ဝယ်ယူစားသုံးခြင်း (အပိုင်း ၂)

၁၉၅ဝ နှစ်လွန်ကာလတလျောက်က ဒီဇိုင်းဂျာနယ်တွေမှာပါတဲ့ မှတ်လောက်သားလောက်စကားတွေကို ကျွန်မရှာဖွေ ဖတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီကာလက ”ပစ်စည်းများ အသုံးမသင့်တော့သည့် အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း” စီမံချက်က အတော်အရှိန်ရနေတာပေါ့။ အဲဒီ ဒီဇိုင်နာတွေက အတော့်ကိုပွင့်ပွင့်လင်းလင်းရှိတာကလား။ အသုံးအဆောင်ပစ်စည်းလည်း မြန်မြန်ပျက်၊ စားသုံးသူရဲ့ယုံကြည်မှုကိုလည်း ရမဲ့နည်းတွေကို သူတို့ဆွေးနွေးကြတော့တာပေါ့။ တကယ့်ကိုရည်ရွယ်ချက်ပါပါလုပ်ခဲ့ကြတာ။
ဒါပေမဲ့ ဝယ်ယူစားသုံးခြင်းကို အလျင်အမြန်စီးဆင်းစေဖို့အတွက်ဆို ပစ်စည်းပျက်မဲ့အချိန်ကို စောင့်နေလို့မဖြစ်ဖူးတဲ့။ ဒီတော့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော ပစ်စည်းများအသုံးမဝင်/ ခေတ်မမှီတော့ဟု ခံစားလာစေမည့်အခြေအနေကို ဖန်တီးခြင်း” စီမံကိန်းကိုပါ ထည့်သွင်းလာကြတယ်။ အဲဒီစီမံကိန်းကြောင့် စားသုံးသူတွေဟာ သူတို့ရဲ့ပစ်စည်းတွေ အကောင်းပကတိ အခြေအနေမှာ ရှိနေသော်ငြား အမှိုက်ပုံဆီ ပို့ဆောင်လိုက်ကြပါတော့တယ်။
ဒီလိုဖြစ်လာအောင် သူတို့ဘယ်လိုလုပ်ကြသလဲ။ တခြားတော့ မဟုတ်ဖူး။ သူတို့က အသုံးအဆောင်ပစ်စည်းတွေရဲ့ ပုံပန်းကို အမြဲပြောင်းလဲကြတယ်။ ဒီတော့ပစ်စည်းကိုကြည့်ပြီး ပြောလိမ့်မယ်။ ကျွန်မတို့ရဲ့ တန်ဖိုးကို ကျွန်မတို့ဘယ်လောက်ဝာ်ယူသလဲဆိုတာပေါ် အခြေခံ တိုင်းထွာတာဆိုတော့ ပစ်စည်းအသစ်မရှိတာဟာ ကျွန်မတို့အတွက် ရှက်စရာဆိုတဲ့ သဘောမျိုးဖြစ်လာတယ်။
ရုံးမှာ ကွန်ပျုတာဖြူဖြူကြီးကိုပဲ ကျွန်မ သုံးလာတာ ၅နှစ်ရှိပြီ။ ကျွန်မရဲ့ လုပ်ဖေါ်ကိုင်ဖက်က ကွန်ပျုတာအသစ်ကိုရထားတယ်။ သူ့ကွန်ပျူတာလေးက သူ့လက်ကိုင်ဖုန်းနဲ့လည်းလိုက်ဖက်ပြီး ကြည့်ကောင်းတယ်။ သူ့ရဲ့ဘောပင်ထည့်တဲ့ခွက်နဲ့တောင် လိုက်ဖက်နေသေးရဲ့။ ကြည့်လို့ကောင်းမှကောင်းဘဲ။ သူ့ကြည့်ရတာ အာကသယာဉ်ကို မောင်းနှင်နေသူနဲ့တူပြီး၊ ကျွန်မကတော့ စားပွဲပေါ်မှာအဝတ်လျှော်စက်ကြီး တင်ထားသလိုဖြစ်နေတော့တာပေါ့။
နောက်ထပ်နမူနာကောင်းကတော့ ဖက်ရှင်ဘဲ။ အမျိုးသမီးတွေရဲ့ ဒေါက်ဖိနပ်ဟာ ဘာ့ကြောင့် တနှစ်ပြောင်းတိုင်း ထူရာကနေ ပါး၊ ပါးရာကနေ ထူ၊ ဖြစ်နေရလဲဆိုတာ ရှင်စဉ်းစားကြည့်ဘူးလား။ ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီး ဘယ်လိုဖိနပ်ခုံမျိုးက အမျိုးသမီးတို့ရဲ့ ခြေထောက်တွေအတွက် အသင့်တော်ဆုံးလဲဆိုတာကို ပညာရှင်တွေငြင်းခုံနေကြလို့ ဒီလိုဖြစ်ရတယ်မထင်လေနဲ့။ တကယ်တော့ ဖိနပ်ခုံအပါးစီးတဲ့နှစ်မှာ ဖိနပ်ခုံအထူပါတဲ့ ဖိနပ်အဟောင်းကိုစီးထားရင် ရှင်ဟာရှင့်နံဘေးက ဖိနပ်ခုံအပါးနဲ့ အမျိုးသမီးလောက် တန်ဖိုးမရှိဘူးလို့ ခံစားမိစေလို့ပါဘဲ။ အဲဒါကြော်ညာတွေရဲ့စနက်၊ ကြော်ညာတွေရဲ့ပယောဂ။ ဒါမှ ရှင်က ဖိနပ်အသစ်ကို အမြဲဝယ်စီးနေတော့မှာလေ။
ဒီကိတ်စမှာ ကြော်ငြာနဲ့ မီဒီယာက အခန်းကန်ဏအကြီးကြီးကို ယူထားတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျွန်မတို့ပြည်သူလူထု တဦးချင်းဟာ တနေ့ကိုပျမ်းမျှ ကြော်ငြာ (၃၀၀၀) ရဲ့ပစ်မှတ်ဖြစ်ကြရတယ်။
ကျွန်မတို့ တနှစ်ကြည့်တဲ့ကြော်ငြာအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) မှာနေထိုင်ခဲ့သူတွေရဲ့ တသက်တာမှာကြည့်ခဲ့တဲ့ ကြော်ငြာအရေအတွက်ထက် ပိုများပါတယ်။ ဒါကိုတွေးကြည့်မယ်ဆိုရင် ကြော်ငြာဆိုတာ ကျွန်မတို့မှာရှိတဲ့ပစ်စည်းလေးနဲ့တင် မတင်းတိမ်အောင်၊ စိတ်မချမ်းမသာဖြစ်အောင်လုပ်နေတာဖြစ်တယ်။ အဲဒီတော့ တနေ့ကို ကြော်ငြာ (၃၀၀၀)၊ အဲဒီကြော်ငြာတွေက ကျွန်မတို့ရဲ့ ဆံပင်ပုံကမလာတော့ကြောင်း၊ ကျွန်မတို့ရဲ့အသားအရည်မှာ ပြသနာရှိနေကြောင်း၊ ကျွန်မတို့ရဲ့အဝတ်အထည်တွေက ဒိတ်အောက်နေကြောင်း၊ ကျွန်မတို့ရဲ့ပရိဘောဂတွေက ခေတ်မရှိတော့ကြောင်း၊ ကျွန်မတို့ရဲ့ကားတွေဆိုရင် ဘယ်လိုမှခေတ်မမှီတော့ကြောင်း၊ ဒီတော့ကျွန်မတို့ဟာ ခေတ်မမှီ၊ ပုံမလာ၊ ဒိတ်အောက်ဖြစ်နေကြောင်း၊ ဈေးဝယ်ထွက်ပြီး ခေတ်မီအောင်၊ ပုံလာအောင်လုပ်ဖို့လိုကြောင်းတွေပြောကြပါတော့တယ်။
ပြီးတော့….မီဒီယာက ဒီစနစ်ရဲ့ အစိတ်အပိုင်းတွေကို ဖုံးကွယ်ထိန်ချန်ထားတော့ ကျွန်မတို့က ဒီစနစ်ရဲ့ ”ဝယ်ယူစားသုံးခြင်း (သို့မဟုတ်) ဈေးဝယ်ခြင်း”ကိုသာသိကြတယ်။ သယံဇာတတူးဖေါ်ခြင်း၊ ကုန်ထုတ်လုပ်ခြင်းနဲ့ စွန့်ပစ်ခြင်းတို့က ကျွန်မတို့ရဲ့ အသိအမြင်ပြင်ပမှာသာ ဖြစ်ပျက်နေတော့တာပေါ့။
အခုအမေရိကန်ပြည်ထောင်စုမှာ အရင်ကထက် ပစ်စည်းတွေပိုမိုများပြားစွာရှိတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ပျော်ရွှင်မှုကတော့ လျော့နည်းသထက်နည်းလာတာကို စစ်တမ်းတွေကပြတယ်။ ၁၉၂ဝ ကျော်မှာအပျော်ရွှင်ဆုံးအနေအထားကိုရောက်ခဲ့ပြီး၊ တချိန်တည်းမှာဘဲ ဝယ်ယူစားသုံးခြင်းအရူးရောဂါက စတင်ပေါက်ကွဲပေါ်ပေါက်လာခဲ့တယ်။ အင်း……စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှုပါဘဲ။
ဒါဘာကြောင့်လဲဆိုတာ ကျွန်မသိတယ်။ ကျွန်မတို့မှာပစ်စည်းတွေပိုရှိ၊ ပိုပိုင်ဆိုင်လာတယ်။ ဒါပေမဲ့ ကျွန်မတို့ကို အမှန်တကယ်ပျော်ရွှင်စေမဲ့ အရာတွေအတွက်တော့ ကျွန်မတို့မှာအချိန်မရှိတော့ဘူး။ ဥပမာ-မိသားစု၊ သူငယ်ချင်းတွေနဲ့ အားလပ်ချိန်လိုမျိုးတွေအတွက်ပေါ့။ ကျွန်မတို့ဟာ အလုပ်ကိုသာ ပိုပိုပြီးမဲလုပ်လာကြတယ်။ ကျွန်မတို့ဟာမြေပိုင်ရှင်ခေတ် လူ့အဖွဲ့အစည်း (၉ ရာစုမှ ၁၅ ရာစုအထိ) တုန်းကလောက်တောင် အားလပ်ချိန်ကိုမပိုင်ဆိုင်တော့ဘူးလို့ ဝေဖန်သုံးသပ်သူတချို့က ဆိုပါတယ်။
ကျွန်မတို့ရဲ့ လုံလောက်မှုလုံးလုံးမရှိတဲ့ အားလပ်ချိန်တွေမှာ ကျွန်မတို့အဓိကလုပ်တဲ့အလုပ် နှစ်ခုရှိပါတယ်။ ရုပ်သံကြည့်တာနဲ့ ဈေးဝယ်တာပါ။ အမေရိကန်ပြည်ထောင်စုမှာဆိုပိုတောင်ဆိုးသေးတယ်။ ဥရောပက လူတွေထက် အချိန်သုံးဆ (သို့မဟုတ်) လေးဆပိုပေးပြီး ဈေးဝယ်ကြတာ။
ကျွန်မတို့ဟာ အလုပ်ခွင်ကိုသွား။ တချို့ဆို အလုပ်နှစ်မျိုးတောင်လုပ်ကြသေးတာ။ နောက်အိမ်ပြန်လာ၊ ပင်ပန်းလွန်းတာမို့ ဆိုဖာခုံအသစ်ပေါ်မှာ ပစ်လှဲထိုင်ချလိုက်ပြီး ရုပ်သံကိုကြည့်တယ်။ ဒီအခါရုပ်သံကြော်ငြာတွေက ”နင်ဟာ လုံးလုံးအသုံးမကျပါလား” လို့ပြောတာကိုနားထောင်၊ ဒါနဲ့အသုံးကျတဲ့လူဖြစ်အောင် စူပါမားကက်ကို သွားပြီးဈေးဝယ်၊ အဲဒီနောက်ဝယ်ခြမ်းလာတဲ့ပစ်စည်းတွေအတွက် ပိုက်ဆံပေးနိုူင်အောင် အလုပ်ကိုသွား၊ အလုပ်ကပြန်လာ၊ ပိုပြီး ပင်ပန်းနွမ်းနယ်၊ ဒါနဲ့ ရုပ်သံကိုထိုင်ကြည့်၊ ရုပ်သံက ဈေးဝယ်ထွက်ဖို့ထပ်ပြော၊ ဒီလိုနဲ့ကျွန်မတို့ဟာ ”အလုပ်လုပ်-ရုပ်သံကြည့်-ဈေးဝယ်” ဆိုတဲ့ သံသရာဆိုးမှာ ရူးမိုက်စွာ တဝဲလည်လည်ပေါ့။ ဘယ်လောက်ရယ်စရာကောင်းပြီး၊ အဓိပ်ပါယ်မဲ့တဲ့ အခြေအနေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒါပေမဲ့ ဒီအခြေအနေ ရပ်တန်းကရပ်လို့ရပါတယ်။

(စွန့်ပစ်ခြင်း ခေါင်းစဉ်အား ဆက်လက်ဖေါ်ပြပါမည်။)

Shwe Ei
9th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..