆုံးရှုံးရသူတွေ၊ ရင်ကျပ်ရောဂါနဲ့ ကင်ဆာကို ရလာသူတွေပေါ့။ ကွန်ဂိုနိူင်ငံက ကလေးတွေကျတော့ သူတို့ရဲ့ အနာဂတ်ကို ပေးရတယ်။ (ကွန်ဂိုနိုင်ငံက ကလေးဦးရေရဲ့ (၃၀%) ဟာ ကိုလ်တန် (Coltan) သတ်တု ကို တူးဖို့အတွက် ကျောင်းကနေ ထွက်ရတယ်။ ဒီသတ်တုကို ကျွန်မတို့ သုံးစွဲပြီး လွှင့်ပစ်နေတဲ့ အီလက်ထရောနစ်ပစ်စည်းတွေမှာသုံးပါတယ်။) ဒီတော့ ဒီရေဒီယိုကို ၄.၉၉ ဒေါ်လာနဲ့ ကျွန်မရဖို့အတွက် အဲဒီလူတွေ အားလုံးက အဖိုးအခကို ဝင်ရောက်ပေးဆောင်ကြရတယ်။ ဒါပေမဲ့ အဲဒီလူတွေရဲ့ ပေးဆပ်မှုကို ဘယ်ငွေစာရင်းစာအုပ်ထဲမှာမှ မှတ်တမ်းပြုစုမထားပါဘူး။ ကျွန်မဆိုလိုတဲ့ ”အခြားလူများ/အရာများအား ကုန်မဏီပိုင်ရှင်တို့က တကယ့်အစစ်အမှန် အဖိုးအခကို ပေးဆောင်စေခြင်း (Externalizing the costs)” ဆိုတာပါဘဲ။

(ဝယ်ယူစားသုံးခြင်း ခေါင်းစဉ်အား ဆက်လက်ဖေါ်ပြပါမည်။)

Shwe Ei
8th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..