Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟဲဟိုးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း

kaiMarch 3, 20121min3574

by Yangon Press International on Thursday, March 1, 2012 at 5:24am ·

ကျွန်မတို့ ဧပြီလ ၁ ရက်မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်မတို့ရဲ့ကိုယ်စားလှယ် အောင်မြင်ဖို့ လာပြီးတော့ မဲဆွယ်တာပါ။ ကျွန်မတို့ကိုယ်စားလှယ်ကို မဲပေးကြပါ။ ကျွန်မတို့ဟာ မဲဘာဖြစ်လို့ ဒီလောက်တောင်လိုချင်လဲဆိုလို့ရှိရင် ကျွန်မတို့ ကိုယ်စားလှယ်များနိုင်သလောက် များများ လွှတ်တော်ထဲကိုဝင်ဖို့ပါ။ လွှတ်တော်ထဲကိုဝင်ပြီး ဘာလုပ်မလဲဆိုလို့ရှိရင် ပြည်သူရဲ့အသံကို ဒီနိုင်ငံတင်မက တစ်ကမ္ဘာလုံးကကြားပြီး တော့ ကျွန်မတို့ရဲ့ပြည်သူလူထုဟာ ဘာတွေလိုချင်လဲ ကျွန်မတို့ပြည်သူလူထုတွေတိုးတက်ရေးအတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကျွန်မတို့က ကြိုးစားမှာပါ။ ကျွန်မတို့ ဒီရွေးကောက်ပွဲမှာနိုင်လို့ အစိုးရဖြစ်လာမှာမဟုတ်ဘူး။ အားလုံးဒါကို သဘောပေါက်ပါတယ်နော်။ (ဟေးးးး)
*

ဟဲဟိုးမြို့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရုပ်ရှင်မင်းသားရဲတိုက်လည်း သွားရောက်မဲဆွယ်ခဲ့သည်။

ဒီမိုကရေစီမှာဆိုလို့ရှိရင် အာဏာခွဲဝေရေးဆိုတာရှိတယ်။ အဲဒါဘာလဲဆိုတာ အကြမ်းဖျဉ်းပြောရမယ်ဆိုလို့ရှိရင် အုပ်ချုပ်ရေးအာဏာရယ်၊ တရားစီရင်ရေးအာဏာရယ် နောက်ပြီးတော့ ဥပဒေပြုရေးအာဏာရယ် တရားရေးမဏ္ဍိုင်ရယ် ခွဲခြားထားတယ်။ အုပ်ချုပ်ရေးဆိုတာတော့ အစိုးရအဖွဲ့ပေါ့။ ဥပဒေပြုရေးဆိုတာတော့ လွှတ်တော်ပေါ့။ တရားရေးမဏ္ဍိုင်ကတော့ တရားသူကြီးတွေအခရာဖြစ်တဲ့ တရားရုံးတွေပေါ့။ ဒီလိုသုံးပိုင်းခွဲထားတယ်။ ဘာဖြစ်လို့ သုံးပိုင်းခွဲထားလဲဆိုတော့ အဖက်ဖက်ကနေပြည်သူရဲ့အကျိုးကိုထမ်းဆောင်နိုင်အောင်လို ့။ လွှတ်တော်ရဲ့တာဝန်က ဘာလဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေကိုလုပ်ဖို့ပဲ။ ဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကျွန်မတို့ဘာလုပ်ပေးလို့ရလဲဆိုတော့ လွှတ်တော်အတွင်းကနေပြီးတော့ ပြည်သူလူထုကို မလိုအပ်ဘဲနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေဖယ်ရှားရေးအတွက် ကျွန်မတို့ ပထမလုပ်သွားရမယ်။ (ဟေးးးး)
*

နောက်တစ်ခုကတော့ ပြည်သူလူထုကို အကျိုးပြုမယ့် ပြည်သူလူထု ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို အထောက်အကူဖြစ်မယ့် ဥပဒေ အသစ်တွေပြဋ္ဌာန်းဖို့ ကြိုးစားရမယ်။ နှစ်မျိုးစလုံး ကြိုးစားရမယ်။ မလိုအပ်တဲ့ဥပဒေတွေဖယ်ရှားဖို့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့။ ဒါဟာ ဥပဒေပြုအာဏာဖြစ်တဲ့ လွှတ်တော်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အဲဒီတာဝန်တွေကို ကျွန်မတို့ ထမ်းဆောင်သွားရမယ်။
*

အစိုးရကိုပြည်သူကထိန်းထားနိုင်ဖို့ ကျွန်မတို့ ဒီမိုကရေစီကိုလိုလားတာပါ။ ဒါကြောင့် ကျွန်မတို့ကလာပြီးတော့ ပြည်သူကို ပြည်သူ့ဆီက မဲဆန္ဒကိုတောင်းခံတယ်ဆိုတာ ပြည်သူတွေရဲ့ထိန်းချုပ်မှုကို ခံပါမယ်လို့ပြောတာနဲ့အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးမှ ကျွန်မတို့ ကိုယ်စားလှယ်က လုပ်ပိုင်ခွင့်ရှိမှာပါ။
*

အဲဒီတော့ မဲပေးတဲ့နေ့မှာ မမေ့နဲ့နော်။ တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ့်မဲဟာ အင်မတန်မှ အရေးကြီးတယ်။ မဲတစ်ကတ်ခြင်းတစ်ကတ်ခြင်းဟာ တန်ဖိုးဖြတ်မရဘူးဆိုတာ မမေ့ကြပါနဲ့။
*

အားလုံးသိတဲ့အတိုင်း ပင်လုံဆိုတာ ရှမ်းပြည်နယ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခြေခံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရလာတာဟာ တိုင်းရင်းသားတွေအားလုံးတက်ညီလက်ညီလုပ်ဖို့ ပင်လုံအစည်းဝေးမှာ ဆုံးဖြတ်ချက်ချလိုက်တာက ရလာတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီမိုကရေစီရဖို့ဆိုရင် တိုင်းရင်းသားတွေ အားလုံး တက်ညီလက်ညီ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုတယ်လို့ ကျွန်မပြောပါရစေ။ (ဟေးးးး)
*

ဝင်ပြိုင်မဲ့သူက ဒေါက်တာလည်းဖြစ်တယ် အမျိုးသမီးလည်းဖြစ်တယ် ကျွှန်မတို့က ပညာတတ်အမျိုးသမီးတွေကို အားပေးရမယ်။ ပညာတတ်အမျိုးသမီးတွေကို အားပေးမှ ကျွန်မတို့နိုင်ငံကတိုး တက်မယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ဒီနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ တဝက်ထက်နည်းနည်းပိုတယ်။ အမျိုသမီးအင်အားဟာ အင်မတန်မှ အရေးကြီးတယ်။ ပညာတတ်အမျိုးသမီးတွေရှိမှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။ …..
*

ကျွန်မတို့ဟာပုဂိ္ဂုလ်ရေး တစ်ဦးတစ်ယောက်အတွက်မဲပေးခိုင်းနေတာတော့ မဟုတ်ဘူး ။ ကျွန်မတို့စနစ်တခုအတွက်မဲပေးခိုင်းတာပါ။ ဒါကြောင့်အမျိုုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘာလဲ ဘယ်စနစ်ကိုဦးတည်နေတာလဲဆိုတာပြည်သူတွေ အနေနဲ့ လေ့လာပါ။ ကျွန်မတို့ကို လေ့လာပါ၊ သုံးသပ်ပါ ။ ကျွန်မတို့ကို သုံးသပ်တာကိုခံရဲပါတယ်။ ခံယူပါတယ်။ ပြည်သူတွေရဲ့ သုံးသပ်ချက်ကိုခံယူပါတယ်။ ကျွန်မတို့ အနှစ်နှစ်ဆယ်မှာ ဘာတွေလုပ်ခဲ့သလဲ ဘယ်လိုရပ်တည်ခဲ့သလဲ ဒီမိုကရေစီမူတွေအတွက်ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ အများပြည်သူသုံးသပ်လေ့လာပြီး အဖြေဖော်နိုင်ပါတယ်။

အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။

ကျွန်မတို့ ဒီမိုကရေစီအတွက်ရုန်းကန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အတွင်းမှာဆိုရင် ကန့်သတ်ထားတဲ့အချက်အမျိုးမျိုး ချုပ်ချယ်ချက်အမျိုးမျိုး ဖိနှိပ်ချက်တွေ အမျိုးမျိုးကြားထဲကနေ ကျွန်မတို့ ရုန်းကန်ပြီးတော့ လုပ်ရတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့က အရင်ထက်စာရင် အခွင့်အရေးတွေ အများကြီး ရလာပါပြီ။ ဒီလိုအခွင့်အရေး ရအောင်လို့ လုပ်ပေးခဲ့တာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ကျွန်မတို့ဟာ အားလုံး သွေးရင်း ညီအစ်ကိုတွေလို လက်တွဲ ပြီးတော့လုပ်ဆောင်ရပါမယ်။ ကျွန်မတို့ ဟာအခြား အဖွဲ့အစည်းတွေကို လည်းတိုက်ခိုက်ချင်တဲ့စိတ် မရှိပါဘူး။ ကျွန်မတို့ကိုမဲပေးပါလို့ ပြောတာဟာ အခြားအဖွဲ့ အစည်း တွေကိုမဲမပေးပါနဲ့လို့ ပြောတာနဲ့ အတူတူပါပဲ။ အဲဒါကတိုက်ခိုက်တာတော့မဟုတ်ပါဘူး ။ မဲကတစ်ပြားတည်းပဲရှိတယ်လေ တစ်ပါတီပဲပေးလို့ရတာလေ။ လက်တွေ့ ကျကျပြောတာပါ အဲဒီတော့ ကျွန်မတို့ကိုပဲပေးပါလို့ ပြောပါရစေကျွန်မတို့ အနေနဲ့မဲဆွယ်တဲ့ နေရာမှာလာဘ်ပေးပြီးတော့လည်း မဲမဆွယ်ဘူး။ ခြိမ်းခြောက်ပြီးတော့လည်း မဲမဆွယ်ဘူး။ လာဘ်ပေးပြီးတော့ မဲမဆွယ်ဘူးဆိုတာ ကျွန်မတို့ပြည်သူတွေကိုတာဝန်သိစိတ်ရှိစေချင်လို ့ ကျွန်မတို့က ကျွန်မတို့ကိုမဲပေးပါ၊ ဟိုဟာ ကြီးဖြစ်စေရမယ် ဒီဟာကြီးဖြစ်စေရမယ်ဆိုပြီးတော့ ပြောရင် ပြည်သူတွေမှာ ဘာတာဝန်မှမရှိသလိုပဲ။ ကျွန်မတို့က မိုးပေါ်ကကျလာတဲ့ နတ်တွေမဟုတ်ဘူး။ ဖြစ်စေချင်သလိုဖြစ်မှာမဟုတ်ဘူး။ အဲတော့ အားလုံးကဝိုင်းပြီးတော့ ရုန်းမှရမယ်။ အဲတော့ ကျွန်မတို့က ပြည်သူတွေကိုကတိကဝတ်တွေ လွယ်လွယ်ပေးပြီး တော့မစည်းရုံးဘူး ။ လာဘ်ထိုးဖို့ ဆိုတာကလည်းအဖွဲ့ချုပ်မှာ ပိုက်ဆံမှမရှိတာ။ ပြည်သူဆီကနေပြန်တောင်းနေရတာ ။ အဲတော့လာဘ်ပေးရင်းနဲ့လည်းမစည်းရုံးဘူး။ ပိုက်ဆံရှိရင်တောင် အဲဒီနည်းနဲ့ မစည်းရုံးဘူး ။ နောက်ပြီးကျွှန်မတို့က ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့လည်းမပြောဘူး။ ကျွန်မတို့ကိုမဲမပေးရင် ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့လည်းမပြောဘူး။ စဉ်းစားပါ ပြည်သူတွေကိုယ်တိုင်စဉ်းစားပါ ။ ကျွန်မတို့အဖွဲ့ကိုမလိုလားဘူးဆိုရင် ဘယ်အဖွဲ့ကိုလိုလားမလဲ။ အဲဒီလိုလားတဲ့ အဖွဲ့က နိုင်ငံအကျိုးအတွက်ဘယ်လောက်သယ်ပိုးနိုင်မလဲ သေသေချာချာစဉ်းစားပါ။ သေသေချာချာ စဉ်းစားပြီးတော့ ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ပါ။ ကျွန်မတို့ကနောက်ဆုံးတော့ ပြည်သူတွေဆုံးဖြတ်ချက်ကိုလက်ခံရမယ် ။ ရွေးကောက်ပွဲဆိုတာဒါပဲ။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် ပွဲလေးပဲ။
*
ကျွန်မ ခဏခဏ စောင်းပေးပြီး ပြောနေတာကတော့ ပညာရေးပ။ဲ ကျွန်မတို့ ရဲ့လူငယ်တွေ အဆင့်မြင့် ပညာတတ်ဖို့လိုတယ်။ ဒါပေမယ့် ဒါနဲ့အတူ အရေးကြီးတာ ဒီပညာတွေကိုမှန်မှန်ကန်ကန် သုံးနိုင်မဲ့ အလုပ်တွေ ကိုဖန်တီးပေးဖို့ လိုတယ်။ အလုပ်လက်မဲ့ပညာတတ်တွေဟာ အင်မတန်နှမြောစရာကောင်းပါတယ်။ ပညာတတ်တွေက အလုပ်မရှိတဲ့အခါကျတော့ အရက်ဆိုင် ထိုင်တာတို့ လောင်းကစားလုပ်တာတို့ အဲဒါတွေဖြစ်သွားရော။ အဲဒါမျိုးတော့မလုပ်ကြပါနဲ့။ ကိုယ်ရဲ့အနာဂတ်အတွက် ကိုကြိုးစားကြပါ။ လူတိုင်းလူတိုင်းကတော့ အနည်းဆုံးတော့ကိုယ့်ဘဝအတွက် ကိုယ်တာဝန်ယူကြလိမ့်မယ် ။ အဲဒါကျတော့ဘယ်သူမှ လုပ်ပေးလို့မရဘူး လူငယ်တွေကို ကိုယ့်ရဲ့ဘဝကို မဖျက်စီး ကျပါနဲ့ ။ လူငယ်တွေဟာကိုယ့်ရဲ့ ဘဝအတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာ ဒါ့ထက်ကြီးမားတဲ့ တာဝန်ရှိလို့ ပါ။ လူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် တာဝန်ယူရမှာပါ။ လူငယ်တွေဟာ တာဝန်မယူလို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်အခါမှာကျွန်မတို့လူကြီးတွေက တချိန်ချိန်မှာကွယ်ပျောက်သွားကြမှာပဲ။ လူငယ်တွေက တာဝန်ယူရမှာဆိုတာက ဒီနိုင်ငံကိုဆက်ပြီးတော့ အုပ်ချုပ်သွားအောင် ဒီနိုင်ငံကိုဖွံ့ဖြိုးသွားအောင်လုပ်ကြရမှာ။ ဒါကြောင့်လူငယ်တွေဟာ ကိုယ့်ရဲကဘဝကို အလဟာသ မဖြစ်ပါစေနဲ့။ ကိုယ့် ဖာသာကိုယ်တာဝန်ရှိတယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အတွက် တာဝန်ယူတယ်ဆိုရင် ကိုယ့်နိုင်ငံ အတွက်လည်းတာ ဝန်ယူနိုင်တယ်။ အဲဒီတာဝန်သိစိတ်တွေနဲ့ ဆက်ပြီးတော့သွားကြပါလို့ ကျွန်မတော့ မေတ္တာရပ်ခံချင်ပါတယ်။
*
အများသိကြမှာပေါ့နော ်ဒီဆန်ရှင်ဆိုတဲ့ကိစ္စ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေကဆင်းရဲတယ် စီးပွားရေးပိတ်ဆို့တာနဲ့ပတ်သတ်လို့ရှည်ရှည်ဝေးဝေးမေြ ပာပါဘူး ။ အချို့လုပ်ငန်းတွေကိုထိခိုက်တာတော့ရှိပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့ နိုင်ငံရဲ့စီးပွားရေးပြသာနာဟာ ဒီဆန်ရှင် စီးပွားရေးပိတ်ဆို့မှုကြောင့် တခုတည်းမဟုတ်ဘူးဆိုတာ ကိုတော့ ပြည်သူတွေရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ နောက်ပြီး ကျွန်မတို့ နိုင်ငံဟာ တကယ့်ကိုစစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်သွားတာ သေချာပြီးဆိုတာနဲ့ ဒီနိုင်ငံကို ကူညီပေးကြမယ့် ဖွံ့ဖြိုးရေးအတွက် ဝိုင်းပြီး ကူညီပေးမဲ့အဖွဲ့ အစည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကူညီနိုင်တဲ့ သူတွေကူညီချင်အောင်ကျွှန်မတို့က လုပ်ကြရပါမယ်။ ကူညီချင်အောင် မလုပ်ပြနိုင်ရင် ကူညီမှာမဟုတ်ဘူး။ ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကု ိ ကျွန်မတို့ သွားကြရမယ်။ ကျွန်မတို့ဟာ မှန်ကန်တဲ့စီးပွားရေးမူဝါဒေတွေကို ချမှတ်ရမယ်။ အဲဒါတွေကျတော့လွှတ်တော်လည်းပါလာမယ်၊ အစိုးရလည်းပါလာမယ်။ အဓိကကတော့ပြည်သူတွေလည်းပါလာရမယ်။ ပြည်သူတွေအနေနဲ့ဖြစ်သင့်ဖြစ် ထိုက်တာကို ထောက်ပြရမယ်။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်နေတာကိုလည်း ထောက်ပြရမယ်။
*
ကျွန်မအထဲမှာ နေတုန်းက ကျွန်မကိုမေးတယ်။ ပြည်သူတွေကိုဘာပြောမလဲ ဘာမှာမလဲပေါ။့ အဲဒီတုန်းက ပြည်သူတွေကလည်း ကြောက်နေကြတယ်လေ။ ကျွန်မကတော့ တစ်ခုပဲမှာလိုက်တယ်။ မမှန်ကန်တဲ့ကိစ္စကိုမှန်ကန်တယ်လို့မပြောပါနဲ့ မတရားတဲ့ကိစ္စကိုတရားတယ်လို့မပြောပါနဲ့။ မတရားတဲ့ကိစ္စကို တရားတယ်လို့မပြောပါနဲ့ အဲဒါနဲ့စပါ။ နောက်တစ်ဆင့်ကျမှ မှန်တဲ့ကိစ္စကို မှန်တယ်လို့ပြောရမယ်။ မှားတဲ့ကိစ္စကို မှားတယ်လို့ပြောရမယ်။ ပထမဦးဆုံးအဆင့်ဟာ သိပ်အမြင့်ကြီးမဟုတ်ဘူးနော်။ စပြီးတော့ထိန်းသိမ်းဖို့လိုတယ်။ မမှန်တာကို မှန်တယ်လို့မပြောပါနဲ့။ မတရားတာကို တရားတယ်လို့မပြောပါနဲ့။ ဒုတိယအဆင့်ကျရင်တော့ မမှန်တာကို မမှန်ဘူးပြောပြီးတော့ မှန်တာကို မှန်တယ်လို့ထောက်ခံရဲရမယ်။ အဆင့်ဆင့်တက်သွားရမယ်။ (လက်ခုပ်သံများ) ဒီလိုအဆင့်ဆင့်တက်သွားနိုင်မှ ဒီနိုင်ငံဟာတိုးတက်မယ်။ တိုးတက်တယ်။ ပြည်သူတွေက တိုးပြီးတော့ တက်မှ ဒီနိုင်ငံဟာတိုးတက်မှာလို့ ကျွန်မတို့ မှတ်ထားရမယ်။ (လက်ခုပ်သံများ)

ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြောနိုင်တာတစ်ခုရှိတယ်။ ကျွန်မတို့ဟာ ပြည်သူတွေနဲ့ အတူပေါင်းပြီးတော့ တက်မယ့်နေရာမှာတော့ ပြည်သူတွေအနောက်ကနေပဲတက်မယ်လို့ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒမရှိဘဲနဲ့ တက်တဲ့အလုပ် ကျွန်မတို့လုံးဝမလုပ်ပါဘူး။ တိုးတဲ့နေရာမှာတော့ ရှေ့ကနေပြီး တိုးရရင်လည်း တိုးပေးမယ်။ နောက်ကနေပြီးတိုးရရင်လည်း တိုးပေးမယ်။ ဘေးကအတူလက်ချိတ်ပြီးတိုးရရင်လည်း တိုးပေးမယ်။ ကျွန်မတို့ ပြည်သူတွေဟာ တိုးတက်ဖို့အတွက် ဒီနိုင်ငံသာယာဖို့အတွက် အားလုံးတက်ညီလက်ညီနဲ့ လုပ်ဖို့လိုပါတယ်။ ညီညွတ်ရေးဟာအဓိကပဲ။
*

ကျွန်မနိဂုံးချုပ်စကားမပြောခင်တော့ ပြည်သူလူထုကို ကျေးဇူးတင်စကားပြောချင်ပါတယ်။ ဒါကျွန်မနေရာတိုင်းမှာပြောသွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအမြင်မှာ ကျေးဇူးတရားဆိုတာ တိရိစ္ဆာန်များမှာတောင်ရှိတယ်။ ကျွန်မသတိထားမိတယ်။ တိရိစ္ဆာန်များတောင်မှ ကျေးဇူးတရားဆိုတာသိတယ်။ အဲဒီတော့ လူဆိုတာပိုပြီးတော့သိရမယ်။ ကျွန်မတို့ဟာ ပြည်သူတွေရဲ့ကျေးဇူးကိုသိပါတယ်ဆိုတာ နည်းနည်းတော့ပြောချင်ပါတယ်။ ကျွန်မတို့ ရပ်တည်နိုင်ခဲ့တာ ပြည်သူလူထုရဲ့ထောက်ခံမှုကြောင့်ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ပေးထားတဲ့ဒေါက်ကြီးဟာ ပြည်သူပဲ။ ပြည်သူရဲ့ထောက်ခံမှုဟာ ကမ္ဘာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ ကျွန်မတို့ဟာ အခက်အခဲအမျိုးမျိုးကြားထဲကနေ ရပ်တည်နိုင်ခဲ့တယ်။ အဲဒီကျေးဇူးတွေကို ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်မတို့ အဆင့်ဆင့်လုပ်သွားမယ်အလုပ်တွေမှာလည်း ပြည်သူရဲ့ထောက်ခံမှုကိုပဲ အားကိုးပြီးတော့ လုပ်သွားရမှာပဲ။ ဒါကြောင့် ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ကျေးဇူးတွေကို ဘယ်လိုဆပ်မလဲဆိုရင်တော့ ပြည်သူတွေရဲ့အကျိုးကို ထမ်းဆောင်ခြင်းအားဖြင့်ပဲဆပ်ရပါမယ်။ အဲဒီလိုထမ်းဆောင်နိုင်ဖို့ဆိုတာလည်း ပြည်သူလူထုကတာဝန်ပေးမှဖြစ်မှာပါ။ ကျွန်မကို လမ်းမှာဆိုရင် ကျန်းမာပါစေလို့ဆုပေးကြတယ်။ ကျန်းမာပါစေဆိုတာ ပြောတဲ့စကားလေးကတော့ ရိုးရိုးလေးပါ။ လူဆိုတာ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ ဒီနိုင်ငံကိုအကျိုးပြုနိုင်မယ်။ ကျွန်မကို ကျန်းမာပါစေလို့ ဆုပေးလိုက်တဲ့ပြည်သူတွေဟာ ကျွန်မတို့ကို နိုင်ငံ့အကျိုးအတွက် လုပ်နိုင်ပါစေလို့ဆုပေးလိုက်တာနဲ့အတူတူပဲလို့ ကျွန်မကဒီလိုပဲ ယူဆပါတယ်။ (ဟေးးး) ပြည်သူတွေရဲ့ကျေးဇူးကိုသိသောအားဖြင့် ကျွန်မတို့အနေနဲ့ ကြိုးစားပြီးတော့ ပြည်သူတွေရဲ့အကျိုးကိုထမ်းဆောင်ပေးပါမယ်။ ကျွန်မတို့ကိုထမ်းဆောင်ခွင့်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။
*

ရှမ်းပြည်နယ်ဆိုတာ ပင်လုံမြေပါ။ ပင်လုံမြေဆိုတာ ကျွန်မတို့ရဲ့ ပြည်ထောင်စုပေါက်ဖွားခဲ့ရာမြေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံမှာ တိုင်းရင်းသားတွေအားလုံးကြားမှာ သွေးစည်းညီညွတ်မှုရှိဖို့ဆိုတာ ကျွန်မတို့အားလုံးကြိုးစားတဲ့နေရာမှာ ပြည်နယ်က ကျွန်မတို့တိုင်းရင်းသူတိုင်းရင်းသားတွေက ရှေ့တန်းကပါဝင်စေချင်ပါတယ်။ ပါဝင်မှ ကျွန်မတို့နိုင်ငံဟာ တစ်ကယ့်စစ်မှန်တဲ့ပြည်ထောင်စုတစ်ခုရဲ့ လက္ခဏာတွေနဲ့တူညီမှာပါ။
*

ပင်လုံစာချုပ်ဆိုတာ ၁၉၄ရ တုန်းက ချုပ်ခဲ့တဲ့စာချုပ်။ အဲဒီတုန်းက လွတ်လပ်ရေးမရသေးဘူး။ ၁၉၄ရ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလမှာ ကျွန်မရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းပေါ့၊ ဖေဖေတို့အဖွဲ့ဟာ ဘိလပ်ကိုသွားခဲ့ပြီး အစိုးရနဲ့တွေ့ခဲ့တယ်။ အဲဒီတုန်းက မြန်မာနိုင်ငံဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောင်မှာပဲရှိသေးတယ်။ လွတ်လပ်ရေးကိုသွားပြီးဆွေးနွေးတဲ့အခါမှာ ဗြိတိသျှအစိုးရက ဘယ်လိုပြောလဲဆိုတော့ တောင်တန်းဒေသတွေက ပြည်မက ဗမာတွေနဲ့ တွဲမလား မတွဲမလားဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်လို့ပြောလိုက်တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စည်းစည်းလုံးလုံးနဲ့ လွတ်လပ်ရေးရအောင်ယူဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညှိရတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီး ဘယ်လိုအဖြေရခဲ့လဲဆိုတော့ ဒီပင်လုံရဲ့အဓိကသဘောကဘာလဲဆိုတော့ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးအမြန်ရနိုင်တယ်ဆိုတာ ယုံကြည်တယ်ဆိုပြီးတော့ ဒီသဘောထားအရ ဒီနိုင်ငံအတွင်းမှာ တိုင်းရင်းသားအားလုံးဟာ တန်းတူညီတူမှုရရမယ်ဆိုတဲ့ သဘောထားကိုလည်း ခိုင်ခိုင်မာမာတည်ဆောက်ခဲ့တယ်။ အဲဒီတော့ အဲဒီဟာက အရေးကြီးဆုံးပဲ။
*

လွတ်လပ်ရေးကိုမြန်မြန်ဆန်ဆန်ရဖို့ အခုခေတ်က ပင်လုံစိတ်ဓာတ်ပေါ့။ ကျွန်မတို့ အားလုံးတွဲပြီးလုပ်မှ စစ်မှန်တဲ့ဒီမိုကရေစီမြန်မြန်ရနိုင်မယ်။ ဒီတော့ တန်းတူညီတူ ရှိမှုဆိုတာရှိရမယ်။ အဲဒီတုန်းက ဖေဖေတို့ ပြောခဲ့တာတော့ ကချင်တစ်မတ် ဗမာတစ်မတ် ပေါ့ နော်။ အဲဒါကတော့ ကချင်တမျိုးတည်းပြောခဲ့တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံး ညီညီမျှမျှပေါ့။ ဗမာလည်းတစ်မတ် ပအို့ဝ်လည်းတစ်မတ် ပလောင်လည်းတစ်မတ်ပေါ့နော်။ အာလုံးတန်းတူညီတူရှိရမယ်လို့ ပြောတာ။ ပြီးတော့ ပြည်နယ်တွေဟာကိုယ်ပိုင်အုပ်ချုပ်ဖို့ ကိုယ်ပိုင်ပြဌာန်းဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြထားရတယ်။ ဒါပဲနောက်ဆုံးကျတော့ အားလုံးညှိနှိုင်းပြီးတော့ တိုင်းရင်းသားအားလုံး သဘောတူညီနိုင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုနဲ့ဒီနိုင်ငံကိုတည်ဆောက်ရမယ်။ ဒီတော့ အားလုံးညှိနှိုင်းရမယ်။ တည်ဆောက်ရမယ်။ ကျွန်မတို့အားလုံးဆွေးနွေးတိုင်ပင်ပြီးတော့ဖြေရှင်းရ မယ်။ ကျည်ဆန်နဲ့ မဖြေရှင်းရဘူး၊ ဆွေးနွေးချက်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ စားပွဲဝိုင်းမှာ ထိုင်မယ်၊ စကားပြောမယ်ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို တော့သူငယ်ချင်းအချင်းချင်းတောင် ရန်ဖြစ်ရတယ်လေ။ ဒါကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါပေမယ့်မဖြစ်မနေ အောင်မြင်အောင် လုပ်ရမယ့်ကိစ္စဖြစ်တယ်။
*

လူငယ်တွေ ရဲ့ အနားဂတ်ကို အလေးထားကြပါ သိချင်တဲ့စိတ်ရှိကြပါ စပ်စုတဲ့စိတ်ရှိကြပါ။ မသိတာတွေကိုမေးကြပါ။ တွေ့ဆုံဆွေးနွေးကြပါ။ မေးပိုင်ခွင့်ရှိတယ်နော်။ မေးကြပါ။ ပြည်သူတွေက မေးရမှာမကြောက်ပါနဲ့။ ပြည်သူတွေ ကမေးပိုင်ခွင့် ရှိတယ်။ အစိုးရဆိုတာ ဖြေရမဲ့တာဝန်ရှိတယ်။ နိုင်ငံရေးပါတီဆိုလည်းဒီအတိုင်းပဲ။ ပြည်သူတွေက မေးရင် နိုင်ငံရေးပါတီတွေက ဖြေရမယ်။ အဖြေကို ပြည်သူတွေကမကြိုက်လို့ရှိရင် ဒီအဖွဲ့အစည်းကိုလက်ခံမှာ မဟုတ်ဘူး။ ကိုယ့်အဖြေကိုပြည်သူကမကြိုက်လို့ လက်မခံတာဆိုရင် ကိုယ့်ရဲ့အပြစ်ပဲ။ ကိုယ့်ရဲ့အားနည်းချက်ပဲ။ ပြည်သူလူထုရဲ့အဆုံးအဖြတ်ကို ကျွန်မတို့က လက်ခံရမယ်။ ဒါကြောင့် ပြည်သူတွေက အရေးပါတယ်ဆိုတာ ကျွန်မတို့ ဘယ်တော့မှမမေ့ရဘူး။ ကိုယ့်ရဲ့တန်းဖိုးကို ကိုယ်မမေ့ရဘူး။ ကိုယ့်တန်းဖိုးကို ကိုယ်သိမှ တခြားသူတွေက ကိုယ့်ကိုတန်းဖိုးထားမယ်။ ပြည်သူတွေကကိုယ့်တန်းဖိုးကိုကိုသိမှ တခြားသူတွေကကိုယ့်ကိုတန်းဖိုးထားမယ်။ အစိုးရလုပ်သူများကလည်း ပြည်သူတွေကို တန်းဖိုးထားရပါမယ်။ အဲဒါကိုမမေ့ပါနဲ့လို့ အမြဲတမ်းသတိပေးနေပါတယ်။ ဒီနေ့ရှမ်းပြည်နယ်ကို ရောက်ရတာအင်မတန်မှကြည်နူးရပါတယ်။ ပြည်သူတွေရဲ့ အပြုံးကြောင့်ပါ။ ပြည်သူတွေကလိုလိုလားလား ရှိကြတာ။ အင်မတန်မှကိုကျေးဇူးတင်ပါတယ်။
*

ရှမ်းပြည်နယ်က တိုင်းရင်းသားတွေရဲ့ ဘာသာစကားကိုမတတ်တာ အင်မတန်မှ စိတ်မကောင်းပါဘူး။ တတ်ရင် အခုလိုအချိန်အခါမှာ ကျွန်မကရှမ်းလိုတစ်မျိုးပြောလိုက်၊ ပအို့ဝ်လို တစ်မျိုးပြောလိုက်၊ ပလောင်လို တစ်မျိုးပြောလိုက်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်မတတ်တာ ကတော့ ဗမာစကားတခုပဲရှိတယ်။ အဲဒါအတွက်ကျွန်မတောင်းပန်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ဘာသာစကားတွေအားလုံးသင်ဖို့ ဆိုတာ ကျွန်မအတွက် အချိန်မရှိတော့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဘုံတခုကတော့ တိုင်းရင်းသားယဉ် ကျေးမှုနဲ့ ဘာသာစကားတွေကိုတတ်နိုင်သမျှအားပေးရမယ်၊ ဖွံဖြိုးအောင်လုပ်ရမယ်။ လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်းပို်င်ခွင့်ရှိရမယ်။ ကိုယ့်ဘာသာစကားကို ကိုယ့်ယဉ်ကျေးမှုကိုကိုကိုယ်ဂုဏ်ယူကြတယ်။ ကျွန်မတို့ဆိုရင် အင်မတန်မှလေးစားတယ်။ တန်းဖိုးထားတယ်။ ဒီနိုင်ငံမှာ ဘာသာစကားပေါင်းစုံရှိတယ်။ တိုင်းရင်းသားပေါင်းစုံရှိတယ်။ ကျွန်တို့ရဲ့ဓနဟာဆိုလို့ရှိရင် တစ်ကယ့် ရတနာတွေဟာ သဘာဝဓာတ်ငွေ့လည်းမဟုတ်ဘူး၊ ရေနံလည်းလည်းမဟုတ်ဘူး၊ ပတ္တမြားလည်းမဟုတ်ဘူး၊ နီလာလည်းမဟုတ်ဘူး၊ ပြည်သူတွေပဲဖြစ်ပါတယ်။ ကျွန်တို့ရဲ့ အဓိက ရတနာဖြစ်တဲ့ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ လိုရာဆန္ဒပြည့် ဝကြပါစေကျွန်ဆုတောင်းမေတ္တာပို့ပါတယ်။

http://www.facebook.com/ygnpress

4 comments

  • သူကြီးရေ ဦးဦးဖျားဖျားဝင်မန် ့သွားပီဗျာ။အမေစုမိန် ့ခွန်းလေးထဲက အကြိုက်ဆုံးနေရာလေးဗျာ…

    ဒီနိုင်ငံမှာ ဘာသာစကားပေါင်းစုံရှိတယ်။ တိုင်းရင်းသားပေါင်းစုံရှိတယ်။ ကျွန်တို့ရဲ့ဓနဟာဆိုလို့ရှိရင် တစ်ကယ့် ရတနာတွေဟာ သဘာဝဓာတ်ငွေ့လည်းမဟုတ်ဘူး၊ ရေနံလည်းလည်းမဟုတ်ဘူး၊ ပတ္တမြားလည်းမဟုတ်ဘူး၊ နီလာလည်းမဟုတ်ဘူး၊ ပြည်သူတွေပဲဖြစ်ပါတယ်။ ကျွန်တို့ရဲ့ အဓိက ရတနာဖြစ်တဲ့ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ လိုရာဆန္ဒပြည့် ဝကြပါစေကျွန်မဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

  • mg mg

    March 3, 2012 at 5:16 pm

    “ကျွန်မကတော့ တစ်ခုပဲမှာလိုက်တယ်။ မမှန်ကန်တဲ့ကိစ္စကိုမှန်ကန်တယ်လို့မပြောပါနဲ့ မတရားတဲ့ကိစ္စကိုတရားတယ်လို့မပြောပါနဲ့။ မတရားတဲ့ကိစ္စကို တရားတယ်လို့မပြောပါနဲ့ အဲဒါနဲ့စပါ။ နောက်တစ်ဆင့်ကျမှ မှန်တဲ့ကိစ္စကို မှန်တယ်လို့ပြောရမယ်။ မှားတဲ့ကိစ္စကို မှားတယ်လို့ပြောရမယ်။ ပထမဦးဆုံးအဆင့်ဟာ သိပ်အမြင့်ကြီးမဟုတ်ဘူးနော်။ စပြီးတော့ထိန်းသိမ်းဖို့လိုတယ်။ မမှန်တာကို မှန်တယ်လို့မပြောပါနဲ့။ မတရားတာကို တရားတယ်လို့မပြောပါနဲ့။ ဒုတိယအဆင့်ကျရင်တော့ မမှန်တာကို မမှန်ဘူးပြောပြီးတော့ မှန်တာကို မှန်တယ်လို့ထောက်ခံရဲရမယ်။ အဆင့်ဆင့်တက်သွားရမယ်။”
    “တိုးတဲ့နေရာမှာတော့ ရှေ့ကနေပြီး တိုးရရင်လည်း တိုးပေးမယ်။ နောက်ကနေပြီးတိုးရရင်လည်း တိုးပေးမယ်။ ဘေးကအတူလက်ချိတ်ပြီးတိုးရရင်လည်း တိုးပေးမယ်။ ကျွန်မတို့ ပြည်သူတွေဟာ တိုးတက်ဖို့အတွက် ဒီနိုင်ငံသာယာဖို့အတွက် အားလုံးတက်ညီလက်ညီနဲ့ လုပ်ဖို့လိုပါတယ်။ ညီညွတ်ရေးဟာအဓိကပဲ။”
    အန်တီစုရေ-အားလုံးရဲ့ကိုယ်စား ကျေးဂျူးကမ္ဘာပါဗျာ။
    မျှဝေပေးတဲ့ စာရေးနိုင်လွန်းတဲ့ သူကြီးကိုလည်း ကျေးဇူးပါ။

  • windtalker

    March 3, 2012 at 6:20 pm

    သဂျီး အူးကိုင် ခင်ဗျာ…
    ဒီရက်ပိုင်းအတွင်း ဖေ့ဘုတ်မှာ ကြည့်ရတဲ့ “ဇာဂနာ” ရဲ ့ဗီဒီယိုဖိုင်ကြောင့် ၊ မင်းသား/မင်းသမီး တွေ ပါလာတဲ့ ကိစ္စ ကို မြင်ရတာ တစ်မျိုးကြီးပါဘဲဗျို ့။

  • inz@ghi

    March 3, 2012 at 6:40 pm

    ခွဲမြင်ပေးပါ ကိုတော်ကာ ရယ်….

    ဒေါင်းမှဒေါင်းပဲ ဆိုတဲ့ အနုပညာရှင်လား ..
    (ကိုကျော်သူ – ကိုဆောင်း အစချီ …)

    အရင်ကမပြောခဲ့ မရွေးခဲ့ပေမယ့် ..ရွေးလို့ ပြောလို့ရတဲ့ အချိန်မှာ ဒေါင်းလို့အော်လာတဲ့
    လူလား ….

    ဖွတ်မှ ဒေါင်း .. သာလို့ ကူးတဲ့ ..သာကူးလား ..(ခုတလော ဝိုင်းဆဲကြရဲ့…)

    ဆိုတော့ မြင်တာတော့ ခွဲမြင် … လုပ်တာတော့ ပေါင်းလုပ် ..ကြရမယ့်သဘောပါလို့ ပြောချင်ရဲ့…
    အရင်က ဖွတ်ခဲ့လည်း ခုချိန် ဒေါင်းခွင့်ရှိပါတယ်ဗျာ …. အမှန်တကယ် လုပ်မယ်ဆို ပြီးတာပါပဲ ….
    ကိုဇာဂနာ က ဖောရှော လာဒေါင်းတဲ့သူတွေကို သရော်လိုက်တာပါ….
    ဆယ်လစ်ဘရစ်တီရဲ့ အားကို ယူတာ တော့ အမှားမရှိပါဘူးဗျာ …
    ဒီလိုပဲ သွားရမယ် မဟုတ်လား …. (အမေဒစ်ကင်န် မှာတောင် …. ..ဟောလီးဝုဒ်အားကို
    အများကြီးလိုပါသည် ….စတီဗင်စတီးလ်ဘတ် ..အချိုးကျ ကူညီ …ဟီး … 🙂

    ဆိုတော့ ….

    တနေ့သေကြရမည် …
    မသေခင် လုပ်ချင်တာလုပ်ကြ …

    😀

Leave a Reply