ဘယ်ဟာက ပိုကောင်းသလဲ၊ “ဦးဘုန်း(ဓာတု) ၏ဆောင်းပါး အပေါ် သုံသပ်ခြင်း
ဆရာဦးဘုန်း (ဓာတု) ရေးထားတဲ့ ရတနာပုံသတင်းစာမှာ ပါတဲ့ “ကျောင်း” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ ပေါ်လာတဲ့ အတွေးတွေကို တွဲပြီ ထဲ့ပေးလိုက်ပါတယ်။
“ဆရာ့ကို တိုင်ပင်စရာရှိလို့ပါ။ ကျွန်တော့်သမီးကို နိုင်ငံတော်ကဖွင့်တဲ့ အခြေခံပညာ ကျောင်းမှာ ထားရမလား။ ပုဂ္ဂလိကကုယ်ပိုင်ကျောင်းမှာ ထားရမှာလား။ သမိးက ငါးတန်း”
ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဆိုလာပြန်သည်။
“ငါ့သားအငယ်က အခုရှစ်တန်းကွ။ ကျောင်းထုတ်ပြီး ကိုယ်ပိုင်ကျောင်းမှာ ထားရင် ကောင်းမလားလို့။”
ကျွန်တော့် ညီမကလည်း မေးလာပြန်သည်။
“အစ်ကို။ နင့်တူမကို ကိုယ်ပိုင်ကျောင်းတစ်ခုခုမှာ ထားရင်ကောင်းမလားလို့။ သူက ဒီနှစ် ကိုးတန်းလေ။”
သူတို့ မေးတိုင်း ကျွန်တော်ဘာမှ အကြံမပြုတတ်ပါ။ ကိုယ့်ရဲ ့ဝင်ငွေနဲ့ သားသမီးအပေါ် အချိန်ပေးနိုင်မှုကို မူ တည်ပြီး မိဘတွေက စဉ်းစားတတ်ကြသည်။ (မှန်ပါသည်။ မိမိလုပ်ငန်းအနေအထားအရ ကျောင်းပို့၊ ကျောင်းကြို၊ ကျူရှင်ပို့၊ ကြို၊ ထမင်းသွားကြွေး စတဲ့ ဒုက္ခများကို ခံနိုင်ရန်က မလွယ်။ သို့သော် တစ်နေကုန် ကျောင်းကို လိုက်သွား။ ကျောင်းဘေးက သစ်ပင်ရိပ်ကောင်းကောင်းမှာ ထိုင်။ ပျော်ပွဲစားထွက်သလို ချိုင့်ကြီး၊ ချိုင့်ငယ်များဖြင့် နေကြသော မိဘများလည်း ရှိသည်။ ထို့အပြင် ကျောင်းတက်ကျောင်းဆင်း ကားကြီးကာငယ် ဖြင့်လာကြိုကြသည်။ ကျွန်တော် စဉ်းစားမိပါသည်။ ဆီတွေ ပိုကုန်သည်။ လူတွေအတွက် အချိန်တွေ ပိုကုန်သည်။ လမ်းကြောပိတ်ဆို့တာတွေ ဖြစ်သည်။ ကျောင်းက စီစဉ်ကာ ကျေင်းကားတစ်စီးထဲ လုပ်လျင် ပိုမိုအဆင်မပြေနိုင်ဘူးလား။ ပိုက်ဆံရှိသော မိဘများ၏ ချဲ ့ထွင်မှုမှသည် ကလေးများ၏ ကိုယ်ပိုင်အရည်အသွေး များပျောက်ဆုံးကာ မှီခိုစိတ်လွန်ကဲမှုများ ပေါ်ပေါက်လာနိုင်သည်ဟု မြင်မိပါသည်။) သားသမီးဘက်မှ စဉ်းစားပေးသည့် မိဘ၊ တိုင်းပြည်အနာဂတ်အတွက် စဉ်းစားတတ်သည့် မိဘ ကျွန်တော် မတွေ့ဘူးပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ယောက်ရယ်၊ လက်ရှိအထက်တန်း ကျောင်းဆရာတစ်ယောက်ရယ်၊ ကျွန်တော်ရယ် မင်းသီဟ လဖက်ရည်ဆိုင်မှာ ပညာရေးအကြောင်း ဆွေးနွေး ဖြစ်ကြသည်။
အငြိမ်းစားကျောင်းအုပ်ကြီးက စကားစလိုက်သည်။
“ကျုပ်မြေးတွေတော့ဗျာ၊ ပရိုက်ဗိတ်ကျောင်း ရောဂါထနေကြတယ်။ ဝင်ငွေက နည်းနည်း၊ သင်တန်း ကြေးက များများ၊ ဘယ်လိုများ စခန်းသွားကြမလဲ မသိ။ ကျုပ်စကားလည်း နားမထောင်ကြပါဘူး။”
“ဘယ်လို နားမထောင်တာလဲဗျ”
“ဒီမယ် ဆရာဘုန်းရ၊ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ကျုပ်ကိုယ်တိုင် အထက်တန်း ကျောင်းအုပ်ဆရာ ဘဝက ပင်စင်ယူခဲ့တာ။ ကျောင်းနာမည်ကိုက အခြေခံ ပညာအထက်တန်းကျောင်းလို့ သုံးတာ။ အခြေခံ ပညာ ရေးဆိုတာ မင်းတို့လို ပြင်ပက ဆရာတွေ နားလည်ပါ့မလား။”
(ဒီမေးခွန်းကို ကျွန်တော် နားလည်လို့မရ။ ဘာကိုဆိုလိုခြင်သည်ကို မသိ။ ပြင်ပမှာ အငြိမ်းစား ဆရာများ ဦးစီးသော ကျောင်းများ၊ ကျူရှင်များ ရှိနေသည်။ ထိုကျောင်းများ၊ ကျူရှင်များသည် အစိုးရကျောင်းများတွင် လိုအပ်ချက်ရှိသောကြောင့် ပေါ်လာသည်ဟု ယေဘူယျ ဆိုနိုင်ပါသည်။ ထို့အပြင် အဆိုပါ အစိုးရကျောင်းများမှ ဆရာများကိုယ်တိုင် ပြင်ပ ကျူရှင် ဖွင့်ကြသည်။ သို့မဟုတ် ပြင်ပကျူရှင်များ၊ ကျောင်းများတွင် စာသင်ကြသည်။ ထို့အပြင် အတန်းပို်င်ဆရာ၊ ဆရာမထံ ကျူရှင်မတက်လျင် နည်းမျိုးစုံဖြင့် ပညာပေးခံရသည့် ဇတ်လမ်းများလည်း ရှိနေသည်။)
ကျွန်တော် ငြိမ်ပြီး နေလိုက်သည်။ ကျောင်းဆရာက ဝင်ပြောသည်။
“ဒီလိုဆရာကြီးရဲ ့။ တတ်နိုင်တဲ့ မိဘတွေက ကျွန်တော်တို့ ကျောင်းတွေကို အထင်မကြီးဘူးဗျ။ ပြင်ပ ကျောင်း တွေကိုတော့ အထင်ကြီးတယ်။ တောင်းသလောက် ပေးတယ်။ ကျွန်တော်တို့ ကျောင်းတွေမှာလည်း တတ်နိုင်တဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးနေတဲ့ ကျောင်းကို ပံ့ပိုးမယ်လို့ စိတ်မကူးဘူး။ ကူညီ မယ်လို့ စိတ်မကူးဘူး။ ကိုယ်လွတ်ရုန်းသွားကြတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ ခံစားရတယ်။”
(အစိုးရကျောင်းတွေကို အထင်မကြီးဘူးဆိုတာကတော့ ကြာပါပြီ။ အမှန်ကတော့ စေတနာမှန်၊ နည်းစနစ်မှန်နဲ့ စနစ်တကျ ဆောင်ရွက်ပေးနေတဲ့ ကျောင်းတွေရှိသလို မလုပ်သင့်တာတွေ လုပ်ပြီး ကျောင်းသားများ၏ ပညာရေး အပေါ် ထိရောက်သော ဆောင်ရွက်မှု မရှိသည့် ကျောင်းများလည်း ရှိနေသည်။ ယခုပညာသင်နှစ် ပြင်ပကျောင်းများ ခွင့်ပြုလိုုက်ချိန်တွင် မိတ်ဆွေတစ်ဦးက သူ၏သားကို အစိုးရကျောင်းမှ ပြင်ပ ကျောင်းသို့ ရွှေ ့ လိုက်သည်။ သူပြောသည်က အဆိုပါ အစိုးရကျောင်းတွင် ကျောင်းအုပ်ဆရာကြိီးကိုယ်တိုင် ဦးစီးပြီး ကျောင်းသားများကို မုန့်ရောင်းပါသည်။ ရောင်းသောမုန့်များက ကျန်းမာရေးအတွက် အဆင်မပြေ။ သူ၏ သား မကြာခဏ ချောင်းဆိုးနေရာ အစားအသောက်မမှားပဲ ဖြစ်နေသောကြောင့် စုံစမ်းရာမှ သူသိခဲ့သည် ဟု ပြောပြသည်။ သို့အတွက် ပြင်ပကျောင်းတွေကို သွားကြသည်။ တောင်းသလောက်ပေးသည် ဟု ဆိုရာတွင်လည်း ပေးသလောက် ပြန်ရသည်ဟု ယုံကြည်လျင် တတ်နိုင်သူများက တောင်းသလောက် ပေးကြမည်သာ။ မိမိသားသမီး ပညာရေးအတွက် မရှိမဲ့ ရှိမဲ့ ဆိုလျင်တောင် ပေးကြပါမည်။ တတ်နို်င်သည့် မိဘ များက ကျောင်းများကို ပံပို့ရမည်ဆိုသည်ကတော့ ကျွန်တော် နားမလည်နိုင်။ ပညာရေး ဝန်ကြီးဌာနက အလှူငွေ မကောက်ခံရဟု သတ်မှတ်ထားသည်ကို ကောက်ခံကြသည့် သတင်းများ ကြားခဲ့ရသည်။)
“ဟုတ်တယ် ကျောင်းဆရာရဲ ့။ နိုင်ငံတကာမှာ အခြေခံပညာကျောင်းတွေရဲ ့ ကျောင်းဖွင့်ဖြိုးရေး အသုံး စရိတ်ကို ကျောင်းသားမိဘတွေက ကူကြတယ်၊ လှူကြတယ်။ ကျုပ်တို့ဆီမှာက ကျောင်းတွေရဲ ့ ဖွံ့ဖြိုးရေးကို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ကျောင်းသားမိဘတွေက ဂရုမစိုက်ကြဘူး။”
သူတို့နှစ်ဦး အဲဒီလို ပြောနေချိန်မှာ ကျွန်တော် ဖတ်မှတ်ဖူးတဲ့ စာတစ်ချို ့ကို ပြေးပြီး သတိရနေမိသည်။
အကြောက်တရား ကင်းပြီး ဥပဒေစည်းကမ်းကို လေးစားလိုက်နာတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးတဲ့ နေရာကို အခြေခံပည့သာကျောင်းဟု ခေါ်သည်။ ကိုယ့်အမျိုး ဘာသာ၊ သာသနာနဲ့ ကိုယ့်တိုင်းပြည်ကြီး ဒီထက်လှဖို့ ဦးနှောက်နဲ့ ပုံဖေါ်ပြီး နှလုံးသားနဲ့ ထုဆစ်တတ်အောင် လေ့ကျင့် သင်ကြားပေးတဲ့နေရာကို ကျောင်းဟု ခေါ်သည်။
ကျောင်းအုပ်ကြီးက ခံစားချက်ဖြင့် ဆက်ပြီးပြောသည်။
“ကလေးတွေကို အခြေခံပညာကျောင်းတွေမှာပဲ ရှိစေချင်တယ်။ အခြေခံပညာကျောင်းတွေမှာ ချမ်းသာ သူလည်း ရှိတယ်။ ဆင်းရဲသူလည်း ရှိတယ်။ စာတော်သူလည်း ရှိတယ်။ စာညံ့သူလည်း ရှိတယ်။ တစ်ကိုယ် ကောင်းဆန်သူလည်း ရှိတယ်။ အများအကျိုး ဆောင်သူလည်း ရှိတယ်။ လက်လုပ်လက်စား သားသမီးလည်း ပါတယ်။ အရာရှိသားသမီးလည်း ပါတယ်။ အရောင်အသွေးစုံတယ်။ ကလေးအချင်းချင်း ဘဝရဲ ့ အနှစ်သာရကို သင်ကြားပေးတယ်။ ကျောင်းဆိုတာ သင်ရိုးတစ်ခုတည်း ကျွမ်းကျင်အောင် သင်ပေးတဲ့ နေရာမဟုတ်ဘူး။ လူငယ်တစ်ယောက်ရဲ ့ ဘဝကို မှန်မှန်ကန်ကန် ဖြတ်သန်းတတ်အောင် အချိန်ရင်းပြီး လေ့ကျင့်ပေးတဲ့ နေရာပဲ။ ဒါတွေကို အချို ့မိဘတွေက မသိကြဘူး။”
(မှန်ပါတယ်။ အခြေခံ ပညာကျောင်းတွေရဲ ့ အားသာချက်က အဲဒါပါ။ ဒါပေမဲ့ မိဘများအနေနဲ့ကလည်း သား သမီးရဲ ့ အနာဂတ်အတွက် ပညာတ်ဖို့ဆိုတဲ့ စိတ်ကလေးနဲ့ စဉ်းစားကြတော့ ဒီအချက်တွေကို သတိမမူမိကြတာ တွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် အထက်မှာ ပြောခဲ့သလို ချို ့ယွင်းချက်၊ အားနည်းချက်တွေကို ပြင်နိုင်ရင် အစိုးရကျောင်းများကို ပိုပြီး အာရုံစိုက်လာကြမှာပါ။ ဒီနေရာမှာ တစ်ခု ထပ်ပြောချင်ပါတယ်။ အချို ့သော မိဘ တွေကတော့ စီးပွားရေးကိုပဲ အာရုံစိုက်နေကြတာ ကိုယ့်သားသမီး ဘယ်အတန်းရောက်နေတယ်ဆိုတာတောင် မသိတာမျိုးလည်း တွေ့ဘူးပါတယ်။ ပိုက်ဆံပေးလိုက်ရင် ပြီးရောလို့ ထင်နေကြသူများလည်း ရှိပါတယ်။)
ကျောင်းဆရာက စကားဆိုပြန်သည်။
“ကျွန်တော်သိသလောက်တော့ ကိုယ်ပိုင်ကျောင်းကြီးတွေ ဘော်ဒါဆောင်ကြီးတွေက အောင်ချက် ကောင်းတယ်။ ကလေးတွေကို စာတော်၊ စာညံ့အုပ်စုခွဲပြီး လေ့ကျင့်ပေးတယ်။ စားမေးပွဲမှန်မှန်စစ်တယ်။ ဒါကြောင့် မိဘတွေ ကြိုက်ကြတာဗျ။”
(ဒါကလည်း မှန်သည်။ ကျွန်တော်တို့ဆီမှာက Exam Oriented စာမေးပွဲအောင်ခြင်းက ပိုအရေးကြီးနေသည်။ တတ်ခြင်း မတတ်ခြင်းက အရေးမကြီး။ မိဘတွေကလည်း ဒါကို မစဉ်းစား၊ အချိန်တန်ရင် ဘွဲ့ရဖို့။ ပြီးလျင် ပြန်အသုံးချစရာ နေရာက မရှိ။ အဲဒီတော့ ကျောင်းသားကိုယ်တိုင်ကလည်း တတ်ဖို့ မစဉ်းစား။ ထိုသို့ အခြေအနေတွင် ဆရာအချို ့ကလည်း အဲဒီလမ်းစဉ်နောက်ကို လိုက်သွားကြသည်။)
“ကျုပ်ပြောချင်တာ အဲဒါပဲ။”
ကျောင်းအုပ်ကြီးက စကားကို ဖြတ်ပြီး ဝင်၍ပြောသည်။
“ကလေးတွေကို စာတော်၊ စာညံ့ခွဲတာကိုက အဓိပ္ပါယ်မရှိဘူး။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ အမှတ် ကောင်းတိုင်း လူတော်မှ မဟုတ်ဘဲ။ စာတော်တာနဲ့ လူတော်တာကို ခွဲခြားနားလည်ဖို့တော့ လိုမယ်။ စာတော်တဲ့သူတွေကို အတ္တကြီးအောင် သင်မပေးသင့်ဘူး။ ဒီလိုပဲ ယောက်ျားလေးသက်သက်၊ မိန်းကလေး သက်သက် ခွဲခြားပြီးလည်း အတန်းကို မထားသင့်ဘူး။ အတန်းထဲမှာ နေ့စဉ်မြင်တွေ့ခွင့် ရှိနေဖို့လည်း လို်တယ်။ ဒါမှ သူငယ်ချင်းဆိုတဲ့ သဘာဝကို သူတို့ နားလည်မှာ။ အခုတော့ မိဘအကြိုက် ဖန်တီးထားတဲ့ စည်းကမ်းတွေနဲ့ လူငယ်တွေကို ထိန်းကွပ်ကြတယ်။ လူငယ်တွေရဲ ့ ခံစားချက်ကို ထည့်မတွက် ကြဘူး။
(ဒီအချက်ကလည်း အင်မတန် အရေးကြီးသည်။ ကျွန်တော်တို့ လူကြီးများသည် ကိုယ်ပြောတာအမှန်၊ မင်းတို့ ငါခိုင်းတဲ့အတိုင်း လုပ်၊ ငါလုပ်သလို လုပ် ဆိုတဲ့ ရှေးယိုးစွဲ အနေအထားကိုလဲ ဖြောက်ဖို့လိုသည်။)
ကျွန်တော် ဒီစကားဝိုင်းမှာ နားထောင်သူဖြစ်နေသည်။ နားထောင်ရင်း စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
ကျွန်တော့် စာသင်ခန်းထဲမှ စာတော်တယ်ဆိုတဲ့ တပည့်တွေ အများကြီး ထွက်ခဲ့ဖူးသည်။ ကျွန်တော့် သူငယ်ချင်းဆရာတချို ့ရဲ ့ တပည့်တွေဆို တော့(ပ်)တန်း တွေထဲတောင် ပါကြသတဲ့။ ဒီလိုတော်တဲ့ လူငယ်တွေ အခုလို တိုင်းပြည်ထူထောင်နေချိန်မှာ ဘယ်ပရဟိတ လုပ်ငန်းမှာမ မတွေ့ရပါ။ သူတို့က သူတို့ အမြဲတော်နေဖို့ သာ အမြဲကြိုးစားနေကြသည်။ အများတော်ဖို့ အမြဲမကြိုးစားကြပါ။
“ဒီမယ် ဆရာဘုန်းရေ။ ကျုပ်မြေး ကိုယ်ပိုင်ကျောင်းက ပြန်လာတာ ကျောင်းအတက်မှာ နိုင်ငံတော် သီချင်း မဆိုဘူးတဲ့ဗျာ။ ဘုရားဝတ်မတက်ဘူးတဲ့ဗျာ။ အချိန်ကုန်လို့တဲ့။ သူတို့အတွက် ဘယ်မှာလဲ ကစားချိန်၊ ဘယ်မှာလဲ နားချိန်၊ အချိန်တိုင်း စာမှ စာ။ ဒီလိုနဲ့ ချာမှ ချာ လူငယ်တွေ ဖြစ်ကုန်တော့မှာပဲ။ ကျောင်းဆိုတာ နိုင်ငံချစ်စိတ်ကိုလည်း သင်ပေးရတယ်ဗျ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ဖန်တီးပေးရတယ်ဗျ။ အခုတော့ဗျာ။”
(ဒါကလည်း အင်မတန် အရေးကြီးသည်။ ပိုဆိုးသည်က စာမှ စာ လုပ်လွန်ကြသဖြင့် နားချိန်၊ ကစားချိန်မရှိ။ နောက်ဆုံးတော့ ကလေးတွေက စာအုပ်ထဲက စာကလွဲပြီး ဘာမှာမသိကြတော့)
ကျောင်းဆရာက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
“လူတွေက ပိုက်ဆံများများပေးရမှ တန်ဖိုးရှိတယ် ထင်ကြတာ။ အဲဒီ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို လူတစ်ချို ့က လုပ်စားကြတယ်။ လူအ,တွေက ကုန်မှမကုန်ဘဲ။ ဘာပဲဖြစ်ဖြစ် အခြေခံ ပညာကျောင်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုလေးစားသင့်တယ်။(လေးစားသင့်ပါတယ်။ ဒါပေမဲ့ ကျောင်းတိုင်း ဆရာ၊ ဆရာမတိုင်းက လေးစားစရာ မကောင်းနေတာကိုလည်း အများကြီး ပြင်ရပါမယ်။ အင်မတန်မှ လေးစားကြည်ညိုစရာ ကောင်းတဲ့ ဆရာ၊ဆရာမများလည်း အများပါပဲ။) ဘာကြောင့်လည်းဆိုတော့ ဒီနေ့ ပညာတတ်ဆိုတဲ့ လူတွေ အားလုံးဟာ အခြေခံပညာ ကျောင်းထွက်တွေချည်းပဲ။ ကိုယ်နေခဲ့တဲ့ ကျောင်း ကောင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ အချို ့က မေ့နေကြတယ်။ ကိုယ့်သားသမီး နေတဲ့ကျောင်း မိဘမှာ တာဝန်ရှိတယ်ဆိုတာ သတိမရကြဘူး။ (ဒါလေးကတော့ နဲနဲ စဉ်းစားစရာ ကောင်းပါတယ်။ အပြည့်အဝ တာဝန်ရှိတယ်လို့တော့ မဆိုနိုင်ဘူးလို့ထင်ပါတယ်။ သက်ဆိုင်ရာ ကျောင်းတွေမှာ မိဘဆရာ အသင်းတွေရှိ ပေမဲ့ သူတို့လဲ အတိုင်းအတာတစ်ခုအထိပဲလို့ ထင်ပါတယ်။ အပြည့်အဝလို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော် ထင်တာပါ) တကယ်တော့ အခြေခံပညာကျောင်းတွေမှာသာ ကျောင်းအင်္ဂါရပ် ပြည့်ပြည့်စုံစုံ ရှိတယ်။ အုပ်ချုုပ်မှု ပုံစံကျပြီးသား။ ကိုယ်ပိုင်ကျောင်းတွေကိုလည်း တကယ်စည်းကမ်းနဲ့ ညီမှ ခွင့်ပြုသင့်တယ်။ ဘာကြောင့်လဲဆို တော့ အနာဂတ်ရဲ ့ လူငယ်တွေ၊ သားသမီးငယ်တွေကို သူတို့လက်ထဲအပ်ရမှာလေ။ ကျောင်းကြီးစည်းကမ်း အတိုင်း နိုင်ငံတော်သီချင်းဆိုရတာ၊ ဘုရားဝတ်တက်ရတာကို အချိန်ကုန်တယ်လို့ မြင်နေရင်တော့ ရင်လေးစရာပဲ။ တိုင်းပြည်ရဲ ့ အနာဂတ်ကို သူတို့ထည့်တွက်ဖို့ လိုတယ်ဗျ။ ငွေကြေးတစ်ခုတည်း မကြည့် သင့် ဘူး။”
(ဒီနေရာမှာ စဉ်းစားစရာတွေ ထပ်တွေ့ပါတယ်။ အခြေခံပညာကျောင်းတွေမှာသာ ကျောင်းအင်္ဂါရပ် ပြည့်ပြည့်စုံစုံ ရှိတယ်ဆိုတာကတော့ အပြည့်အဝ မဖြစ်နိုင်ပါဘူးလို့ ပြောချင်ပါတယ်။ နောက်ပြီး အုပ်ချုပ်မှု ပုံစံ ကျပြီးသား ဆိုတာကလည်း စနစ်က စာရွက်ထဲမှာသာ ရှိနေပြီး လက်တွေ့ မပါတာတွေ ရှိနေတုန်းပါပဲ။ ကိုယ်ပိုင် ကျောင်းတွေ ဖွင့်ခွင့် ပေးရင်လည်း စည်းကမ်း ကို စနစ်တကျ ဆောင် ရွက် ကြပ်မတ်သင့်ပါတယ်။ ဒီရက် ပိုင်းမှာ အသံတွေ ကြားနေရပါပြီ။ အတန်းက လူသိပ်များနေတာ အတန်းမခွဲပေးတာမျိုး။ စီးပွားရေးလုပ်သူများကို နားလည်နိုင်ပေမဲ့ ပညာရေးနဲ့ စီးပွားရေး လုပ်မယ်ဆိုရင် နေရာတိုင်းမှာ ငွေမျက်နှာကို ကြည့်လို့ မရပါဘူး။ ဒါပေမဲ့ ငွေကို ဦးစားပေးနေသူများ ရှိနေတာ အသေအချာပါ။)
ကျွန်တော် ဘာပြောရမှန်း မသိပါ။ ကျွန်တော်ကိုယ်တိုင် ပြင်ပမှာ စာသင်နေတဲ့ ဆရာတစ်ယောက်ပါ။ သူတို့နှစ်ဦးပြောတာကို ကျွန်တော်နားထောင်ရင်း စဉ်းစားနေမိသည်။ “ဆရာတွေရဲ ့ အသိဉာဏ်သည် တိုင်းပြည် ရဲ ့ အနာဂတ်ဖြစ်၏။ ဆရာတွေရဲ ့ စိတ်ဓါတ်သည် တိုင်းပြည်ရဲ ့ ကံကြမ္မာဖြစ်၏။ ဆရာတွေရဲ ့ ရင့်ကျက်မှုသည် တိုင်းပြည်ရဲ ့ ရောင်နီဦးဖြစ်၏။ ဆရာတွေရဲ ့ အနစ်နာခံနိုင်စွမ်းသည် တိုင်းပြည်ရဲ ့ လမ်းပြကြယ်ဖြစ်၏။ ဆရာတွေ ရဲ ့ အကျင့်စရိုက်သည် တိုင်းပြည်ရဲ ့ အားဖြစ်၏။ ဆရာတွေရဲ ့ မေတ္တာတရားသည် တိုင်းပြည်ရဲ ့ ငြိမ်းချမ်းရေး ဖြစ် ၏။ ဆရာတွေရဲ ့ စာဖတ်စွမ်းအားသည် တိုင်းပြည်ရဲ ့ နှလုံးသားဖြစ်၏။”
ထိုနေ့က လက်ဖက်ရည်ဝိုင်းတွင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးသည် သူ၏ခံစားချက်များကို ပြောသွား သည်။ ကျောင်းဆရာကလည်း သူ၏ အမြင်ကို ဝမ်းပန်းတနည်း စကားဆိုသွားကြသည်။ ကျွန်တော်က စကား တစ်ခွန်းသာ ဝင်၍ပြောမိသည်။
“ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့် ရှိတဲ့စနစ်ပဲ။ ကြိုက်ရာ ရွေးကြပါစေ။ အချိန်တန်ရင် အစစ်အမှန်တွေသာ နေရာရလာကြမှာပါ။ အချိန်က စကားပြောပါလိမ့်မယ်……………. ဆရာတို့ရယ်။ သေချာတာ တစ်ခုကတော့ ပညာရေးဆိုတာ သင်ရိုးကျွမ်းကျင်ရုံ တစ်ခုတည်း မဟုတ်ဘူးဆိုတာပါပဲ။ အမှတ်ကောင်းတိုင်း စာတော်တိုင်း “ဘဝအရ မတော်ဘူး” ဆိုတာ မိဘတွေ အချိန်တန်ရင် သိလာမှာပါ။ သူ့တန်ဖိုးနဲ့ သူပေါ့ဗျာ။ ရွေးချယ်ခွင့်ပေးပြီးမှ အမှန်အမှားကို ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။
(ဆရာဘုန်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို အချိ်န်ကို စောင့်ရင် တိုင်းပြည်ရဲ ့ အနာဂတ် လူငယ် များ ဘယ်အခြေအနေကို ရောက်သွားမလဲ။ ဆိုးတာက ကျွန်တော့်အမြင် ပညာရေးစနစ်မှာ စားမေးပွဲကို ဂုဏ် ထူးများများ၊ အမှတ်ကောင်းကောင်းအောင်ရေး Exam Oriented ကို အဓိက ထားနေတာကိုက မှားနေတယ် လို့ မြင်မိပါတယ်။ ဒါကြောင့်လည်း အသေအချာ နားမလည်ကြသော မိဘများက ပိုက်ဆံတတ်နိုင်ရင် အပြင် ကျောင်းမှာပဲ ထားကြတယ်။ ပိုကောင်းတယ်လို့ ထင်တယ်။ အခုပဲ အထက်တန်း အောင်စာရင်း ထွက်တာ မကြားသေးပါဘူး။ သတင်းစားမှာ ဂုဏ်ထူးရတာတွေကို ကြွားနေလိုုက်ကြတာ။)
လက်ဖက်ရည်ဆိုင်ထဲသို့ ဆံပင်ထိုးထိုးထောင်ထောင် အဝတ်အစားကို မသပ်မရပ် ဝတ်ဆင်ထားသော လူငယ်တစ်သိုက် ဝင်လာသည်။ လက်ထဲတွင်လည်း စီးကရက် တကားကားနှင့်။ ဆိုင်ကယ်စီးလာသော်လည်း ဦးထုပ်မဆောင်းကြ။ လူအများထိုင်နေသည့် လက်ဖက်ရည်ဆိုင်ထဲတွင် အော်ကြီးဟစ်ကျယ်ဖြင့် စကားပြောပြီး တဟားဟား ရယ်နေကြသည်။
“ဪ……….ဒါဟာ ပညာရေး မဟုတ်ဘူးလားဗျာ”
(ရင်လေးစရာ ကောင်းတာတော့ အမှန်ပါပဲ။ လက်ဖက်ရည်ဆိုင်တင်မက ဆယ်ကျော်သက်များ ဘီယာဆိုင် ထိုင်နေကြသည်ကို တွေ့နေရသည်။ ၁၈ နှစ် မပြည့်သေးဟု ယူဆနိုင်သော သူများဖြစ်သည်။ ဘယ်ဘီယာဆိုင် ကမှ မှတ်ပုံတင်စစ်ပြီး အရက်၊ ဘီယာရောင်းမည်မဟုတ်။ မြန်မာပြည်မှာ ပြုပြင်စရာများက များလှသည်။ )
6 comments
mgwalone
June 16, 2012 at 12:06 am
ခေါင်းစဉ် စာလုံးပေါင်း မှားသွားတာ တောင်းပန်ပါသည်။ ဦးဘုန်း (ဓာတု) ဖြစ်ပါသည်။
မောင်ပေ
June 16, 2012 at 8:58 am
ရေးပြသွားတဲ့အကြောင်းတွေဟာ နှိုက်၂ချွတ်၂ ဆွေးနွေးကြရမယ့် ကိတ်စတွေပါဘဲ ။
လော၂ဆယ် ၁ဝယူ ရင်း ၂ပေးသွားပါတယ်
ညပိုင်းမှ ၂ထပ်လာပေးရင်း ထပ်ပြီးပြောပါမယ်။
Aung
June 16, 2012 at 9:20 am
မောင်ဝလုံး ခင်ဗျာ
ကျွန်တော်လည်း ဖတ်ရအောင် နေ့စွဲလေး ပြောပေးပါလား
နောက်ပြီး ၉.၆.၂၀၁၂ နေ့ မန္တလေး သတင်းစာမှာ ဦးဘုန်း(ဓာတု)ရဲ့
” သောက်ရေအိုး” ဆောင်းပါးလေးလည်း ဖတ်ကြည့်ပါဦး ကျွန်တော်လည်း
ပို့စ် ရေးချင်တာ ဒါပေမဲ့ စာရေးတာ မကျွမ်းကျင်သေးဘူးဗျာ
mgwalone
June 16, 2012 at 6:47 pm
ကို်အောင်ရေ
၁၃-၆-၁၂ နေ့ထုတ် ရတနာပုံ သတင်းစာမှာပါ။ သောက်ရေအိုး ဆောင်းပါးကို သိမ်းထားပါတယ်။ သေချာဖတ်လိုက်ပါဦးမယ်။ အစပိုင်းလေး ဖတ်ပြီး ဆက်ဖတ်မယ်ဆိုပြီး မေ့နေတာ။ ကျေးဇူးတင်ပါတယ်
သားဦး၊မြေးဦး
June 16, 2012 at 10:02 pm
အစိုးရ အထက်တန်းကျောင်းကိုလဲ မေ့ထားလို ့မဖြစ်ဘူးထင်ပါတယ်။
နောက်မှ ထပ်ဆွေးနွေးပါရစေဗျား။
mgwalone
June 17, 2012 at 5:56 am
မှန်ပါတယ်။ အစိုးရ အထက်တန်းကျောင်းတွေကို ကျွန်တော်တို့ မမေ့ပါဘူး။ ကျောင်းသားလူငယ်များ အတွက် ဒီ အခြေခံပညာ ကျောင်းများဟာ အကောင်းဆုံးပါ။ လက်ရှိအနေအထားမှာ ဖြစ်ပေါ်နေတဲ့ လိုအပ်ချက်တွေကို ပြင်နိုင်မယ်ဆိုရင်ပေါ့။ ဆိုလိုတာက အစိုးရကျောင်းအားလုံး၊ သင်နေတဲ့ ဆရာများ အားလုံး မကောင်းဟု မဟုတ်ပါ။ ကျွန်တော်တို့ကိုယ်တိုင် ဒီကျောင်းတွေက ထွက်လာတာပါ။ ဒါပေမဲ့ အားမရမိတာတွေက ရှိနေတယ်။ နောက်ဒီနေ့ခေတ်မှာ ကြားနေရတာတွေက စိတ်မချမ်းသာစရာ။ သူငယ်တန်း ကလေးက ကျုရှင်တက်နေရတယ်။ ဘယ်သူ့ဆီမှာလဲဆိုတော့ အတန်းပိုင် ဆရာမဆီမှာ။
ချုပ်ပြောရရင် ပြင်ပကျောင်းများမှာလည်း လိုအပ်ချက်တွေ ရိနေတယ်။ အစိုးရကျောင်းတွေမှာလဲ လိုတာ်တွေ ရှိနေတယ်။ ဒီထက်ဆိုးတာက စာမေးပွဲမှာ ဂုဏိထူးများများ၊ အမှတ်များများ ရဖို့ဆိုတဲ့ ရည်မှန်းချက်က ကျောင်းပညာရေးရဲ ့ အဓိက ရည်မှန်းချက် ဖြစ်နေတာက ဆိုးတာပါ။ စာသင်တယ်ဆိုတာ တတ်အောင်သင်ဖို့က အရေးကြီးတယ်လို့ မြင်မိပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ၊ ပြီးလဲသွားရော ဘာမှ မသိတော့ဘူးဆိုရင်တော့ ဒါဟာ ပညာရေးလို့ ပြောလို့ မရနိုင်ဘူးထင်ပါတယ်။