ခရမ်းရင့်ရောင် နွေညနေခင်းများ

၁။

အချစ်ဆိုသော ပန်းချီကားကို ဘယ်လိုအရောင်တွေနဲ့ သူမခြယ်ထားသလဲ ကျွန်တော်မသိခဲ့ပါ။ အခုတော့ဖြင့် မိုးတွေရွာနေပါသည်။

တံစက်မြိတ်အောက်ကို ကျလာသော မိုးရေတွေကိုကြည့်ရင်း သူမကို ကျွန်တော် လွမ်းလိုက်ပါသည်။ လွမ်းလိုက်ရသည် ဆိုသည်က တာဝန်အရ လွမ်းခြင်းမဟုတ်ပါ။ လွမ်းသင့်သည်ထင်၍ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ လွမ်းချင်လို့ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ ဘာကြောင့်မှန်းမသိဘဲ လွမ်းလိုက်ခြင်းပင်ဖြစ်သည်။

 

 

၂။

 

မိုးတိတ်သွားပြီ။

မိုးတိတ်သွားသည့်အခါ နေထွက်လာမည်ဟု အတိအကျပြောလို့ မရသော်လည်း ကျွန်တော် သူမကို ချစ်တယ်လို့ ဖွင့်ပြောခဲ့သည့်နေ့ကစ၍ သူမသည် တိကျစွာ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်ပစ်ခဲ့ပါသည်။

ထိုနေ့က ဒိုင်ယာရီရေးနေကျ ကျွန်တော့် ဘောလ်ပင်ကလေး မှင်ကုန်သွားခဲ့ပါသည်။

ထိုနေ့က အလုပ်မပြီးသဖြင့် မန်နေဂျာက ဆူညံဆူညံလုပ်သွားခဲ့ပါသည်။

ထို်နေ့က သူငယ်ချင်းတစ်ယောက်က ကျွန်တော် စာမေးပွဲကျကြောင်း ဖုန်းဆက်ပြောပြခဲ့ပါသည်။

ထိုနေ့က ကျွန်တော့် ပိုက်ဆံအိတ်လေး ကျပျောက်ခဲ့ပါသည်။

ပြီးတော့ ထိုနေ့က ကျွန်တော် တိတ်ဆိတ်စွာ အော်ဟစ်ပစ်ခဲ့ပါသည်။

 

‘နင့်ကို …. ငါချစ်တယ်’ …..

 

၃။

 

အရာအားလုံးသည် မှောင်မည်းစွာ လင်းထိန်ပြနေသဖြင့် ကျွန်တော်သည် နေခင်းကြောင်တောင်ကြီး ကိုယ့်အိမ်ကိုယ် ပျောက်သွားခဲ့ပါသည်။ ကိုယ့်အရိပ်ကိုယ် တက်နင်းရမှာ ပျင်းလာသဖြင့် အမှောင်ထဲ ဝင်ပုန်းနေလိုက်ပါသည်။ အဝေးကြီးကို မျော်ကြည့်လိုက်တော့မှ အနီးဆုံးက မြင်ကွင်းတွေသည် ရှုပ်ထွေးနေကြောင်းသိလိုက်ရသည်။

ကျွန်တော်က နီရိုးလည်းမဟုတ်သလို တယောလည်းမထိုးတတ်ပါ။ ပြောရရင် ကျွန်တော့်ဖုန်းကို သူမက လုံးဝမကိုင်တော့ပါ။

ဝေးပြီဟူသော စကားသည် မနီးစပ်နိုင်ဟူသော အသိဖြင့် အလွမ်းလောင်စာကို မီးညှိပေးခဲ့သည်။အလွမ်းတွေ မီးဟုန်းဟုန်းတောက်နေပြီ။ အေးစက်စွာလောင်ကြွမ်းနေသော သူမအကြည့်တွေကို ကြောက်လို့ ကျွန်တော်က ခေါင်းငုံ့လိုက်ပါသည်။ မုန်းတိုင်းတွေနဲ့တူသော သက်ပြင်းတွေကိုချရင်း သူမကိုတစ်ခုခု ပြောဖို့ ကြိုးစားမိပါသည်။သို့သော် အချိန်အခါတွေ ပြောင်းလည်းသွားသော်လည်း ကျွန်တော် စကားလုံးတွေက ပြောမထွက်ခဲ့။

ဘာပဲဖြစ်ဖြစ် သူမကို ကျွန်တော်ချစ်ပါသည်။

ခင်မင်မှုဟူသော သံယောဇဉ်ကို အခွင့်ကောင်းယူသည်ဟု သူမက ကျွန်တော့်ကို အထင်သေးသွားသည်။

သူငယ်ချင်းဟူသော အဖြူရောင်ကို အမည်းစက်တွေခြယ်ခဲ့သည်ဟု သူမက ကျွန်တော့်ကို စွပ်စွဲခဲ့ပါသည်။

သို့သော် ကျွန်တော်က သူမကို ချစ်ပါသည်။ပြီးတော့ ကမာ္ဘပေါ်၌ ကျွန်တော် အပျင်းဆုံးအလုပ်မှာ ဖြေရှင်းခြင်းဖြစ်ပါသည်။ ကျွန်တော် ဘာကိုမှ ရှင်းမပြချင်တော့ပါ။ ခုတော့ အလွမ်းတွေသာ ကျန်ခဲ့သည်။

 

၄။

 

အတိတ်ဟူသည် တောင်တန်းတွေသဖွယ် နှိမ့်ချည် မြင့်ချည်ရှိလေသည်။

 

အဲဒီတုန်းက သူမနဲ့ ကျွန်တော်သည် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။တစ်ယောက်အကြောင်း တစ်ယောက် အကုန်ပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်၏ ပျော်ရွင်မှုသည် သူမ၏ ပျော်ရွင်မှုဖြစ်ခဲ့သလို သူမ၏ဝမ်းနည်းမှုသည်လည်း ကျွန်တော်၏ ဝမ်းနည်းမှုပင် ဖြစ်ခဲ့သည်။

 

‘ ရင်နင့်အောင်

ဒီနေ့ ငါ့ကို ကောင်လေးတစ်ယောက် ဖုန်းဆက်တယ်သိလား ‘

 

‘ ဟင်…ဟုတ်လား၊ ဘယ်သူလဲ ‘

 

‘ မသိဘူးဟ

ငါ့ကိုခင်ချင်လို့ပါတဲ့

ငါကဘယ်သူလဲလို့မေးတော့လည်း ဝေ့လည်ကြောင်ပတ်နဲ့ဟ

ယောက်ျားတွေများ ကောင်းကိုမကောင်းဘူး ‘

 

သူမက ထိုသို့ပြောပြီး အားနာသလို ကျွန်တော်ကို ကြည့်နေပြန်ပါသည်။

 

‘အင်း…နင်ကော… ဘယ်ကောင်မလေးတွေကို ကြူနေသလဲ ပြောစမ်း ‘

 

‘ဟီး ဟီး’

 

ကျွန်တော့် ရယ်သံတွေသည် ခြောက်ကပ်ကပ်နိုင်လှကြောင်း သူမရိပ်မိမည် ထင်သည်။ တကယ်တော့ ရယ်သံတွေမကဘဲ အရာအားလုံး ခြောက်ကပ်နေခဲ့ခြင်း ဖြစ်သည်။ သူမကတော့ သူမကိုချဉ်းကပ်လာတဲ့ ယောက်ျားတွေအကြောင်း၊ ရုပ်ရှင်မင်းသားတွေအကြောင်း၊ အလှပြင်ပစ္စည်းတွေအကြောင်းကို စိတ်ဝင်စားစရာ မကောင်းအောင် ပြောပြတတ်ပါသည်။

 

‘ နင်… ငါပြောတာတွေကို

စိတ်မဝင်စားဘူးမလား… ရင်နင့်အောင် ‘

 

‘ အင်း … ‘ ဟု ကျွန်တော် အမှန်အတိုင်းဖြေလိုက်ပါသည်။ သူမသည် ကျွန်တော်ကို ကြည့်ကာ အဓိပ္ပါယ်တစ်ခုခုပါသော အပြုံးဖြင့်

‘ နင်က သိပ်ခင်ဖို့ကောင်းတယ် ‘ ဟု ပြောတတ်မြဲဖြစ်ပါသည်။

 

အခုတော့ ထိုအချိန်အခါက စကားလုံးတို့သည် သစ်ရွက်ကြွေတွေလို လွှင့်ပါးသွားကြပြီထင်ပါသည်။ ဘယ်ဆီကို ရောက်သွားသည်မသိသော သူမအပြုံးတွေကို လိုက်ရှာခဲ့သည်မှာ ရက်လတို့ အတော်ကုန်လွန်ခဲ့ပါသည်။ ကျွန်တော့်မျက်ဝန်းတွင်လည်း ဘယ်အရာကမှ မစွဲငင်ဘဲ အလွမ်းဒီလှိုင်းတွေက တဝုန်းဝုန်း တက်နေမြဲ ဖြစ်ပါသည်။

 

‘ ဆွေမျိုးသားချင်းတွေ ချစ်တော့ ၅၂၈

ချစ်သူတွေချစ်တော့ ၁၅၀၀

သူငယ်ချင်းတွေကျ ဘာလဲ ရင်နင့်အောင် ရ ‘ ဟု သူမက ကျွန်တော့်ကို မေးခဲ့ဖူးပါသည်။

 

ကျွန်တော်က ‘ မသိဘူးလေ ‘ ဟု ဖြေတော့

‘ ဒါနဲ့များ သူ့ကိုယ်သူ ကဗျာဆရာတဲ့ ‘ ဟူ၍ ရယ်မောပါတော့သည်။

 

ရုတ်တရက် သူမရယ်သံတွေပါလာသော လေပြေတွေ တိုက်ခတ်လာပါသည်။ ခုချိန်ထိအောင် သူငယ်ချင်းဆို်သည်မှာ ဘယ်လိုချစ်ကြသလဲဆိုသည်မှာ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါ။ သေချာခြင်းတစ်ခုက ကျွန်တော်သည် သူမကို အရုပ်မလေးတစ်ခုလို အမြဲကြည့်နေချင်သလို သူမကလည်း ကျွန်တော့်ကို တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် အမြဲခင်နေခဲ့ပါသည်။ တစ်ချိန်က သူမပြောခဲ့ဖူးသည်။

 

‘ ရင်နင့်အောင်

နင်ဟာ ငါ့ဘဝရဲ့ တစ်ဦးတည်းသော အလေးစားဆုံးနဲ့ အယုံကြည်ရဆုံး ယောက်ျားပဲ

နင် … ငါမလေးစားရတဲ့၊ မယုံကြည်ရတဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်နဲ့နော် … ကြားလား ‘

 

ထိုအချိန်က သူမစကားတို့သည် ကျွန်တော်အတွက် ဝမ်းသာစရာစကားဖြစ်ခဲ့ပေမယ့် ကျွန်တော်သူမကို ချစ်မိနေပြီဟု သိလိုက်သောအခါ ထိုစကားတို့သည် ထောင်ချောက်တစ်ခုသဖွယ် ကျွန်တော့်ကို တားဆီးနေခဲ့ပါသည်။

နေသည် အရှေ့ဘက်မှ ထွက်၍ အနောက်ဘက်တွင် ဝင်ပါသည်။ သူငယ်ချင်းကို မချစ်ရဟု ဘယ်သူပြောခဲ့ပါသနည်း။

 

 

 

၅။

 

‘ နင့်ကို ငါချစ်တယ် …

အရမ်းချစ်တယ်ကွာ ‘

 

‘ ဘာ….

ရင်နင့်အောင် … နင် ဘာပြောတယ်

ပြန်ပြောစမ်း

သူငယ်ချင်းတစ်ယောက်လို ချစ်တာ ပြောတာလား ‘

 

‘ မဟုတ်ဘူး

ချစ်သူတစ်ယောက်လို နင့်ကိုငါ ချစ်မိနေပြီ ‘

 

ထိုသို့ပြောပြီးသွားသောအခါ သူမသည် မျက်ရည်စက်တွေဖြင့် ရယ်မောလိုက်ပါသည်။ သူမရယ်သံတွေသည် ကမာ္ဘပျက်သလို ကြောက်စရာကောင်းလွန်းခဲ့ပါသည်။

 

မဖြစ်သင့်သော်လည်း သူမစကားတွေက ကျွန်တော့်နားထဲတွင် ပြန်ကြားယောင်လာပြန်ပါသည်။

 

 

‘ ရင်နင့်အောင်

လက်စသတ်တော့ နင်လည်း တခြားယောက်ျားတွေလိုပဲနော်

ငါနင့်ကို ခင်ခဲ့တာ … လေးစားခဲ့တာတွေ မှားသွားပြီ

အရမ်းမှားသွားပြီ

နင်မှတ်ထားလိုက် .. ဒီနေ့ ဒီအချိန်ကစလို့

နင်နဲ့ငါ သူငယ်ချင်း မဟုတ်တော့ဘူး … ဒါပဲ ‘

 

တိတိကျကျရှိလှသော သူမစကားတွေကို ကြားတလှည့် မကြားတလှည့်ဖြင့် ကျွန်တော့်နှလုံးသားသည် စက္ကူတစ်စလို လျင်မြန်စွာ လောင်ကြွမ်းသွားခဲ့ပါသည်။

 

ပြန်ဆက်၍ မရတော့သော သံယောဇဉ် အပိုင်းပိုင်းအပြတ်ပြတ်တွေသည် အကျည်းတန်စွာ ကျွန်တော့်ဘဝတွင် ရှိနေခဲ့ပါသည်။ အလွမ်းတွေ ဖုန်လိုထနေသော နွေရာသီတွင် ကျွန်တော် သူမကို သတိရခဲ့သည်။ အလွမ်းတွေ မိုးလိုသည်းလာသော မိုးရာသီ၌ ကျွန်တော် သူမကို သတိရနေသည်။ အလွမ်းတွေ နှင်းလိုကျလာတော့မည့် ဆောင်းရာသီ၌ ကျွန်တော် သူမကို သတိရနေဦးမည်။

 

ကုန်သွားသော စီးကရက်ကို လက်အတွင်းမှ လွှတ်ချကာ ဖိနပ်ဖြင့် နင်းခြေငြိမ်းသတ်လိုက်သည်။ အလွမ်းဆိုတဲ့မီးကို ထိုသို့ ငြိမ်းသတ်လို့ရရင် ကောင်းမည်ဟု တွေးမည့်ပြန်သည်။ တကယ်တော့ အချစ်ကို မယုံကြည်သော သူမကိုမှ ကျွန်တော်က ချစ်မိသွားခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် သူမကို ဖွင့်ပြောမိခဲ့သည့်အတွက် ဘယ်တော့မှ နောင်တရလိမ့်မည် မဟုတ်ပါ။ အဲဒါကိုလည်း သူမက သိလိမ့်မည် ထင်ပါသည်။

 

 

 

 

၆။

 

သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေနေသော ခရမ်းရင့်ရောင်နွေညနေခင်းတစ်ခု၌ သူမနဲ့ ကျွန်တော် မမျော်လင့်ဘဲ ပြန်ဆုံခဲ့ကြသည်။

 

‘ ရင်နင့်အောင်

နင် ငါ့အပေါ် ရိုးသားတယ် ဆိုရင်

နင်နဲ့ငါ အရင်လို ပြန်နေကြရအောင် ဘယ်လိုလဲ …

နင်သဘောတူလား ‘

 

ကျွန်တော်ဘာမှမပြောရသေးခင် သူမက ထိုသို့ပြောခဲ့ပါသည်။ အချစ်ဆိုသည်မှာ မရိုးသားမှု၊ သစ္စာမရှိမှုဟု ခံယူထားသော သူမကို ကျွန်တော်က ချစ်ပါသည်။ ပြီးတော့ အရမ်းချစ်ပါသည်။ ထို့နောက် အရမ်းအရမ်းချစ်ပါသည်။ နှလုံးသား၏ စေစားမှုကို မရုန်းကန်နိုင်သူ ကျွန်တော်အဖို့ ဘာကိုဖြေရမည်နည်း။ သူမတွေ့ဖူးခဲ့သော တခြားယောက်ျားတွေလိုလည်း

‘ငါ အချစ်က သန့်ရှင်းပါတယ်ဟာ ရိုးသားပါတယ်ကွာ ‘ လို့ ကျွန်တော် မဖြေရှင်းချင်တော့ပါ။ ဖြေရှင်းပြလျင်လည်း သူမက လုံးဝယုံလိမ့်မည်မဟုတ်ပါ။

 

နွေသည် ပူသည်ထက်ပူလောင်ပြနေသည်။ မအေးမြနိုင်သော ဒီရင်ခွင်တွင် မုန်တိုင်းကြီးစွာ အော်ဟစ်ဆူလောင်ခဲ့ပြီ။ ပန်းတွေ မပွင့်ဖူးနိုင်သော ရာသီတွင် အလွမ်းတွေ အရှိန်ပြင်းစွာ တိုးဝေ့လာသည်။

 

ရုတ်တရက် လေရူးတစ်ချက်သည် ကျွန်တော်နဲ့သူမကြားက တိုက်ခတ်ဖြတ်သန်းသွားသည်။ ထိုနွေလေရူးသည် ဘယ်နေရာမှာ အဆုံးသတ်သွားမည်နည်း။ ကျွန်တော်ချစ်ခဲ့ရသော အချစ်သည်လည်း ဘယ်တော့မှ ဆုံမှတ်တစ်ခု ဖြစ်မလာနိုင်တော့ပါ။ အချစ်ဆိုသည်မှာ အကြောင်းပြချက်မပါသော အမှတ်တမဲ့ တစ်ခုသာဖြစ်ပါလိမ့်မည်။ သူမနှင့် ကျွန်တော်သည် အချိန်ခဏမျ၊ သို့မဟုတ် အချိန်ကြာမြင့်စွာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်မိခဲ့ကြသည်။ တိတ်ဆိတ်မှုကို ကျွန်တော်က ‘ ငါ…. သဘောမတူနိုင်ဘူး ‘ဟု ဖြိုခွဲပစ်လိုက်သည်။

 

‘ ကောင်းပြီလေ

ထာဝရအတွက် နင့်ကို ငါနှုတ်ဆက်ခဲ့ပါတယ် ရင်နင့်အောင်

ငါသွားပြီ ‘

 

ကျောခိုင်းသွားသော သူမခြေလှမ်းတွေသည် ဝေးကွာရာအရပ်ဆီ ဦးတည်နေပါသည်။

 

‘ ရင်နင့်အောင်

အချစ်ဆိုတာ ငါယုံလာတဲ့ တစ်နေ့ နင့်ဆီပြန်လာခဲ့မယ်

ဒါပေမယ့် အဲဒီနေ့ဟာ ဘယ်တော့မှ မရောက်နိုင်ဘူးလို့ ငါထင်ထားတယ် ‘

 

 

၇။

 

ခရမ်းရင့်ရောင် နွေညနေခင်းများစွာသည် ကျွန်တော်နှင့်အတူ လောင်ကြွမ်းခဲ့ပါသည်။

 

ကျွန်တော်၏ အခန်းပြတင်းပေါက်က အပြင်ကို ကြည့်လိုက်တော့ မိုးတိတ်သွားသော်လည်း တံစက်မြိတ်အောက်တွင် တပေါက်ပေါက်ကျနေသေးသော မိုးစက်တွေကို တွေ့ရသည်။ ကျွန်တော့် အလွမ်းတွေလည်း ထိုကဲ့သို့ အရှိန်မသေသေးဘဲ လောင်ကြွမ်းနေခဲ့ရသည်။

 

အချစ်ကို မယုံကြည်သော သူမသည်လည်း တစ်ချိန်က ရင်နင့်အောင် ဟူသော သူငယ်ချင်းတစ်ယောက်ကို သတိရနေလိမ့်မည် ထင်ပါသည်။

 

ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို ချစ်သည်။

ထို့နောက် ကျွန်တော် သူမကို ချစ်သည်။

ထို့နောက် ကျွန်တော် သူမကို ချစ်သည်။

သို့သော် ထိုအချစ်ကြောင့် သူမနှင့် ကျွန်တော်ဝေးကွာသွားခဲ့ကြသည်။

ထိုအချစ်ကြောင့် ကျွန်တော့်ကို သူမအထင်သေးသွားခဲ့သည်။

ထိုအချစ်ကြောင့် ကျွန်တော် သူမကို လွမ်းနေရသည်။

ကျွန်တော် သူမကို ထပ်တွေ့ခဲ့ပါလျင် ပြောပြစရာတစ်ခုသာ ရှိပါသည်။

 

‘ နင့်ကို ငါ.. ချစ်တယ် ‘ ဟုဖြစ်ပါသည်။

 

ရင်နင့်အောင်

4 comments

  • မောင်ပေ

    August 27, 2012 at 8:20 pm

    စိတ်ရှည်ဇွဲကောင်းချွဲတတ်သူများကို ဆုလာဘ်ကောင်းပေးသည်မှာ ချစ်ခြင်းပင်ဖြစ်သည်။

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 8:32 pm

      ဤစကားရပ်သည်ကား ..
      ကျွန်ုပ်၏ ကိုယ်တွေ့ပင် ဖြစ်လေ၏ …
      မှန်ပေ၏ .. ဟုတ်ပေ၏ .. ဟီဟိ .. 😀

  • ခင်မင်မှုဟူသော သံယောဇဉ်ကို အခွင့်ကောင်းယူသည်ဟု သူမက ကျွန်တော့်ကို အထင်သေးသွားသည်။
    ကျနော်လဲ ခုလို အထင်ခံရဖူးပါတယ်ဗျာ။

  • Mobile

    December 16, 2012 at 6:30 pm

    နင့်ကိုငါချစ်တယ် ငါ့ကိုနင်ချစ်မလားဟာဟာဟာဟားးးးးးးးးးးးးးးး

Leave a Reply