အနော်ရထာနှင့် အလောင်းမင်းတရားကြီးအကြောင်း
ဒီဆိုက်ဒ်ထဲက ပို့စ်တစ်ခုမှာ အနော်ရထာနှင့် အလောင်းမင်းတရားကြီးအကြောင်း ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ရေးရာမှာ ဖြစ်ရန်မှန်တွေနဲ့ လွဲနေတာတွေ့လို့ ဝင်ရေးတာ ဖြစ်ပါတယ်။ အမှားပါရင် ပညာရှိပီပီ ထောက်ပြပါ။ အမှန်ဆိုတာ သေချာရင် ရိုသေစွာ နာယူဖို့ အသင့်ပါ။
ပို့စ်တစ်ခုထဲမှာ ယိုးဒယားတွေ ယောက်ျားတန်ဆာကို ကိုးကွယ်တာဟာ ဦးအောင်ဇေယျကြောင့်လို့ ရေးထားတာ တွေ့ရပါတယ်။
မြန်မာတွေ ကိုယ့်ဘုရင်အကြောင်းကို အမှတ်မှားနေတာလေးတွေ ဝင်ပြောချင်တယ်ဗျာ။ တကယ်တော့ ယိုးဒယားတွေဟာ ဗုဒ္ဓဘာသာဝင် မဖြစ်ခင်တုန်းက ဟိန္ဒူဝါဒကို အကြီးအကျယ် ကိုးကွယ်ခဲ့ပါတယ်။ အခုလည်း သူတို့ ယဉ်ကျေးမှုထဲမှာ ဟိန္ဒူဝါဒက အကြီးအကျယ် လွှမ်းမိုးဆဲပါ။ သူတို့ရဲ့ ဒီဖိုတန်ဆာ၊ မတန်ဆာကို ကိုးကွယ်မှုဟာ ဟိန္ဒူဝါဒက ပါလာတာပါ။ အလောင်းမင်းတရားကြီးနှင့် ဘာမှ မဆိုင်ပါဘူး။
ပြီးတော့ သမိုင်းအမှန်အရ အလောင်းမင်းတရားကြီးဟာ ယိုးဒယားကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အယုဒ္ဓယမြို့ကြီးကို မြန်မာတွေ ဝန်းရံထားလို့ ယိုးဒယားတွေ လက်နက်ချတော့မယ့် ဆဲဆဲမှာ အလောင်းမင်းတရားကြီး အကြီးအကျယ် နာမကျန်းဖြစ်၊ ငှက်ဖျားမိတာကြောင့် မြန်မာတွေပြန်ဆုတ်ခဲ့ကြပါတယ်။
နောက်ပြီး စစ်ဆိုတာကတော့ စဖြစ်ပြီဆိုကတည်းက သူ့ဘက်ကိုယ့်ဘက် ရက်စက်မှုတွေက ပါလာပါပြီ။ တကယ်တော့ ဦးအောင်ဇေယျ ယိုးဒယားရာဇဝင်တွေမှာ နာမည်ပျက်ရတာက ဒုတိယကမာ္ဘစစ်ကာလာ လောက်တုန်းက ထိုင်းဗိုလ်ချုပ် ဖိဘွန်စွန်ဂရမ်ဟာ နာဇီဂျာမနီရဲ့ အမျိုးသားရေး ဝါဒကို အလွန်အားကျခဲ့ပါတယ်။ ဒီတော့ ယိုးဒယား အမျိုးသားရေး ဝါဒကို နှိုးဆွဖို့လုပ်ရာမှာ သမိုင်းအစဉ်အဆက် သူတို့ကို စစ်နိုင်ခဲ့ဖူးပြီး လက်အောက်ခံနိုင်ငံအဖြစ် သိမ်းသွင်းခဲ့ဖူးတဲ့ မြန်မာတွေဆိုးကြောင်း ရက်စက်ကြောင်းတွေကို ဟုတ်တာရော ချဲ့ကားထားတာတွေပါ သမိုင်းစာအုပ်တွေထဲမှာ ရေးထည့်ပြီး စာသင်ကျောင်းတွေမှာပါ သင်ခန်းစာအဖြစ် ပြဋ္ဌာန်းရာကနေ ဒီလိုဖြစ်လာတာပါ။
ဒီတော့ သူတို့ပြောသမျှ ဦးအောင်ဇေယျနှင့် မြန်မာစစ်သားတွေ ဆိုးတယ်ဆိုတာ အကုန်မမှန်ပါဘူး။ ချဲ့ကားထားတာတွေ တော်တော်များများ ပါပါတယ်။ ပြီးတော့ မူလက အလောင်းမင်းတရားကြီးဟာ ယိုးဒယားကို တိုက်ဖို့ မရည်ရွယ်ပါဘူး။ သူက တနင်္သာရီကို ပြန်ရဖို့သာရည်ရွယ်တာပါ။ တနင်္သာရီဟာ ဘုရင့်နောင် မင်းတရားကြီး နတ်ရွာစံလို့ ဒုတိယ မြန်မာနိုင်ငံတော်ကြီး ပြိုကွဲရာမှာ ယိုးဒယားက အချောင်ဝင်နှိုက်လို့ ယိုးဒယားတွေ လက်အောက်ကို အနှစ် ၃၀ဝ လောက် ပါသွားခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းက နယ်စပ် ပြဿနာတက်တော့ သူတို့က တနင်္သာရီကို ပြန်ပေးလို့ ဖင်ပိတ်ပြီး အော်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးအတွက် ဦးအောင်ဇေယျက သူ့ရဲ့ ဒုတိယသားတော် မြေဒူးမင်းသားကို တာဝန်ပေးခဲ့ပါတယ်။ မြေဒူးမင်းသားဟာ တနင်္သာရီ အလွယ်ရရှိရုံမက ပါလာတဲ့စစ်အင်အားနည်းနည်းနဲ့ ယိုးဒယား နယ်စပ်မြို့တွေကို ဝင်ရောက်တိုက်ခိုက်တော့ ယိုးဒယားတွေဟာ မြန်မာတပ်တွေကို မယှဉ်နိုင်ပဲ အကြီးအကျယ် ရှုံးနိမ့်ကြပါတယ်။ ဒီမှာတင် မြေဒူးမင်းသားက သူ့ရဲ့ခမည်းတော်ကို အမြန်ဆုံးချီတက်လာဖို့နဲ့ အဲဒီလိုချီလာရင် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တွေ ဘုန်းကြီးတုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့ လက်အောက်ခံနိုင်ငံတွေကို ရရှိပါတော့မည်လို့ လျှောက်လို့ အလောင်းမင်းတရား ယိုးဒယားသို့ စစ်ချီခဲ့ခြင်း ဖြစ်ပါတယ်။
နောက်ပြီး အနော်ရထာဟာ အယုဒ္ဓယကို ၂ ခါဝင်တိုက်ဖူးတယ်လို့ ဆိုပါတယ်။ ဒီအချက် မှားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အယုဒ္ဓယမြို့ကို ယိုးဒယားတွေတည်တာ အင်းဝမြို့ထက်တောင် နောက်ကျပါတယ်။ အနော်ရထာမင်းလက်ထက် ပုဂံအင်ပါယာ တန်ခိုးကြီးတုန်းက (အေဒီ ၁၁ရာစုခန့်က အယုဒ္ဓယမြို့ မရှိသေးပါဘူး။ ဒါပေမဲ့ အနော်ရထာမင်းကြီးအကြောင်းက ယိုးဒယားနယ်နိမိတ်ကို ကျော်ပြီး လာအိုနှင့် ကမော္ဘဒီးယားက ညအိပ်ရာဝင် ပုံပြင်တွေထဲကိုပါ ရောက်ပါတယ်။ ကမော္ဘဒီးယား ရာဇဝင်တွေထဲမှာပါတဲ့ လှံပျံတော်စီးတဲ့ ဘုရင်ကြီးဆိုတာ အနော်ရထာပါပဲ။
နောက်ပြီး အလောင်းမင်းတရားကြီးကို သိပ်ပြီး ကျပ်မပြည့်သလိုလို ရေးထားပါတယ်။ တကယ်တော့ ဦးအောင်ဇေယျဟာ မြန်မာလူမျိုးများ အပေါ်မှာ အတော့်ကို ကျေးဇူးများသူ ဖြစ်ပါတယ်။ သူ့အကြောင်းကို နောက်မှ အကျယ်ရေးပါမယ်။ တကယ်တော့ အလောင်းမင်းတရားကြီးကို သူတို့ရာဇဝင်တွေမှာ လိုတာထက်ပိုပြီး မုန်းတီးအောင် ချဲ့ကားရေးထားပြီး အနော်ရထာမင်းကြီးနှင့် ဘုရင့်နောင် မင်းတရားကြီး သူရဲကောင်း ဘုရင်တွေအဖြစ် တင်စားရေးသား ထားတဲ့အတွက် ထိုင်းတွေမှာ ဒီလို ပါးစပ်ရာဇဝင်တွေ ရှိလာခဲ့တာပါ။
ကိုဘုန်းကျော်ပြောတဲ့ နောက်ဆုံးတစ်ချက်ကတော့ ဟုတ်ပါတယ်။ ယိုးဒယားတွေဟာ မြန်မာတွေကို မုန်းတီးသလို မသိစိတ်ထဲကနေ လေးစားကြောက်ရွံ့စိတ် ရှိတယ်လို့ ကြားဖူးပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရလည်း ကိစ္စတစ်ခုကို လိုတာထက်ပိုပြီး ခါးခါးသီးသီး မုန်းပြ ဆန့်ကျင်ပြတာဟာ မသိစိတ်က ကြိတ်ပြီး ကြောက်တာ ကြည်ညိုတာကို ပုံစံလွှဲဖော်ပြတဲ့ မူလကျီ တစ်မျိုးပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်တုန်းက မြန်မာနှင့်ထိုင်းနယ်စပ် ပြဿနာ ဖြစ်ချိန်မှာ မြန်မာဘက် တင်းမာလာချိန် စစ်တပ်တွေကို နယ်စပ်မှာ စတင်စုစည်းပြတဲ့အခါမှာ ထိုင်းဘက်က လေသံပြောင်းသွားခဲ့ပါတယ်။ ကမော္ဘဒီးယားနှင့် လာအိုကိုတော့ သူတို့ဒီလိုမျိုး ဘယ်တုန်းကမှ အလျှော့မပေးခဲ့ပါ။ အဲဒီတုန်းက နိုင်ငံတကာ နိုင်ငံရေးလေ့လာသူ အချို့ကတောင် ထိုင်းဟာ ကမော္ဘဒီးယားနှင့် လာအိုအပေါ်မှာ အမြဲတမ်း အပေါ်စီးက ဆက်ဆံခဲ့တယ်။
ဘာလို့လဲဆိုတော့ ရာဇဝင်မှာ သူတို့တွေက နိုင်ခဲ့ဖူးတာကိုး။ မြန်မာအပေါ်တော့ ဒီလိုမဟုတ်ဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ အခုအချိန်မှာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံမှာ သူတို့ထက် နောက်ကျနေခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ မြန်မာတွေ တိုးတက်လာမယ်။ အနည်းဆုံးသူတို့နဲ့ ပညာရေး၊ စီးပွားရေးတွေမှာ တန်းတူဖြစ်လာမယ်ဆိုရင်တောင် အနိုင်ကျင့်ဖို့ မဆိုထားနဲ့။ မြန်မာကို ဒေသတွင်းမှာ အကြောက်ဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်မှာ သေချာပါတယ်။
13 comments
phone_kyaw
March 23, 2012 at 4:55 am
ခင်ဗျားပြောတာ ဖြစ်ဖို ့များပါတယ်။ ကျနော်က ပါးစပ်ရာဇဝင်နဲ ့လူငယ်တွေနားလည်အောင်တမင် ဂေါ်ဆန်ဆန်ရေးပြချင်တာပါဗျာ။ ဆက်ရေးစေချင်ပါတယ်။ ဗဟုသုတ ရပါတယ်။
kai
March 23, 2012 at 5:21 am
ဟုတ်ပါတယ်..
ကိုရင်ဘုန်းကျော်ပို့စ်မှာ… ကျုပ်လည်းအထောက်အထားနဲ့.. ရေးပါတယ်..
စိတ်ဝင်စားကြပုံတောင် မပေါက်ကြဘူးလေ…
မြန်မာတွေရွှေထီးဆောင်းတုံးကအကြောင်းများရေးမယ်ဆို.. တယ်…ထောက်ခံချင်ကြတာ..
ဟုတ်တာ..မဟုတ်တာ.. ဘေးချိပ်ပေါ့..
ဒါကလည်း..စစ်အစိုးရခေတ်ဆက်.. ကျဆင်းခဲ့တဲ့.. အမျိုးသားရေးသိက္ခာကို.. မသိစိတ်က.. ကယ်ချင်နေလို့လို့.. ထင်မိတာပါပဲ..
ပြောရရင်.. ထိုင်းကနေ ယူအက်စ်ရောက်တဲ့.. မြန်မာတွေတော်တော်များများနဲ့.. မြန်မာ-ထိုင်းတွေဆက်ဆံရေးမေးဖူးပါတယ်..။
တော်တော်များများက.. မြန်မာတွေအပေါ်ကောင်းတယ်လို့.. ပြောကြကြောင်းပါ..
သူတို့(ထိုင်း)တွေ အတွင်းစိတ်ထဲ.. မြန်မာကို.. ခေတ်မကောင်းလို့ နိမ့်ကျနေတဲ့..”အကိုကြီး”အနေနဲ့ မြင်တယ်လို့.. ပြောတာလည်းကြားဖူးပါတယ်..။
ဆိုတော့..
တိုတိုပဲပြောတော့မယ်..။
မြန်မာတွေ.. ခေတ်ပြန်ရောက်တော့မှာပါ..
အိမ်နီးချင်းတွေကို.. အနိုင်မကျင့်ပါနဲ့.. ဗိုလ်ကျတာမလုပ်ပါနဲ့..
ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ပါ…။
လူမျိုးချင်း ခွဲခြားမုန်းတီးစိတ်တွေ မွေးတာဟာ.. ကိုယ့်ကိုယ်တိုင်လည်း မငြိမ်းချမ်းပါဘူး..
တိုင်းပြည်လည်း.. မအေးချမ်းပါဘူး..
မတိုးတက်နိုင်ပါဘူး..
ဒီလိုစိတ်ဓါတ်တွေဟာ.. စစ်ကိုပဲ ဖြစ်စေတာပါ..။
စစ်ကို.. မလိုချင်ပါနဲ့..
ကြိုးစားကြပါစို့..။
pooch
March 23, 2012 at 7:15 pm
စိတ်မဝင်စားလို့ မဟုတ်ပါဘူး သူကြီးရယ်။ ရွှေထီးဆောင်းတာကိုပဲ ထောက်ခံချင်လို့လည်း မဟုတ်ရပါဘူး။ စမိရင် မဆုံးနိုင်လို့ ပါ။ သိတဲ့အတိုင်း ။
အခုလို ဝင်ရေးတဲ့ ကိုစံလှကြီး ကိုလည်း အလွန်ကျေးဇူးတင်ပြီး ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ကျမလည်း သိတာလေး ပြောကြည့်ပါ့မယ်။ မှားရင်ထောက်ပြပါ။
ဲ
မြန်မာတွေက ပုဂံကို ဗဟိုပြုပြီး ပထမနိုင်ငံတော် တည်ထောင်ခဲ့ပြီး တဲ့အချိန်မှ ယိုးဒယားက မြန်မာထက် နှစ်ပေါင်း ၂၀ဝ လောက်နောက်ကျပြီးမှ နိုင်ငံတည်ထောင်နိုင်ခဲ့ကြတာပါ။
ယိုးဒယား နဲ့ မြန်မာတွေ စတင်ဆက်ဆံရေးရှိခဲ့တဲ့အချိန်က ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တဲ့ခေတ် မင်းကြီးညိုတည်ခဲ့တဲ့ခေတ် တောင်ငူမင်းဆက် တပင်ရွှေထီး တို့ ဘုရင့်နောင် တို့ ခေတ်ရောက်မှပါ။
ပထမဆုံး စစ်ဖြစ်ရတဲ့ အကြောင်းက မြန်မာပိုင် ထားဝယ်ကို ယိုးဒယားတွေက လာပြီး ကျုးကျော်သိမ်းပိုက်လို့ ပါ။ တနသာင်္ရီက ဆိပ်ကမ်းမြို့က အချက်ချာ ကျတော့ လိုချင်လို့ပါ။
အဲ့ဒီ ယိုးဒယားတွေ သူတို့ ပိုင်ပါတယ်လို့ အော်နေတဲ့ တနသာင်္ရီ ၊ မုတ္တမ၊ ထားဝယ်ဆိုတာ အေဒီ ၁၁ ရာစု အနော်ရထာလက်ထက်ကတည်းက မြန်မာတွေပိုင်ပြီးသားပါ။ (အဲ့ဒီအချိန် သူတို့ နိုင်ငံတော်တောင် မတည်ရသေးပါဘူး။ ) အစထဲက မြန်မာပိုင်ပါ။ အဲ့ဒါကြောင့် တပင်ရွှေထီးက ပြန်တိုက်ထုတ်ခဲ့တာပါ။
တပင်ရွှေထီးက အဲ့ဒီတိုက်ပွဲမှာ အယုဒ္ဓယကို မသိမ်းနိုင်ခဲ့ပါဘူး။ မိုးရာသီမှာ ရေကြီးပြီး ရိက္ခာပြတ်လို့ ပြန်ဆုတ်ခဲ့ပါတယ်။ နောက်ကလိုက်တိုက်တဲ့ ယိုးဒယားတပ်ကို ပြန်တိုက်ရာမှာတော့ ယိုးဒယားတွေ အရေးနိမ့်ပြီး ပြန်ပြေးခဲ့ရပါတယ်။ ယို်းဒယားဘုရင်ရဲ့ညီ၊ သားမက်နဲ့ တိုက်ဆင်တွေကို ရခဲ့ပါတယ်။
ယိုးဒယားဘုရင်က အပေးအယူလုပ်ပြီး သူ့လူတွေကို ပြန်လွှတ်ပါ။ အခွန်ပဏ္ဏာဆက်ပါ့မယ်လို့ ပြောလို့ လက်ခံခဲ့ပြီး တပင်ရွှေထီး နတ်ရွာစံတဲ့ အထိ ယိုးဒယားက ပဏ္ဏာဆက်နိုင်ငံအနေနဲ့ နေခဲ့တာပါ။
တပင်ရွှေထီးလွန်ပြီး နိုင်ငံရေး အခြေအနေ မကောင်းတဲ့ အချိန်မှာတော့ သူတို့ က အခွင့်ကောင်းယူပြီး ဆက်မြဲပဏ္ဏာ မဆက်တော့ပါဘူး။
ဘုရင့်နောင် နန်းတက်တော့ ယိုးဒယားမှာဆင်ဖြူလေးစီးရှိတာကို ပဏ္ဏာအနေနဲ့ နှစ်စီးတောင်းပါတယ်။ မပေးတဲ့အပြင် သံအဖွဲကို မချေမငံဆက်ဆံလို့ ဘုရင့်နောင်က ယိုးဒယားကို စစ်ချီခဲ့တာပါ။ (မင်းပျိုမင်းလွင်ဆိုတော့ စစ်သွေးကြွတယ် ထင်ပါတယ် ဒါက ကျမရဲ့ ကိုယ်ပိုင်အမြင်ပါ)
ဘုရင့်နောင်က တပင်ရွှေထီး ယိုးဒယားကို ပထမအကြိမ် စစ်ချီတုန်းက လိုက်ပါခဲ့တဲ့သူဆိုတော့ မြေကြောရေကြောရော လူအင်အားလက်နက်အင်အားပါ သိခဲဖူးသူဆိုတော့ အစစအရာရာ အသာစီးရပြီး အယုဒ္ဓယကို မသိမ်းနိုင်ခင်မှာ ယို်းဒယားဘက်က စစ်ပြေငြိမ်းခဲ့တာပါ။ သစ္စာခံ တိုင်းပြည်အဖြစ်ရခဲ့ပါတယ်။ ပထမအကြိမ်မှာ အယုဒ္ဓယကို မသိမ်းနိုင်ခဲ့ပါဘူး။
ဒုတိယအကြိမ်မှာ ယိုးဒယားဘက်က စပြိီး ပုန်ကန်ခဲ့လို့သာ ယိုးဒယားကို ဒုတိယအကြိမ်စစ်ချီခဲ့တာပါ။ ဒီတခါမှာတော့ စစ်ပြေမငြိမ်းပဲ အယုဒ္ဓယကို သူတို့ မြို့တွင်း ယိုးဒယားသူလျှိုလွှတ် အသုံးပြုပြီး အနိုင်တိုက်ခဲ့တာပါ။ ဒုတိယအကြိမ်မှသာ အယုဒ္ဓယကို သိမ်းနိုင်ခဲ့တာပါ။
ယိုးဒယား စာရေးဆရာ ယာကွဗ် ( Yakhob) က ဘုရင့်နောင်အကြောင်းကို
” အရပ်ဆယ်မျက်နှာ အောင်ပွဲခံသူ “ဆိုတဲ့ နာမည်နဲ့ ဝတ္ထုရေးခဲ့ပါတယ်။ အဲ့ဒီအချိန်ထိ ဘုရင့်နောင်ကို ယိုးဒယားပြည်သူတွေက ဘုန်းကြီးသူ အစွမ်းထက်သူ အမျိုးသမီးများကြား မျက်နှာပွင့်သူလို့ သိခဲ့ကြပါတယ်။
နောက်ပိုင်း အေဒီ ၁၉ ရာစု ရောက်မှသာ ယိုးဒယားသမိုင်းဆရာ မင်းသားကြီး ဒင်မရောင် ( Prince Damrong) က နယ်ချဲ့ဝါဒီ၊ ယိုးဒယားတို့ရဲ့ ရန်သူ ဆိုပြီး ” မြန်မာတို့နှင့်ဖြစ်ပွားသော စစ်ပွဲများ” ( Our Wars with the Burmese) ဆိုတဲ့ စာအုပ်မှာ ဘုရင့်နောင် အကြောင်းကို ရေးသားခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ ဘုရင့်နောင် ဆုံးတဲ့ အချိန်ထိ ယိုးဒယားက မြန်မာလက်အောက်ခံ အဖြစ်နဲ့ ပြေပြေလည်လည် နေခဲ့တာပါ။
တတိယမြန်မာနိုင်ငံတော် အလောင်းမင်းတရားလက်ထက် ယိုးဒယားနဲ့ စစ်ဖြစ်ရတဲ့ အကြောင်းတွေကလည်း သူတို့ ဘက်က စတင်ပြီး ကျုးကျော်လို့ပါ။ ထားဝယ်ဘက်လွှတ်တဲ့ သဘောင်္တွေ ကို ယိုးဒယားတွေက သိမ်းလို့ပါ။
အနော်ရထာနဲ့ ယိုးဒယား ပတ်သတ်မှုလုံးဝ မရှိခဲ့ပါဘူးဆိုတဲ့ အဆိုကို ထပ်ဆင့်ထောက်ခံသွားပါတယ်။
ကိုစံလှကြီးကိုလည်း နောက်ထပ် အကြောင်းအရာများကို ရေးစေချင်ပါတယ်။ အားပေးပါတယ်။
San Hla Gyi
March 24, 2012 at 12:24 am
ဟုတ်ပါတယ်ခင်ဗျား။ မမှားပါဘူး။ အဲဒီအတိုင်း အတိအကျပါပဲ။ အားပေးတဲ့အတွက် ကျေးဇူးပါ။ နောင်လည်း ကြုံသလို ဝင်ရေးပါမယ်။
Khin Latt
March 23, 2012 at 5:49 am
ကျွန်မအနေနဲ့ကတော့ ကိုယ်ကလဲ ဘယ်သူ့ကိုမှ မကြောက်ချင်ဘူး။
ကိုယ့်ကိုလဲ သူများ တွေ က မကြောက် စေချင်ဘူး။
ငြိမ်းချမ်းရေး အတွက်ကတော့ အားလုံး ဝင်း-ဝင်း ဖြစ်စေတဲ့ အနေအထားကို ယူရမှာပါဘဲ။
ဆက်ရေးလာမဲ့ သမိုင်းကြောင်း တွေကို မျှော်နေကြပါတယ်။
ကျေးဇူးပါရှင်။
ရွှေဘိုသား
March 23, 2012 at 9:00 am
ကျေဇူးပဲ ကို စန်လှကြီး ဗဟုသုတရပါပေတယ် ဆက်ရေးပါဗျာ
nozomi
March 23, 2012 at 9:50 am
ကိုစံလှကြီး ကျေးဇူးပါ ဗျာ
ကျွန်တော်တို့တွေ အားလုံး မအ အောင်လို့ သမိုင်းအမှန်ကို သိသင့်ပါတယ်
မြန်မာတော်တော်များများက ပါးစပ်ရာဇဝင်နဲ့ ကြီးပြင်းလာကြတာပါ
အမှန်သိသူများ သာတာတွေချည်း မဟုတ်ပဲ သာတာရော နာတာပါ အမှန်လေးတွေ ရေးပေးစေချင်ပါတယ်
aunty tun
March 23, 2012 at 10:23 am
တော်သေးတယ် ။
မြန်မာ့သူရဲကောင်းတွေနာမည်ပျက်တော့မလို့ ။
ဆူး
March 23, 2012 at 10:42 am
ကိုစံလှကြီး ရဲ့ ဦးအောင်ဇေယျ ပိုစ်ကို ဆက်လက် စောင့်ဖတ်ကြိုဆိုနေပါမယ်။
အန်ကောဝပ် သမိုင်း မှာ အန်ကောဝပ် ပျောက်တဲ့ အကြောင်း မှတ်တမ်း အနေနဲ့ တစ်ခုတည်းသော မှတ်တမ်းက မွန်ဂို မြင်းစီး သူရဲကောင်းတွေ လာတိုက်တဲ့ အကြောင်း တရုတ်မှတ်တမ်းတွေထဲမှာ ရှိတယ်။
အဲဒီမှာ မြန်မာနိုင်ငံကိုလည်း သူတို့ တိုက်တဲ့ အခါ ပုဂံခေတ်မှာလား နောက်ပိုင်းခေတ်ရယ်လားတော့ သေချာ မသိဘူး.. မြန်မာ ဘုရင်က စစ်မဖြစ်ချင်လို့ တန်စိုးလက်ဆောင်ဆက်သပေးတယ် ဆိုတာရယ် ထူးဆန်းတဲ့ မြို့တခု ဖြစ်တဲ့ အန်ကောဝပ် ကို ရောက်တာရယ်.. နောက်ပြီး အဝတ်အစား ပုံစံစတိုင်က အဲဒီတကြောလုံး တူတူပဲ ဖြစ်နေကြပြီး သူရေးတဲ့ အင်ပါယာ ပုံစံထဲမှာ သုဝဏဘူမိ ပုံစံမျိုးလည်းပါတယ်။
ဖတ်ထားတာ ကြာလို့ မေ့လည်း မေ့နေပြီ။ အားလုံးက တပြေးတည်းနဲ့ စပ်ဆက်မှု ရှိတယ် ထင်တယ်။
San Hla Gyi
March 24, 2012 at 12:25 am
ဆူးရေ
ဟုတ်ပါတယ်။ မွန်ဂိုမြင်းစီးသူရဲတွေ မြန်မာနိုင်ငံကို လာတိုက်တာက ပုဂံခေတ်နှောင်းပိုင်းပါ။ အတိအကျပြောရရင် နရသီဟပတေ့ (တရုတ်ပြေးမင်း – ဟင်းခွက်သုံးရာပြည့်မှ ပွဲတော်တည်သူ) လက်ထက်မှာပါ။ အဲဒီအကြောင်းမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ နောင် မြန်မာ – တရုတ် ဆက်ဆံရေးအကြောင်း ရေးတဲ့အခါ ထည့်ရေးနိုင်အောင် ကြိုးစားပါမယ်။
kyeemite
March 23, 2012 at 11:29 am
ဘာဘဲပြောပြော ကျုပ်တော့ ကဘုန်းကျော်ကိုကျေးဇူးတင်သဗျာ…
သူ့ပို့စ်ကြောင့် စာဖတ်သူတစ်ဦး ဖီးတက်ပြီး စာရေးသူဖြစ်လာပြီ
ပြီးတော့လည်း သမိုင်းသုတေသီဆိုတော့ ဂေဇက်အတွက်
တအားတက်တာပေါ့…ကျေးဇူးပါကိုစန်းလှကြီး..
စောင့်ဖတ်ပါ့မယ်….
koaung
March 23, 2012 at 7:26 pm
တိတိကျကျရေးထားတာလေးတွေ သေသေချာချာ မှတ်သားဖတ်ရှုသွားပါတယ် ခင်ဗျာ
kai
March 24, 2012 at 1:49 am
ရေ..
ပို့စ်တွေဆက်တင်စေလိုပါတယ်..
မအ,အောင်လို့ပေါ့..
လူမျိုးရေးအစွန်း.. ဘာသာရေးအစွန်းတွေ.. လက်တွေ့မဖြစ်နိုင်တာတွေရှောင်ပြီး.. ပညာရှင်များလို.. လက်တွေ့ကျကျ.. အဖြေထုတ်ဆွေးနွေးချင်ပါတယ်..
အဆင်ပြောရင်.. ကာလအပိုင်းအခြားကို ဆန်းစစ်နိုင်တဲ့.. ကာဗွန်တိုင်းစက်ကလေးဘာလေး.. မြန်မာပြည်ထဲ.. သွင်းပြီးတွက်မလားလို့.. 😆