ကျမနဲ့၈၈၊ ၉၆
ကျမ မန်းဂေဇတ်ကို နေ့တိုင်း ဝင်ဖက်ဖြစ်တာ တော်တော်ကြာပါပြီ။ ၂၀၁၀
ကတည်းကပါ။ ရွာသူားတွေ ကို လည်း ကျမဘက်က ရင်းနှီးနေပါပြီ။ post ရေးတင်ချင်ပေမယ် မြန်မာစာရိုက်တာ နှေးလို့မတင်ဖြစ်ပါဘူး။ အင်္ဂလိပ်လို မြန်လားဆိုတော့လည်း မမြန်ပါဘူး။ ကို ကြီးမိုက်ရဲ့ ၈၈အရေးအခင်း စတင်ဖြစ်ပေါ်လာ တဲ့ အကြောင်း link ပေးထားတဲ့ post ကိုဖတ်ပြီး အရမ်းရေးချင်လို ့ကြီုးစားပြီး ရေးလိုက်ပါတယ်။ ၈၈ အရေးအခင်းဖြစ်တော့ကျမက ၅တန်းကျောင်းသူဆိုတော့ တော်တော်တော့သိနေပါပြီ။ အဲဒီတုန်းက စစ်တွေမှာနေတာပါ။ ဆန္ဒပြတဲ့ လူအုပ်ကြီးလာရင် ကျမတို့ခလေးအုပ်စုတွေနဲ့ အမျိုးသမီးတွေက ထွက်ကြည့်ပြီး လက်ခုပ်တွေတီးကြ၊ ရေတွေ တိုက်ကြနဲ့ပေါ့။ လူကြီးတွေ ရေဒီယို နားထောင်ရင်လည်း စိတ်ဝင်တစား လိုက်နားထောင်ပေါ့။ လူကြီးတွေပြောတဲ့ တကယ်လား ကောလဟာလလား မသိတဲ့သတင်းမျိုးစုံကိုလည်း စိတ်ဝင်တစားနဲ့ပေါ့။ စစ်တွေ
ထောင်ဖောက်တဲ့အချိန်မှာ ထောင်က ကျမတို့အိမ် နောက်နားလေးတွင်ဆိုတော့ အဲဒီက ပစ်ကြခတ်ကြတဲ့ ကျည်ဆန်တွေက နောက်ဖေး ခြံစည်းရိုးထိ ရောက်တယ်။ ကျမတို့ အိမ်တန်းကလူတွေ အားလုံး မျက်နှာချင်းဆိုင် လမ်းခြားနေတဲ့ တိုက်ခံအိမ်တွေ၊ တိုက်အိမ်တွေမှာ သွားနေရတယ်။ ပြောရရင်တော့ ကျမအနေနဲ့ ၈၈ အရေးအခင်း ကို တော်တော်မှတ်မိနေပါတယ်။ အဲဒီအချိန်ထဲက ခုထိ ကျမ သိထားတာ ကိုဘုန်းမော် သေတာ အရပ်သားတွေ ရိုက်လို့ ဆိုပြီး တောက်လျှောက် မှတ်နေတာ အဲဒီ post ဖတ်ပြီးမှပဲ သေချာသိရတော့တယ်။ ကျမ ကိုယ်တိုင် ၉၆ ကျောင်းသား အရေးခင်း မဖြစ်ခင်က ပထမနှစ် ကျောင်းသူအဖြစ် လပိုင်းလောက် ခြေချခွင့်ရခဲ့တဲ့ ကျောင်းတော်ကြီး ဖြစ်လို့ post ကိုဖတ်ရင်း မျက်လုံးထဲ မြင်ယောင်လာပြီး တော်တော် စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးတဲ့ ရေပန်းအဝိုင်းကြီးက ကျောင်းသားတွေရဲ့သွေးတွေ စွန်းထင်းခဲ့ ဖူးတာပေါ့။ ကျမတို့ YIT ကျောင်းသားတွေရဲ့ တက်ကြွတဲ့ ၊စည်းလုံးတဲ့စိတ်ဓာတ် ကိုတော့ ၉၆ ကျောင်းသား အရေးခင်းမှာ မျက်မြင်ကြုံ ဖူးပါတယ်။ ကျောင်းဝင်းထဲမှာလှည့်ပြီး ဆန္ဒပြကြ၊ main building အဝင်ဝမှာ ဟောပြောပွဲ တွေလုပ်ကြ နဲ့ပေါ့။ ကျမတို့ကတော့ ကျောင်းတက်တာလည်း မကြာသေး ကြောက်လည်းကြောက်တတ်တော့ စာသင်ခန်းတွေ ထဲမှာပဲ ကုပ်နေကြတယ်။ အဲဒီတုန်းက နှ စ်လည်စာမေးပွဲဖြေခါနီး အချိန်ပါ။ စာမေးပွဲ တစ်ရက်ဖြေပြီးတော့ ကျောင်းတွေ ပိတ် သွားလိုက်တာ ၉၈ နှစ်လယ်လောက် ကျမှ စာမေးပွဲဖြေဖို့ ခဏပြန်ဖွင့်တယ်။ စာမေးပွဲတွေဖြေတော့ နောက်ဆုံးနှစ်က အရင် ဆုံး၊ ပြီးတော့ ၅တန်းနဲ့ ၄တန်း နောက်ဆုံးမှ ၃တန်းကနေ ပထမနှစ်ထိ ၃သုတ်ခွဲပြီးဖြေရတယ်။ မဖြေခင်မှာ စာပြန်နွှေးဖို့ အတွက် ကျောင်း၂ပတ်စီ အရင်ဖွင့်တယ်။ အတန်းကြီး နှစ်သုတ်တုန်းကတော့ စာမေးပွဲဖြေပြီးတဲ့ အထိ အေးအေးဆေးဆေးပြီးသွားပေမယ့် ကျမတို့အတန်းငယ်တွေ ကျောင်း၂ပတ်တက်တဲ့ အချိန် ၃ရက်မြောက်နေ့မှာ ဆန္ဒပြတာတွေပြန်ဖြစ်လို့ ကျောင်းပြန်ပိတ်ပြီး စာမေးပွဲရက်ကျမှ ပြန်လာဖြေရတယ်။ အဲဒီနေ့ ကတော့ မှတ်မှတ်ရရ ပါပဲ၊ ကျောင်းရှေ့က လမ်းမကြီးကို ပိတ်လိုက်ပြီး လိုင်းကားတွေ ပေးမသွားတော့ပါဘူး။ ကျောင်းဝင်းအပြင်မှာလည်း စစ်သားနဲ့ ရဲတွေ အများကြီးပါ။ ကျောင်းသားတွေကိုလည်း ပေးမထွက်ပါဘူး။ ကားပါလာတဲ့ ကျောင်းသားတွေကို တော့ မိန်းဂိတ်ပေါက် ကနေ သေချာစိစစ်ပြီးတော့ ထွက်ခွင့် ပြုပါတယ်။ ကျန်တဲ့ကျောင်းသား အများစု ကတော့ သူတို့စီစဉ်ပေးတဲ့ ဒိုင်နာတွေက ကျောင်းဝင်းထဲအထိ ဝင်လာပြီး လှိုင်ထဲက ကျောင်းဆောင်တွေ နဲ့ သတ်မှတ်ထားတဲ့ နေရာတွေထိ ပို့ပေးတယ်။ အဲဒီကားတွေက သတ်မှတ်ထားတဲ့ နေရာကလွဲပြီး လမ်းမှာမရပ်ရဘူး။ အဆောင်တွေထဲ သွား မယ့်ကားက လမ်းမှာ သမိုင်းလမ်းဆုံ တို့ ဘာတို့ ဆင်းချင်ရင် မရပ်ပေးဘူး။ ကားကလည်း နှစ်စီးလားပဲထင်တယ်၊ အဆောင်ထဲတလှည့် အပြင်ကို် တလှည့်ခေါ်တင် ပါတယ်။ တခေါက်တခေါက် ကို အကြာကြီးပဲ စောင့်ရတယ်။ ကျမလည်း အိမ်ကစိတ်ပူမှာစိုးလို့ ပြန်ချင် လှပြီဆိုတော့ ဝင်လာတဲ့ ကားတစီးပေါ် တက်လိုက်တယ်။ ဖြစ်ချင်တော့ အဲဒီကားက အဆောင်ထဲ သွားတဲ့ကား ဖြစ်နေတယ်။ ကျောင်းဝင်း အပြင်ရောက်မှ သိတော့ ရပ်ခိုင်းလို့ မရတော့ဘူး၊ အဆောင်ထဲ ထိ လိုက်သွားလိုက်ရတယ်။ ကျမလိုပဲ အဆောင်က မဟုတ်ပဲ ပါလာတဲ့ ကျောင်းသား ၁ဝယောက် ကျော်လောက် ရှိမယ်။ မိန်းကလေး က နှစ်ယောက်ပဲပါတယ်။ နောက်ထပ် ကားတစီး ဝင်လာတော့လည်း အိမ်ပြန်မယ့် ေ ကျာင်းသား ၁ဝယောက် လောက် မှားပြီးပါလာပြန်တယ် အားလုံးပေါင်း အယောက် ၂ဝ ကျော်လောက် အဆောင်တွေ ဘက်ကနေ အိမ်ပြန် ဖို့ ပြည်လမ်းဘက်ကို ထွက်လာကြတာပေါ့။ ပြည်လမ်း လည်းရောက်ရော အဝင်ဂိတ်တံခါးကြီး ကို ပိတ်ထားပြီး စစ်သားတွေ အပြည့် စောင့် နေတယ်။ ကျမတို့ ကျောင်းသားအုပ်ကို တွေ့တော့ သေနတ်တွေနဲ့ ချိန်ထားပြီး သုံးပွင့်နဲ့ တယောက်က ဘယ်သွားမလို့လဲလို့မေးတယ်။ ပြန်ချင်ဇောနဲ့ ဆိုတော့ ကျမကရှေ့ဆုံးကပဲ၊ ကျမတို့လည်း ကားမှားစီးလာတဲ့ အကြောင်း ပြောတော့ သူက ဝေါကီတော်ကီနဲ့ သတင်းပို့၊ အထက်က ခွင့်ပြုချက် ရမှ ကျမတို့ကို တယောက်ချင်း ထွက်ခွင့်ပေးတယ်။ အဲဒီတုန်းက စောင့် ခဲ့ ရတာ တကမ္ဘာလောက် ကြာသလိုပ၊ဲ တသက်နဲ့တကိုယ် သေနတ်နဲ့ အချိန် ခံရတာ ပထမဆုံးပဲ။ ကျမလည်း အပြင်ရောက်တာနဲ့ ပြည်လမ်းပေါ်က တက္ကစီငှားပြီး အိမ်ရောက်မှ ပိုက်ဆံ ပေးရတယ်။ အဲဒီနေ့က သူငယ်ချင်း တချို့ ကျောင်းဝင်းထဲမှာ ကားစောင့်တာ ညနက်မှ အိမ်ပြန်ရောက်တယ်တဲ့။ ကိုကြီးမိုက်ရဲ့ ပိုစ့် ကို ဖတ်ပြီး ကိုယ်တိုင် ကြုံ ခဲ့တာ လေးကို ပြန်လည်
ခံစားပြီး ရေးမိတာပါ။
18 comments
ကိုရင်မောင်
March 14, 2012 at 3:29 pm
ကိုယ်တိုင်တွေ့ကြုံတာလေးတွေရေးပြတာ
ကောင်းပါတယ်….
အမှတ်တမဲ့ကနေအမှတ်တရဖြစ်ရတာပေါ့
ဆက်ရေးပါအုံး အားပေးနေပါတယ်….
Thel Nu Aye
March 14, 2012 at 9:44 pm
အမက ၉၆ မှာတတိယနှစ်။ မိန်းထဲမှာပိတ်မိနေတာတပတ်။ ကျောင်းပတ်ပတ်လည်စစ်သားချည်း ပဲ။ သေနပ်တွေနဲ့ချိန်ထားတာအချိန်ပြည့်။ ထမင်း ၂ ရက်ငတ်ခဲ့တာမှတ်မှတ်ယယပါ။ ညဆိုဝင်းထဲမှာ ပိတ်မိနေတဲ့ကျောင်းသားတွေက စစ်သားတွေကိုခဲတွေနဲ့ထွက်ပေါက်။ သူတို့က ဝုန်းဝုန်းနဲ့ဝင်ဖမ်း။ တကယ့်ကိုအားကိုးရာမဲ့တဲ့အချိန်ပါ။ နောက်မှသူတို့ စစ်တပ်က ပြန်ချင်တဲ့ကျောင်းသားရှိရင်စာရင်းပေးဆိုလို့ စာရင်းပေးတော့မှ သူတို့ပြန်ပို့လို့အိမ်ပြန်ရောက်တာ။ ( သူတို့ကျေးဇူးရှိတယ်။ ဟီဟိ )
unclegyi1974
March 14, 2012 at 10:43 pm
ကို်ယ်တွေတွေဆိုတော့သမိုင်းမှတ်တမ်းအမှန်တွေပေါ့
နောင်များရုပ်ရှင်ရိုက်ဖို့ရှိရင်ထည့်သုံးမယ်ဆိုအဆင်သင့်ဖြစ်တာပ
ခပ် KING ကင်း
March 14, 2012 at 10:52 pm
တားတို့က
အဲဒါတွေ
ကြားဖူးနားဝပဲရှိတယ်ဗျ
အခုတော့
ဖတ်ဖူးလာပြီ
နောက်တော့
သမိုင်းကြောင်း ဇာတ်ကားများ ကြည့်ချင်မိပါ၏
padonmar
March 15, 2012 at 12:58 am
ကိုယိတွေ့လေးတွေ ရေးပေးကြတာ နောင်တစ်ချိန် သမိုင်းမှတ်တမ်းတွေအတွက် အထောက်အကူဖြစ်ပါမယ်။
Khin Latt
March 15, 2012 at 5:48 am
အင်ဒုံနီယာ လေး နောက်တစ်ယောက်။
ဟုတ်တယ်ဟုတ်။ 🙂
၁၉၉၆ အရေးအခင်းမှာတော့ မပါနိုင်တော့ဘူး။ 😥
ကိုယ်မသိတဲ့ အဖြစ်အပျက် လေးမို့ သိရတာ ကျေးဇူးပါ သမီးရေ။
ဆက်ရေးပါဦး။
သဲနု – အဲဒီ ထမင်းငတ်တာလေး တင်ပါဦး။
သိချင်လို့။
Thel Nu Aye
March 15, 2012 at 1:24 pm
မေဂျာကနေစုပြီးပုဂံ သွားတာ။ ပြန်ရောက်ပြီးနောက်နေ့ကျောင်းသွားတော့အဲဒီနေ့ပဲစဖြစ်တာ။ ပိုက်ပိုက်ကလဲခရီးသွားလိုက်တော့အားလုံးကုန်။ အိမ်ကလဲမပို့သေးနဲ့ ဟီဟိအဲဒီမှာငတ်တာပဲ။ ဝင်းအပြင်ကလဲမထွက်ရဲပေါ့။ နောက်၂ ရက်လောက်နေမှအသက်စွန့်ပြီးလှည်းတန်းဈေးပြေးရ တာ။ နောက်မှပိုစ့်တခုအနေနဲ့တင်ပါ့မယ်။ ကိုယ်တွေ့လေးတွေပေါ့။
mm co
March 15, 2012 at 8:54 am
ကျမရဲ့ ပထမဆုံး post မှာ ကွန်မန့်လေးများချီးမြှင့်ပေးလို့ကျေးဇူးပါ။ ဆက်လက်ပြီး ကြိုးစားရေးပါအုံးမယ်။
weiwei
March 15, 2012 at 9:43 am
အဲဒီအချိန်တုန်းက ဂျီဟောမှာရှိနေတယ် …
စာကိုအသဲအသန်ကြိုးစားနေချိန်မို့ ဘာဖြစ်လို့ ဖြစ်မှန်းတောင် မသိခဲ့လိုက်ဘူး … ကျောင်းခဏပိတ်မယ်ဆိုလို့ ပစ္စည်းနဲနဲပါးပါးယူပြီး အိမ်ပြန်သွားခဲ့ရတယ် … အဆောင်အခန်းကို ဒီအတိုင်းပဲ သော့ခတ်ပြီးထားခဲ့ရတယ် … ကျောင်းပြန်ဖွင့်နိုး ဖွင့်နိုးနဲ့ စောင့်လိုက်တာ တစ်နှစ်ခွဲတောင်မှ ကြာသွားခဲ့ပါတယ် …
mm co
March 15, 2012 at 11:13 am
မဝေက အဲတုန်းကဘယ် နှစ်ရောက်ပြီလဲ။ ဂျီဟောမှာဆိုတော့ အတန်းကြီးပြီပေါ့။ညီမတို့ သူငယ်ချင်းတွေ၊
ပထမနှစ်၊ ဒုတိယနှစ်တွေက သဇင် ဆောင်၊ ညီမကတော့ အိမ်ကတက်တာပါ။
weiwei
March 15, 2012 at 11:27 am
နောက်ဆုံးနှစ် …
ကြောင်ကြီး
March 15, 2012 at 11:23 am
ကြောင်ကြီးလည်း အဲဒီတုန်းက အင်ယာကျောင်းသားပါ… ယာထဲနွားကျောင်း နေခဲ့ပါဒယ်…
kyeemite
March 15, 2012 at 2:31 pm
ကြိုဆိုပါတယ် mm co ရေ..(အင်းကလောင်နာမယ်ခေါ်ရခက်တယ်ဗျာ)
ကျွန်တော်တင်တဲ့ပို့စ်လေးကိုဖတ်ပြီး ရွာမှာစာရေးသူတစ်ဦးတိုးလာလို့
ဝမ်းသာပါတယ်ဗျာ..စါရေးပုံလေးလည်းဖတ်ကောင်းပါတယ်..
နောင်လည်းကိုယ်တွေ့ ဆောင်းပါးလေးတွေကြိုးစားရေးပါအုံးလို့
တိုက်တွန်းပါတယ်…
ခင်တဲ့..
kai
March 15, 2012 at 2:51 pm
၈၈ အရေးတော်ပုံကို အာရုံလွှဲတာမှာ.. ကျောင်းသားနဲ့အရပ်သားရိုက်တာကစသယောင်ဖြစ်အောင်.. မဆလအစိုးရက.. စံနစ်တကျလုပ်ခဲ့တယ်လို့ ပိုသေချာမိတယ်..။ ကျောင်းသူားထဲတောင် အပေါ်ကအတွေးမျိုး အသိမျိုးဖြစ်ကုန်ကြတာကိုး…..
အရပ်သားနဲ့ကျောင်းသား ရန်တိုက်ပေးလိုက်တဲ့သဘောမို့… အရပ်သားဆိုတဲ့..မိဘပြည်သူတွေအနေနဲ့.. အရေးတော်ပုံထဲပါဝင်ရခက်လေမလားရယ်နဲ့.. ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ..။
စစ်တပ်ဟာ.. ပြည်သူ့ဆက်ဆံရေးနဲ့.. စိတ်ဓါတ်စစ်ဆင်ရေးမှာ ကျွမ်းကျင်ပြီးဖြစ်တာမို့.. သူ့စွမ်းရည်တွေ.. အာဏာရှင်တွေကာကွယ်ဖို့.. စံနစ်တကျထုတ်သုံးခဲ့တာပါ..။
အဲဒီထဲ.. ၈၈ စက်တင်ဘာအာဏာသိမ်းပြီး.. ကျောင်းသားတွေတော်တော်များများ တောခိုကုန်အောင်.. ထွက်ပေါက်”ဟ”ပေးထားပြီး..မြန်မာပြည်ကနေ တွန်းထုတ်လိုက်တာကလည်း စစ်တပ်ရဲ့ ဗျူဟာတခုပဲ..။
၈၈ အရေးတော်ပုံအကြောင်း.. ရုပ်ရှင်ရိုက်ဖြစ်ရင်.. ဒါတွေကို အဲဒီတုံးက အဓိကကြိုးကိုင်သူတွေဖြစ်တဲ့.. မဆလအစိုးရဝန်ထမ်းတချို့ကို.. အင်တာဗျုးနဲ့မေးသင့်တယ်..။
တကယ်တော့.. ၈ရ စက်တင်ဘာ ငွေစက္ကူသိမ်းတာကနေ ..ကျောင်းတွေပိတ်လိုက်.. ဖွင့်လိုက်လုပ်ပြီး လူစုခွဲထုတ်ပေမဲ့..အာအိုင်တီနဲ့.. မိန်း(ရန်ကုန်တက္ကသိုလ်ပင်မ)က ကျောင်းသားတွေ စုမိ ညှိမိသွားခဲ့ပါတယ်..။
.. တောက်လျှောက်ကို.. အလုပ်လုပ်သွားခဲ့တယ်လို့.. သိထားပါကြောင်း…။
==
စကားကြုံတုံးပြောရရင်.. ကြို့ကုန်းကရပ်ကွက်တချို့နဲ့.. အာအို်င်တီကျောင်းသားတွေက.. မတည့်အတူနေတွေပေါ့..
အဲဒီရပ်ကွက်တွေထဲ.. အပြင်ဖြေဖြစ်ကုန်တဲ့ကကျောင်းသားတချို ့အခန်းငှားနေကြသလို… အာအိုင်တီ အဆောင်တွေထဲ.. ခိုးတာဝှက်တာဖြစ်ရင်..လူမိရင်.. သူခိုးကို.. ဝိုင်းရိုက်နေကျ.. ပြသနာ ဖြစ်နေကျဖြစ်တယ်လို့.. မြင်ဖူးကြားဖူးကြောင်း….
ရွာစားကျော်
March 15, 2012 at 3:14 pm
မှတ်တမ်းတွေမှာ မပါတဲ့ ဖြစ်ရပ်ကလေးတွေပါ..
ပြန်ပြောပြပေးတဲ့အတွက် ကျေးဇူးပါဗျာ..
ကျန်တဲ့ ရွာသူားများလည်း ကိုယ်တွေ့ကြုံခဲ့တာတွေရှိမှာပါ..
ဒီလိုပြောပြကြမှ အသိမှား အမှတ်မှားနေတာတွေ ပျောက်သွားမှာပါ..
MaMa
March 15, 2012 at 5:21 pm
မောင်မောင်ကို လား မမကို လား ရဲ့ ကိုယ်တွေ့လေးတွေ ဖတ်ရတော့ မျက်မမြင် ဆင်စမ်းပြီး သိရတဲ့ ရှု့ထောင့်တခု ပိုလာတာပေ့ါ။
ရှု့ထောင့်တွေ ပေါင်းကြည့်လိုက်ရင် မြင်ကွင်းကျယ်ကြီး မြင်ရမယ်လေ။ 🙂
mm co
March 16, 2012 at 10:27 am
သဂျီးရေ
ကျမညံ့လို့၊အမှုမဲ့အမှတ်မဲ့နေလို့ကျောင်းသားအများစု သိတဲ့ အမှန်တရားကိုမသိခဲ့တာပါ။
ကျမခင်ပွန်း တောင် သိနေတာကို တခါမှစကားမစပ်မိဘူး။ သူက ကျမထက် ၃တန်းကြီးတဲ့ဒူးယား
အဆောင်သားဟောင်းပါ။
kai
March 16, 2012 at 1:26 pm
ကျုပ်ရေးတာ.. ပါစင်နယ်ဆန်သလိုဖြစ်သွားတာမို့. .ခွင့်လွတ်ပါနော့..။
ပထမ..ကိုရင်ကြီးမိုက်..ပို့စ်ကတည်က.. ညွှန်းပြရေးချင်တာမှာ..အခု”ကြွက်ရှေ့ဟတ်ထိုးလဲမိတယ်”ပဲ.. ယူဆလိုက်ပါ..။
အသိမှားတာက.. အသိမှားအောင်လုပ်ထားလို့ပဲလို့.. ဆိုလိုရင်းဖြစ်ပါကြောင်း…