ရုံးမှာပျော်စေမယ့် အချက် ၁၂ ချက်
ကျွန်မတို့ရုံးရဲ့ Bulletin Board ပေါ်က “12 quick tips for boosting your happiness at work” ဆိုတဲ့ Article လေးပါ။ တနေ့တနေ့မှာ အိမ်မှာနေတဲ့ အချိန်ထက် ရုံးမှာရှိတဲ့အချိန်က ပိုများနေတဲ့ ကျွန်မတို့လို ရုံးဝန်ထမ်းတွေအတွက် ရုံးမှာပျော်မှ ဘဝကလည်း နေပျော်မှာပါ။ ဒါကြောင့် ကိုယ့်အတွက်လည်း လက်တွေ့အသုံးဝင်တဲ့ အချက်တွေမို့ မကြာခဏ ပြန်ဖတ်မိသလို စိတ်ဝင်စားတဲ့ မဖတ်ရသေးသူတွေ အတွက်လည်း ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။ မူရင်းရေးသူက Happiness Project Blog ကိုရေးသားနေသူ Gretchen Rubin ဖြစ်ပါတယ်။
၁) မျက်လုံးအားစိုက်ရတဲ့ ပမာဏကို စစ်ဆေးပါ။ အလေးပြုသလိုမျိုး နဖူးပေါ်မှာ လက်ကို တင်ကြည့်ပါ။ မျက်လုံးကြည့်ရတာ သက်သာသွားတယ်ဆိုရင် ကိုယ်အလုပ်လုပ်တဲ့နေရာ တဝိုက်မှာ အလင်းရောင် သိပ်များနေပါပြီ။
၂) ဖြောင့်ဖြောင့်တန်းတန်း ထိုင်ပြီး ပုခုံးတွေကို သက်တောင့်သက်သာ ဖြေလျော့ထားပါ။ ထိုင်နေတဲ့ ပုံစံကို (ခပ်မတ်မတ်နဲ့ သက်တောင့်သက်သာဖြစ်အောင်) ပြင်လိုက်တိုင်း ပိုပြီး တက်ကြွရွှင်မြူး လာစေပါတယ်။
၃) ဖုန်းအတွက် မိုက်ကရိုဖုန်းပါတဲ့ နားကျပ် (Headset) ကို အသုံးပြုပါ။ ရယ်စရာကြီးလို ဖြစ်ပေမယ့် အများကြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဒါ့အပြင် ဖုန်းနဲ့စကားပြောရင်း (လိုအပ်ရင်) ထပြီး လမ်းလျှောက်နိုင်ပါသေးတယ်။ (ဒါကလည်း ရယ်စရာကောင်းချင် ကောင်းနေမှာ ဖြစ်ပေမယ့် ပိုပြီး တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ဖြစ်စေပါတယ်။)
၄) စားပွဲပေါ်မှာ ချိုချဉ် (မုန့်ပဲသရေစာ)တွေ မထားပါနဲ့။ လေ့လာချက်တွေအရ မုန့်ပဲသရေစာတွေ လက်တကမ်းမှာ ရှိနေရင် လူတွေဟာ စားချင်စိတ် ပိုဖြစ်နေတတ်ပါတယ်တဲ့။ တနေ့ကို M&Ms (ချောကလက်) လက်တဆုပ်စာစားရင် တစ်နှစ်ကို ၅ပေါင်အထိ ကိုယ်အလေးချိန် တက်စေပါတယ်။
၅) အလုပ်ကိစ္စတွေ ဖုန်းထဲမှာပြောရင် (မစဉ်းစားဘဲ) ချက်ချင်း “ဟုတ်ကဲ့” လို့ မပြောပါနဲ့။ အဲဒီအစား “ကျွန်တော်/ကျွန်မ အကြောင်းပြန်ပါ့မယ်” လို့ပဲ ပြောပါ။ လူတစ်ယောက်နဲ့ တိုက်ရိုက်စကားပြောနေချိန်မှာ ကူညီလိုက်လျောချင်စိတ် ပိုပြင်းထန်နေတတ်ပြီး မစဉ်းစားဘဲ အလွယ်တကူ “ဟုတ်ကဲ့”လို့ သဘောတူ ခေါင်းငြိမ့်မိတတ်ပါတယ်။ ဒါကြောင့် အထက်မှာပြောခဲ့သလို သတိထားပြီး အကြောင်းပြန်မယ် ဆိုတာကိုပဲအရင်ပြောပါ။
၆) “ဟုတ်ကဲ့” လို့မပြောခင် စဉ်းစားတဲ့အခါမှာ ဒီအလုပ်ဟာ ကိုယ်နောက်တပတ်မှာ လုပ်ရမယ့်အလုပ်တစ်ခုလို သဘောထားပြီး ဆုံးဖြတ်ပါ။ အလုပ်ကို လုပ်ရမယ့်အချိန် ဝေးနေသေးတာကြောင့် သိပ်မကြီးလေးသလို ထင်ယောင်ပြီး လက်မခံမိပါစေနဲ့။
၇) ကိုယ့်ကိုကိုယ် သိပ်ပြီး ဗိုက်မဆာပါစေနဲ့။ မူရင်းစာရေးသူရဲ့ အမျိုးသားဟာ အစာမစားဘဲ
နာရီပေါင်းများစွာ အလုပ်လုပ်တတ်ပါတယ်တဲ့။ ဒါကြောင့် သူမဟာ
အဆင်ပြေလိုပြေငြားဆိုပြီး Granola (အုတ်ဂျုံနဲ့ အစေ့အဆံတွေ
အများဆုံးပါလေ့ရှိတဲ့ မနက်စာ) အထုပ်ကြီးတစ်ထုပ်ကို သူ့စားပွဲပေါ်မှာ ထားပြီး
စားနိုင်ဖို့ ဝယ်ပေးထားလိုက်ပါတယ်။ အဲဒီအခါ သူမ အမျိုးသားက တစ်ထုပ်လုံးကို
တနေ့ထဲနဲ့ ကုန်အောင်စားပြီး နေမကောင်း ဖြစ်ပါတော့တယ်တဲ့။ သင်ခန်းစာကတော့
အချိန်မှန်မှန် အစာစားဖို့ပါ။
၈) ခက်ခဲတဲ့ Phone Call တွေ၊ အလုပ်တွေ၊ Email တွေကို မြန်နိုင်သမျှအမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပါ။
သူတို့တွေကို ချက်ချင်းမလုပ်ဘဲ အချိန်ရွှေ့ဆိုင်းခြင်းအားဖြင့် ပိုခက်ခဲသလို
ဖြစ်လာစေပြီး၊ အဲဒီအလုပ်တွေ မြန်မြန်ပြီးအောင် လုပ်လိုက်နိုင်ရင်တော့
(ဝန်တစ်ခုပေါ့သွားတဲ့အတွက်) စိတ်သက်သာရာရပြီး စိတ်အားတွေလည်း အများကြီး
တက်လာစေပါတယ်။
၉) ကိုယ့်မှာ ဖိစီးမှုမျိုးစုံနဲ့ မနိုင်မနင်းဖြစ်နေတယ်လို့ ခံစားရရင် ကိုယ့်အချိန်တွေကို ဘယ်လိုခွဲဝေ
အသုံးချသလဲဆိုတာကို သေချာပြန်စဉ်းစားပါ။ Internet ထဲမှာ ဘယ်လောက်ကြာကြာ
ဟိုငေးဒီငေး လုပ်မိသလဲ၊ အထားမှားတဲ့ (ဒါမှမဟုတ် နေရာတစ်ခုမှာ
သတ်သတ်မှတ်မှတ် မသိမ်းမိလို့ မကြာခဏ ပျောက်နေတတ်တဲ့) ပစ္စည်းတစ်ခုကို
ဘယ်လောက်ကြာကြာ ရှာနေရလဲ၊ ကိုယ်နဲ့ မဆိုင်တဲ့ သူများအလုပ်တွေကို
လုပ်ပေးရင်း အချိန်ကုန်နေရတာလား… ဆိုတာတွေကို ကိုယ့်ဘာသာ အရိုးသားဆုံး
ဆန်းစစ်ကြည့်ပါ။
၁၀) ကိုယ်သိစရာ မလိုတဲ့ တချို့သောအရာတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားပါ။ (အမြင်အကြား
ဗဟုသုတ မှန်သမျှ ကောင်းတယ် ဆိုပေမယ့် ကိုယ့်အတွက်ရော သူများတွေအတွက်ပါ
အကျိုးမရှိနိုင်တဲ့ စပ်စုခြင်းသက်သက်နဲ့ သိချင်တဲ့ အရာတွေကို
ဆိုလိုဟန်တူပါတယ်။)
၁၁) တနေ့ကို အနည်းဆုံး တစ်ကြိမ်တော့ အပြင်ဘက်ကိုထွက်ပါ။ ဖြစ်နိုင်ရင် လမ်းလျှောက်ပါ။ နေရောင်ခြည်နဲ့
ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ့်ရဲ့ အာရုံစူးစိုက်မှု၊ စိတ်အခြေအနေနဲ့
အချက်အလက်တွေ မှတ်မိနိုင်စွမ်း တို့ကို သိပ်ကောင်းစေပါတယ်။
၁၂) (မနက်ရုံးရောက်ချိန်မှာ) လူတိုင်းကို “Good Morning” လို့ နှုတ်ဆက်ပါ။
ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုရှိခြင်းက ကိုယ့်ကို ရွှင်လန်းတက်ကြွစေပါတယ်။
ရုံးထဲက လူတွေအားလုံးနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး ပြေလည်နေတယ်ဆိုတဲ့ အသိကြောင့်
အလုပ်မှာ နေ့တိုင်း ပိုပျော်ရွှင်လာပါလိမ့်မယ်။ ပြီးတော့ ဒီလိုနှုတ်ဆက်တာက
ယဉ်ကျေးရာလည်း ရောက်ပါတယ်။
အားလုံး သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့
အောင်မြင်နိုင်ကြပါစေရှင် း)
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
2 comments
kopauk mandalay
June 29, 2010 at 11:51 am
နိုင်ငံခြားမှာနေတဲ့လူတွေ ဝန်ထမ်းတွေက
ရန်ကုန်က ဝန်ထမ်းတွေလို ကျပ်ညပ် ကပ်သပ်နေတဲ့ ဘတ်စ်ကားကိုတိုးစီးပြီးမှရုံးရောက်တာမဟုတ်သလို
မန်းလေးက ဝန်ထမ်းတွေလို ဆိုင်ကယ် စက်ဘီးကို ကျီးကန်းတောင်းမှောက်ကြည့် အသက်ဖက်နဲ့ထုပ်ပြီး အလုပ်ကိုလာရတာမဟုတ်ဘူးလေ။
သည်ကလူတွေမှာ မနက်ရုံးရောက်အောင်လာရတာနဲ့တင် အလုပ်လုပ်ဘို့အင်အားက တစ်ဝက်ကုန်သွားပြီနော်
မတူဘူးရယ်
http://kopaukmdy.myanmarsarpay.info/
etone
June 30, 2010 at 5:21 am
အင်းရေးထားတာလေးကတော့ကောင်းပါတယ် ။ ဒါပေမဲ့ တကယ်တမ်းအဲ့ဒါမျိုးလုပ်ဖို့ဆိုတာက အလုပ်ရောက်ရင်ဇောကတ်နေတာနဲ့ပဲ မေ့သွားပြန်ရော ။ ဒါနဲ့ပဲ နေ့တနေ့ကို stressတွေနဲ့ ကျော်ဖြတ်ရပြန်တယ် ။