သစ်မွှေး သို့မဟုတ် ချမ်းသာခြင်းရဲ့ လျှိ့ဝှက်ချက်တခု
အားလုံးပဲ မင်္ဂလာပါ
ဒါကြော်ငြာ တစ်ခုလို့ပဲ ယူဆရင်လဲ ရပါတယ်။
ဒါမှမဟုတ် သင့်ဘဝအတွက် ပြီးပြည့်စုံမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ သတင်းစကားဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။
သစ်မွှေး သစ်မွှေး နဲ့ နာမည်တွေကြီးနေပြီး စိတ်ဝင်စားသူများအတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။
မိမိတို့ ပတ်ဝန်းကျင်၊ မိတ်ဆွေများ စိတ်ဝင်စားသူအားလုံးကို အလိုရှိက ဖြန့်ဝေနိုင်ပါတယ်။
ကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးနဲ့ပတ်သက်တဲ့အကြောင်း soft copy ကို attached လုပ်ပြီးပို့လိုက်ပါတယ်။
ပုံတွေကို ထည့်ချင်ပေမယ့်လည်း connection အခက်အခဲကြောင့် စာတွေချည်းပို့လိုက်ရပါတယ်
နောက်သစ်မွှေး ပျိုးပင်ဈေးနှုန်းကိုပါ ပြောပြလိုက်ပါတယ်
ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ်
၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ်
၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ်
၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ်
၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ်
၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။
ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ်
ဒီမှာ ကျနော်တခုပြောချင်တာက အများက အမှတ်မှားနေတာလေးပါ။ ယိုးဒယားမျိုးဖြစ်တဲ့ Sub-integra မျိုးက ပိုကောင်းတယ်ဆိုတာလေးပါ။ အခုဆိုရင် ကိုသီဟလည်းသိမှာပါ။ ဘာဖြစ်ဖြစ် နိုင်ငံခြားကိုမှ အထင်ကြီးတဲ့စိတ်ဓာတ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်ဟာ ကမ႓ာ့သစ်မွှေးဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုဈေးကွက်နဲ့ ရောင်းရတဲ့အတွက် မြန်မာ့သစ်မွှေးဟာ မျိုးကောင်းသော်လည်း လူရာမဝင်ဖြစ်ပြီး ထိုင်းဈေးကွက်ကပဲ နာမယ်ရနေတာလေးကို သတိပြုစေချင်ပါတယ်။
ခင်မင်လေးစွာဖြင့်
ကိုဝေအောင်
Green Agarwood
သစ်မွှေးပင် ဆိုသည်မှာ…
သစ်ပင်၏အသားထဲမှ အမွှေးရနံ့ထွက်သော အပင်ကိုမဆိုလိုပါ။
သစ်မွှေးသည် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်း (Non-Timber Forest Product) NTFP ဖြစ်သည်။
သဘာဝအတိုင်းသော်၎င်း၊ ဆေးသွင်းခြင်းဖြင့်သော်၎င်း ပင်စည်အတွင်းသားထဲ၌ ရှားပါး၊ အဖိုးတန်သည့်၊ ထူးကဲသော မွှေးရနံ့ထွက်လျက်၊ အဆီခဲဖြစ်တည်နေသည့် အပင်ကို သစ်မွှေးပင်၊ မြန်မာအခေါ် အကျော်ပင်(Agarwood) ဟုခေါ်ဆိုပါသည်။
သက်တမ်းအားဖြင့် နှစ် ၅ဝ မှ ၁၀ဝ ကျော်အထိရှိတတ်ပြီး ပေ ၁၃ဝ ကျော်အထိ မြင့်မား ကာ ရင်စို့လုံးပတ်အချင်း ၄ပေကျော်အထိရှိသည်။
သဘာဝပေါက်ပင်များကို စိုထိုင်းဆများပြီး ရေစီးရေလာကောင်းသော သဲမြေ၊ ဂဝံမြေ၊ စိမ့်မြေ၊ ကျောက်သားထူထပ်သောမြေများတွင်ပင် တွေ့ရတတ်သည်။
ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၁၀၀ဝ ကျော်(ပေ ၃၀၀ဝကျော်)အထိ ပေါက်ရောက်ပြီး ဆင်ခြေရှောမြေမျိုးတွင် အဖြစ်များသည်။
မိုးရေချိန် ၁နှစ်ပျမ်းမျှ ၁၈၀ဝမီလီမီတာမှ ၂၅၀ဝမီလီမီတာ အတွင်းပေါက်ရောက်နိုင်သည်။
တစ်နှစ်အတွင်း (ဆောင်းတွင်း) ပျမ်းမျှအပူချိန် ၁၅ မှ ၁၈ ဒီဂရီစင်တီဂရိတ်နှင့် (နွေရာသီ) ပျမ်းမျှအပူချိန် ၃၂ မှ ၃ရ ဒီဂရီစင်တီဂရိတ်အတွင်း ပေါက်ရောက် ရှင်သန်နိုင်သည်။
မြေအမျိုးအစားအားဖြင့် အချဉ်ဓါတ်အနည်းငယ်ပိုသော (acidic) pH. Level 5 မှ 6.5 အတွင်းရှိလျှင် ပိုမိုဖြစ်ထွန်းသည်။
ပင်လယ်ရေမျက်နှာပြင်မှ မီတာ၁၀၀ဝအထက်ကချင်ပြည်နယ်ရှိ အေးမြသောတောင်တန်း များတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ပူပြင်းသောဒေသများတွင်လည်း သဘာဝ အလျောက် ပေါက်ရောက်နေသောကြောင့် မြန်မာနိုင်ငံ မည်သည့်နေရာတွင်မဆို ရေမဝပ် စေရန် ပြုပြင်စိုက်ပျိုးနိုင်ပါက လယ်မြေများတွင်ပင် စိုက်ပျိုးနိုင်သည်ကို တွေ့နိုင်ပေသည်။
မူလဗီဇအရ မြင့်သောတောင်ကုန်းများ၊ အအေးပိုသောဒေသများတွင် ပို၍အဖြစ်များ ကြောင်းတွေ့ရသည်။ ထို့ကြောင့် ဥတုရာသီကိုလိုက်၍ (သဘာဝကို တုပ၍) ပြုပြင်ဖန်တီး စိုက်ပျိုးနိုင်လျှင်လည်း မြန်မာနိုင်ငံ မည်သည့်နေရာမျိုးတွင်မဆို စိုက်ပျိုးနိုင်ကြောင်း တွေ့ရှိရသည်။
သစ်မွှေးအမျိုးအစားများနှင့် သစ်မွှေး၏ သွင်ပြင်လက္ခဏာ
- သစ်မွှေးသည် မျိုးရင်း Thymelaeaceae တွင် ပါဝင်သော မျိုးစိတ် Aquilaria သစ်မွှေးမျိုး ဖြစ်ကာ သဘဝအလျောက် ဖြစ်တည်သော အဆီခဲဖြစ်တည်နိုင်သော အပင်ဖြစ်သည်။
- ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။
- အောက်ဖော်ပြပါဇယားသည် သစ်မွှေးမျိုးစိတ် (၁၅) မျိုး၏ သိပ္ပံအမည်နှင့် ၎င်းတို့ပေါက် ရောက်ရာဒေသရင်းတို့၏ အမည်များကို ဖော်ပြထားသည်။
ဟိမဝန္တာတောင်ခြေမှ ပါပူအာနယူးဂီနီကျွန်းအထိ အိုမန်၊ အီရန်အရှေ့ပိုင်း၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ်ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ပါပူအာနယူးဂီနီကျွန်းစသော ဒေသများ သဘာဝအလျောက်ပေါက်ရောက်သည်။
၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
အပင်ကြီးမျိုးဖြစ်သောကြောင့် သက်တမ်းအားဖြင့် နှစ် ၅ဝ မှ ၁၀ဝ ကျော်အထိရှိတတ်ပြီး ပေ ၁၃ဝ ကျော်အထိ မြင့်မား ကာ ရင်စို့လုံးပတ်အချင်း ၄ပေကျော်(လုံးပတ် ၁၂ပေကျော်) အထိရှိသည်။ လျှော်ပင်ကဲ့သို့ အပင်မျိုးဖြစ်ကာ အခေါက်ကို ဆွဲခွာလျှင် အပင်ခြေမှ ထိပ်ဖျားထိရောက်သည်။
ပင်စည်သည် ငယ်စဉ်က လုံးဝန်းဖြောင့်တန်း ကာတက်၍ ကောက်ကွေးဖုထစ်ခြင်း မရှိပေ။ ပင်စည်အခြေမှ ပင်ပူး၊ ပင်ပိုးများရှိတတ်ပြီး အပွေးသည် (ငယ်စဉ်အခါ) ချောမွတ်ပြီး မီးခိုး ဖျော့ရောင်နှင့် မီးခိုးရောင်ဟူ၍ ၂မျိုးရှိသည်။
အမြဲစိမ်းတောအပင်မျိုးဖြစ်၍ ရာသီမရွေး စိမ်းလန်းနေတတ်သည်။ အရွက်လွှဲထွက်သော အပင်မျိုးဖြစ်ပြီး အရွက် တရွက်စီ ခပ်ကျဲကျဲ (၁လက်မခန့်) ခွဲထွက်သည်။ ရွက်ညှာတို၍ ရွက်ကြောမှာ လှိုင်းတွန့်လေး များရှိသည်။
- အရွက်မျက်နှာပြင်သည် ချောမွတ်၍ အမွှေးနုများ လုံးဝမရှိပေ။ အရွက်သည် ငှက်တောင် မွှေးသဏ္ဍာန်ရှိပြီး အနံ ၁လက်မခွဲ၊ အလျား ၂~၃လက်မ အထိရှိတတ်ပြီး ခေpွးသွားစိပ်မပါ ရွက်ဖျားချွန်သည်။
- ရေမြေသဘာဝ ရာသီဥတုသင့်တင့်ကောင်းမွန်လျှင် အပင်သက်တမ်း၄နှစ်မှ စ၍ပွင့်သည်။ (ဟော်မုန်းဖောက်ပြန်သောကြောင့် ၂နှစ်သားကျော်အရွယ်တွင် စော၍ပွင့်တတ်သော် လည်း အသီးမသီးသေးပေ။) အပွင့်သည် အလွန်သေးငယ်၍ နူးညံ့သည်။ ပွင့်ဖတ်သည် အဖြူရောင်ဖြစ်ပြီး အလယ်မှာ အဝါရောင်သန်းသည်။ ပွင့်ညှာသည် အလွန်တိုတောင်း၍ ပန်းခိုင်ကဲ့သို့ အဆုပ်လိုက်ပွင့်သည်။ မတ်လ၊ ဧပြီလများတွင်ပွင့်၍ တစ်နှစ်တွင် တစ်ကြိမ် သာ ပွင့်သည်။
- အသီးမှာ အနံ ၁လက်မ၊ အရှည် ၂လက်မ အထိရှည်ပြီး လုံးဝိုင်းကာ အညှာဘက်တွင် အနည်းငယ်ချွန်သည်။ အသီးများသည် ကိုင်းဖျားတွင် တစ်လုံး၊နှစ်လုံးမှ ဆယ်လုံးခန့် အထိ အပြွတ်လိုက် သီးလေ့ရှိသည်။ အသီးသည် မေလ၊ ဇွန်လများတွင် သီးလေ့ရှိပြီး ဇူလိုင်လ၊ ဩဂုတ်လများတွင် ရင့်မှည့်ကာ ကြွေကျသည်။ ရင့်မှည့်လာသည့်အခါ အသီးခွံ မှာ အရောင်မပြောင်းဘဲ အစေ့ကသာ အညိုရောင် (သို့) အနက်ရောင်သို့ ပြောင်းလေ့ရှိ သည်။ အများအားဖြင့် အသီးတလုံးတွင် အစေ့၂စေ့ပါဝင်သည်။ အစေ့သည် အောက်ပိုင်း လုံးပြီး အဖျားရှူးကာချွန်သွားသည်။ အဖျားပိုင်းသည် နီညိုရောင်သန်းသည်။ ရင့်မှည့်လျှင် ၂ခြမ်းကွဲအာကာ ပင့်ကူမျှင်ကဲ့သို့ အမျှင်တန်းလန်းဖြင့် တွဲလောင်းကျသည်။
ရင့်မှည့်ပြီး ၃~ ၅ရက်ကြာလျှင် ကြွေကျပြီး ၂၄နာရီအတွင်း ပျိုးထောင်စိုက်ပျိုးရသည်။ ရက်ကြာလျှင် အပင်ပေါက်နှုန်း နည်းသည်။ အစေ့များကို ခါချဉ်၊ ပုရွက်ဆိတ်များကြိုက်၍ ပျိုးထောင်စိုက်ရာတွင် ဂရုစိုက်ရမှု အလွန်လက်ဝင်သည်။
ကောင်းမွန်သောရာသီဥတုပတ်ဝန်းကျင်တွင် စိုက်ပျိုးခြင်း၊ ဖြစ်ပေါ်လာသော မှိုရောဂါ၊ ပိုးကျမှုတို့ကို ထိရောက်သောကာကွယ်နည်းစနစ် မှန်ကန်ခြင်း၊ ပျိုးပင်တို့ကို သေချာစွာ ကိုင်တွယ်ပြုစုကာ စိုက်နည်းစနစ်မှန်ကန်ခြင်း စသောအချက်များကို အပြည့်အဝလုပ် ဆောင်နိုင်ပါမှ မျိုးစေ့ ၁၀ဝလျှင် ပျိုးပင်(၁နှစ်သားအရွယ်) ၅ဝပင်သာပေါက်နိုင်သည်။
ရှေးအခါ သစ်မွှေးအပေါ် ယုံကြည်မှု နှင့် အသုံးဝင်ပုံ
သစ်မွှေးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ဝကျော်ကပင် အာရိယာန်လူမျိုးတို့က အစောဆုံး တွေ့ရှိသည်ဟု အဆိုရှိခဲ့သည်။ ကရစ်ရှနားနတ်ဘုရား၏ လက်ကိုင်တူရိယာပလွေသည် သစ်မွှေးဖြင့်ပြုလုပ်ထားသည်ဟု အိန္ဒိယနိုင်ငံ၊ ဟိန္ဒူဘာသာဝင်များက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။
ဂေါတမရှင်တော်ဘုရား၏ ရုပ်ကလာပ်တေဇောဓါတ်လောင်ကျွမ်းရာ၌ ရှစ်ပြည်ထောင်မင်း တို့က သစ်မွှေးဆီခဲများကို အလေးအမြတ်ပြု ပူဇော်ခဲ့ကြကြောင်း သုတေသီများက ဖော်ပြထားသည်။
အိန္ဒိယအာယုဗေဒကျမ်းများတွင် အသက်ရှည်ဆေးအဖြစ် သစ်မွှေးဆီများကို မီးရှို့ရှုရှိုက်ပါက ရောဂါဘယကင်းစင်စေပြီး ကိုယ်ခံစွမ်းအား မြှုင့်စေသည့်အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးနိုင်သည်ဟု ဖေါ်ပြထားသည်။
ခရစ်တော်ယေရှု၏ ဈာပနကို သစ်မွှေးဆီ/ခဲ များဖြင့် အထွတ်အမြတ်ပြု ပူဇော်သဂြိုဟ်ကြ ကြောင်း ဟီးဘရူးကျမ်းစာ၌ ဖော်ပြထားသည်။
အိုမန်နိုင်ငံသားတို့သည် ဘုရားကျောင်းဝတ်ပြုရာ၌၎င်း၊ ဘာသာရေးပွဲတော်/အခမ်းအနား များ၌၎င်း၊ လူ့အသုံးအဆောင်ကုန်ပစ္စည်းများ၌ အမွှေးအကြိုင်အဖြစ် သုံးစွဲရာတွင်၎င်း၊ သစ်မွှေးဆီကို အသုံးပြုခဲ့ကြသည်။
အာရှတိုက်နှင့် ဥရောပတိုက်ရှိ နိုင်ငံအချို့တွင် ခရစ်ယန်ဘုရားကျောင်းများ၌ သစ်မွှေးကို မီးရှို့ပူဇော်ခြင်းကို ယနေ့တိုင် အလေးအမြတ်ထား ပြုလုပ်နေကြဆဲ ဖြစ်သည်။
အေဒီ ၁၁ရာစုခန့်ကပေါ်ပေါက်ခဲ့သော Persian ဆေးသမားတော်ကြီးတစ်ဦးဖြစ်သူ အဘီစီးနားက သစ်မွှေးသည် ရောဂါအမျိုးမျိုးကို ဆေးဖော်စပ်ရာ၌ ဘက်စုံအသုံးဝင် ကြောင်းကို သုတေသနပြု၍ ဖော်ထုတ်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် သစ်မွွှေးကို ဂျင်ကို့(Jin-Koh)ဟုခေါ်ပြီး ကိုဒို(Kodoh) ခေါ် အမွှေးနံ့သာ ပွဲတော်များတွင်း ယနေ့တိုင် သစ်မွှေးဆီ/ခဲများကို တန်ဖိုးကြီးစွာ ဝယ်ယူသုံးစွဲလေ့ရှိသည်။
Bible ၌ ခရစ်ယာန်ဖွာမြင်စဉ် အရှေတိုင်းမှ ပညာရှိ ၃ဦးလာရောက်၍ ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင် ၃မျိုးပါလာရာ တစ်ခုမှာ (Mura)မူးရာခေါ်သစ်မွှေးဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်၌ သစ်မွှေးကို Bible ပါရှိသည့်အတိုင်း မူးရာဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်သည်။
ယနေ့ခေတ် သစ်မွှေး၏ အသုံးတွင်ကျယ်လာမှု
သစ်မွှေးပင်ကို ပေါင်းခံအဆီထုတ်၍ ရရှိသောအဆီကို ရေမွှေးအနံ့ချုပ်ရာတွင်၎င်း၊ လူ့သုံး အမွှေးအကြိုင်ပစ္စည်းများ ထုတ်လုပ်ရာတွင်၎င်း၊ ဆေးဘက်ဆိုင်ရာ၊ ဆေးဝါးထုတ်လုပ်မှု များတွင်၎င်း၊ အသုံးပြုကြသည်။
သစ်မွှေးကို အများဆုံး အသုံးပြုသူများမှာ အာရပ်နိုင်ငံမှ ရေနံသူဌေးများနှင့် စော်ဘွားများ ဖြစ်ကြသည်။ ဘာသာရေးဆိုင်ရာပွဲတော်များတွင် သစ်မွှေးကို မီးရှို့၍ အလေးအမြတ်ထား ပူဇော်ကြသည်။ အရေးကြီးသည့် အစည်းအဝေး၊ ကိစ္စရပ်များဆောင်ရွက်ရာတွင် အောင်မြင်ပြီးမြောက်စေရန် သစ်မွှေးဆီကို နှုတ်ခမ်းကိုတို့၍ သစ်မွှေးခဲကို အဆောင်အဖြစ် အိတ်ထဲထည့်ထားပါက လိုရာဆန္ဒပြီးမြောက်စေသည့် အယူရှိကြသည်။
သဲကန္တရထဲခရီးသွားလာရသောကြောင့် မောပန်းနွမ်းနယ်နေသော ကုလားအုတ်များ၏ နှာဝကို သစ်မွှေးဆီတို့ပေးကာ အနံ့ရှုရှိုက်စေခြင်းဖြင့် ချက်ချင်းအကောင်းပကတိဖြစ်ကာ လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ရှိသည်ဟုဆိုသည်။
မံမီရုပ်အလောင်းများကို နှစ်ပေါင်းရာချီ၍ မပုပ်မသိုးအောင်စီရင်ရာ၌ သစ်မွှေးဆီကို ထည့် သွင်းအသုံးပြုထားကြောင်း သုတေသီအချို့က လေ့လာတွေ့ရှိထားသည်။
ထိခိုက်ရှနာဒဏ်ရာများ၊ အနာရင်း၊ အနာအဆိပ်သင့်စသောဝေဒနာများကိုလည်း သစ်မွှေး ဆီ လိမ်းကျံကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်ဟု ဆေးဆရာများက ညွှန်းဆိုထားသည်။
သစ်မွှေး၏အနံ့သည် လူ၏စိတ်ကို ကြည်လင်အေးချမ်းစေသောကြောင့် တရားဘာဝနာပွါး များအားထုတ်ရာတွင်အနံ့သင်းသင်းလေးလွှတ်ထားခြင်းဖြင့် ပို၍တရားအားထုတ်နိုင်သည် ကို လက်တွေ့လေ့လာသိရှိသူတချို့၏ ပြောပြချက်အရ မှတ်သားရသည်။
၎င်းပြင် သစ်မွှေးကို မောပန်းနွမ်းနယ်ခြင်း၊ အင်အားချိနဲ့ခြင်း၊ အသက်ရှုမဝခြင်း၊ နှလုံးရော ဂါ၊ ပန်းနာရင်ကြပ်၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ အာရုံကြောအားနည်းခြင်း၊ အသဲရောဂါ၊ အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာမကြေခြင်း၊ အစာအိမ်ရောဂါ၊ အဆစ်အမြစ်ရောင်၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လေးဘက်နာ၊ စသည့်ရောဂါများသာမက အသက်ရှည်နုပျိုဆေးအဖြစ် တိုင်းရင်းဆေးကောင်းတစ်ပါးသဖွယ် အသုံးပြုလျက်ရှိသည်။
သစ်မွှေးဝယ်လိုအားမြှင့်တက်ရခြင်း အဓိက အကြောင်းအရင်း၂ချက်မှာ-
- Ø ကမာ္ဘ့ဈေးအကြီးဆုံးရေမွှေးအများစုကို ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းမှာ သစ်မွှေးဆီ ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တို့၏ ထုံးစံအရ alcohol(အရက်)ဖြင့် ပြုလုပ်ထားသော ရေမွှေးများကိုမသုံးစွဲကြဘဲ သစ်ပင်မှရရှိသောအဆီအခဲ၊ အမွှေးအကြိုင်များကိုသာ အသုံး ပြုကြသောကြောင့် သစ်မွှေး၏လိုအပ်ချက်မှာ မြင့်တက်လျက်ရှိသည်။
- Ø နောက်ဆုံးပေါ်သုတေသနပြုချက်အရ AIDS ရောဂါကာကွယ်ဆေးကို ဖေါ်စပ်ရာတွင် လိုအပ်နေသော ကုန်ကြမ်းမှာ သစ်မွှေးဆီ ဖြစ်သည်။
၂၀၀၉ခုနှစ်၌ ကမာ္ဘ့ဈေးကွက်တွင် သစ်မွှေးဆီလိုအပ်ချက်သည် တစ်လလျှင် သိန်းလေး ဆယ် စီစီ (4,000,000cc)ဖြစ်၍ သစ်မွှေးထွက်နိုင်ငံများအနက် အများဆုံးထုတ်နိုင်သော ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ထွက်ရှိမှုသည်တစ်လလျှင်တစ်သိန်း နှစ်သောင်းစီစီ (120,000 cc) ခန့်သာ ဖြစ်သည်။
ထို့ကြောင့်သစ်မွှေးထွက်နိုင်ငံများအနေဖြင့် ၁နှစ် ထက်၁နှစ် ဈေးကွက်လိုအပ်ချက် ပြည့်မီ စေရန် အတော်ပင်အချိန်ယူ ကြိုးပမ်းရဦးမည်ဖြစ်သည်။
ယခင်နှစ်များက ကျန်အရှေ့တောင်အာရှ နိုင်ငံများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံတွင် စိုက် ဧက အလွန်ပင်နည်းပါးနေသည်။
၎င်းပြင်သစ်မွှေးပင်၌ ဆေးသွင်း/အဆီထုတ်နည်း ပညာတို့တွင်လည်း အားနည်းလျက် ရှိပါသည်။
ယခုခေတ်တွင် တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးလာမှုတို့ ကြောင့် ဆေးသွင်း/ အဆီထုတ် နည်းပညာတို့ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည့် အခြေ အနေ သို့ရောက်ရှိလာပါသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အနာဂတ်ပို၍လှပစေရန် အခွင့်အရေးကောင်းတစ်ခု လက်မလွှတ်သင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပြည်တွင်းဈေးကွက်တွင် သဘာဝအားဖြင့် သူ့အလိုလိုအဆီခဲဖြစ်တည်နေသော အပင်နှင့် ဆေးထိုးထားသောအပင်ဟူ၍ ၂မျိုးရှိသည်။ သဘာဝအပင်၏ အဆီခဲ ၁ကီလိုလျှင် သိန်း ၂၀ဝ မှ ၃၀ဝအထိရတတ်ပြီး artificial innoculation ခေါ် ဆေးထိုးထားသောအပင်မှ 1 tola (12 cc) လျှင် ၁၅၀၀၀ဝမှ ၃၀၀၀၀ဝ အထက်ရတတ်သည်။
သစ်မွှေးအကြောင်းရေးသားနေသူအချို့ပင် ထိုကိစ္စကို လွဲမှားစွာအမှတ်မှားကြသည်။ သဘာဝအားဖြင့် သူ့အလိုလိုအဆီခဲဖြစ်တည်နေသောအပင်နှင့် ဆေးထိုးထားသောအပင် တို့၏ ဈေးနှုန်းများကွာခြားသည်။(သဘာဝကဈေးပိုသည်)
သစ်မွှေးအဆီနှင့် အဆီခဲ ဈေးနှုန်းခြင်း မတူညီပါ။(သစ်မွှေးအဆီက အလေးချိန်တူလျှင် တန်ဖိုးပိုသည်။) သစ်မွှေး အဆီ/ခဲ၏ သိပ်သည်းဆပေါ်မူတည်၍ ဈေးကွာသည်။ (အရွယ်ချင်းတူပြီး ပိုလေးလျှင် ဈေးပိုရသည်။)
ပြည်တွင်းဈေးကွက်အရ ၅နှစ်သား (ဆေးထိုးပြီး) တစ်ပင်လျှင်ပျမ်းမျှ ရသိန်းမှ ၁ဝသိန်း ခန့် ပေါက်ဈေးရှိသည်။
နိုင်ငံတကာဈေးကွက်အရ သစ်မွှေးအဆီ(၁)ကီလိုလျှင် ကန်ဒေါ်လာ၂၀၀၀၀- ၃၀၀၀ဝ အထိရရှိနိုင်၍ အဆီ ၁ကီလိုရရှိရန် ၅နှစ်သားပင် ၁ဝပင်မှ ၁၅ပင်အထိ ခုတ်ယူရသည်။ အဆီထုန်ရန်၊ အခွန် ဆောင်ရန်နှင့်နိုင်ငံခြားသို့တင်ပို့လျှင် ကုန်ကျမည့် စရိတ်တို့နှုတ်ပြီး ပျမ်းမျှ ၅နှစ်သားတစ်ပင်လျှင် မြန်မာငွေ ၁ဝသိန်း မှ ၂၅သိန်း အထိရရှိနိုင်သည်။
သစ်မွှေးပင်မှာ အမြစ်မှစ၍ အကိုင်းအခတ်များပါမကျန် တစ်ပင်လုံးနီးပါး အဆီထုတ်နိုင်ပြီး အရွက်များကိုလည်း Agarwood Tea (သစ်မွှေးလက်ဖက်ခြောက်)အဖြစ် ထုတ်လုပ် ရောင်းချနိုင်သည်။
သစ်မွှေးပင် အဆီခဲ ဖြစ်တည်ခြင်း နှင့် ပေါင်းခံအဆီထုတ်ခြင်း
သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင် ၁ဝပင်လျှင်၁ပင်သာ အဆီခဲ ဖြစ်တည်နိုင်သည်။ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်း အနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ စတင်ဖြစ်တည်နိုင်သည်။
သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။
ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။
တတိယအနေဖြင့် ထိုစွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်းက ခုခံတိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင်မှ ပဋိပစ္စည်းတို့ အချင်းချင်းတိုက်ခိုက်ရာမှ) သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲများဖြစ်တည်လာသည်။
ထိုအဆီခဲများကို ပေါင်းခံချက်လုပ်ရာမှ အဖိုးတန်သစ်မွှေးဆီကို ရရှိသည်။ ကမ႓ာကျော် အဖိုးတန်ရေမွှေးများ အနံ့ချုပ်ရာတွင် ထို သစ်မွှေးပေါင်းခံဆီ အနည်းငယ်မျှထည့်ပေးရုံဖြင့် အဖိုးတန်ရေမွှေးအဖြစ်သို့ ရောက်ရှိသွားသည်။
သဘာဝအားဖြင့် သူ့အလိုလို အဆီခဲဖြစ်တည်နေခြင်းကို သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိပြီးနောက် (Artificial Infection)ခေါ် သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်း ကို စမ်းသပ်လေ့လာခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။
ယခုအခါ ထို(Artificial Infection) ကို ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသောနိုင်ငံများတွင် ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ထိုနည်းပညာများကို လက်တွေ့အကောင်အထည် ဖော်လျက်ရှိရာ ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရသည်။
(Artificial Infection)မှာ အကြမ်းအားဖြင့် သစ်မွှေးပင်၏ အသားထဲသို့ လွန်ကို ၃ဝဒီဂရီ၊ ၄၅ဒီဂရီ စသဖြင့်စောင်းပြီးမှိုဆေးထိုးထည့်ကာ ၁နှစ်ခွဲ၊ ၂နှစ်ခန့်အကြာတွင် သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲဖြစ်တည်သည်။(Artificial Infection) သဘာဝကိုတုပ၍ ဆေး ထိုးသွင်းခြင်းကို အနည်းဆုံး အပင်လုံး ပတ် 3cm (DBH) (၂ ~ ၃နှစ်အတွင်း) ခန့်မှ စတင်ထိုးသွင်း နိုင်ပါသည်။ ဆေးထိုးပြီး တနှစ်ခွဲကြာလျှင် အပင် ကိုခုတ်လှဲ၍ ပေါင်းခံအဆီထုတ်ယူနိုင်ပါသည်။
သစ်မွှေးတစ်ပင်ချင်းစိ၏ အဆီထွက်နှုန်းမှာ ဆေးထိုးသွင်းမှုနည်းစနစ်ကျမှု၊ အပင်ကြီးထွားမှုတို့ပေါ်မူတည်နေပါသဖြင့် အဆီထွက်နှုန်း အကောင်းဆုံး အရွယ်မှာ ရနှစ်၊ ၈နှစ်သားအရွယ်ဖြစ်သည်။ အကောင်းဆုံး အကြံပြုလိုသည်မှာ စိုက်ပျိုးထားသောအပင်၏ ၁၀-၂၀% ကို ၄နှစ်သားအရွယ်တွင် ဆေးထိုးရောင်းပြီး ကျန်၈၀-၉၀% ကို ၈နှစ်သားအရွယ်မှသာ ဆေးထိုး၊ အဆီထုတ်ရောင်းဖို့ အကြံပြုလိုပါသည်။
ပြည်တွင်းကုမ္ပဏီအများစုမှ ဆေးထိုးခြင်းကို ဆောင်ရွက်နေ နိုင်ပြီဆိုသော်ငြား အများစုမှာဈေးမသက်သာပေ။
ပထမဆေးထိုးခအနေဖြင့် ၁ပင်လျှင် ၃၀၀ဝ မှ ၆၀၀ဝကျပ် အထိယူပြီး နောက်ပိုင်း အပင်ရောင်းရလျှင် ၎င်းတို့ကို ၃ပင် ၁ပင်နှုန်း၊ ၄ပင် ၁ပင်နှုန်း ပေးရသည်(၎င်းတို့သည် စာချုပ် သဘောချုပ်ဆိုပြီး အပင်ရောင်းရသောအခါမှ ပေးရသောသဘောဖြစ်သည်)။ တချို့ company များက ပုပ်ပြတ်အနေဖြင့်
ဆေးထိုးခကို ၁ပင် ၃သိန်းခန့် တောင်းသည်။
၎င်းတို့ထဲမှ တချို့သော company များက ဈေးအတော်အသင့် သက်သာပြီး ၁ပင်ကို ၅သောင်းမှ ၁သိန်းခန့်တောင်း၏။ သို့သော် ၎င်းတို့က ထိုးသင့်သည့် မှိုဆေးပမာဏကို လျော့ထိုးသောကြောင့် အဆီထွက်နှုန်းနည်းမှုကို ကြုံရတတ်သည်။
အမှန်တကယ် ဈေးကွက်အရ သစ်မွှေးပင်အဆီထွက်စေရန် ထိုးသွင်းရသောမှိုဆေးရည် ၁လီတာလျှင် ၃သောင်းမှ ၅သောင်းခန့်(ကျပ်)ရှိပြီး အပင်ကြီးထွားမှုပေါ်မူတည်၍ သစ်မွှေး ၁ပင်လျှင်၁လီတာမှ၂လီတာခန့်ထည့်ရပြီး ဆေးထိုးသွင်းရာတွင် နည်းစနစ်မှန်ကန်မှုရှိခြင်း သည် အထူးအရေးပါသည်။
ထို့ကြောင့် ဆေးထိုးလျှင် ပစ္စည်းမှန်၊ ဈေးနှုန်းလည်းသင့်တင့်ပြီး နည်းပညာပါကျွမ်းကျင်ဖို့ လိုအပ်သောကြောင့် ဆေးမထိုးမီသေသေချာချာစုံစမ်းစစ်ဆေးပြီးမှ ပြုလုပ်သင့်ပါကြောင်း စေတနာကောင်းနှင့် သတင်းကောင်းပါးအပ်ပါသည်။
သစ်မွှေးပင် စိုက်ပျိုးခြင်း
မစိုက်ပျိုးခင် မိမိစိုက်ပျိုးမည့်မြေနေရာကို ဦးစွာပထမ ရှင်းလင်းခုတ်ထွင်ရပါမည်။ မိမိ စိုက်ပျိုးမည့် မြေဧရိယာရရှိမှုပေါ်မူတည်၍ ၆’x၆’၊ ၇’x၇’၊ ၈’x၈’၊ ၁၀’x၁၀’ ခြားစီ ၁ပေခွဲ ပတ်လည်ကျင်းများတူး၍ မြေဩဇာထည့်(နှပ်)ပြီး နှစ်ပတ်ခန့်အကြာတွင် စိုက်ပျိုးနိုင်ပါ သည်။ အကယ်၍စိုက်ပျိုးမည့်မြေတွင် အရိပ်ရပင်များရှိနေပါက တတ်နိုင်သရွေ့ ထိုအပင် များကို ချန်လှပ်၍ စိုက်ပျိုးသင့်သည်။ သရက်၊ သီဟိုဠ်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ဒညင်း၊ လိုင်ချီး၊ ထောပတ်စသော နှစ်ရှည်ပင်များသာမက ဟင်းသီးဟင်းရွက်ပင်များနှင့်လည်း ရောနှောစိုက်ပျိုးနိုင်ပါသည်။
သို့ရာတွင် အပင်ခြေမှ ၃ပေပတ်လည် အထိ အပင်ကြီးများမရှိစေရန် အကွက်စီစဉ်၍ စိုက်ပျိုးသင့်ပါသည်။
မစိုက်ခင်ငှက်ပျောကို တလကြိုတင်၍ အပင်ခြေမှ ၃´ခြားစီ (သစ်မွှေးကို ၆’x၆’ပတ်လည် စိုက်လျှင်) ၄ပင်ပတ်လည်ခြံရံ၍ စိုက်ပျိုးသင့်သည်။ သစ်မွှေးပင်၃နှစ်သားကျော်လျှင် ငှက်ပျောကိုခုတ်ရမည်။
ပျိုးပင် ၁ဝလသားကျော် (၂ပေကျော်)မှသာ မြေချစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်၍ မိုးမစခင် မေလ အကုန် (သို့မဟုတ်) ဇွန်လဆန်းတွင်မြေချစိုက်ပျိုးရန် အကြံပြုပါသည်။
ပေါင်းပင်များကို ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာလများတွင်(၁နှစ်လျှင်၃ကြိမ်) ပေါင်းရှင်းပေး ရပါမည်။ ပေါင်းများကိုရှင်းရာတွင် အပင်ခြေမှ အပင်ရွက်အုပ် တံစက်မြိတ်အောက်ခြေ တည့်တည့်အထိ အပြောင်ရှင်းပေရန် လိုအပ်ပေသည်။ ဘေးပတ်လည်ဘောင်များတွင် မြက်များပေါက်ခြင်းသည် အပင်၏ ရေဓါတ်နှင့် အအေးဓါတ်တို့ကို ထိန်းပေးသည်။
မြေဩဇာကို မုတ်သုံမိုးမဝင်ခင်နှင့် မိုးအကုန်များတွင် မေလနှင့်နိုဝင်ဘာလတို့၌ တစ်နှစ် လျှင် ၂ကြိမ်ကျွေးရပါမည်။အပင်သည် အပင်ခြေမှ ရွက်အုပ်တံစက်မြိတ်အောက်ခြေအထိ အစာများကိုသာစားနိုင်သည်။ အပင်ခြေရင်းတွင်ကပ်၍ မြေဆီကျွေးပါက ပမာဏများလျှင် အပင်ခြေလောင်နိုင်သောကြောင့် အပင်ခြေမှ ၄၊ ၅လက်မခန့်ခွာ၍ကျွေးရမည်။ ထို့ကြောင့် မြေဆီကို ၃နှစ်သားအရွယ်အထိ အပင်ရွက်အုပ် တံစက်မြိတ်အောက်ခြေ တည့်တည့်မှ အတွင်းဘက်သို့ ၁၀”အကျယ်၊ ၆”အနက်ခန့် မြောင်းဝိုင်းသဏ္ဍာန်တူး၍ မြေဆီပတ်လည် ဖြူးပေးရမည်။ ဖြူးထားသောမြေကြီးအပေါ် အရွက်ဆွေးများအုပ်ပေးရမည်။
မိုးများသောဒေသများတွင် မိုးရာသီ၌ အပင်ခြေရင်းတွင်ရေမဝပ်စေရန် ၁ပေခွဲပတ်လည် ခန့် မြေပြင်ညီမှ ကုန်းမို့မို့သဏ္ဌာန် မြေဖို့ပေးပါ။
မိုးနည်းဒေသများ၌ မြေကြီးကို ရေထိန်းပေးရန်အတွက် ဘောင်လုပ်ပေးရန် လိုအပ်သည်။ သို့သော် အပင်ခြေ ၁ပေပတ်လည်ခန့်လောက်ကို ရေမဝပ်စေရန် မြေပြင်ပေးရမည်။
မိုးရာသီမှလွဲ၍ကျန်လများတွင် အနည်းဆုံး ၂ရက် ၁ကြိမ် ရေလောင်းပေးရန် လိုအပ်ပြီး နေအလွန်ပူ၍ အရိပ်နည်းပါက အနည်းဆုံး ၁ရက် ၁ကြိမ်လောင်းပေးသင့်ပါသည်။
အပင်အောက်ခြေ မြေကြီးအပေါ်ယံသည် နေအပူရှိန်ကြောင့် ရေငွေ့ပျံမှုရှိသဖြင့် အပင် အောက်ခြေ ပတ်ပတ်လည်တွင် ကောက်ရိုး၊ ဝါးရွက်ဆွေး၊ သစ်ရွက်ဆွေးတို့ကို ဖြန့်ခင်း ထားပါက မြေကြီးထဲတွင် ရေပိုနေပြီး ရေလောင်းချိန်ကို ရက်ပို၍ခြားနိုင်သည်။ ထို့ပြင် အပင်မှာ အအေးဓါတ်ပိုရသဖြင့် နေပူဒဏ်ကို ပိုမိုခံနိုင်စွမ်းရှိသည်။
၂နှစ်သားကျော်လျှင် ရေသောက်မြစ်ကောင်းစွာ စုတ်မိချိန်၌ ရေလျော့လောင်းနိုင်ပါသည်။
ပျိုးပင်များမှာ ၄ပေမှ ၅ပေအောက်အရွယ်အထိ အရိပ်၊ အအေးဓာတ်နှင့် လေထုစိုထိုင်းဆ များမှုတို့ကို လိုအပ်နေသောကြောင့် ငှက်ပျောကဲ့သို့ အရိပ်ပင်များစိုက်ပျိုးပေးခြင်း၊ ရေကို လိုအပ်သလို ပုံမှန်လုံလောက်အောင်ပေးခြင်း၊ အပင်အောက်ခြေပတ်လည် ကောက်ရိုး၊ သစ်ရွက်ဆွေးတို့ကို ဖြန့်ခင်းခြင်းဖြင့် ရေဓါတ်၊ အအေးဓါတ်ကို ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်သင့်သည်။
ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၉-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။
ဆောင်းတွင်းနှင့် မိုးများဆက်တိုက်ရွာလွန်းလျှင် (အပင်ပတ်လည်တွင် ပေါင်းမြက်များ ထူထပ်လွန်းလျှင်) ရောဂါပိုးကျတတ်၍ ပေါင်းမြက်များရှင်းပေးရန်လိုပါသည်။
နေရာဒေသပေါ်မူတည်၍ ပိုးကျမှုမှာကွာခြားတတ်ပါသည်။ အတွေ့အကြုံအရ မိုးမကျမီနှင့် မိုးကုန်လများတွင် ပိုး ပို၍ကျတတ်ပါသည်။ ထို့ကြောင့် ပိုးကျသည့်လက္ခဏာရပ်များကို စောစီးစွာတွေ့သည်နှင့် ဆေးကြိုဖြန်းထားသင့်ပါသည်။ လိုအပ်၍ မှိုဆေး၊ အားဆေးနှင့် ပိုးသတ်ဆေးများကိုလောင်းလျှင် ညနေ နေအေးချိန်များ တွင်သာ လောင်းသင့်သည်။ ထိုဆေးများကို တစ်ပြိုင်နက်(တချိန်တည်း) မလောင်းသင့်ပေ၊ အနည်းဆုံး၃ရက်ခြားစီ ကွာ၍ လောင်းသင့်သည်။
သစ်မွှေးပင်မှာ ၂နှစ်သားအရွယ်အထိ သေချာစွာ ဂရုစိုက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် ပျိုးပင် ၁နှစ်သားအပင်ဝယ်ယူ၍ စိုက်ပျိုးပါက ၁နှစ်ခန့်သာ ဂရုတစိုက် စိုက်ပျိုးပေးရန် လိုပါသည်။
ငယ်ရွယ်စဉ် သစ်မွှေးပင်တွင် ဖြစ်တတ်သည့်ရောဂါလက္ခဏာများနှင့် ကုသနည်းများ
ရောဂါ လက္ခဏာ | အကြောင်း အရင်း | ကာကွယ်နည်း၊ ကုသနည်း။ | ||
ရွက်ဖျား၊
အနားသတ် တို့တွင် ညှိုးခြောက် ခြင်း….. |
|
အရိပ်ရပင်(ငှက်ပျော)ကို ၃’အကွာ ၂~၃ပင်ခန့် စိုက်ပေးခြင်း (သို့) ပိတ်စိမ်းကျဲမိုးပေးခြင်း။
အပင်အောက်ခြေပတ်လည်တွင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ ဝါးရွက်ဆွေးတို့ ဖြန့်ခင်းပေးခြင်း။ နွားချေး(ဆွေး)သုံးခြင်း၊ ဓါတ်မြေဩဇာလိုသလောက်သာသုံး ခြင်း၊ အပင်ခြေမှအနည်းငယ်(၄”ခန့်)ခွာ၍ မြေဆီကိုပုံခြင်း။ စပ်ပြီးသောမြေဆွေးကို မြေကြီးတဆရော၍ မြေပြန်ပြင်ခြင်း။ ထုံးဓါတ်များသောရေကို ကျောက်ချဉ်ဖြင့်အနည်ထိုင်စေခြင်း၊ ရေမလောင်းမီ ရေစင်တွင် ၁၂နာရီခန့် အနည်ထိုင်စေခြင်း၊ pH level မှန်စေရန် အချဉ်ဖောက်ရည်အသုံးပြုခြင်း၊ |
||
အောက် ရွက်များမှ စ၍ တဖြည်း၂ ကြွေကျခြင်း၊
ရုတ်ခြည်း အရွက်များ ကြွေကျခြင်း |
|
လိုအပ်သောပမာဏကို လိုအပ်သည့်အချိန်တွင် ပုံမှန်ထဲ့ပေး ခြင်း။ (အထက်မှ မြေဩဇာအပူလောင်ခြင်းတွင်ကြည့်)
အစာချက်ရန် နေရောင်လိုသည့်အတွက် အပင်ကြီးထွားလာ သည်နှင့်အမျှ နေရောင်ပိုမိုရရှိစေရန် ဖန်တီးပေးခြင်း။ မနက်ပိုင်းကိုသာရေလောင်းရန်၊ ရာသီကိုလိုက်၍ လိုသလို ရေကိုပေးခြင်း(မများလွန်း၊ မနည်းလွန်း)။ နေရာရွေ့ပြောင်းမှု၊ ဥတုဖောက်ပြန်မှုတို့ကြောင့် ဖြစ်တတ်၍ ဥတုလိုက်ပြီး သင့်တင့်သောပတ်ဝန်းကျင်ဖြစ်ရန်ဖန်တီးခြင်း။ |
||
အရွက်များ
ဆက်တိုက် ကြွေပြီး နောက် ရွက်သစ်များ တွန့်လိမ် သေးကွေး ခြင်း
|
ရောဂါပိုးဝင်၍ သေခါးနီး အပင်များ ပြန်ရှင်သန် လာရာမှ ယခုကဲ့သို့ ဖြစ်ခြင်း၊ | မြေဆီပြန်၍ ပြုပြင်ပေးခြင်း၊ ရွက်ဖြန်းအားဆေးဖြန်းပေးခြင်း၊ နေရောင်ခြည် မျှတစေရန် ပြုလုပ်ပေးခြင်း၊ လောင်းရိပ်မိခြင်း တို့မှ ကာကွယ်ပေးခြင်း၊ ပေါင်းမြက်များရှင်းလင်းပေးခြင်း၊ ရေကို လိုအပ်သလိုပြန်လည်ထိန်းညှိပေးခြင်း စသဖြင့် ပြုပြင်ပေးပါက သေရွာပြန်အပင်များ ပြန်လည်ကျန်းမာလာပါ လိမ့်မည်။ (မီးခိုးငွေ့၊ ဓါတုအဆိပ်အနံ့၊ ပိုးသတ်ဆေးပြင်းတို့ ကြောင့်လည်းဖြစ်တတ်၍ တတ်နိုင်သမျှ ရှောင်ရှားရန်။) | ||
ရောဂါ လက္ခဏာ | အကြောင်း အရင်း | ကာကွယ်နည်း၊ ကုသနည်း။ | ||
အရွက် တွင် အစက် အပြောက် ဖြစ်ခြင်း၊ |
|
ရာသီဥတုကိုမူတည်၍ ရေကိုထိန်းလောင်းခြင်း၊
တက်နေကိုသာထိစေ၍ ကျနေကို ကာကွယ်ပေးခြင်း၊ ဆောင်းတွင်းတွင် လောင်းရိပ်များ၊ပေါင်းများရှင်းလင်းခြင်း၊ စိုထိုင်းဆများလွန်းမှု၊ ရေဝပ်မှုများကိုထိန်းသိမ်းပေးခြင်း၊ ဓါတု အဆိပ်ပိုးသတ်ဆေး အလွန်အကျွံ မသုံးစွဲခြင်း၊ |
||
အရွက် သစ်များ ညှိုးကျ ခြင်း |
နှင်းကိုက်ခြင်း
|
အပေါ်တွင်ကြည့်။
အပေါ်တွင်ကြည့်။ ပူပြင်းချိန်တွင်ရေကိုပိုလောင်းခြင်း။(နံနက် ၆-၈နာရီ) ရေထိန်းလောင်းခြင်းအပြင်၊ဘိစပ်ရွက်အချဉ်ဖောက်ရည်သုံးခြင်း၊ အမိုးအကာလိုသလိုထိန်းပေးခြင်း။ (အပေါ်တွင်ကြည့်) |
||
တပင်လုံး ညှိုးကျ ခြင်း |
|
ပျိုးပင်များမြေချစိုက်ရာတွင် အမြစ်မနာစေရန်သတိထား ပြု လုပ်ရမည်။ ထိခိုက်မိခဲ့လျှင်အပင်သေစေနိုင်သည်။ အချဉ်ဖောက်ရည်သုံးခြင်းဖြင့် %အချို့ကာကွယ်နိုင်၏။
အပေါ်တွင်ကြည့်။ အပေါ်တွင်ကြည့်။ အပေါ်တွင်ကြည့်။ (အရွက်အချဉ်ဖောက်ရည်သုံးပါ။) |
||
အရွက် ညှိုးကျခြင်း |
|
နေရောင်လုံလောက်စွာရရန် လောင်းရိပ်တို့ဖယ်ရှားခြင်း၊ မျှတသော လေဝင်လေထွက်ရရှိရန် ဖန်တီးပေးခြင်း။ | ||
မှတ်ချက်။ ။ ပျိုးပင်များ သေဆုံးခဲ့လျှင် ချက်ချင်းဖယ်ခြင်းသည် အခြားအပင်များ
သို့ မကူးစေရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကာကွယ်နည်း ဖြစ်သည်။ |
||||
သဘာဝကျကျစိုက်ပျိုနည်း
လွန်ခဲ့သောနှစ်၆ဝကျော်မှစ၍ ခေတ်ပေါ်စိုက်ပျိုးထုတ်လုပ်မှုစနစ်တွင် သီးနှံအထွက်တိုးစေ ရန်အတွက် အစိမ်းရောင်တော်လှန်ရေး (Green Revolution)ကို ဆောင်ရွက်လာရာ တောင်သူဦးကြီးများသည် ဓာတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုလာရာ သီးနှံအထွက်နှုန်းများသိသိသာသာပိုထွက်လာပါသည်။ ထိုကဲ့သို့ နှစ်ကြာရှည်စွာ တစ်စတစ်စသုံးစွဲလာမှုကြောင့် မြေဆီလွှာများပျက်စီးသွားခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးသွားခြင်း၊ ဓါတုပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အဖျက်ပိုးများ များပြားလာခြင်းစသည့် ဆိုးကျိုးများဖြစ်ပွားခဲ့ရပါသည်။
ယင်းကဲ့သို့ သီးနှံများတွင် ဓါတုပစ္စည်းများအလွန်အကျွန်သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု မရှိခြင်းတို့ကြောင့် မြေထဲတွင်နေသော အကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီး ကာ ပမာဏလျော့နည်းလာခဲ့သည်။ တောင်သူများအနေဖြင့် အဏုဇီဝပိုးများအလုပ်လုပ်ပုံကို ကောင်းစွာမသိသေးသောကြောင့် ဓာတ်မြေဩဇာနှင့် ဓါတုပိုးသတ်ဆေးများကို လွဲမှားစွာ အသုံးပြုခဲ့ကြသည်။
အဏုဇီဝသက်ရှိများ၏ အလုပ်လုပ်ပုံ
၁) ဘက်တီးရီးယားများ
ဘက်တီးရီးယားများသည် မြေထဲရှိအာဟာရဓါတ်များ အပင်မှအဆင်သင့် စုပ်ယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက အပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓါတ်၊ ဖော့စ်ဖရပ်စ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်များကိုပါ မြေတွင်ထိန်းသိမ်းပေးသည်။ ထို့ပြင် မြေကြီးမှ စွန့်ထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၀%ကို ဘက်တီးရီးယား အများစုက စုပ်ယူထားနိုင်သည်။ ယင်းတို့မှ ထုတ်လုပ်သော မြေေဆွေးဓါတ်သည် မူရင်းမြေဆွေးထက် ရာသီဥတုဒဏ်ကို ခံနိုင်ပြီ မြေထဲတွင် ကြာရှည်စွာထိ်န်းသိမ်းနိုင်စွမ်းရှိပါသည်။ ဤနည်းလမ်းအားဖြင့် အဏုဇီဝသက်ရှိများ၏ အရေအတွက်ကို ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။
၂) ဖန်ဂျိုင်းများ
ဘက်တီရီးယားများကဲ့သို မြေတွင်းရှိကောင်းကျိုးပြု ဖန်ဂျိုင်းများသည်လည်း ဖြိုခွဲရန်ခက်ခဲသော မြေဆွေးဓါတ်များကို အပင်မှစားသုံးနိုင်သောအဆင့်ရရန် ဖြိုခွဲပေးခြင်း၊ အပင်မှ စားသုံးပြီးကျန်ရှိသော အာဟာရဓါတ်များကို မြေထဲတွင် ထိန်းသိမ်းပေးခြင်း နှင့် ယင်းတို့မှ စွန့်ထုတ်သောမြေဆွေးဓါတ်များကိုလည်း အခြားအဏုဇီဝသက်ရှိများက စာသုံးနိုင်ခြင်း စသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။
၃) ပရိုတိုဇိုးဝါးများ
ပရိုတိုဇိုးဝါးများသည် ဘက်တီးရီးယားများကို စားသောက်သာ အဏုဇီဝဖြစ်ပါသည်။ ၎င်းတို့အတွက် လိုအပ်သော နိုက်ထရိုဂျင်ပမာဏမှာ ဘက်တီးရီးယားအတွက် လိုအပ်သော ပမာဏထက် ၁ဝဆခန့်နည်းပါးသောကြောင့် စားသောက်ပြီးပိုသော နိုက်ထရိုဂျင်များကို အပင်မှ စားသုံးနိုင်မည်ဖြစ်ပါသည်။ အပင်များမှ စားသောက်သော နိုက်ထရိုဂျင်ဓါတ်ပမာဏများ၏ ၄၀% ~ ၈၀%သည် ပရိုတိုဇိုးဝါးများက ဘက်တီးရီးယားများကို စားသောက်ပြီး ရရှိလာသောနိုက်ထရိုဂျင်များဖြစ်ပါသည်။
၄) အကျိုးပြု နီမတုတ်များ
အကျိုးပြု နီမတုတ်များသည် ဘက်တီးရီးယား၊ ဖန်ဂျိုင်း နှင့် ပရိုတိုဇိုးဝါးများကို စားသုံးသော အဏုဇီဝသက်ရှိဖြစ်သည်။ ၎င်းတို့၏ နိုက်ထရိုဂျင်စားသုံးမှုသည် ဘက်တီးရီးယားများထက် အဆ ၁၀၀၊ ပရိုတိုဇိုးဝါးများထက် ၁ဝဆ လျော့နည်းမှုကြောင့် ယင်း ဘက်တီးရီးယား၊ ဖန်ဂျိုင်းနှင့် ပရိုတိုဇိုးဝါးများကို စားသောက်ပြီး ပိုသောနိုက်ထရိုဂျင်ဓါတ်များကို အပင်မှ စားသုံးနိုင်မည်ဖြစ်သည်။
၅) တီကောင်များ
တီကောင်များသည်လည်း ဘက်တီးရီးယားများ၊ ဖန်ဂျိုင်းများကို စားသောက်ပြီး အသက်ရှင် နေထိုင်သော သက်ရှိများဖြစ်ပါသည်။ ၎င်းတို့သည် အမြစ်များဆီသို့ ရေရောက်ရှိမှုကို အားပေးရုံသာမက လေရှုဘက်တီးရီးယားများရှင်သန်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အောက်ဆီဂျင်ကိုလည်း မြေကြီးအတွင်း တည်ရှိစေရန် ပြုလုပ်ပေးသည်။ ထို့အပြင် ၎င်းတို့၏သွားလာမှုကြောင့် ဖြစ်တည်လာသော လှိုင်ခေါင်းများသည် မြေဆီလွှာဖွဲ့စည်းမှု အားကောင်းစေပါသည်။ တီကောင်များမှ စွန့်ထုတ်လိုက်သော တီကျစ်စာများသည် သာမန်မြေဆီလွှာထက် နိုက်ထရိုဂျင် ပါဝင်မှု ၄ဆ ခန့် မြင့်မားသောကြောင့် စိုက်ပျိုးရေးအောင်မြင်မှုတွင် လွန်စွာ အရေးပါသော မြေဩဇာတစ်မျိုး ဖြစ်ပါသည်။
မြေဆီလွှာတစ်ခု၏ အာဟာရဓါတ်ပြည့်ဝမှု၊ ထိန်းသိမ်းမှုတို့ကို မြေကြီးထဲရှိ အဏုဇီဝသက်ရှိ များက အဓိကနေရာမှ တာဝန်ယူထိန်းညှိဆောင်ရွက်ပေးနေပါသည်။ ထိုအဏုဇီဝပိုးများသည် မြေကြီးထဲရှိ အာဟာရဓါတ်များကို အပင်မှ အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ အတူနေရန်သူများ၏ စားသောက်ခံရခြင်းဖြင့် အပင်၏ပတ်ဝန်းကျင်တွင် အာဟာရဓါတ်များ တိုးပွားစေပါသည်။
ထို့ကြောင့် မြေဆီလွှာတစ်ခု၏ အရည်အသွေးသည် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးများနှင့် ၎င်းတို့ကို စားသောက်သော သဘာဝရန်သူများ၏ အရည်အတွက်အနည်းအများပေါ် မူတည်နေပါသည်။ ဘက်တီးရီးယားကဲ့သို့ အကောင်ငယ်အဏုဇီဝပိုးများမည်မျှပင်များစေ၊ ၎င်းတို့ကိုစားသောက်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများလုံးဝမရှိလျှင်သော်၎င်း၊ လိုအပ်သည်ထက် အရည်အတွက်နည်းပါလွန်းလျှင်သော်၎င်း၊ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓါတ်အချို့၏ ရာခိုင်နှုန်းအများစုကို ၎င်းဘက်တီးရီးယားများကသာ စုပ်ယူ စားသောက်ထားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုစားသောက်သော တနည်းအားဖြင့် ၎င်းတို့၏ သဘာဝရန်သူဖြစ်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများသည် လည်း မြေကြီးအတွင်း အသက်ရှင်လှုပ်ရှား ရုန်းကန်နေရန်လိုအပ်ပေသည်။ ထို့နည်းတူ ဘက်တီးရီယားများမရှိခဲ့လျှင်လည်း အပင်အတွက်လိုအပ်သော အဓိကအာဟာရဓါတ်များ ကို ထိန်းသိမ်းပေမည့်သူ မရှိသောကြောင့် အပင်မှာ အာဟာရဓါတ်ချို့ယွင်းပြီး မကြာခင် သေဆုံးပေလိမ့်မည်။
တနည်းအားဖြင့်ဆိုရသော် မြေကြီးအတွင်း အဏုဇီဝပိုးငယ်များနှင့် ၎င်းတို့၏သဘာဝရန်သူ ပိုးများ ဟန်ချက်ညီညီလှုပ်ရှားရုန်းကန်ရင်း အပင်အတွက် အဓိကလိုအပ်သည့်အာဟာရ ဓါတ်များကို ထုတ်လုပ်ပေးနေကြခြင်းဖြစ်သည်။
ထိုကဲ့သို့ မိတ်ဆွေပိုး၊ ရန်သူပိုးတို့ ကောင်းမွန်စွာ ရှင်သန်ကြီးထွားကြရန် သင့်တင့်မျှတသော သဘာဝပတ်ဝန်းကျင် ရာသီဥတုရှိဖို့ လိုအပ်ပေသည်။ ယခုခေတ်တွင် သဘာဝမြေဆီအစား ဓာတ်မြေဩဇာများကို သုံးစွဲလာကြရာမှ ရှေ့ကတင်ပြခဲ့သည့်အတိုင်း မြေကြီးအတွင်း ဓာတု ပစ္စည်းများသာ ထူပြောလာပြီး အပင်အတွက် အဓိကလိုအပ်သော မိတ်ဆွေပိုး၊ ရန်သူပိုးတို့ နေထိုင်ဖို့ရာ ပတ်ဝန်းကျင်ကို ဖျက်ဆီးသကဲ့သို့ ဖြစ်လာသည်။
ထို့ကြောင့် အပင်မှာ ဓာတ်မြေဩဇာ စထည့်ကာစ ၂နှစ်၊ ၃နှစ်အတွင်းသာ တဟုန်ထိုးဖွံ့ဖြိုး ပြီး နောင်နှစ်များတွင် မြေဆီလွှာပျက်ဆီးကာ၊ ဓာတ်မြေဩဇာ ပိုပိုထည့်လာသော်လည်း အထွက်နှုန်းမှာ မတက်လာသည့်အပြင် ပို၍ကျဆင်းလာလေသည်။
(မှတ်ချက်- ယခုအောက်တွင်ဥပမာပေး ဖော်ပြသည့်ပိုးအမျိုးအစားသည် အပင်ရွက်စားပိုး၊ အမြစ်ဖျက်ပိုး၊ အဖျက်မှို စသည်တို့ကို ဆိုလိုသည်။ အထက်ကဖော်ပြခဲ့သည့် မိတ်ဆွေပိုး၊ ရန်သူပိုးတို့နှင့် မရောထွေးစေလိုပါ။)
ထိုနည်းတူ ဓာတုအဆိပ်ပိုးသတ်ဆေးများကို သုံးစွဲရာတွင် ပိုးပမာဏ ၉၅%သေနှုန်းရှိသည် ဆိုပါစို့။ ထိုပမာဏသည် သဘာဝနည်းဖြင့်ပြုလုပ်ထားသော အရွက်ပိုးသတ်ဆေး၏သေနှုန်း ထက် များစွာပိုသည်။ (သဘာဝပိုးသတ်ဆေး၏ သေနှုန်းသည် ပျမ်းမျှအားဖြင့် ၆ဝ မှ ၇၀% ခန့်ရှိသည်။) သာမာန်အားဖြင့်နှိုင်းဆလျှင် ဓာတုအဆိပ်ပိုးသတ်ဆေးသည် သဘာဝဆေး ထက် ပို၍သာသည် ကောင်းသည်ဟု ထင်ရသည်။ သို့ရာတွင် တကယ်တမ်းအဖြစ်မှန်မှာ ပိုးများကျ၍ ဓာတုအဆိပ်ပိုးသတ်ဆေးဖြန်းရာတွင် ပိုးအကောင် ၁၀ဝတွင် ၉၅ကောင် သေ ဆုံးသော်လည်း အသက်ရှင်ကျန်ရစ်သော ပိုး ၅ကောင်သည် ဆေးဒဏ်ကို ခံနိုင်ရည်ရှိသွား ပြီး နောက်သူတို့၏ မျိုးဆက်သည် ပို၍ခံနိုင်ရည်ရှိသွားသည်။ ထိုကျန်ရစ်သောပိုး ၅ကောင် မှ ဆင့်ပွားပေါက်ဖွားလာသော မျိုးဆက်သည် ပထမအကြိမ်ဖြန်းသည့် ဓာတုအဆိပ်ပိုးသတ် ဆေး၏ ဒဏ်ကို ခံနိုင်ရည်ရှိသွားသည့်အတွက် ဆေးမတိုးတော့ပေ။ ထို့နောက် ထိုမျိုးဆက် မှ ပေါက်ဖွားတိုးပွားလာသော အကောင်အရေအတွက်သည် ပတ်ဝန်းကျင်တွင် ၁၀၀%နီးပါး ရှိလာပေလိမ့်မည်။ ထိုအခါ ပထမဆုံးအကြိမ်ဖြန်းသည့် ဓာတုပိုးသတ်ဆေးသည် ဆေးမတိုး တော့ပေ။ ထို့ကြောင့် စိုက်ပျိုးရေးသမားသည် နောက်ထပ်အမျိုးအစားမတူသည့် ဓာတုပိုး သတ်ဆေးတစ်မျိုးကို ထပ်ဖြန်းပေမည်။ ထိုဆေးလည်း ကြာလာသောအခါ ပထမနည်းတူ ၎င်းဆေးကိုယဉ်သော ပိုးမျိုးဆက်ဖြစ်လာပေသည်။
ထိုအခါ ၎င်းခံနိုင်ရည်ရှိသည့်ပိုးများသည် ဓာတုအဆိပ်ပိုးသတ်ဆေး၂မျိုးစလုံးခံနိုင်ရည်ရှိ သည့် စွမ်းရည်မြှင့်ပိုးများဖြစ်လာပေသည်။ နောက်ထပ်နောက်ထပ် သုံးသည့် မတူသော ဓာတုအဆိပ်ပိုးသတ်ဆေး အမျိုးအစားများစွာလည်း ထိုနည်း၎င်းပင်ဖြစ်ကာ ဓာတုအဆိပ် ပိုးသတ်ဆေးမျိုးများစွာကို ခံနိုင်ရည်ရှိသည့် အထူးစွမ်းရည်မြှင့်ပိုးများဖြစ်လာပေသည်။
၎င်းအချိန်တွင် မည်သည့်ပိုးသတ်ဆေးမှ မနိုင်သည့်အဆင့် ရောက်ရှိသွားလေသည်။
သဘာဝပိုးသတ်ဆေးမှာမူ ထိုကဲ့သို့ မဟုတ်ဘဲ သဘာဝတရားဖြင့် သဘာဝလောကကို ဟန်ချက်ညီညီ ထိန်းညှိထားခြင်းဖြစ်သည်။ သဘာဝပိုးသတ်ဆေး၏ အဓိကရည်ရွယ်ချက် မှာ ပိုးများကိုသေစေလိုခြင်းမဟုတ်ဘဲ ပိုးများကို မိမိစိုက်ပျိုးထားသောအပင်ကို မကျရောက်၊ မဖျက်စီးစေလိုခြင်းဖြစ်သည်။ ထိုမှသာ သဘာဝတရားကို ထိန်းသိမ်းရာ ရောက်ပေသည်။
အောက်ပါဆေးဖော်စပ်နည်းများသည် ဓါတ်မြေဩဇာအစားထိုး၊ ဓာတုအဆိပ်ပိုးသတ်ဆေး အစားထိုး ဆေးနည်းများဖြစ်ကာ လက်တွေ့စမ်းသပ်အောင်မြင်ထားသော ဆေးနည်းများဖြစ် သည်။ ထိုနည်းများကို သစ်မွွှေးစိုက်ပျိုးသူမိတ်ဆွေများ အကျိုးဖြစ်ထွန်းစေခြင်းအလို့ငှာ မချွင်းမချန် ဖော်ပြပေးလိုက်ပါသည်။ လိုအပ်သလို၊ ဉာဏ်ရှိသလို ဖော်စပ်သုံးစွဲနိုင်ပါသည်။
ဒေသခံ အနုဇီဝမွေးမြူခြင်း
- ပထမဦးစွာ သစ်သားထမင်းဘူး ပြုလုပ်ပါ။ ၈”x၁၀” အမြင့် ၄” ရှိသော တစ်ဖက်ဖွင့် ထမင်း ဘူး ၃၊ ၄ဘူးပြုလုပ်ပါ။ လုပ်ရလက်ဝင်လျှင် အလွယ်နည်းမှာ အချင်း ၅” ၊ ၆”ခန့်ရှိသော ဝါးလုံးများကို ထက်ခြမ်းခွဲကာ ဘေးနှစ်ဖက် ဝါးဆစ်ပိတ်များအထိ လွှဖြင့်ဖျက်လျှင်လည်း ရသည်။
- ထိုကဲ့သို့ ထမင်းဘူးများပြုလုပ်ပြီး ဇကွဲ (သို့မဟုတ်) ဆန်ကြမ်းညိုတစ်ပြည်ခန့် ပျော့ပျော့ (ရေခမ်း)ချက်ပါ။ (မှတ်ချက် ဆန်ကို မချက်ခင် ရေမဆေးရပါ။) ထို့နောက် ထမင်းဘူးများ ထဲသို့ ထမင်းများကို ၃လက်မထက်မထူစေဘဲ အညီ သိပ်ထည့်ပါ။ ပိတ်စအပါး၊ (သို့) ဇာပိတ်စ (သို့) ဇကာပါသော ပလက်စတစ်ပိတ်များဖြင့် ထိုထမင်းပျော့ ထည့်ထားသော ထမင်းဘူးများကို ပတ်ပြီး ကြိုးဖြင့်ချည်ပါ။
- ထို့နောက် ထမင်းဘူးများကို မတူသော နေရာ များတွင် တစ်နေရာ တစ်ခုစီထားရမည်။ မတူသောနေရာဆိုသည်မှာ အရိပ်ရှိ၍အေးမြသောနေရာ၊ ကောက်ရိတ်ပြီးသော လယ် ကွင်းထဲ၊ ကျနေ မခံရသော မနက်နေ ပူသောနေရာ၊ ချောင်းစပ် မြောင်းစပ် ရေကန်ဘေး၊ သစ်ပင် တောအုပ်ထူထပ်သော နေရာ၊ အစိုဓာတ်များသောနေရာတို့ကို ဆိုလိုသည်။
- ထိုကဲသို့ ထားရာ တွင် ပိတ်စပတ်ချည်ထားသောထမင်းဘူးများပေါ်တွင် ထိုနေရာ ပတ်ဝန်းကျင်မှ သစ်ရွက်များကို ခူး၍သော်၎င်း၊ သစ်ရွက်ခြောက်များကို၎င်း ယူ၍ ထမင်းဘူးများပေါ်တွင် စုပုံ၍ ၂ပတ်ခန့် ထားပါ။
- ကြွက်ပေါသော နေရာတွင် သံဇကာအစိတ်ကို အပေါ်မှ ထပ်အုပ်ထားပါ။
- ၂ပတ်ခန့်ကြာသောအခါ နေရာမျိုးစုံတို့မှ ထမင်းဘူးများကို လိုက်လံသိမ်း ဆည်း၍ ပိတ်စများဖယ်၍ ထမင်းများကို စဉ့်အိုးအလတ်(၁ပေခွဲအမြင့်)ထဲသို့ ထည့်ပါ။ ထိုသို့ လိုက်လံယူရာတွင် ထမင်းများအပေါ်သို့ မှိုများ၊ ပိုးကောင်းများရှိနေလိမ့်မည်။ မဖယ်ပစ်ရပါ။ ထိုကဲ့သို့ နေရာပေါင်းစုံမှ ထမင်းများကို စဉ့်အိုးထဲသို့ ရော၍ ထည့်ပါ။
- ထို့နောက် သကြားညို ၁ပိဿာကို ရေ ၂ဆရော၍ မွှေထားသော သကြားရည်ကို စဉ့်အိုး ထဲထည့်၍ ထမင်းများနှင့် သမအောင်မွှေပေးပါ။
- ပြီးလျှင် စဉ့်အိုးကို ပိတ်စအပါးနှင့် လုံအောင် အုပ်၍ ကြိုးဖြင့် ချည်ထားကာ အရိပ်ရသော နေရာအောက်တွင် ၂ပတ်ခန့်ထားပါ။ ၂ပတ်ခန့်ကြာလျှင် မွှေးအီသော အချဉ်ဖောက်ထား သည့် အနံ့ထွက်လာပြီး အပင်များသို့ ဖျန်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
- ထိုထမင်းအချဉ်ဖောက်ရည်ကို တစ်မျိုးတည်း ဖြန်းလျှင် ရေ အဆ ၅၀ဝ ရော၍ အခြား အချဉ်ဖောက်ရေများနှင့် ရောဖြန်းလျှင် ရေ အဆ ၁၀၀ဝ ရောကာ ဖြန်းရမည်။ ထို အချဉ် ဖောက်ရေကို ယူရာတွင် အပေါ်ယံ အရည်ကို ခပ်ယူ၍ ၄ ဂါလံ ဆေးဖြန်းပုံး ၁ပုံးလျှင် ဆေးရည် ၃၀-၄ဝ စီစီ(ရေအဆ ၅၀ဝနှုန်း) (သို့မဟုတ်) အခြားဆေးများနှင့်ရောဖြန်းလျှင် ဆေးရည် ၁၅-၂ဝ စီစီ(ရေအဆ ၁၀၀ဝနှုန်း) ဖြင့် ရောစပ်ဖြန်းရမည်။ အပင်များကို ဖြန်းရာတွင် အပင်ခြေပတ်ပတ်လည်မှ ရွက်ဖျားအထိ နှံ့အောင် ဖြန်းရမည်။
သစ်ရွက် အချဉ်ဖောက်ခြင်း
- သစ်ရွက်အချဉ်ဖောက်ခြင်းကို ဆောင်းအကုန်နွေအကူး မနက်စောစောတွင် လုပ်ဆောင် သင့်သည်။ မိုးတွင်းတွင် မလုပ်ဆောင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက် များပေါ်ရှိ တဆေးနှင့် ဘက်တီးရီးယားများ၊ ပိုးမွှားများသည် မိုးရေနှင့်အတူ ပါသွားသော ကြောင့်ဖြစ်သည်။
- အချဉ်ဖောက်မည့် အပင်များကို မနက်ခင်း နေမွန်းမတည့်မီ ခူးဆွတ် အချဉ်ဖောက်ရ၏။ ထိုအချိန်သည် အာဟာရဓါတ်များ ပြည့်ဝသည့်အချိန်ဖြစ်သည်။ အပင်များတွင် အသား အမျှင်များ ကြီးထွားချိန်နှင့် အဆီအသား ရွေ့လျားစီးဝင်ချိန်ရှိသည်။
- သစ်ရွက်အချဉ်ဖောက်ခြင်းမှာ သစ်ရွက်များထံမှ ဟော်မုန်းနှင့်ကလိုရိုဖီးရယူခြင်း ဖြစ်ပြီး အချဉ်ဖောက်၍ရသည့်အပင်များမှာ ဘိစပ်ပင်၊ ပဲမျိုးနွယ်ပင်၊ သခွါး၊ ဖရုံ၊ ကျောက်ဖရုံ၊ ဘူး၊ မျှစ်စို့၊ မုန်လာရွက်၊ ကတတ်ပင်၊ ကန်ဇွန်း၊ ဟင်းနုနွယ် စသော အပင်များသာမက မိမိဒေသ နီးစပ်ရာသဘာဝပေါက်ပင်များမှ ဉာဏ်ရှိသလို ခူးဆွတ်အချဉ်ဖောက်နိုင်သည်။
- အရွက်များကို မနက်စောစောခူးဆွတ်ပြီး ရေမဆေးရပါ။ အောက်မှ အခင်းပေါ်ဖြန့်၍ အရွက်များကို စဉ်းနီတုံးပေါ် တင်၍ နုပ်နုပ်စင်းပါ။ အရွက်များမှ အရည်ထွက်လာသည် အထိ စဉ်း၍ သကြားညိုကို အရွက်ပမာဏ၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ရော၍မွှေပေးပါ။
- ထို့နောက် စဉ့်အိုးထဲသို့ ဖိသိပ်ထည့်ပါ။ စဉ့်အိုး၏ သုံးပုံတစ်ပုံခန့် အပေါ်ပိုင်းကို အနည်း ငယ်ချန်၍ ဖိသိပ်ထည့်ပါ။ အပေါ်မှသကြားထပ်ဖြူးပါ။ ပြီးလျှင်အိုးထိပ်ဝကို အဝတ်ပါးဖြင့် ကြိုးချည်ပြီး အမှောင်နှင့် အေးသောနေရာတွင် ၁ပတ်၊ ၁ဝရက်ခန့် ထားပါ။
- ဆေးဖြန်းနည်းမှာ အပေါ်မှ ထမင်းအချဉ်ဖောက်ရည်ကဲ့သို့ပင် ဖြစ်သည်။
သစ်သီး အချဉ်ဖောက်ခြင်း
- အချဉ်ဖောက်ရာတွင် အသီးများသာမက သစ်ဥများလည်းရသည်။ ၎င်းတို့မှာ ပန်းသီး၊ မုန်လာဥနီ/ဖြူ၊ သစ်တော်သီး၊ ခွာညိုသီး၊ သဖန်းသီး၊ ကတွတ်သီး၊ ဇီးသီး၊ စတော်ဘယ်ရီ နာနတ်၊ စပျစ်၊ ချယ်ရီ၊ ကန်ဇွန်းဥ၊ မျောက်ဥ၊ ဝဥ၊ ပိန်းဥ၊ အာလူး၊ နိုကိုဥ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ သခွားသီးစသည်တို့သာမက မိမိဒေသထွက်သည့် သီးပင်၊စားပင်များမှအဆင် ပြေသလို ပြလုပ်နိုင်သည်။ သို့သော် အရည်ပျော်ဝင်ရန်ခက်ခဲသည့်အမယ် ၂မျိုးထက်ပို၍ မပါဝင်သင့်ပေ။ အသီးများပြင်ဆင်ရာတွင် သေချာမှဲ့နေပြီး အနည်းဆုံး ၅မျိုးခန့်ရှိပါစေ။ အပင်မှ ကြွေကျသောအသီးကို ရနိုင်လျှင် ပိုမိုကောင်းမွန်သည်။
- အသီးများကိုထည့်ရန် စဉ့်အိုးအကြီးကို ဆေးကြော၍ ရေခြောက်အောင် နေလှန်းထားပါ။
- အသီးများကို စဉ်းနီတုံးပေါ်တင်၍ ခပ်စိတ်စိတ်လှီးဖြတ်ပါ။ လက်ဖြင့်ညှစ်၍ရသည့် အသီး များကိုမူ လက်ဖြင့်ညှစ်ရမည်။ ဇလားကြီးကြီးတစ်ခုထဲသို့ ထိုလှီးဖြတ်ထားသော အသီး အနှစ်များကို ထည့်ပါ။ အရည်များကိုပါ အလဟဿမဖြစ်ပါစေနှင့်။ ထိုအနှစ်ကို သကြား သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်ရော၍ သမအောင်နယ်ပါ။ အရည်ရွှမ်းသည့် အသီး များများပါ လျှင် ပိုကောင်းသည်။
- အသီးများကို စဉ့်အိုးထဲထည့်ရာတွင် စဉ့်အိုး၏အပေါ်ပိုင်း သုံးပုံတစ်ပုံခန့်ကို လေဝင်လေ ထွက်အတွက်ချန်ထားပါ။ ထို့နောက် အသီးအနှစ်အပေါ်ပိုင်းကို သကြားဖြူးပေးရမည်။ ပြီးလျှင် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်ပေးရမည်။ နွေရာသီတွင် ၁ပတ်၊ ဆောင်းရာသီ တွင် ၂ပတ်ခန့် အရိပ်ရသော၊ အေးသောနေရာအောက်မှာ ထားပေးရသည်။ ထိုကဲ့သို့ ထားရာတွင် ၁ရက်လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် အိုးကို အသာအယာလှုပ်ပေးရမည်။ အချဉ် ပေါက်ပြီးလျှင်လည်း အပေါ်ယံကို သကြားအနည်းငယ်ထပ်ဖြူး၍ အိုးကို အဝတ်ဖြင့် ပြန် စည်းကာ အရိပ်အောက်တွင် ထားရမည်။ ဆေးဖြန်းနည်းများသည် အထက်က နည်းများ အတိုင်းဖြစ်သည်။
ပရဆေး(ဆေးဖက်နွယ်ဝင်ပင်- Herbal) အချဉ်ဖောက်ခြင်း
- ပရဆေးအချဉ်ဖောက်ခြင်းကို မပြုလုပ်မီ ဆန်ဆေးရည်(သို့မဟုတ်)ထမင်းရည်ကို အရင် အချဉ်ဖောက်ရမည်။ ထိုနည်းမှာ ဆန်ဆေးရည်(သို့မဟုတ်)ထမင်းရည်ကို စဉ့်အိုး၁လုံးစာ နီးပါးစုဆောင်းပြီး ဆန်ဆေးရည် နောက်ဆုံးထည့်သည့်နေ့မှ နောက် ၂ပတ်ကြာလျှင် အချဉ်ဖောက်ခြင်းလုပ်ငန်းပြီး၍ သုံးစွဲရန်အသင့်ဖြစ်ပြီ။ (မှတ်ချက်- ထိုဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည် အချဉ်ဖောက်ရည်ကို သူ့ချည်းသက်သက် ရွက်ဖြန်းဆေးအဖြစ် သုံးလျှင်လည်း အာနိသင်ထူးသည်။
- နွယ်ချို၊ သစ်ဂျပိုး၊ စမြိတ်၊ လေးညှင်း၊ ကြက်သွန်ဖြူ၊ ဂျင်းစသည်တို့ကို ၂း၁း၁း၁း၁း၁ အချိုးဖြင့် စုဆောင်းပါ။ ကြက်သွန်ဖြူ၊ ဂျင်းတို့သည် ထပ်ဖြည့်အမယ်များဖြစ်ကာ ၎င်း၂ခု ပေါင်းကို စဉ့်အိုး၁လုံး သုံးပြီး ကျန်အမယ်များကိုလည်း စဉ့်အိုး၁လုံးစီသုံးပြီး ထည့်ရမည်။ ထိုအခါ အမယ် ၆မျိုး၊ စဉ့်အိုး ၅လုံးဖြစ်မည်။
- အမယ်၆မျုးိစလုံးကို အသေးဆုံးဖြစ်အောင် လှီးတောက်ပြီး အိုးများထဲသို့ထည့်ပါ။
- ထိုအမယ်များ စိမ့်ဝင်အောင် ဆန်ဆေးရည် အချဉ်ဖောက်ရည်များကို အိုး၏ သုံးပုံ၂ပုံခန့် လောင်းထည့်ပါ။ ထို့နောက် အိုးထိပ်ဝကို အဝတ်ဖြင့်စည်း၍ ၁ရက် ၂ရက်ခန့် စိမ်းထားပါ။
- ၂ရက်ခန့်ကြာလျှင် ထိုအမယ်တစ်မျိုးစီပမဏ၏ သုံးပုံ၁ပုံခန့်ရှိသော သကြားညိုထည့်ကာ နှံ့အောင်နယ်ပေးပါ။ ပြီးလျှင် အဝတ်ပြန်စည်းထားပြီး အရိပ်ရသော၊ အေးသောနေရာ အောက်တွင် ၂ပတ်ခန့်ထားပါ။ ၁ရက် ၂ကြိမ်ခန့် အိုးများကို နာနာလှုပ်ပေးပါ။
- ဆေးဖြန်းရန်အတွက် ဆေးစပ်ရာတွင် အိုး ၅ အိုးဆီမှ ၂း၁း၁း၁း၂ (နွယ်ချို၊ သစ်ဂျပိုး၊ စမြိတ်၊ လေးညှင်း၊ ကြက်သွန်ဖြူ+ဂျင်း) အချိုးအတိုင်းယူပြီး ရောစပ်ကာ ဖြန်းရမည်။ ရေဖြင့်ရောရမည့် ပမာဏမှာ အထက်ကနည်းများအတိုင်းဖြစ်သည်။
ဖွဲနုအချဉ်ဖောက်ရည် ပြုလုပ်ခြင်း
- စဉ့်အိုးအလတ် (ဖွဲနု ၆ပြည်၊ ရပြည်စာဝင်) တစ်လုံးတွင် ဖွဲနု ၃ပြည် ထည့်ပါ။ ထို့နောက် အချဉ်ဖောက်ပြီးသော ဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည်ကို အိုး၏ ၃ပုံ၂ပုံခန့် ဖြည့်ပါ။
- အချဉ်မြန်မြန်ဖောက်ချင်လျှင် သကြား ၃ပုံ၁ပုံခန့်ရောရမည်။
- ထို့နောက်အိုးကို အဝတ်ပါးဖြင့် အုပ်၍ စီးထားပါ။
- အိုးကို ၁ရက် အနည်းဆုံး ၃ကြိမ်ခန့် လှုပ်လှုပ်ပေးပြီး ၂ပတ်၊ ၃ပတ်ခန့် အေး၍ အရိပ်ရ သော နေရာအောက်တွင် ထားပါ။
- ဆေးဖြန်းနည်းမှာ အထက်ပါဆေးနည်းများကဲ့သို့ပင် ဖြစ်သည်။
ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ခြင်း
- ဦးစွာ ပထမ ဟင်းမချက်မီ ခုတ်စင်းထားသော ငါးအရိုးနှင့် ခေါင်းများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်ဝက်ခန့် သကြားညိုထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား ပိုထည့်ရမည်။
- ပြီးလျှင် အချဉ်ဖောက်ထားပြီးသော ထမင်းရည်(သို့မဟုတ်) ဆန်ဆေးရည်ကို အိုး၏ ၃ပုံ ၂ပုံခန့်ထည့်၍ မွှေပေးပါ။ ထို့နောက် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့်ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ ဆေးဖြန်းရမည့် ပမာဏမှာ အထက်ပါဆေး နည်းများအတိုင်း ဖြစ်သည်။
ပုဇွန်ခွံအချဉ်ဖောက်ရည် (Chitosan) ပြုလုပ်ခြင်း
- ရှေးဦးစွာပုဇွန်၊ လယ်ဂဏန်း၊ လယ်ပုဇွန်လုံး၊ ပြည်ကြီးငါးစသောအခွံမာကျောရိုးမဲ့သတ္တဝါ မျိုးနွယ်တို့၏ အခွံများကို စုဆောင်းကာ နေပူလှန်းရပါမည်။ (အမြန်လိုချင်လျှင် မီးကင်၍ ရသော်လည်း နေလှန်းခြင်းလောက် အာနိသင်မကောင်းပေ။) နေပူလှန်းပြီး ကြွတ်၍ ခြောက်သောအခါ ကြေမွအောင် ငရုတ်ဆုံ၊ သံဆုံထဲထည့်ထောင်းပါ။
- ထို့နောက် ၎င်းတို့ကို သကြားညို(၃ပုံ၁ပုံ)နှင့်ရောကာ စဉ့်အိုးထဲထည့်၍ ဖွဲနုအချဉ်ဖောက် ရည်ကို အိုး၃ပုံ၂ပုံခန့်ထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးလျှင် အိုးထိပ်ဝကို အဝတ်ပါးဖြင့် စည်း၍ ၂ပတ် ၃ပတ်ခန့် အရိပ်ရ၍ အေးသောနေရာအောက်တွင်ထားပါ။ ဆေးဖြန်းနည်း မှာ အထက်ပါဆေးနည်းများအတိုင်းဖြစ်သည်။
နို့မှ အချဉ်ဖောက်ရည် ဘက်တီးရီးယား (Lactic Acid Bacteria) ပြုလုပ်ခြင်း
- ဆန်ဆေးရည်ကို စဉ့်အိုးအလတ်ထဲသို့ တစ်ဝက်ခန့်ထဲ့ပါ။
- ပြီးလျှင် အိုးထိပ်ဝကို အဝတ်ပါးဖြင့် အုပ်၍ စီးထားပါ။ အိုးကို အရိပ်ရ၍ အေးသောနေရာ တွင် ထားပါ။ တစ်ပတ်ခန့်ကြာလျှင် ဆန်ဆေးရည်နှင့် နွားနို့ (သို့) ဆိတ်နို့ ကို ၁ဝဆ ၁ဆရောပါ။
- နွားနို့ကို လတ်လတ်ဆတ်ဆတ်ရရှိလျှင် ပိုကောင်းသည်။ ထို့မှသာ ဘက်တီးရီးယားများ လျင်မြန်စွာ ပေါက်ဖွားကြမည်။ နောက်ထပ် တစ်ပတ်ကြာလျှင် ပရိုတိန်း၊ အဆီဓါတ်နှင့် ကဆီဓါတ်များသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်။ အဝါရောင်အရည်သည် အောက် ခြေတွင် အနည်ထိုင်ပေမည်။
- ထိုအနည်သည် ဘက်တီးရီးယားအက်စစ်(lactic acid) ဖြစ်သည်။ အပေါ်ယံအလွှာကို ဖယ်၍ အဝါရောင်အရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းထားလိုက်ပါ။ သကြားညိုနှင့် ဆတူရောနိုင်သည်။
- အဟာရဓါတ်ချို့တဲ့သောအပင်များကို ဖြန်းနိုင်သည်။
ပဲတောင့်အမျိုးမျိုးမှ အချဉ်ဖောက်ရည် ဘက်တီးရီးယား (Lactic Acid Bacteria) ပြုလုပ်ခြင်း
- ပဲတီစိမ်း၊ ဗိုလ်စားပဲ စသော ပဲပင်အမျိုးမျိုး၏ လတ်ဆတ်သော ပဲသီး၊ ပဲလုံးများသာမက အခွံများကိုပါ ခူးဆွတ်၍ စဉ်းနီတုံးတွင် နုပ်နုပ်စင်းပါ။
- ပြီးလျှင် သကြားညိုကို ပြုလုပ်မည့် ပဲပမာဏ၏ ၃ပုံ၂ပုံခန့် ရောနယ်ပါ။
- ထို့နောက် ၎င်းတို့ကို စဉ့်အိုးထဲထည့်၍ အိုးထိပ်ဝကို အဝတ်ပါးဖြင့် အုပ်ပါ။
- ပမာဏအနည်းငယ်သာပြုလုပ်လျှင် စဉ့်အိုးအသေးသုံးနိုင်သည်။
- ၎င်းတို့ အချဉ်ဖောက်လျှင် အဖတ်များအားအရည်လုံးဝမထွက်သည်အထိ ညှစ်၍ အရည်ကြည်ကိုယူကာ ရေခဲသေတ္တာထဲ ခဲသည်အထိ ထည့်ထားပါ။ ၎င်းသည်လည်း LAB ဘက်တီးရီးယားအချဉ်ဖောက်ရည် တစ်မျိုးဖြစ်သည်။
- အထက်ပါဆေးနည်းများအတိုင်း အပင်ကို ဖြန်းနိုင်သည်။
တမာပိုးသတ်ဆေး ပြုလုပ်ခြင်း
- လတ်ဆတ်သော တမာစေ့ ၆ဝကျပ်သာကို လက်ဆုံဖြင့် အဆန်ကွဲရုံထောင်းကာ ရေ ၂ ဂါလံဖြင့် ရောမွှေပြီး ၂ရက်ခန့် ရေစိမ်ထားပါ။
- ထို့နောက် တမာစေ့အရည်များကို ပိတ်ပါးပါးနှင့် စစ်ပေးပြီး ရေ ၂ဆခွဲရောကာ အပင်များ ကို ပက်ဖြန်းနိုင်ပါသည်။
- တမာရွက်ခြောက် (၆ဝကျပ်သားခန့်)များကိုလည်း ထောင်း၍သော်၎င်း၊ ဓါးဖြင့်နုပ်နုပ်စင်း ၍သော်၎င်း ရရှိလာသော တမာရွက်ခြောက်များကို ရေ ၂ ဂါလံဖြင့်ရောမွှေကာ ၂ရက်ခန့် ရေစိမ်ထားပါ။
- ထို့နောက် တမာရွက်ခြောက်အရည်များကိုလည်း ပိတ်ပါးပါးနှင့်စစ်ပေးပြီး ရေ ၂ဆခွဲရော ကာ အပင်များကို ပက်ဖြန်းနိုင်ပါသည်။
- တမာစေ့အမှုန့်(သို့) အရွက်ခြောက် ၁ဆ၊ သဘာဝမြေဆီ ၂ဆခန့်ရော၍လည်း ပိုးသတ် ဆေးမြေဆီ ပြုလုပ်နိုင်ပါသည်။
- တမာနှင့်ပတ်သတ်သော ပိုးသတ်ဆေးများသည် ပိုးလောင်မီး၊ ရွက်လိပ်ပိုး၊ ဖြတ်ပိုး၊ ခူဝါ၊ ခူမွှေးရှည်၊ ရွက်စားပိုးနဂါးနှင့် သီးလုံးဖောက်ပိုးများကို နှိမ်နင်းကာကွယ်ပေးပါသည်။
သဘာဝပိုးသတ်ဆေးတချို့
- မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ပေါက်ရောက်သော မဲရိုင်းပင်၊ ဩဇာ၊ ကြက်ဟင်းခါး၊ ပဲစိမ်းစား၊ နွယ်သာကီ၊ ဆေးရွက်ကြီး စသော အပင်များမှ အရွက်၊ အစေ့ စသည်တို့ကို အခြောက်ခံ၍ အမှုန့်ပြုလုပ်ကာ ရေတွင်စိမ်၍ ပိတ်ပါးဖြင့်စစ်ပြီး အပင်များသို့ တိုက်ရိုက် ပက်ဖြန်းနိုင်ပါသည်။
- ကိုယ်တိုင်ပြုလုပ်၍ အဆင်မပြေလျှင် မြန်မာစိုက်ပျိုးရေးလုပ်ငန်း၊ ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနခွဲမှ ထုတ်လုပ်သည့် တမာပိုးသတ်ဆေး၊ ပင်လုံးပြန့်ပိုးသတ်ဆေးစသော ပြည်တွင်းဖြစ် သဘာဝပိုးသတ်ဆေးကို ဈေးသက်သာစွာ ဝယ်ယူပက်ဖြန်းနိုင်ပါသည်။
- ဆေးနည်းများကိုပြုလုပ်ရာတွင် ဖော်ပြခဲ့သည့်အတိုင်း ပစ္စည်းအမယ်များမရခဲ့လျှင်လည်း မိမိတို့ဒေသထွက်ရှိသည့် နီးစပ်ရာ အမယ်များကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။
- ၎င်းတို့ကို အချဉ်ဖောက်ရာတွင် ရာသီဥတုပေါ်မူတည်၍ ပူလျှင် ၁ပတ်၊ အေးလျှင် ၂ပတ် ခန့် ကြာနိုင်သည်။ အချဉ်ဖောက်မည့် အိုးများကို ထားရာတွင် အေး၍ စိုစွတ်သော၊ အရိပ် ရသော နေရာများတွင် ထားရမည်။ စဉ့်အိုးများကို ဖုံးအုပ်ရာတွင် ပိတ်စအပါးသည် အဆင်ပြေပြီး မိုးရာသီဖြစ်ခဲ့လျှင် အပေါ်မှ အမိုး မိုးပေးရန် လိုသည်။
- ဆေးရည်များကို တစ်မျိုးနှင့်တစ်မျိုး ရောစပ်ဖြန်းရာတွင် စေတနာပို၍ လိုအပ်သည်ထက် အဆ ပိုမထည့်ပါနှင့်။ “တန်လျှင် ဆေး၊ မတန်လျှင် ဘေး” ဆိုသကဲ့သို့ အပင်များ ဒုက္ခ ဖြစ်တတ်သည်ကို သတိထားသင့်သည်။
- သီးမပွင့်မီ အချိန်တွင် မီးစုန်းဓါတ်လိုအပ်သည်။ စတော်ဘယ်ရီသီး အချဉ်ဖောက်ရည် သည် အကောင်းဆုံးဖြစ်သည်။ အပင်များကြီးထွားဖို့ တာစူချိန်၊ အသီးများဖူးပွင့်ချိန် တို့တွင် အသီးအချဉ်ဖောက်ရည် သုံးနိုင်သည်။
- မုန်တိုင်း၊ လေပြင်း၊ အပူ/အအေးဒဏ်ကြောင့် မကျန်းမာသောအပင်များ၊ အရွက်များကို သစ်ရွက်အချဉ်ဖောက်ရည် ဖြန်းပေးရသည်။
- ရေတွင် ထုံးဓါတ်များသော (pH level) မြင့်သော မိတ္တီလာကဲ့သို့သောဒေသများတွင် အရွက်ထိပ်ဖျားများလောင်သည့်ရောဂါ ဖြစ်တတ်သောကြောင့် pH level ညှိပေးရန် LAB ဘက်တီးရီးယား အချဉ်ဖောက်ရည်သည် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် ၎င်းသည် အပင်ကို ရောဂါ ခံနိုင်စွမ်းရှိအောင်လုပ်ပေးသည့်အပြင် အဟာရဓါတ်ချို့တဲ့ခြင်းကိုပါ ကုစားပေးသည်။
- ငါးအမိုင်နိုအက်စစ်သည် အနံ့ပြင်းသည့်အတွက် ရန်သူပိုးမွှားများ မလာစေရန်ကူညီပေး သည်။ သစ်ရွက်ဆွေးပြုလုပ်ရာတွင်၎င်း၊ မြေဆွေးပြုလုပ်ရာတွင်၎င်း၊ ငါးအမိုင်နိုအက်စစ် ထဲ့ဖြန်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်စေသည်။
- ပုဇွန်ခွံအချဉ်ဖောက်ရည်သည် chitosan ဓါတ်ပါဝင်သောကြောင့် အပင်ကို ရောဂါဖြစ်ပွား စေသော မှို၊ ဘက်တီးရီးယားနှင့် နီမတုတ်သံကောင်ဖျက်ပိုးများကို နှိမ်နင်းပေးသည်။ ရောဂါမဖြစ်မီကြိုတင်ဖြန်းရပြီး ၂ပတ်ကြာလျှင်သူ့အလိုလို အပင်ကြီးထွားမှုနှင့် ခံနိုင်ရည် ရှိမှုကိုအားပေးသော glucosamine အဖြစ် ဓါတ်ပြောင်းလဲသွားပါသည်။ သို့သော် အပင် ၏ မူလဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်မှုမဖြစ်ပေါ်နိုင်ကြောင်း သုတေသနပြုထားပြီး ဖြစ်ပါသည်။
Green Agarwood မှ များစွာသော ဝန်ဆောင်မှုများကို ကမ်းလှမ်းလျက်
- ပျိုးပင်များကိုဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း။
- အဆီထွက်နှုန်းကောင်းသော ပျိုးပင်များကိုသာ ရောင်းချပေးခြင်း။
- ပျိုးပင်ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ သိလိုသည်များကို အခမဲ့ဆွေးနွေး အကြံပြုနိုင်ခြင်း။
- ပျိုးပင်များကို အထိအခိုက်၊ အပျက်အဆီး၊ ဆုံးရှုံးမှုမရှိစေရန် ခြံအရောက် ဝန်ဆောင်မှု ပေးနိုင်ခြင်း။
- ပျိုးပင်၁နှစ်သားမှ ဆေးထိုးချိန်အထိ ဖြစ်တတ်သောရောဂါလက္ခဏာများ၊ ပိုးမွှားအန္တရာယ် များနှင့်ပတ်သတ်၍ လိုအပ်သော အကြံဉာဏ်များကို အခမဲ့ အကြံပြု ဆွေးနွေးပေးခြင်း။
- တိုးတက်လာသောနည်းပညာအရ ဓာတ်မြေဩဇာ၏ ဆိုးကျိုးများကြောင့် ဩဂဲနစ် မြေဩဇာ (Organic Fertilizer)များကို အသုံးပြုလာရာ၊ ၎င်းတို့၏ဈေးကွက်မှာ မြင့်တက် လျက်ရှိခြင်းကြောင့် သဘာဝကျကျ၊ အကုန်အကျသက်သာစွာ စိုက်ပျိုးချင်သူများအတွက် သဘာဝကျကျစိုက်ပျိုးနည်းပညာများ ကို လွယ်လင့်တကူ ရယူနိုင်ခြင်း။
- မှိုဆေးထိုးချိန်၌လည်း ရင်းနှီးမြှပ်နှံမှု အနည်းအများပေါ်မူတည်၍ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်စေရန် ကူညီဆောင်ရွက်ပေးခြင်း။
- ဆေးထိုးပြီး၁နှစ်ခွဲအကြာ အဆီခဲဖြစ်တည်နေသောအပင်များအား ပေါင်းခံအဆီထုတ်ခြင်း လုပ်ငန်းများကိုလည်း ဒေသတွင်းမှာပင် ဝန်ဆောင်မှုပေးနိုင်ခြင်း။
- ပေါင်းခံအဆီထုတ်၍ရရှိလာသော သစ်မွှေးဆီများကို ယိုးဒယား၊ တရုတ်၊ ဂျပန်နိုင်ငံများ သို့ တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်း။
စသောဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျ Green Agarwood မှ ဆောင်ရွက်ပေးနေပါကြောင်းနှင့် စောစောသိ၊ မြန်မြန်စိုက်၊ အချိန်တိုအတွင်း ဝင်ငွေများများ ရရှိစေရန် ရည်ရွယ်၍ စေတနာကောင်းဖြင့် သတင်းကောင်းပါးအပ်ပါသည်။
ကိုဝေအောင် (သစ်မွှေးချစ်သူ)
09 49348896, 09 73070035, 09 5136753, 09 49275907.
email: waiaungchanmyo@gmail.com
13 comments
မောင်ပေ
June 21, 2012 at 1:09 pm
ကိုဝေအောင် ရဲ ့စေတနာကို လေးစားမိပါတယ် ။
ကူးယူသွားခွင့်ပြုပါ ခင်ဗျ ။
ကျုပ်ရဲ ့ဂျီမေးလ် ဒရပ်ဖ်ထဲမှာ ကူးထားပြီး ၊ သိချင်တဲ့အချိန် အလွယ်တကူ ပြန်ကြည့်လို ့ရအောင်လို ့ပါ ။
တခြား သစ်မွှေးစိုက်မယ့်လူနဲ ့တွေ ့ရင်လဲ ကိုဝေအောင် ရဲ ့ဖုန်းနံပါတ် နဲ ့လိပ်စာ ရယ် ၊ ဒီစာတမ်းတွေ ရယ် ကို ပြန်ပြောလိုက်ပါမယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျား
Wai Aung
June 21, 2012 at 3:28 pm
ရပါတယ်ဗျာ
အားလုံး ယူဖို့အတွက်ပဲတင်ပေးထားပါတယ်ဗျာ
ကြော်ငြာပေးမယ်ဆိုတဲ့အတွက်လည်း ကျေးဇူးပါဗျာ။
lynn lynn
June 21, 2012 at 1:25 pm
ကူးပြီး သိမ်းထားလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
myanmarcitizen
June 21, 2012 at 2:25 pm
ကျွန်တော် သစ်မွှေးကို စတင်သိခဲ့တာက မနှစ်ကပါ (အတိအကျဆိုရင်တော့ ၅လပိုင်းလောက်မှာနယ်သွား ရင်းသိခဲ့တာပါ)။ ၅ နှစ်သားကို ရသိန်းအနဲဆုံးရမှာဆိုတော့ စိုက်ပျိုးသင့်ပါတယ်။
ပြည်တွင်းဈေးကွက်မှာ ဝယ်ယူမဲ့ company ကောရှိပါသလား။ စိုက်ပျိုးထုတ်လုပ် သမျတွေအတွက်ကော ဝယ်လိုအားကရှိနိုင်မလား ဆိုတာလေးလဲ ပြောပေးပါအုန်း။ ဖုန်းနံပါတ်လေးနဲ့ စာတွေကိုကူးသွားပါတယ်။ ကျေးဇူးပါ။
rose lay
June 21, 2012 at 2:43 pm
I agree your comments!!!pls explain us.
Wai Aung
June 21, 2012 at 3:39 pm
ဟုတ်ကဲ့ပါ
အကိုပြောတဲ့ ၅နှစ်သားကို ဆေးထိုးပြီးသားဆိုရင် ပျမ်းမျှ ၁ဝသိန်းလောက်ရပါတယ်။
ပြည်တွင်းမှာ ဝယ်ယူတဲ့ကုမ္ပဏီတွေအများကြီးရှိနေပါတယ်။ ဘာဟာများတယ် နဲတယ်ဆိုတာတော့ ကိုယ့်ဘာသာစုံစမ်းကြည့်ပေ့ါနော်။
မြန်မာပြည်က လက်ရှိအနေအထားမှာ CITEX အဖွဲ့ဝင် တရားဝင်မဖြစ်သေးတဲ့အတွက် သစ်မွှေးကို တကယ်တမ်းရောင်းမယ်ဆိုရင် ယိုးဒယား၊ အိန္ဒိယစတဲ့ အိမ်နီးချင်းများကတဆင့် ရောင်းရတဲ့အတွက် ဈေးနည်းနေပါတယ်။
နောက် ၂၀၁၅နောက်ပိုင်းမတော့ မျှော်လင့်ချက်များစွာရှိနေပါတယ်
ကမ္ဘာ့ဈေးကွက် လိုအပ်ချက်အရ (၂၀၀၉) သစ်မွှေးဆီ သိန်း လေးဆယ်စီစီ ဖြစ်ပြီး အများဆုံးထုတ်တဲ့ ယိုးဒယားနဲ့ဗီယက်နမ် ၂နိုင်ငံပေါင်းက ၁၂၀၀၀ဝ စီစီပဲဖြစ်တာကြောင့် ကမ္ဘာ့သစ်မွှေးလိုအပ်ချက်ကို ပြည့်မီအောင် ကြိုးစားနေရမြဲဖြစ်ပါတယ်။
kai
June 21, 2012 at 3:47 pm
သစ်မွေးအကြောင်း… သတင်းစာထဲထည့်ထားပြီး.. မေးသူတချို့ရှိလာတာမို့.. သတိတရပြန်ဖတ်ဖြစ်ပါတယ်..
မြန်မာပြည်လိုနေရာအတွက်.. သဘာဝကပေးတဲ့.. အဖိုးတန်လက်ဆောင်ပါပဲ..
မြန်မာတွေ.. စီးပွားဖြစ်စိုက်သင့်တယ်..
အင်တာနက်ထဲ လိုက်ကြည့်ရင်.. တွေ့တဲ့စာတန်းလေးတခု..လင်ခ့်ပေးလိုက်ပါတယ်..
ကိုဝေအောင်နဲ့.. စိတ်ဝင်စားသူတွေ.. လေ့လာဖို့ပါ..
http://d1kjvfsq8j7onh.cloudfront.net/downloads/agarwood.pdf
Wai Aung
June 22, 2012 at 10:44 am
link ပေးတဲ့အတွက် ကျေးဇူးပါ။
ကျနော်ဆီမှာလည်း အဲ့ဒီ soft copy ရှိပါတယ်။
ကျနော် စလေ့လာစဉ်တုန်းက အဲ့ဒီလိုဟာတွေ တော်တော်များများရှိပါတယ်။
နောက်များတော့ အချိန်ရရင် ဘာသာပြန်ပြီး ဖော်ပြပေးချင်ပါတယ်။
ကိုပေါက်(မန္တလေး)
June 21, 2012 at 4:15 pm
အတော်ကို စေ့စေ့စပ်စပ်ရေးထားတာဘဲနော်။
ိမန်းလေးဘက်မှာတော့ အနီးစခန်းတက်စို်က်သူအများကြီး
လက်တွေ့လုပ်နေသူမေးကြည့်တော့ အပင်ကြီးအောင်ထိ ဆိုရင် ငွေရင်းအတော်ထည့်ရတယ်ပြောတယ်။
Wai Aung
June 22, 2012 at 10:41 am
ဟုတ်ကဲ့ပါ
ကြီးကြီးကျယ်ကျယ်စိုက်တဲ့သူတွေအတွက်တော့ ဟုတ်တာပေါ့
shwe kyi
June 22, 2012 at 12:10 pm
အားပါး ကိုဝေအောင်ရေ တော်တော်များတာပ။
ကူးယူပြီးဖြည်းဖြည်းဖတ်မယ်။ ကျေးဇူးပါနော်။
နှင်းဆီ ငုံ
June 22, 2012 at 1:32 pm
သေသေချာချာ ကျကျနန ရေးပြပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုဝေအောင်ရေ
Wai Aung
June 26, 2012 at 8:04 am
ရပါတယ်ဗျာ
လိုအပ်တာသိချင်တာရှိရင်လည်း မေးနိုင်ပါတယ်။