ဗိုုလ်ချုပ်အောင်ဆန်း
ဟောဒီမြို့ကလေးမှာ …
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း …… ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက …
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို … အဲ့လို။
ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
”မောင်ဖာ … မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ” တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။
အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
”အချိန်ပိုင်း တည်းခိုနိုင်သည်” ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတိ္တကို လှစ်ခနဲအပြ
”ကျုပ်မှာ ကာမပိုင်နဲ့ ဗျ” တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
”ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်” ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
”’ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ”’ တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး
နောက်တော့
မဲ့ချင်စရာကြီး
၃၂ နှစ်သားကလေးဟာ …
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊
အဝတ်အစားကောင်းကောင်း မရှိဘူး၊
ဗိုက်မရွှဲသွားဘူး၊
ခဏခဏ အသတ်ခံရတယ်
သတ်ကွင်းနေရာ
”ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ” တဲ့ ..
၉ရ နှစ်နှစ် ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇဝင်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇဝင်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ………………။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။
ဟိန်း (17.7.2012)
11 comments
manawphyulay
July 18, 2012 at 4:13 pm
ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်…
myanmarcitizen
July 18, 2012 at 4:17 pm
ဗိုလ်ချုပ်ရဲ့ သမိုင်းတွင်တဲ့ စာလေးပေါ့ မနောဖြူလေးရေ။ ပထမဆုံး comment ပေးသွားလို့ ကျေးဇူးပါဗျာ
မွန်မွန်
July 18, 2012 at 5:33 pm
print ထုတ်လို်က်ပါပြီချင့်…။ ကျေးဂျူးကဘာဆာရောပါ။ 🙂
Knowledge Seeker
July 18, 2012 at 6:11 pm
ဖတ်ရှု ရင်း ကြက်သီးဖြန်းဖြန်းထမိ ပါသည်။ ဤ post အတွက် အထူးကျေးဇူးတင်ရှိပါသည်။
မောင်ပေ
July 19, 2012 at 1:49 am
အရမ်းကို ကောင်း
အဓိပ္ပါယ်တွေ
ယနေ့ခေတ်ဖြစ်နေပုံတွေကိုပါ
မီးမောင်းထိုးပြထားလေရဲ့
ပြန်ဝေမျှပေးလို့
ကျေးဇူးတင်ပါတယ် ခင်ဗျား
myanmarcitizen
July 19, 2012 at 2:09 pm
ဖတ်ပြီး ကြိုက်ကြတယ်ဆိုရင်ပဲ တင်ပေးရကျိုးနပ်ပါပြီဗျာ။
King of Secrets (Bo Min)
July 19, 2012 at 2:44 pm
ကောင်းတယ်ဗျာ၊ ဂုဏ်ယူတယ်၊ အာဇာနည်နေ.မှာ ဒီလို Post တွေ တင်ပေးလို.
TTNU
July 19, 2012 at 4:43 pm
ကူးသွားပြီနော်။
(ဟိန်း)ကိုရော၊
(myammarcitizen)ကိုရော၊
ကျေးဇူးအထူးတင်ပါတယ်။
🙂
myanmarcitizen
July 19, 2012 at 5:11 pm
စိတ်ရှိလက်ရှိ၊ ပယ်ပယ်နယ်နယ်၊ မဟားတရား၊ စိမ်ပြေနပြေ ကူးကြစေဗျား 🙂
အရီးခင်လတ်
July 19, 2012 at 5:21 pm
လက်ရှိ အသက်ထင်ရှား မရှိတော့တဲ့ သူ ကို တောင် အညိုးတကြီး လိုက်သတ် နေသူ တွေ ကို ဩချပါရဲ့။
တကယ်တော့ သူတို့ သတ် နေတာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ရိုးသား စစ်မှန် တဲ့ တရား နဲ့ စကား တွေ ကိုဘဲ။
အဲဒါတွေကတော့ မြန်မာပြည် ရှိနေသ၍ ဘယ်တော့ မှ မသေစေ ရဘူး။
အနာဂါတ် မှာလဲ အမြဲ ပျံ့လွှင့် နေစေရမယ်။
အောင်ဆန်း နဲ့ သူ့စကား တွေ ဟာ လူငယ်တိုင်း ရဲ့ နှလုံးသား မှာ ကြီးစိုး နေပြီး အတုယူ နေနိုင်အောင် ဒါတွေ ကို လက်ဆင့်ကမ်း ပေးနေဖို့ ကျွန်မ တို့ အားလုံးမှာ တာဝန် ရှိတယ်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 8:25 pm
ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇဝင်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇဝင်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ………………။