သတိထားလေ အမှားလုပ်မိလေ
တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက
ဘုန်းကြီးတစ်ပါးဟာကိုရင်တစ်ပါး
ဆီအဝယ်ခိုင်းခဲ့တယ်။
ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး ”
ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင်
ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်” လို့ သတိပေး မှာကြားလိုက်တယ်။ ကိုရင်က
တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။
လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ
အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး
တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို
ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ
ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး
ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။
ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး
လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ
မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။
ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး “သေချာယူခဲ့ပါလို့
မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်” ဆိုပြီး ဆူတော့ ကိုရင်
စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့
ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး
“ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ
ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်” လို့
မှာလိုက်တယ်။
ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က
ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို
ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။
ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။
ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။
ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊
လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက
ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့
ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။
မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။
သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊
အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက်
သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့
ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့
ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။
4 comments
kopauk mandalay
June 25, 2010 at 4:10 pm
စိတ်ထဲမှာ တင်းထားရင်
တင်းရင်းတင်းရင်းကနေ
လျော့ကျသွားတာကတော့အမှန်ပါဘဲ၊
khinmintatthu
June 25, 2010 at 6:44 pm
ဖြစ်တတ်ပါတယ်လေ…. သတိထားတယ်ဆိုတာကောင်းတဲ့အလုပ်တစ်ခုပါ… သတိထားနေတဲ့အချိန်မှာတော့ ကြောက်စိ်တ်မဝင်ဖို့ကတော့ အဓိကပေါ့……
bigcat
June 25, 2010 at 7:26 pm
This post has a good intention to educate readers but overlooks the underlying cause of why the oil was spilled over. The issue arises out of fear, not from being cautioned. There should not be any problem if one pays good attention to what he/she is doing. Cheers!
chitsayar
June 26, 2010 at 5:53 pm
ဟုတ်ပါ့ဗျာ ဝိရိယလွန်တော့ ဘာဆိုလား?