သောတာပန်နဲ့ပတ်သတ်၍ မရှင်းလင်းမှုများ အမေးအဖြေ

ဆန်နီနေမင်းFebruary 18, 20121min2853

မေး။ ။ သီလဆိုတာ သောတာပန်အတွက် သီးသန့်ဆောက်တည်စရာ မလိုဘူးလို့ အရှင်ဘုရားရဲ့ သောတာပန်နဲ့ပတ်သတ်တဲ့ အမေးအဖြေထဲမှာ ဆိုထားပါတယ်။ သို့ပေမဲ့ ဥုးသုမင်္ဂလ တရားထဲမှာတော့ သီလဆိုတာ စောင့်ထိန်းရမဲ့တရားလို့ ဟောထားပါတယ်။ ဘယ်သူမှ မစောင့်ထိန်းဘဲနဲ့ အလိုလိုမပြည့်ဘူးလို့ ဆိုထားပါတယ်။ သီလဆိုတာ စောင့်ထိန်းရမှာပါတဲ့။ အလိုလို ဘယ်သူမှ ပြည့်နေတာမဟုတ်ဘူးလို့ ဆိုုထားပါတယ်။ သောတာပန်ဆိုတာကော ဥပမာအနေနဲ့ မုသားစကားပြောဖို့ စိတ်ကူးတောင်မရှိဘူးလို ဆိုရမှာပါလား။ သို့မဟုတ် စိတ်ကူးလိုက်ပေမဲ့ မပြောတော့ဘူးလို ့ဆိုရမှာပါလား။ ဒီနှစ်ခု မရှင်းလို့ပါ။

ဦးဇင်းရေ တပည့်တော် ညစ်မေးနေတာ မဟုတ်ဘူးနော်။ ဘုရားလက်ထက်က ဘာသီလ သမာဓိ ပညာမှမရှိတဲ့ အရိယာဆိုတဲ့ တံငါသည်ဆိုတာ ရှိပါတယ်။ ဦးဇင်းလည်းသိမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နေ့တိုင်း ငါးတွေကိုသတ်ဖြတ်နေတဲ့ အဲဒီအရိယာလို့ခေါ်တဲ့ တံငါသည်ကြီးဟာ ဘုရားရှင်တရားကို နာပြီးသောအခါ သောတာပန်တည်သွားတယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်ရောက်မှ သူက သီလကို စတင်စောင့်ထိန်းမှာပါ။ အရင်က သူများ အသက်တွေကိုသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားဟောပြီးမှ သောတာပန်တည်သွားတာဆိုတော့ ဦးဇင်းပြောသလို မဟုတ်ဘူးဖြစ်နေပါတယ်။ ဘယ်အချက်ကို အမှန်ယူရပါမလဲဘုရား။

ဒါကတော့ ဦးဇင်းရဲ့ဝက်ဆိုဒ်ထဲမှာ မေးသွားတဲ့ မေးခွန်းပါ။ မေးသူရဲ့နာမည် နေရပ်လိပ်စာတော့ မသိရပေ။

ဖြေ။ ။ သောတာပန်ဟာ ငါးပါးသီလကျုးလွန်ဖို့ရန် စိတ်ကူးမိရင်တောင်မှ မကျုးလွန်မိတာတော့ သေချာပါတယ်။ သောတာပန်မှာ ကာမဂုဏ်အာရုံတွေကို သာယာတဲ့ ကာမရာဂ ရှိပါသေးတယ်။ ဒေါသဆိုတာလည်း ရှိပါသေးတယ်။ မောဟတို့မာနတို့ဆိုတာတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင်တော့ အကုသိုလ်က ပြင်းပြင်းထန်ထန် မဖြစ်တော့ပါ။ အကုသိုလ်ဒီဂရီဟာ လျော့သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သတိအားကောင်းသွားတဲ့အတွက် သတိက နောက်ကလိုက်ပြီး ထိန်းနေလို့ပါပဲ။ ဒါကြောင့် သောတာပန်ဟာ အပါယ်ကျရောက်စေတတ်တဲ့ အကုသိုလ်ကို မပြုတော့ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ သူတော်ကောင်းတရား လေ့လာလိုက်စားမှုများပြီး ကံကံ၏အကျိုးကို ယုံကြည်မှုစွမ်းအား မြင့်လာတဲ့သူ၊ တရားအားထုတ်ပါများတဲ့ပုဂ္ဂိုလ်တို့သည် အရင်က ငါးပါးသီလကို လွယ်လွယ်နဲ့ကျုးလွန်မိကြခဲ့ရင်တောင်မှ တရားအစွမ်းသတ္တိကြောင့် မကောင်းမှုများလုပ်ချင်စိတ် လျှော့နည်းသွားကြပါတယ်။

မေးခွန်းရှင်က မရှင်းလင်းဖြစ်နေတဲ့အတွက် ဥပမာလေးနဲ့ ဖြေပေးပါမယ်။ ဦးဇင်းတို့ ငယ်တုန်းက ဖိနပ်မစီးတတ်တဲ့အခါကျတော့ ဖိနပ်ဆိုတာ စီးရကောင်းမှန်းမသိတဲ့အတွက်ကြောင့် နေရာတကာမှာ ဖိနပ်မပါဘဲ သွားလာခဲ့ကြပါတယ်။ ဖိနပ်စီးခြင်းကြောင့် ရရှိတဲ့အကျိုးတရားတွေကို မသိခဲ့သလို ဖိနပ်စီးခြင်းကြောင့် အပြစ်ဖြစ်မဲ့နေရာတွေကိုလည်း မသိခဲ့ပါဘူး။ ဒါကြောင့် အကျိုးရောအဆိုးပါ ဒွန်တွဲခံစားကြရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာလို့ ဖိနပ်စီးတတ်လာတဲ့အခါမှာတော့ ဖိနပ်ဆိုတာ ဘယ်နေရာမှာစီးရင် ဘယ်လိုအသုံးဝင်တယ်၊ ဘယ်နေရာမှာတော့ မစီးသင့်ဘူးဆိုတာတွေကို Auto အလိုလိုသိလာကြပါတယ်။ အိပ်ယာပေါ်စတဲ့နေရာတွေမှာတော့ ဖိနပ်ကို မစီးသင့်ဘူး။ ခြေထောက်ညစ်ပေမဲ့နေရာ၊ ကျန်းမာရေးထိခိုက်စေနိုင်တဲ့နေရာ၊ ဆူးငြောင့်ခလုတ်ရှိမဲ့နေရာတွေမှာတော့ ဖိနပ်စီးရမယ်ဆိုတာ စိတ်ထဲမှာ Auto သိလာတယ်။ အဲဒီလို ဖိနပ်စီးရမဲ့နေရာ၊ မစီးရမဲ့နေရာတို့ကို စိတ်ထဲမှာ Auto သိလာတဲ့အခါကျတော့ ဒီနေရာမှာဖိနပ်စီးရင် မကောင်းဘူး။ ဒီနေရာမှာ ဖိနပ်စီးမှကောင်းမယ်ဆိုပြီး ကိုယ်ဖိနပ်ချွတ်ရမဲ့နေရာဆို ထူးထွေးပြုလုပ်စရာမလိုဘဲ ချွတ်မိကြပါတယ်။

အဲဒီလိုပါပဲ သောတာပန်ဖြစ်ပြီးတာနဲ့ သူတစ်ပါးအသက်သတ်ခြင်းစတာတွေဟာ မကျုးလွန်ကောင်းတဲ့အရာတွေလို့ Auto သိလာပါတယ်။ သောတာပန်ဖြစ်မဲ့လူဟာ အရင်ကတော့ ဖိနပ်စီးရမှန်းမသိသလို ကောင်းမှုမကောင်းမှုကို မခွဲခြားတတ်၍လည်းကောင်း၊ ကောင်းမှုအကျိုးကို သေချာမသိနားမလည်လို့လည်းကောင်း မကောင်းမှုများကို ပြုလုပ်တတ်မိကြပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့တရားတော်ကိုနာရလို့ဖြစ်စေ၊ တရားတော်လာတဲ့အတိုင်း ကျင့်ကြံလို့ဖြစ်စေ သောတာပန်ဖြစ်ပြီးသွားတဲ့အခါတော့ ဖိနပ်မစီးသင့်တဲ့နေရာမှာ ဖိနပ်မစီးဖြစ်သလို သောတာပန်ဟာ ငါးပါးသီလကို အလိုလိုိုမကျုးလွန်မိတော့ပါ။

ဥပမာ-အင်္ဂုလိမာလဟာ သူ အရင်က ဖိနပ်မစီးတတ်သလိုဖြစ်နေတဲ့အတွက် နေရာစုံအောင် အန္တရာယ်ရှိနေပေမဲ့ ဖိနပ်မစီးဘဲ သွားလာခဲ့သလို မကောင်းမှုရဲ့အကျိုးပေးကို သေချာမသိသေးလို့ လူသတ်ခြင်းစတာတွေကို ကျုးလွန်မိခဲ့ပေမဲ့ တရားတော်များကို သေချာကျနစွာ သိရှိလာတဲ့အခါမှာတော့ ဖိနပ်ကို ဘယ်နေရာမှာ မစီးသင့်ဘူးဆိုတာ သိသွားသလို အလိုလို်မကောင်းမှုများကို ကျုးလွန်ချင်သော စိတ်ဆန္ဒများ မရှိတော့ပါ။ ပုထုဇဉ်သာမန်များဆိုရင်တော့ ငါးပါးသီလကျုးလွန်ခြင်းရဲ့ ဆိုးကျိုး၊ ရှောင်ကြဉ်ခြင်းရဲ့အကျိုးရလာဒ်တွေကို သေချာကျနစွာ မသိသေးလို့ဖြစ်စေ သိသော်လည်း မိမိစိတ်ကိုမနိုင်သေးလို့ဖြစ်စေ ကျုးလွန်ခြင်းများ ဖြစ်နိုင်သောကြောင့် သေချာလေးဂရုတစိုက် စောင့်ထိန်းပေးရပါမယ်။

တရားထူးရကြတဲ့သူတွေမှာလည်း သူတို့ရဲ့ပါရမီအလျောက် အမျိုးမျိုးတရားသိမြင်ကြတာမို့ ပုံစံမျိုးစုံတော့ ကွဲပြားမှုရှိပါတယ်။ ဒါကြောင့်လည်း သမထကမ္မဋ္ဌာန်ပေါင်း(၄၀)ထိ ရှိလာခဲ့ရတာပါ။ တချို့ကျတော့လည်း သီလအားကောင်းပြီး ပညာအားနည်းတာကြောင့် သီလနဲ့ပညာကို အထောက်အကူဖြစ်အောင် ပြုလုပ်သလို တချို့ကျတော့လည်း ပညာအားကောင်းတာကြောင့် ပညာနဲ့သီလကို အထောက်အကူပြုပြီး တရားထူးရအောင် ပြုလုပ်ကြပါတယ်။ အဲဒီလို သီလနဲ့ပညာအပြန်အလှန်ကျေးဇူးပြုကြပုံကို ဦးဇင်းဆိုဒ်ရဲ့ လူတော်လူကောင်းဆောင်းပါးထဲမှာ တင်ထားခဲ့ပြီးပြီမို့ မရှင်းလင်း၍ သေချာသိချင်သူများ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်သိချင်တာတွေ ရှင်မည်ထင်တာမို့ ဦးဇင်းမအားပေမဲ့ သိချင်သူများမေးလာတဲ့ မေးခွန်းတွေများနေတာကြောင့် အချိန်ရသလောက်ကို ဦးဇင်းသိသမျှဖြေကြားပေးလိုက်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

3 comments

  • ချစ်ရင်ထူးနှစ်

    February 19, 2012 at 2:18 pm

    အဲဒါဆိုရင် တစ်ခုလောက် မေးချင်ပါသေးတယ်၊ ဒီပိုစ့်နဲ့တော့ မဆိုင်ပါဘူး၊
    နိဗ္ဗာန် ဆိုတာက ကုသိုလ် အကုသိုလ် ကုန်မှ ရောက်တယ် ဆိုတာနဲ့ ပတ်သက်ပါတယ်၊
    ကုသိုလ်တွေပဲ အများကြီးလုပ်နေမယ်ဆိုရင် သေတော့ နတ်ပြည် ရောက်မယ်၊ အကုသိုလ် တွေလုပ်တော့ ငရဲ ကိုရောက်မယ်၊ နိဗ္ဗာန် က ဘယ်နားမှာလဲ အဲဒါနဲ့ပတ်သက်ပြီးတော့ နဲနဲလောက် ရှင်းပြပေးစေချင်ပါတယ်….

  • မိုးချမ်းမြေ့

    February 19, 2012 at 3:10 pm

    နိဗ္ဗာန်ဆိုတာ….ဘယ်နေရာလဲတဲ့….ရှင်းပေးပါဦး…။ အော်…နိဗ္ဗာန်….နိဗ္ဗာန်…။ တော်တော်ဒုက္ခပေးတဲ့
    ဒီ..နိဗ္ဗာန်…ဘယ်လိုရောက်ဖို့…ဘယ်လိုသွားရပါ့…။ ဘယ်လိုနားလည်ဖို့…ဘယ်လိုရှင်းနိုင်ကြပါ့မလဲ..။
    ကဲ….ကဲ…..လုပ်ကြပါဦး…အရပ်ကတို့ရေ…။

    • maungmoenyo

      February 20, 2012 at 9:18 am

      နိဗ္ဗာန် = မရှိခြင်း (ဝါ) မဲ့ ခြင်း ဖြစ်ပါတယ်။ ဘာမရှိတာလည်း ဆိုတော့ ဝေါဟာရအားဖြင်းလည်းကောင်း၊ ခံစားမှုအားဖြင့်လည်းကောင်း၊ ဖေါ်ပြခြင်းငှာမရှိခြင်း (ဝါ) မဲ့သော အရာဖြစ်ပါသတဲ့။ အဲ့ဒီအတွက် သတ္တဝါတို့ရဲ့ အန္တိမရည်မှန်းချက်ကြီးအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။
      နိဗ္ဗာန်ဆိုတာနဲ့ မိုးပေါ်မော့ကြည့် တယ်ဆိုတာနဲ့ဘဲ တိတ္ထိစာရင်းဝင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခံစားရခြင်းဆိုတဲ့ တပ်မက်မှု ဝင်သွားလို့ပါ။

Leave a Reply