ဣတ္ထိယနွယ်ဝင်(သိကောင်းစရာများ)
အပျိုကြီး
အပျိုဖြန်း အပျိုစင်တို့၏ အကြောင်းကိုသိခဲ့ရပြီး အပျိုကြီးအကြောင်းကို ဆက်ရသော် အသက် ၂၃-နှစ် ကကျော်လျှင် အကောင်းနှင့်အဆိုးကို ခွဲခြား၍ သိသင့်သမျှ သိခဲ့ရသည်တကြောင်း၊ အပျိုရည် အပျို သွေး တိုးသော ဓာတ်အား ခပ်တန့်တန့် ခပ်ဆိုင်းဆိုင်း (ဝါ) ခပ်နှေးနှေး ဖြစ်၍လာခြင်းကြောင့် တ ကြောင်း၊ အပြောအဆို အနေအထိုင်မှစ၍ ဣန္ဒြေရရ သိက္ခာရှိရှိဖြစ်ပြီးလျှင် အပျိုစင်ဘဝကလောက် ကြောင့်ကြဖွယ် မဟုတ်ချေ။
အသက် ၂၃-နှစ်ကကျော်၍ ၄၀-တွင်း ခေါ်ရသော အချိန်အရွယ် စိတ်နု စိတ်ရင့်ကို၎င်း၊ ကျန်းမမှုကို မှီ၍၎င်း၊ အပျိုစင်ဘဝက ကိုယ်လုံးကိုယ်ထည် ကြီးထွားပြည့်တင်းခဲ့သော ကိုယ်ကာယသည် မူလက အတိုင်း မနေတော့ဘဲ သဘာဝအလျောက် တဖြည်းဖြည်း ကိုယ်ရည်စစ်ပြီး ခပ်ကျစ်ကျစ်ဖြစ်၍ လာ သူကများလေ၏၊ ယခုခေတ်သုံးအရ အပျိုကြီးလုံးလုံး ခေါ်ရသော အရွယ်မှာ အသက် ၂၆-နှစ်ခန့်က အစပင် ဖြစ်ပေသည်။
လောကဓမ္မတာ တဦးနှင့်တဦး တွေ့ဆုံရာတွင် စပ်မိစပ်ရာ ပြောဆိုရာကစပြီး အပျိုးကြီး-ဟူသောစကား ပါ၍များသွားလျှင် အချို့တို့၏စိတ်တွင် ခပ်ချဉ်ချဉ်ဖြစ်တတ်သည်မှာ အကဲဆတ်လွန်းသည်ဟု ဆိုရပေ မည်။
အဘယ့်ကြောင့်ဆိုသော် ဂေါရီ, ကညာ, ကုမာရီ စသည့် အသက်နုနယ် အပျိုအရွယ်တွေထက် အသက် အားဖြင့်၎င်း၊ ဝါအားဖြင့်၎င်း၊ ကြီးခြင်းကြောင့် (ဝါ) အပျိုဖြန်း၊ အပျိုစင်တို့ထက် အရွယ်ကြီး ခြင်း ကြောင့် အပျိုဘဝကို ပိုင်းခြားပြီး အပျိုကြီး-ဟု ခေါ်သည့်အတွက် စိတ်မပျက်သင့်ကြပေ။
အပျိုကြီးဘဝသို့ ရောက်ရသည်မှာလည်း သာမညစိတ်နှင့် ရောက်နိုင်-ရနိုင်သည် မဟုတ်ချေ၊ အပျိုဖြန်းဘဝ၌ တွေ့ခဲ့ရသော ရန်သူ၊ အပျိုစင်ဘဝ၌ ကြုံခဲ့ရသော ဘေးတို့ကို အမျိုးမျိုး ခုခံတိုက်ဖျက် ၍ အမိုကဘက်သို့ မပါ, အရာရာစဉ်းစား နှိုင်းချိန်၍ ဣန္ဒြေရရ နေထိုင်ခဲ့ကြောင်း ထင်ရှား လှသဖြင့် ၎င်းတို့ကို ဂုဏ်ကြီးရှင် အမျိုးသမီးတဦး-ဟု အထူးမှတ်ယူအပ်လေသည်။
အပျိုကြီးဘဝသို့ ရောက်သောအခါ အပျိုပေါက်၊ အပျိုဖြန်း၊ အပျိုစင် ဘဝများက မိမိကိုယ်တိုင် ရရှိခဲ့ သော တွေ့ဖူး ကြုံဖူး ကြားဖူးနားဝ ဗဟုသုတနှင့် ပြည့်စုံ၍လာရကား တော်တော့ယောက်ျားကို ယောက်ျား-ဟု မထင်၊ တော်တော့စကားကို နားမဝင်သည့်အတွက် အပျိုဖြန်း အပျိုစင် တို့လောက် ဖောက်ဖောက်ပြန်ပြန် ဖြစ်လိမ့်မည်ဟူ၍လည်း ကြောက်စရာမလိုချေ။
အပျိုကြီးနယ်တွင်းသို့ သက်ဆင်းခဲ့ရသော အမျိုးသမီးတို့သည် ဖီးလိမ်းဝတ်ဆင်မှု၌၎င်း၊ အလှပြင်ဆင် မှု၌၎င်း၊ ပွဲလမ်းသဘင် ပျော်ရွှင်မှု၌၎င်း၊ အပျိုစင်တို့လောက် ကိုယ့်ကိုယ်ကို ယုယ၍ အလှမမွေးတော့ ချေ၊ အလှနှင့်ပျော်ရွှင်မှုကို အပျိုစင်တို့လောက် အလေးဂရုမပြုသောအခါ ထွေရာလေးပါးဘက်က အာရုံပါးပြီး ရောင်းဝယ်ဖောက်ကားမှု၌သော်၎င်း၊ အိမ်တွင်မှု၌သော်၎င်း၊ စီးပွားရေး ကြီးပွားရေး၌ သော် ၎င်း၊ တဘက်တလမ်းက စိတ်ကူးထည့်ပြီး မိဘတို့၏လုပ်ငန်းကိုဖြစ်စေ၊ ကိုယ့်ဒူးကိုယ်ချွန် စခန်း သို့ ဖြစ်စေ၊ စတင် ဝင်ရောက်လုပ်ကိုင်တတ်သော အမျိုးသမီးများလည်း ရှိ၏။
နုနုနယ်နယ် ပျိုရွယ်သူအပေါင်းတို့ သွေးတောင်းသော ဓမ္မတာ အပျိုစိတ်ကို မျိုသိပ်ဖိနှိပ်ကာ ဣန္ဒြေရရ နေထိုင်နိုင်သောအကျင့် ရခဲ့ပြီးနောက် အပျိုကြီးဘဝသို့ ရောက်သောအခါ သက်တူရွယ်တူ သူ့ဂိုက်နှင့် သူ့ဆိုက် အလိုက်သင့်သူ လူပျိုကြီးဖားဖား ရှားခြင်းကြောင့်တကြောင်း၊ အသိဉာဏ်တိုးပွား စဉ်းစဉ်းစား စား ပြုလုပ်တတ်သော အရွယ်မျိုးဖြစ်ခြင်းကြောင့်တကြောင်း၊ အိမ်ထောင်မှုတာဝန်ကို ခပ်ရွံ့ရွံ့ဖြစ်ပြီး ယောဂီဘက်သို့ စိတ်ပါလျက် ဥပုသ်သီတင်း ဆောက်တည်ချင်သောစိတ်၊ ဆွမ်းတော် ပန်းတော် တင် ချင်သော ဆန္ဒ၊ ကျောင်းကန်ဘုရား သွားချင်သောဘက်သို့ ယိမ်းကာယိုင်ကာ စိတ်ညွတ်၍ လာတတ် သူများလည်း အထင်အရှားပင်။
အပျိုရည် အပျိုသွေး ကျန်သေးသဖြင့် အပျိုစိတ်ကလေး မကုန်လျှင် အပျိုနှင့်ပတ်သက်သည့် အိပ်မက် နှင့် အာရုံဆိုးများ တခါတခါ ဝင်စားရမည်မှာ ဓမ္မတာပင်၊ သို့ဖြစ်လျှင် အပျိုကြီးတို့သဘာဝ ပြုလုပ်တတ် သည့်ကိစ္စမှာ ယောက်ျားပျိုကလေးများနှင့် တွေ့ဆုံလျှင် ခပ်ရွှင်ရွှင်လျှာစနှင့် မျက်စကလေး ချီကာ၊ မျက်မှောင်ကလေး ကြုတ်ကာ အလှမပျက်ရုံမဲ့ပြီး တည့်တည့်တမျိုး စောင်းလို့တဖုံ အဓိပ္ပါယ်မစုံသော စကားမျိုးနှင့် မထိတထိ ပြောတတ်ခြင်း၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပွဲ၊ ဘုရားပွဲတော်များအကြောင်း အာဝဇ္ဇန်း ကောင်း ကောင်းနှင့် လေရှည်ဆွဲပြီး စွဲလောက်အောင်ပြောတတ်သူ အပျိုကြီးများကိုလည်း မြင်ဖူး ကြား ဖူးကြပေလိမ့်မည်။
ကိုယ့်ထက်ငယ်သော လူပျို လူရွယ်များကို ဆုံးမသံပါပါနှင့် ရောဝင်ပွန်းတီးအောင် လုပ်ချင်၊ ကျွေးချင်၊ ပေးချင်သောစိတ် အားကြီးခြင်း၊ အပျိုစင်တို့ထက် မျက်နှာနေ မျက်နှာထား၊ အမူအရာများခြင်း၊ အသက်ကို မေးလျှင် ၂-နှစ်စ ၃-နှစ်စ လျှော့၍ ပြောတတ်ခြင်း၊ ဟိုလူ၏အကြောင်း၊ သည်လူ၏သတင်းကို အတင်းလုပ်၍ ပြောတတ်ခြင်း၊ အိမ်ထောင်ရေး စီးပွားရေးနှင့် မျှော်လင့်စရာရှိ သည့် ဘက်က ဧည့်သည်လာလျှင် ဧည့်ဝတ်ကျေစွာ ပြုစုတတ်ခြင်း စသည်တို့သည် အပျိုကြီးတို့၏ စရိုက်ဝါသနာတမျိုးပင် ဖြစ်ပါသည်။
မရည်ရွယ်မမှန်းထားသော ယောက်ျားများက ရိတိတိ ပြီတီတီ လေသံမျိုးနှင့် ဟလိုက်လိမ့် စလိုက်လိမ့် ထင်လျှင် အကိုအရွယ်ကို ဦးလေးခေါ်၊ ဦးကြီးအရွယ်ကိုလည်း ဘကြီးတပ်ပြီး ခပ်ဖြီးဖြီး လုပ်တတ်ခြင်း၊ လူပျိုရွယ်မကျတကျ လူပျိုပါး မဝတဝ သူငယ်များကို ပွတ်သီးပွတ်သပ်လုပ်ကာ သွားလေရာမှာအဖော် လုပ်၍ ခေါ်တတ်ခြင်းနှင့် ချာတိတ်အရွယ်ကလေးများကို အနှိပ်အနင်းခိုင်းတတ်ခြင်း စသော ဝသီဆိုးရှိ သူ အပျိုကြီးမျိုးတွေလည်း အများပင်။
အပျိုကြီးများ ခပ်အားအားရှိလျှင် တောင်တွေး၊ မြောက်တွေးနှင့် ဗေဒင်ကလေးများလည်း မေးတတ် သေး ၏၊ ဗေဒင်ဆရာက စုတ်အကြောင်း စကားစလျှင် ကပျာကယာ လက်ပြပြီး- ဒါမျိုးတွေ မလိုလား ပါ ဆရာ၊ လာဘ်သပ်ပကာနှင့် ကျန်းမာမှုသာ ဟောပါဟု ပြောဆိုတတ်၏၊ အတန်ကြာသော် စုတ်ဆို တာ တကယ်ပဲ မြင်တာလား၊ ဝင်ရင်ကော ကောင်းပါ့မလား၊ ခိုင်မြဲပါမည်လား-မေးပြီး တဖန် စီးပွားရေး ကြီးပွားရေးဘက်က ကြားဖောက် ဖြတ်ထိုး မသိမသာလေမျိုးဆက်၍ ရှက်သလိုနှင့် ဆေးလိပ် မီးညှိ တော့မလို ကွမ်းစားတော့မလို လုပ်ကာ စုတ်တရားဆုံးအောင် ခပ်ပြုံးပြုံး နာတတ်ကုန်၏။
လူပျိုဘဝနှင့် လူပျိုဝါ ရလှသောကြောင့် အပျိုကြီးဘဝ ဘယ်အခြေကစရမည် ဘယ်တီးလုံး တီးလိုက် လျှင် ဘယ်သီချင်းကို ဆိုလိမ့်မည်ဟု အတပ်သိသော လူပျိုကြီးမျိုးလည်း မရှားချေ၊ ထိုသူတို့မှာ ဂိုက် ကောင်းကောင်း စတိုင်ကျကျနှင့် မျက်နှာကို မှုန်ချ၊ အဝတ်က ထည်လဲ၊ ဘိုကေကို လှလှခွဲပြီး မြို့ထဲကို လျှောက်၊ အပျိုကြီးအိမ်ပေါက်သို့ လမ်းကြုံ၍ ရောက်သလို၊ တုတ်ထောက်ကာ နှုတ်ဆက်တတ်သော လူပျိုမောင် အကြီးစားကို အပျိုကြီးများမြင်လျှင် နှုတ်လျှာစ ရွှင်ရွှင်နှင့် ဝင်ပါဦး၊ ထိုင်ပါဦး၊ ဘယ်တုန်းက ဘယ်ဟာ၊ မလာတာ ဘာပြုလို့၊ ဟို့နှယ်သည့်နှယ် မသိကျိုးကျင် မသိချင်ဟန်ယောင်နှင့် ပြုံးကာ မဲ့ ကာ-သောက်ပါဦး လက်ဖက်ရည်၊ စားပါဦး သရေစာ – လောကွတ်ပျူငှါနှင့် ရှိစုမဲ့စုကလေးတည်ကျွေး ပြီးလေအေးအေးနှင့် ရည်သွမ်းသွေးကာ ဧည့်ခံတတ်သော အပျိုကြီးများလည်း မရှားပေ။
အပျိုစင်
ကျွန်ုပ်တို့သည် အပျိုဖြန်းကလေးများ၏ သဘေသဘာဝကို သိသင့်သမျှ သိခဲ့ကြရပြီးနောက် တိုးတက် နားလည်ရန် အချက်သည်ကား ( အပျိုစင် )များ၏ အကြေင်းပင် ဖြစ်လေသည်။ ၎င်းအပျိုစင်ခေါ်ရ သော အရွယ်တို့မှာ ငယ်သွေးငယ်မူမှ ကြီးမူကြီးရာသို့ တဖြည်းဖြည်း ကူးမြောက်၍ အပျိုစင်ဘဝသို့ ရောက်လေသည်၊ ထိုအချိန်မှာ ၁၅-နှစ် ၁၆-နှစ် အရွယ်များက အစပင် ဖြစ်လေသည်။
အပျိုစင်ဘဝသို့ လုံးလုံးရောက်သော အရွယ်တို့မှာ အပျိုဖြန်း၊ အပျိုပေါက်တို့လောက် စိတ်မကစားဘဲ အရှက်အကြောက်နှင့် ကာယိန္ဒြေတို့သည် တိုးမှန်းမသိ တိုး၍ နေရာတကာမျိုးမှာ သိပ်သိပ်သည်း သည်းကလေး ဖြစ်၍လာ၏၊ အပျိုဖြန်း အပျိုပေါက်တို့လောက် ပလီစိ ပလီစာမများဘဲ အပြောအဆို ဆင်ခြင်၏၊ အနေအထိုင် ပြင်ဆင်၏၊ ပြင်ပတပါးသို့ အသွားအလာနည်း၏၊ ဤကဲ့သို့ ပြောင်းလဲမှန်း မသိ ပြောင်းလဲ၍လာသည်မှာ ဓမ္မတာသဘော၏ ပြုပြင်မှုပင်တည်း။
အသက် ၁၆-နှစ်ကစ၍ ၂၃-နှစ် ၂၄-နှစ် အရွယ်များတွင် အရိုးအရေ အသားအသွေးတို့သည် ထွား ကျိုးပြည့်ဝပြီးလျှင် အစွမ်းကုန်လှသော အချိန်အရွယ်မျိုး ဖြစ်လေ၏၊ ကိုယ်ကာယဖွံ့ဖြိုး၍ အလှကျက် သရေ တိုးသည်နှင့်အတူ စိတ်နေစိတ်ထားမှာလည်း တမျိုးပင် ပြောင်းလဲ၍ လာလေသည်။
အသက် ၁၄-နှစ် ၁၅-နှစ် အရွယ်မျိုးမှာ ပူရပင်ရမှန်းမသိ မသိတတ်သေးချေ၊ သက်တူရွယ်တူ အပျိုဖြူ ချင်း တွေ့ဆုံကြလျှင် ပြုံးပြုံးရွှင်ရွှင်နှင့် ရယ်သွမ်းသွေးကာ နေတတ်ကြ၏၊ ပူစရာ ရှိပြန်ကလည်း ကောက်ရိုး မီးကဲ့သို့ တဟုန်ထိုး တခဏမျှသာ ပူတတ်၏၊ အပျော်အပါးနှင့် အလှပြုပြင်မှုကိုသာ အမြဲစိတ်ကူး၍ အလှရူးရူးသော အရွယ်မျိုး ဖြစ်လေသည်။
အလှဘက်ကို အာရုံထားပြီး သူများထက်သာအောင် နိုင်ငံခြားဖြစ်အလှဆီ၊ အရောင်တင်ပေါင်ဒါ၊ ရေမွှေး နှုတ်ခမ်းဆိုး ပါးအို့နီဆေး မျက်ခုံးမွေးမင် စသည့် အလှပြုပြင်စရာ ဝတ္ထုများကို တွေ့တိုင်းဝယ်၊ ပေါ်တိုင်းသုံး၍ ငွေဖြုန်းဘက်က အားသန်သော အရွယ်မျိုး ဖြစ်လေသည်။
အကျႌတထည် ချုပ်မည်ကြံလျှင် လက်ကျဉ်းမှ၊ လက်ပွမှ၊ လက်ဖျားကျယ်မှ၊ လက်တိုမှ၊ အနားပတ် သေးမှ၊ လက်ချုပ်မှ၊ စက်တွန့်မှ၊ လည်ဟိုက်မှ၊ ကိုယ်ထည်ဝိုင်းမှ၊ နောက်တက်မှ၊ ရှေ့စိုက်မှ၊ ဇာတပ်မှ၊ ထိုးပန်းပါမှ စသည်ဖြင့် အကျႌတထည်ဖြစ်ဖို့ရန် အမျိုးမျိုး စီမံခြယ်လှယ်ကြကုန်၏။
အကျႌသာလျှင်မဟုတ်သေး လုံချည်ဘက်ကလည်း ဇီဇာကျယ် စိန်ရွှေနှင့်ပတ်သက်သည့် လက်ဝတ် လက်စားဘက်ကလည်း လတိုင်းလိုလို အဆန်းထွင်၍ အဟောင်းကို ပြင်ရသည့်ကိစ္စ၊ ကုန်ကျသည့် လက်ခကို သဘောမထားဘဲ အဆန်းအပြားကိုသာ အာရုံထားတတ်ကြ၏။
ဤကဲ့သို့ တယောက်ထက် တယောက်သာရန် အတုခိုး၍ တယောက်တမျိုး ဆန်းရာကစပြီးလျှင် လူအမျိုးမျိုးတို့၏ အသုံးအနှုန်း အပြင်အဆင်ကို လှလိမ့်နိုးထင်လျက် လက်ဆွဲအိတ် ဆောင်ချင် သောစိတ်၊ လေဒီရှူး စီးချင်သောစိတ်၊ လည်ပတ်ကော်လာ ဆင်ချင်သောစိတ်၊ ဖဲကြိုးစည်းချင် သောစိတ်၊ ကျစ်ဆံမြီး ထိုးချင်သောစိတ်၊ ဆံထုံးကြီးကြီး ထုံးချင်သောစိတ်၊ အကျႌပါးပါး ဝတ်ချင် သောစိတ်တို့သည် အလှပြုပြင်မှုကို အမှီပြု၍ ဖြစ်ပေါ်လာရကုန်၏။
မိန်းမဘာဝ၊ တုပလူတွင်၊ ဝတ်ဆင်တန်းဆာ၊ လျှပ်ပေါ်စွာကာ၊ ရာတန်ထောင်တန်၊ သိန်းတန်မက၊ ရွှေငွေစသား၊ မြမြစိန်စိန်၊ ထိန်ထိန်လက်လက်၊ နှစ်သက်လိုလား၊ ဝတ်စားကိစ္စ၊ အားမရဘူး။
( မဃဒေဝ )
မိန်းမ ယောက်ျား၊ မြင်ဖန်များ ၊ သနား ချစ်ကျွမ်းဝင်။
ကျွန်ပင်ဖြစ်ငြား၊ မရှောင်ရှား၊ မေ့မှားတတ်ကြအင်။
အပျိုဖြန်း
မြန်မာပြည်တွင် အမျိုးသမီးကလေးများကို အရွယ်အားဖြင့် ခေတ်သုံးစကားနှင့် ဖော်ပြရလျှင်
အသက်တဆယ့်နှစ်နှစ်က ကျော်၍ တဆယ့်သုံးနှစ်အတွင်း စာရင်းဝင်သော ဆံရစ်သိမ်းစ ဆံ ထောက်ချချိန် ဆံကျစ်နှင့်နေတုန်း အရွယ်များကို ( အပျိုဖြန်း ) ဝါ-အပျိုပေါက်-ဟူ၍ ခေါ်ဆို ရလေသည်။
အပျိုဖြန်ကလေး-ဟူ၍၎င်း၊ အပျိုပေါက်ကလေး-ဟူ၍၎င်း ခေါ်ဆိုရသော ဤအရွယ်မျိုးသည်ကား ကလေးစိတ်ကလည်း မကုန့်တကုန်၊ အပျိုစိတ်သို့လည်း မရောက်တရောက်၊ အသား အသွေး အရေ တို့မှာ ဒီရေတိုးသကဲ့သို့ တနေ့တခြား တောင့်တင်းပြည့်ဖြိုးစပြုကာ အရွယ်မှာ-ကြီးသည်လည်း မမည်၊ ငယ်သည်လည်း မဆိုရ၊ နဂိုရင်းအသံမှစ၍ အစစအရာရာ ထူးခြားစွာပြောင်းလဲချိန် ဖြစ်သဖြင့် ကိုယ် ရောစိတ်ပါ ဂနာမငြိမ်သော အရွယ်မျိုး ဖြစ်လေသည်။
အာရုံထွေပြား စိတ်ကစားသော အရွယ်မျိုးဖြစ်သည့်အတိုင်း ဆိုင်းသံကြားလျှင် သွားချင်၏၊ ပွဲသံကြားလျှင် ကြည့်ချင်၏၊ တီးသံ မှုတ်သံကြားလျှင် စည်းဝါးလိုက်ချင်၏၊ လက်ဝတ်လက်စားနှင့် အထည်ဆန်းများကို ကန်ထရိုက်ခံကာ ဝတ်လိုက်ချင်၏၊ သနပ်ခါး အရောင်တင် ရေမွှေး ပေါင်ဒါ နံ့သာများကို ပိုမိုနှစ်သက်၏၊ လူကြီးများစကားပြောရာ၌ နားထောင်ချင်၏၊ စာတွေ့လျှင် ကောက်၍ ဆွဲ၍ ဖတ်ချင်၏၊ အရုပ်ကားကိုမြင်လျှင် နမူးရှူးထိုး ကြည့်ချင်၏၊ ပုတီးကလေး အရုပ်ကလေးများကို မြင်လျှင် လိုချင်၏၊ ပန်းကလေး မှန်ကလေးများကို ရလျှင် ပျော်ရွှင်၏၊ ဘီးကလေး နားတောင်း ကလေးများကို ပြလျှင် အားရတတ်ကုန်၏။
အပျိုဖြန်းတို့၏ သွေးတိုးမြန်သော ဓမ္မတာအလျောက် ဟိုသင်းက ကောင်းနိုးနိုး၊ သည်ဟာက ကောင်း နိုးနိုးနှင့် အမျိုးမျိုးအဖုံဖုံ အာရုံမြူး၍ စိတ်ရူးပေါက်ချိန်ဖြစ်ခြင်းကြောင့် မကြာမကြာ စိတ်ကောက်တတ် ၏၊ နေရာတကာ၌ သိချင် မြင်ချင် ကြားချင် လိုချင်စိတ်များ၏၊ လည်ချင် ပတ်ချင်စိတ်ရှိ၏၊ လူကြီးများ သွားလျှင် လိုက်ချင်၏၊ တဦးတယောက်မြှောက်လျှင် မြောက်၏၊ ခြောက်လျှင် ကြောက်၏၊ ချော့လျှင် ပျော့၏၊ ပြောလျှင် ယုံလွယ်၏၊ သွားသင့် မသွားသင့် မစဉ်းစား တတ်၊ မပြောသင့်သည့်စကားကို ပြော တတ်၏၊ အရေးကြီး၍ ပြောရမည့် စကားကို မပြောဘဲ မြုံ၍ ထားတတ်၏၊ ယောက်ျားပျိုကိုမြင်လျှင် ရှက် ချင် ကြောက်ချင်သလို ဖြစ်တတ်၏၊ တယောက်တည်း စကားပြော၍ နေတတ်၏၊ မှန်ရိပ် မှာ ဟန် ပြင်၍ ကချင်လျှင်က၊ ငိုချင်လျှင် ချက်ချင်း ရယ်ချင်လျှင် ခဏ၊ ထို့ကြောင့် ၎င်းတို့အရွယ်ကို ( ရူးတုန်း မိုက်တုန်း အရွယ် ) ဟု ခေါ်စမှတ်ပြုကြလေသည်။
အမိအဘဖြစ်သူတို့က ( အရောင်တင် သနပ်ခါးကို ပါးပါးလိမ်းပါ သမီးရဲ့ ) ဟုဆိုလျှင် နှုတ်ခမ်းစူချင်၏၊
ပန်းတွေ ပန်ထားတာ များလှပါကလား သမီးရဲ့-ဟုဆိုလျှင် ဆောင့်ချင် အောင့်ချင်၏၊ ဒိုဘီကျ ထမီ ဆိုတာ ထသွား လာသွားရှိမှ ဝတ်ရတယ် သမီးရဲ့-ဟု ပြောလျှင် မျက်နှာ အောက်သိုးသိုး ဖြစ်တတ် ကုန်၏။
ထိုအချိန်အရွယ်မျိုး၌ ချော့၍ချည်း မရ၊ မြှောက်၍လည်း မဖြစ်၊ ခြောက်ပြန်လျှင်လည်း မနိုင်၊ ၎င်းတို့၏ စိတ်ဓာတ် မခိုင်မြဲပုံကြောင့် ဆုံးမရခက်သဖြင့် အခါအခွင့်အားလျှော်စွာ မြှောက်တန်သည့်အလှည့်၌ မြှောက်၊ ခြောက်တန်သည့်အလှည့်၌ ခြောက်၊ ချော့တန်သည့်အချိန်၌ ချော့၍ သိဖို့ တတ်ဖို့ နပ်ဖို့ ပါးဖို့ လိမ္မာဖို့ သွန်သင်ဖျောင်းဖျ ဆုံးမရန် ဝတ္တရားမှာ မိဘနှင့် အုပ်ထိန်းသူတို့၏ အပေါ်၌ လွန်စွာကြီးလေး သော တာဝန်ဝတ္တရားကြီးတခု ဖြစ်လေသည်။
ဤကဲ့သို့ ဆုံးမခက်သောအကြောင်းရင်းမှာကား အခြားမဟုတ်၊ ထိုအပျိုဖြန်းကလေးများသည် ကလေး ဘဝနှင့် လွတ်လပ်ချောင်ချိစွာ စာေးသာက်နေထိုင်ရာမှ ဓမ္မတာအလျောက် အရွယ်ရောက်၍ လာသည့် နှင့် တပြိုင်နက် ကြောင့်ကြကြီးသော လူကြီးမိဘတို့က ဟိုလမ်းမသွားရ၊ သည်လိုမနေနှင့်၊ သည်အစာ ကို မစားရဘူး၊ သည်လိုမဝတ်ထိုက်၊ သည်လိုမထိုင်အပ်-စသည်ဖြင့် သေဝပ်ပိပြား လိမ္မာရေးခြား ရှိစေ ရန် ညွှန်ကြားဆုံးမသော လူကြီးမိဘတို့စကားသည် ၎င်းတို့၏နား၌ ခါးယောင်ယောင်ဖြစ်ခြင်း ကြောင့် ပင်တည်း။
ငှက်ကလေးများ အပျံသင်စအခါ၌ ဘေးလွတ်မည့်နေရာ၊ ရန်သူရှိသည့် နေရာ-ဟူ၍ ခွဲခြား တတ်ခြင်း မရှိဘဲ ပျံမိပျံရာ ပျံသန်းသဖြင့် လူဖမ်းခံရခြင်း၊ ခွေးကိုက်ခံရခြင်း၊ ကြောင်ခုပ်ခံရခြင်း-စသော ဘေး အမျိုး မျိုးတို့နှင့် တွေ့ကြုံရဘိသကဲ့သို့ အပျိုဖြန်း အပျိုပေါက်တို့မှာလည်း စိတ်တို စိတ်ပြောင်း စိတ် ကစားသော အရွယ်မျိုးဖြစ်သဖြင့် ရှေ့နောက် နိုင်းချိန် စဉ်းစားနိုင်သောအရွယ် မဟုတ်သေး သော ကြောင့် ပြောလိုက်လျှင် ယုံ၊ ဖမ်းလိုက်လျှင် မိ၊ ဆွဲလိုက်လျှင် ပါ၊ ထင်မိထင်ရာလုပ်တတ်သော အချိန် အခါမျိုး ဖြစ်ခြင်းကြောင့် အရွယ်နုနုကို အာရုံပြု၍ စောင့်ကြည့်နေကြသော ကြောင်သူတော် များ ၏ ဘေးမှ ကင်းဝေးရန် အရေးကြီးစွာ စောင့်ရှောက် ထိမ်းသိမ်းရရှာသူ မိဘတို့၏စိတ်တွင် တထိတ် ထိတ် တလန့်လန့်နှင့် နေရသော အချိန်အခါမျိုး ဖြစ်လေသည်။
ဝါးလုံးနင်းမိတုံ ဝါးခြမ်းနင်းမိတုံနှင့် စိတ်အာရုံရှုပ်ရှာသော အုပ်ထိန်းသူ မိဘတို့မှာ မိမိတို့၏ သားသမီး ငယ်များ အပေါ်၌ အကြောင့်ကြကြီးရှာလွန်းသဖြင့် ပျက်စီးခြင်းဘေးမှ ကာကွယ်ရန် အိမ်တွင်းပုန်း နေ စေခြင်း၊ ခြေသေးအောင် ပြုလုပ်ထားကြခြင်း၊ အရွယ်မရောက်မီက လက်ထပ်၍ ပေးခြင်း-စသော အမှု တို့ ကို ပြုလုပ်ကြ ကုန်၏၊ သမီးမိန်းမမွေးလျှင် အရှက်တကွဲဖြစ်ရတော့မည်ဟု တထစ်ချ မှတ်ထင် ယုံ ကြည်သော အချို့မိဘတို့သည် မိမိတို့ရင်သွေးကို သူတပါးသို့ ပေး၍ပစ်ခြင်းနှင့် အချို့မှာ အရှင် လတ် လတ် မြေမြှုပ်သတ်ဖြတ်ခြင်း အမှုတို့ကို ပြုလုပ်တတ်ကြောင်းကို အာရပ်ရာဇဝင်၌ ထင်ရှား ပါ ရှိ လေ သည်။
နွားတရာကို ကျောင်းလိုက်ချင်၏၊ သမီးပျို တယောက်ကို မထိန်းချင်-ဟူသော ရှေးသူဟောင်း တို့ စကားမှာလည်း သမီးမိန်းမအတွက် အခက်အခဲ အရှက်တကွဲဖြစ်မည့်အရေးကို တွေး၍တွေး၍ ပူပင်ကြောင့်ကြ အားကြီးခြင်းကြောင့် ညဉ်းညူပြောဆိုကြခြင်းပင် ဖြစ်လေသည်။
ဤကဲ့သို့ စိတ်ရှုပ်ဖွယ်အလုပ် ကြောင့်ကြဖွယ်ကိစ္စ အရှက်ရဖွယ်အမှုများကြောင့် ဖခင်လုပ်သူတို့မှာ သမီးမိန်းကလေးမွေးသည်ဟု ကြားလျှင် ငေးမှိုုင်ကာ သက်ပြင်းချကြကုန်၏။
သမီးရှင်အမိအဖတို့သည် အသက်အရွယ်နုနယ်သော မိမိတို့ ရင်သွေးအတွက် ရှေ့ရေး နောင်ရေး တင်ရှိမည့်အပြစ်ဘေးတို့ကို မြင်၍ ဟိုအိမ်ကို ခဏခဏ မကူးနှင့်-ဟု တားလျှင် စိတ်ကောက်၏၊
ဒီအစာနှင့် မတဲ့ဘူး-ဟုဆိုလျှင် ဆောင့်ချင်၏၊
ဒီလိုလုပ်တာ မဟုတ်ဘူး-ဟုဆိုလျှင် ရန်တွေ့ချင်၏၊
ဤကဲ့သို့ စူလိုက် ဆောင့်လိုက် အောင့်လိုက် တိုးတိုး တိုးတိုး-နှင့် ရန်တွေ့လိုက်လုပ်ရာမှ သည်းခံသောမိဘတို့၏ နယ်ထဲသို့ တိုးဝင်ကာ တဖြည်းဖြည်း နယ်ချဲ့၍လာပြီးလျှင်–လုပ်ဟဲ့ဆိုလျှင် လုပ်ဘူး၊ သွားဟဲ့ဆိုလျှင် သွားဘူး၊ စားဟဲ့ဆိုလျှင် စားဘူး-ဟူ၍ အငေါ်တူးစွာ ပြန်၍ အာခံတတ်၏၊ (ဝါ) နှုတ်ခွန်းတုံ့လှန်ပြန်၍ ပြောဆိုတတ်ကုန်၏။
ဤကဲ့သို့ သားသမီးက အာခံ၍ နှုတ်ခွန်းတုံ့ပြန်သောအခါ ရိုက်ပုတ်ဆုံးမရမှာလည်းခက်၊ လူကြား သူကြား ဖြစ်မှာလည်းရှက်၊ သနားခြင်းကရုဏာတဘက်ကြောင့် အောင့်သက်သက်နှင့် ကြိတ်၍ သည်း ခံပါသော်လည်း အလိုလိုက်မိ၍ မိုက်လက်စ အားကြီးလာသော သားသမီးတို့၏ ပြုမူပြောဆိုပုံကို ခုခံ တိုက်ဖျက်ခြင်းငှါ မတတ်သာသောအခါ — လုပ်တော်မူပါ မယ်မင်းကြီးမဘုရား၊ စားတော်မူပါ၊ သွားတော်မူပါ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ-ဟု လက်အုပ်ချီကာ ဆိုမြည်တတ်ကုန်၏။
ခင်ပွန်းသည် ယောက်ျားမရှိရှာသော မိန်းမများမှာ သွားလေသူကို တမ်းတ၍ – ကိုယ့်သမီးလုပ်ပုံ ပြော ပုံတွေ မြင်လှည့်ဦး တော်ရေ့-ဟု အားငယ်စွာနှင့် အော်၍တိုင်တန်းခြင်း၊ ငိုယိုခြင်းတို့ကို ပြုခြင်းဖြင့် သားသမီးများအပေါ်၌ အရှုံးပေးရမှန်းမသိ အရှုုံးပေးရကုန်၏။
ထို့ကြောင့် လူကြီးမိဘ အုပ်ထိန်းသူတို့ သတိထားရန် အချက်များမှာ မိမိတို့ သမီးငယ်များကို အကျင့် စာရိတ္တပျက်ပြားသော အပေါင်းအဖော်များနှင့် ကင်းဝေးစေရန် အဖျင်းအပျက်ပြော တတ် သူ များနှင့် အရောမဝင်စေရန်နှင့် မသိသင့်သောစကား၊ မသိသင့်သောအလုပ်ဟူသမျှကို ၎င်းတို့ရှေ့၌ သတိထား ၍ ပြောဆိုပြုလုပ် ဆင်ခြင်ရှောင်ရှား၍ ထိန်းသိမ်းစောင့်ရှောက်ကြရာ၏။
ဤကဲ့သို့သော အချိန်အခါမျိုး၌ ၎င်းတို့စိတ်ကို တခုခုအပေါ်၌ မှီတွယ်၍နေစေရန် လိမ္မာဖွယ်စကား၊ အတုခိုးဖွယ်အကြောင်း၊ အားကျဖွယ်ဝတ္ထု၊ နည်းယူဖွယ်ဒဏ္ဍာရီနှင့် မှတ်သားဖွယ်များပါသည့် စာ ကောင်း ပေကောင်းများကို ဖတ်စေခြင်း၊ အတွက်အချက် သင်ကြားခြင်း၊ စသော အလုပ်တခုခုကို အစဉ်မပြတ်ပေး၍ ထားခြင်းဖြင့် ၎င်းတို့၏ ကာယိန္ဒြေကို ထိန်းခြင်း စိတ်ကိုငြိမ်စေခြင်း အသိပညာ တိုးစေခြင်းစသော အကျိုးများကို အလိုလို ပြီးစီးစေလေသတည်း။
ငှက်ငယ်ဘဝ၊ ပျံသင်စ၊ များလှ ဖမ်းချင်သူ။
ကြောင့်ကြသွယ်သွယ်၊ ပျိုဖြန်းရွယ်ထို့နှယ် ပမာတူ။
11 comments
chel gyi
March 16, 2012 at 1:56 pm
ဟုတ်ပါ့ ကျုပ်ချာတိတ်အရွယ်က နင်းနှိပ်ပေးခဲ့ရသေးသဗျ…….
etone
March 16, 2012 at 2:16 pm
အရင့်ရောင်ရေ …
ဒီပို့စ်ဖတ်ပြီးမှပဲ …ကိုယ့်ကိုယ်ကို … ” ငါ အပျိုကြီးအရွယ်ထဲရောက်နေပါပြီလား” လို့ .. သတိဝင်တော့တယ် … ။ 🙁
အရင့်ရောင်
March 16, 2012 at 2:29 pm
အိတုံ…..ရေ
ပို့စ် ဖတ်ပီးမှ သိတယ်ဆိုတော့
မဖတ်ခင်ကတည်းကမသိဘူးပေါ့
ကိုယ့်ကိုယ်ကို လည်း သတိလေးထားပါဦးနော်
အခုတော့ သိပီမဟုတ်လား
etone
March 16, 2012 at 4:45 pm
ဟုတ်ပါရဲ့ .. အရင်က .. ကိုယ့်ကိုယ်ကို … ဒီအရွယ် တင့်တင့်တို့ အရွယ်လု့ိ ထင်တုန်းပဲ … အခုမှ ..သေချာသွားတာ … ဇီဇာကြောင်တော့မယ့်အရွယ်ရောက်နေပြီဆိုတာပါပဲ .. ဟီး 😀
Moe Z
March 16, 2012 at 2:17 pm
😆 😀
Mon Kit
March 16, 2012 at 3:18 pm
ဟယ်တော့… များကတော့ အပျိုဟိုင်းကြီးကို ဖစ်နေပီ….
🙁
ကို ကို
March 16, 2012 at 4:20 pm
ရွာထဲမလဲ အပိုချီးတွေ
များကုန်ပြီ………..
ကိုအရင့်ရောင်…..ရေ……………
ချစ်တတ်သူ
March 16, 2012 at 8:24 pm
ဦးဦး အရင့်ရောင်ရယ် မမတွေအကြောင်းပဲပြောနေ…ဖတ်ရတာလဲမျက်စိကိုညောင်းလို့ ..ဖြစ်နိုင်ရင်ခွဲတာရေးလိုက်ပါလားဗျာ..မောလို့ပါ
windtalker
March 17, 2012 at 7:17 pm
မည်သို ့ပင် ဆိုစေကာမူ ။
“အပျို” ဟူသော အသံကြားသည်နှင့်
မိုးဦးကာလတွင် မိုးသံစကြားလိုက်ရသော ဖားပြုတ်ကြီးပမာ
ယောက်ျားများ ဒိန်းတပ်တပ် ဖြစ်လေ့ဖြစ်ထရှိသည်မှာလည်း
အမှန်ပင်တကား ။
metallic
March 17, 2012 at 9:45 pm
ယောကျာင်္းများသည် မိန်းမတို့အကြောင်းကိုသိသည်ဟုထင်ကြ၏
၎င်းတို့ရေးသောအကြောင်းများကိုမိ်န်းမတို့ဖတ်သော်ပြုံးကြ၏
ထိုအချက်သည်မှန်ပေသည် ထိုအချက်ကတော့ ဖြီးတာဖြစ်မည်စသည်ဖြင့်အမျိုးမျိုးဝေဘန်ကြလေ၏
သို့သော်သေချာသည့်အချက်ကား မိန်းမတို့သည်ယောကျာင်္းတို့အကြောင်းကို
သေသေချာချာမသိကြကုန်
သိနိုင်သည့်အခွင့်အရေးလည်း သဘာဝအရမရှိကြကုန်
nigimi77
March 17, 2012 at 11:06 pm
အဲဒီ ပိုစ့်ကို ရေးတဲ့ သူ မပြောနဲ ့ ကူးချတဲ့ သူတောင်
အသက်က နှစ်ပေါင်း ၈ဝ လောက်တောင် မကဘူး