သီလ (ကိုယ်ကျင့်တရား) ဆိုတာ လူသားတွေ ငြိမ်းအေးဖို့အတွက် လိုက်နာ ကျင့်သုံးရမယ့် သဘောတရားတွေပါ။ ဂေါတမဗုဒ္ဓမြတ်စွာနဲ့ ယေရှုခရစ်တော်တို့ မပေါ်ခင် ကာလကတည်းက လူသားတွေဟာ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအလိုက် ပတ်ဝန်းကျင် ငြိမ်းအေးစေဖို့ သီလ (စည်းကမ်း)တွေ သတ်မှတ်ကျင့်သုံးနေခဲ့ကြခြင်းဖြစ်ပါတယ်။ ဆိုလိုတာက သီလဆိုတာ ဘာသာရေးတွေနဲ့သာ သက်ဆိုင်တာမဟုတ်ဘူးလို့ ပြောချင် တာပါ။ လူသားတွေ လူအချင်းချင်း ဆက်ဆံကြတဲ့အခါမှာ ငြိမ်းအေးစေဖို့ လိုက်နာနေကြ တဲ့ သီလ (စည်ကမ်း) တွေက ယေဘူယျအားဖြင့် (၅)ချက်ကို တွေ့ရပါတယ်။

အဲဒီ (၅) ချက်က

လူ့ငြိမ်းအေးမှုကို ပျက်ပြားစေတဲ့

၁။ အသက် (ပါဏ) လို့ဆိုရတဲ့ ရှင်သန်မှုတွေကို မဖျက်ဆီးရခြင်း။

(ပုံစံအားဖြင့် သတ္တ၀ါ(လူ) အသက်ကို မသတ်ရခြင်း)

၂။ မိမိ မရသင့်၊ မရထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ (အဒိန္နဒါနာ – – -))ကို စောင့်   ထိန်းရခြင်း။  (ပုံစံအားဖြင့် သူတစ်ပါးပစ္စည်းကို မခိုးရခြင်း)

၃။ သူတစ်ပါးရဲ့ ကာမအာရုံ (ကာမေသု)အား အလိုမတူ မပြုရခြင်း။

(ပုံစံအားဖြင့် သူတစ်ပါး သား၊ မယားအား အလိုမတူ ကာမ မလွန်ကျူးရခြင်း)

၎။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်ဖြားမှု (မုသာဝါဒ) ကို မပြုရခြင်း။

(ပုံစံအားဖြင့် မဟုတ်၊ မမှန်စကား မပြောရခြင်း)

၅။ ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့

(သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ)အထိ သုံဆောင်မှီဝဲမှုကို မပြုအပ်ခြင်း။   (ပုံစံအားဖြင့် အရက်သေစာ မသောက်ရခြင်း)

စသည်တို့ကို လိုက်နာကျင့်သုံးနေတာကို တွေ့ရပါတယ်။

ဒီငါးချက်ကို ကျူးလွန်ရင် ကျူးလွန်သူရော၊ ပတ်ဝန်းကျင်ပါ မငြိမ်းအေးဘူး၊

မကျူးလွန်မိအောင် စောင့်ထိန်းရင် ငြိမ်းအေးမယ် စသည့် အကြောင်းအကျိုးများဖြင့် အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးနေကြခြင်းဖြစ်ပါတယ်။

ဒါဟာ လူသားတွေ ငြိမ်းအေး စေဖို့အတွက် အခြေခံအားဖြင့် လိုက်နာကျင့်သုံးအပ်တဲ့ အချက် (၅)ချက်ပါပဲ။

ဒါပေမယ့် ဒီနေရာမှာ လိုက်နာကျင့်သုံးတဲ့အခါမှာ နမူနာပုံစံနဲ့ ကိုယ်အမှန် တကယ်ကျင့်သုံးရမယ့်အချက်ကို ကွဲပြားဖို့လိုအပ်ပါတယ်။ မိမိနဲ့သတ်ဆိုင်တာကို မကျင့်သုံးပဲ ပုံစံထဲက အတိုင်း လှေနံဓားထစ် တစ်မျိုးထဲ ကျင့်သုံးနေကြမယ်ဆိုရင် အကျိုးများ နိုင်ကြပါ့မလား – – – – —  ။

ဥပမာ – – -ရုံးတစ်ရုံမှာ အချက်အလက် ပုံစံ(form) စာရွက်ဖြည့်တဲ့အခါမှာ နမူနာအနေနဲ့ ပုံစံ ဖြည့်ထားပေးသော စာရွက်၌

အမည် – – – – – မောင်လှ

အဘအမည် – – – – – ဦးဘ

အလုပ်အကိုင် – – – – – ဈေးရောင်း

စသည်တို့ကို ကိုယ့်ပုံစံစာရွက်၌ ဖြည့်တဲ့အခါမှာ ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အမည်၊ အဘ အမည်၊ အလုပ်အကိုင်ကိုသာ ဖြည့်ရမှာ ဖြစ်ပါတယ်။

အဲဒါကို ပုံစံ စာရွက်မှာ

နမူနာဖြည့်ပေးထားတဲ့အတိုင်းပဲ ကိုယ်ကပုံတူကူးချဖြည့်လိုက်မယ်ဆိုရင် ကိုယ်နဲ့ မဆိုင်တဲ့ ပုံစံစာရွက်ဖြစ်သွားပါလိမ့်မယ်။

ကာတွန်းဆရာအော်ပီကျယ်က သူသား စာကျက်တဲ့အခါမှာ ကျနော်၏ဖခင်မှာ ဦးဘ ဖြစ်ပါသည်လို့ စာကျက်သံကြားတော့ သူသားကို “သား ဖေဖေ့နာမည်က ဦးဝင်း နိုင်လေ၊ ဦးဘ မဟုတ်ဘူး၊ ကာတွန်း အော်ပီကျယ်လို့လည်းခေါ်တယ်”ဟု ပြောသည့် အ ခါ သားဖြစ်သူက “အဖေ၊ ကျနော့် အဖေ တစ်ယောက်ထဲ ဦးဘမဟုတ်ဘူး၊ တစ်တန်းလုံး အဖေတွေ ဦးဘပဲဗျ” လို့ ပြန်ပြောလေ၏။ ကာတွန်းဆရာအော်ပီကျယ်က “ဦးဘ၊ ငါ တို့ ကျောက်မြောင်းရပ်ကွက်မှာ တော်တော်မွှေသွားတာပဲ“ဟု စာပေဟောပြောပွဲ၌ ပြောခဲ့ လေ၏။

စာသင်ကျောင်းများက နမူနာပုံစံတွေသာ သင်ပေးလိုက်လေသည်။ ကိုယ်နဲ့ဆိုင်တဲ့ ပုံစံတွေဖြည့်တတ်ဖို့တော့ မသင်ပေးလိုက်ကြပါလား။ ဒါ့ကြောင့် ကိုယ့်ဘ၀မှာ ကိုယ် အမှန်တကယ် လိုက်နာကျင့်သုံးရမှာတွေကို မသိတော့ပဲ ပုံစံထဲကအတိုင်းပဲ လုပ်တတ်ကြကုန်၏။

ဥပမာအားဖြင့် – – – သူများနိုင်ငံခြားသွားရင်၊ ကိုယ်ပါလိုက်သွား။

သူများလက်ဘက်ရည်ဆိုင်ဖွင့်၊ ကိုယ်ပါလိုက်ဖွင့်။

သူများဟိုဟာလုပ်၊ ကိုယ်လိုက်လုပ် – – – ဆိုတော့ ကိုယ်နဲ့ သင့်လား၊ မသင့်လားမသိ၊ မဝေဖန်နိုင်၊ သူများဖြည့်ထားတဲ့ ပုံစံတွေမှာသာ ကိုယ့်ပုံစံလို လိုက်ဖြည့်နေကြပေသည်။

အစလွဲတော့ အနှောင်းမသေချာဟုဆိုသလို ဘ၀မှာ ငြိမ်းအေးစေဖို့အတွက် လိုက်နာ ကျင့်သုံးရမယ့် သီလဆိုတဲ့ ကိုယ်ကျင့်တရားကိုလည်း နမူနာ ပုံစံလောက်သာ ကျင့်သုံးနေကြတာကို တွေ့နေရပေသည်။

 နံပါတ် (၁) အသက် (ပါဏ) လို့ဆိုရတဲ့ ရှင်သန်မှုတွေကို မဖျက်ဆီးရခြင်းမှာ

             သတ္တ၀ါ(လူ) အသက်ကို မသတ်ရခြင်းဆိုတဲ့ နမူနာပုံစံမှာ ဘာ့ကြောင့် မသတ်သင့် တာလဲဟု စိစစ်ဖို့လိုပေ၏။ လူသားတွေဟာ အချင်းချင်း သတ်ဖျက်နေကြမယ်ဆိုရင် လူ့လောကဟာ ငြိမ်းအေးနိုင်ပါ့မလား။ ဒါ့ကြောင့် လူငြိမ်းအေးမှုကို ထိခိုက်စေတာမို့ အသက် (ပါဏ) လို့ဆိုရတဲ့ ရှင်သန်မှုတွေကို မဖျက်ဆီးကြဖို့ နမူနာပုံစံမှာ သတ္တ၀ါ(လူ) အသက်ကို မသတ်ရခြင်းဟု ဆိုထားခြင်းဖြစ်ပေသည်။ လူတင်ပဲလား၊ ကျန်တဲ့အရာ၊ တိရစ္ဆာန်တွေကော မပါဘူးလားဟု ပြန်မေးဖို့ကောင်းလေ၏။

နမူနာပုံစံအနေနဲ့သာ သတ္တ၀ါ(လူ) အသက်ကို မသတ်ရခြင်းလို့ ဆိုရပေမယ့် ဒီနေရာမှာ အသက် (ပါဏ) ဆိုတာ လူအသက် တစ်ခုတည်းကို ပြောတာမဟုတ်ပါ။ ရှင်သန်လည်ပတ်နေမှုအားလုံးကို အသက် (ပါဏ)ဟု သဘောပေါက်ထားပေးဖို့ လိုပေ သည်။ လူ့အသက်ဆိုတာ နမူနာပုံစံအနေနဲ့ ဖြည့်ထားပေးတာပါ။

ဒါ့ကြောင့် လိုက်နာကျင့်သုံးတဲ့အခါမှာ ပုံစံနဲ့တင် ရပ်နေတာမဟုတ်ပဲ ကိုယ်အမှန်တကယ် မဖျက်ဆီးရမယ့် အသက် (ပါဏ)တွေကို ပုံစံဖြည့် ကျင့်သုံးလိုက်နာတတ် ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ၂၀၀၇-ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများ စွာ သေကြေပျက်ဆီးခဲ့ရ၏။ မည်သည့်အကြောင်းကြောင့် ပျက်ဆီးရသလဲဟု ပညာရှင် များ စိစစ်ကြတဲ့အခါ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့ရဲ့ ရှင်သန်လည်ပတ်နေမှု အသက် (ပါဏ) ပျက်စီးသွားလို့ဟု တွေ့ရပေသည်။ ဒီရေတောများကို လိုအပ်တဲ့ ပမာဏထက် ခုတ်ထွင်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့် ဆက် နွယ်နေမှု (ဂေဟစနစ်) ပျက်ယွင်းသွားသည့်အတွက် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ် လာကာ မုန်တိုင်းများဖြစ်ပေါ်လာလို့ လူသားတွေ ဒုက္ခရောက်ရခြင်းဖြစ်ပေ၏။

ဒါ့ကြောင့် နာဂစ်မုန်တိုင်းကြောင့် လူသားတွေသေဆုံးရခြင်း၏အကြောင်းမှာ  ဒီရေတောများကို လိုအပ်တဲ့ပမာဏထက် ခုတ်ထွင်ခြင်းမျာပြုသည့်အတွက့် နံပါတ် (၁) ကိုယ်ကျင့်တရား (သီလ) ဖြစ်သည့် အသက် (ပါဏ)လို့ဆိုရတဲ့ ရှင်သန်မှုတွေကို မဖျက် ဆီးရခြင်းကို မလိုက်နာသည့် အကြောင်းကြောင့်ဟု ပုံစံဖြည့် နားလည်ပေးဖို့လိုပေသည်။

ဒီနေရာမှာ အသက် (ပါဏ)ဆိုတာ သက်ဝင်ရှင်သန်နေတဲ့ သဘောအားလုံးကို

ယူမှသာလျင် ကိုယ့်ဘ၀မှာ သူ့နေရာနှင့်သူ လိုက်နာကျင့်သုံးလို့ ရမှာဖြစ်ပါတယ်။

ဥပမာအနေဖြင့်

လူတစ်ယောက်မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်မိမယ် ဆိုရင် အဲဒီပိုင်ရှင်လူနဲ့ သတ်ဖြတ်သူဟာ ဆက်ဆံရေးပျက်ပြားသွားကာ အချင်းချင်း ရန်ဖြစ် အချင်းများကြမှာမို့ မိတ်ဆွေသက်တမ်းတိုသွားပြီး  မငြိမ်းအေးမှုတွေဖြစ်သွားပါ လိမ့်မယ်။

ငါးဖမ်းသူများ ငါးဖမ်းသည့်အခါ ဥရှိသောငါးများကို မဖမ်းဖို့၊ (ဥရှိသောငါးများကို ဖမ်းဆီနေပါက ငါးမျိုးများ သုဉ်းသွားပါလိမ့်မည်။)

လျှပ်စစ်ဓါတ်ဖြင့်လျှော့တိုက်ကာ မဖမ်းဖို့နှင့် ငါးဖမ်းပိုက်ကွန် အကွက်စိပ်များဖြင့် မဖမ်းဖို့ (မလိုအပ်သေးသော ငါးသေး၊ ငါးမွှားများပါ သေဆုံးကုန်ပါကငါးမျိုးများသုဉ်းသွား ပါလိမ့်မည်။) စသည်တို့ကို ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည်ဟု သိရပေသည်။

ဒါသည်ပင် လူသားနှင့် ငါးတို့အကြား သက်ဝင်လည်ပတ်နေသည့် ရှင်သန်မှု အသက် (ပါဏ) မပျက်စီးရလေအောင် စောင့်ထိန်းဖို့အတွက်ဖြစ်ပါသည်။ မစောင့် ထိန်းနိုင်ပါက ငါးမျိုးများ သုဉ်းသွားပြီး တံငါလုပ်ငန်း ရှင်သန်လည်ပတ်နေမှုများလည်း ရပ်စဲသွားပါလိမ့်မည်။

ထပ်ပြီးတော့ ဘ၀ထဲမှာ ပုံစံတွေ ဖြည့်ကြည့်မယ်ဆိုရင်

ဈေးကွက်စီးပွားရေးအရ ဈေးကွက်များ အပြိုင်အဆိုင်ချဲ့ထွင်တဲ့အခါမှာ ရှိသင့်တဲ့ ပမာဏထက်ပိုသွားသည့်အတွက် ဈေးကွက်များ ပျက်သွားခြင်းရမှာလည်း နဂိုဈေးကွက် ရှင်သန်လည်ပတ်နေမှု အသက် (ပါဏ) ပျက်စီးသွားလို့ဖြစ်ပေသည်။

ယခုအခါ စူပါမတ်ကတ်ကြီးများ လိုအပ်တဲ့ပမာဏထက် ပိုမိုများပြားစွာ ဖြစ်ပေါ် လာကြတဲ့အခါ ဈေးကွက်များပြန့်ကြဲသွားသည့်အတွက် ဟိုစတိုးဆိုင်လည်း အလုပ်မဖြစ်၊ ဒီဈေးဆိုင်လည်း ရောင်းမကောင်း စသည်တို့ ဖြစ်လာကြပါသည်။ ဒါ့ကြောင့် အချို့ချို့ သော စတိုးဆိုင်တို့ သက်တမ်းတိုတိုနဲ့ ဆိုင် ရပ်နားလိုက်ကြရခြင်းတို့အတွက် ဈေးကွက် ရှင်သန်လည်ပတ်နေမှု အသက် (ပါဏ) ပျက်စီးသွားခြင်းကို မပြုမိကြဖို့ လိုအပ်ပေသည်။

လူ့ငြိမ်းအေးမှု” အတွက် သီလ (ကိုယ်ကျင့်တရား)တွေ လိုက်နာကျင့်သုံးကြတဲ့ အခါမှာ လူ့ငြိမ်းအေးမှုကို ထိခိုက်စေတဲ့ အသက် (ပါဏ) လို့ဆိုရတဲ့ ရှင်သန်မှုတွေကို ဖျက်ဆီးခြင်းကို မပြုကြဖို့ လူသားတိုင်း ကိုယ်ဘ၀မှာကိုယ် ကိုယ်နဲ့ဆိုင်ရာ ပုံစံဖြည့် လိုက်နာကျင့်သုံးတတ်ဖို့ လိုအပ်ပါသည်။ `

လူ၊ တိရစ္ဆာန်စတဲ့ အကောင်တွေသတ်တာကို စောင့်ထိန်းတယ်ဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးလောက်နဲ့ နံပါတ် (၁) သီလလုံနေပြီဆိုလို့ ပြည့်စုံပါ့မလား။

ယခုအခါ ကမ္ဘာကြီးပူနွေးလာမှု(global warming) ဖြစ်နေရခြင်းကိုလည်း နံပါတ် (၁) သီလတွင် ပုံစံဖြည့်၍ နားလည်စောင့်ထိန်းနိုင်ကြပါလေ။

 

( ၂။ မိမိ မရသင့်၊ မရထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ (အာဒိန္န)ကို – – – – ဆက် လက် တင်ပြပါမည်။ )

About ကိုငြိမ်းအေး

has written 9 post in this Website..