ကျွန်တော်တိုခေတ် ကလေး နဲ့ အခုခေတ်ကလေး
ငယ်ငယ်တုန်းက ကျောင်းပိတ်ရင်ကျွန်တော်တို့မှာ ကစားစရာဆိုလို့ သားရေကွင်းပစ်မယ် ဂေါ်လီ ရိုက်မယ်နောက်ပြီး အရုပ်ထောင်ပစ်မယ် ပိုက်ဆံထောင်ပစ်မယ် ပြီးတော့ သေနတ်ပစ်တိုင်းပေါ့။ လေသေနတ်တွေပေါ်ခါစဆိုတော့ အဲဒါကနည်းနည်းတော့ ပြသာနာရှိတယ် မျက်လုံးတွေဘာတွေထိတတ်တယ် မိုးတွင်းဆိုရင် ရပ်ကွက်က ကန်ထရိုက်တွေစဝင်ခါစဆိုတော့ တိုက်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားတဲ့ ကျင်းကြီးတွေထဲရေတွင်ဝင်ပြီး ရေကန်ကြီးတွေဖြစ်နေတယ် အဲဒီမှာရေတွေကူးတယ် ။ ဘောလုံးကန်တာကတော့ပြောမနေနဲ့တော့။
အခုခေတ် ကလေးတွေကျတော့အဲဒီလိုမဟုတ်တော့ဘူးဗျ အားနေရင်ဂိမ်းဆိုင်သွားမယ် အင်တာနက်ဆိုင်သွားမယ် ကောင်းတဲ့ဗဟုသုတရော မကောင်းတဲ့အကျင့်ကော အကုန်စောစောစီးစီးသိကုန်ရော နောက်ပြီး အခုခေတ် ကလေးတွေက ကျွန်တော်တို့ငယ်ငယ်တုန်းကလို လှုပ်ရှားမှုနည်းတော့ body က ညှက်တယ် ဖွံဖြိုးမှုနောက်ကျတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက တယ်လီဖုန်းဆိုတာ ဟမ်းဖုန်းကိုင်နိုင်တဲ့သူကို သူဌေးလို့သတ်မှတ်ပြီးသား ဖုန်းတဆင့်ခေါ်ပေးတဲ့အိမ်မှာ ဖုန်းလာလို့သွားကိုင်ရင် ကလေးဆိုပြီးပေးမကိုင်ချင်ဘူး နောက်ပြီးတော့ အိမ်မှာတီဗွီတွေဘာတွေဆိုတာ လူကြီးတွေဖွင့်ပေးမှကြည့်ရတဲ့ သူငယ်ချင်းတွေတောင်ရှိတယ်။
အခုခေတ်ကလေးတွေကတော့ ကျွန်တော့်သမီးဆိုရင် ၅နှစ် အိမ်မှာ ကာတွန်းကားကြည့်ဖို့ တီဗွီ သက်သက်ဝယ်ပေးထားတယ် နောက်ပြီးကျွန်တော့်ဖုန်းဆိုရင် PIN နဲ့ Screen Lock ချထားလဲတစ်ခေါက် လောက်ဘေးကနေလာကြည့်ပြီးရင် ကျွန်တော်လစ်တာနဲ့ သူ့ဘာသာဖွင့်ပြီးဂိမ်းဆော့နေရောတစ်ချို့ကလေးတွေဆိုရင် ဖုန်းတောင်သူတို့အတွက်သက်သက်ဝယ်ပေးထားတဲ့မိဘတွေတောင်ရှိတယ်။
ကျွန်တော် ၆ တန်းလောက်မှာ ကျောင်းကပြန်ရင် အမေ နဲ့ ကျွန်တော်တို့ မောင်နှမတွေ ရပ်ကွက်ရုံးမှာဆန်တန်းစီရတယ် တစ်ပြည်ကို တစ်ရာလား၊နှစ်ရာလားမမှတ်မိတော့ပါဘူး။ ဧည့်မထနဲ့ ငစိန်နဲ့ သုံးချိုးတစ်ချိုးရောထားတာ အဲဒါတောင်မှ အလုအယက်တန်းစီရတာ ကိုယ့်အလှည့်ရောက်ခါနီးမှ ဆန်မကုန်ပါစေနဲ့လို့လဲဆုတောင်းရ နေပူထဲလဲ ကျောင်းကပြန်လာဆော့ချင်တာမဆော့ရပဲ တန်းလဲစီရတယ်။နောက်ပြီး ဆီ ကျတော့လဲ တစ်ယောက်ကိုတစ်ဆယ်သား စားအုန်းဆီ ပြစ်ခဲနေတာ ကို ဘယ်ဈေးလဲတော့ မမှတ်မိတော့ပါဘူး အပြင်ထက်စာရင်တော့ သက်သာမှာပေါ့။ အဲဒါလဲမိသားစုလိုက်တန်းစီရတယ် မနက်ဆိုရင်အစောကြီးထပြီးတော့ပေါ့။
အခုခေတ်ကလေးတွေကျတော့ လဲ အဲဒါမျိုးတွေမြင်ဖူးရင်အံဩ ကြမယ်ထင်တယ် ကျွန်တော်သမီးဆိုရင် အိမ်မှာ ဆန်တစ်အိတ် သုံးသောင်းကျော် ကောင်းကောင်းလေး ဝယ်ထားတာတောင် တီဗွီမှာ ကြေငြာတဲ့ ဧရာဆန် တို့နောင်ရှည်ဆန်တို့ စားချင်ပါတယ်ဆိုလို့ စိတ်ကျေနပ်အောင် တစ်ပြည်လောက်ဝယ်ပေးပြီးနောက် အဲဒီအိတ်ခွံထဲကို အိမ်ကဆန်ထည့်ပြီးချက်ပြ လိုက်တော့တယ်။
နောက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းက အိမ်မှာဆန်ဆိုရင် အဖွားက ကိုယ်တိုင်ပြာတယ် ထွက်လာတဲ့ဆန်ကွဲတွေကို စာကလေးကျွေးတယ်ရောင်းစားတယ် ။ ဆန်အိတ်ခွံတွေရောင်းတယ် ပြီးတော့ ဆပ်ပြာပူဖောင်းသည်လာရင် သွားတိုက်ဆေးခဲပတ်ခွံတွေနဲ့ ကော်တိုကော်စတွေ ယူပြီးကျွန်တော်တို့သူ့ဆီတန်းပြေးတာပဲ။ အိမ်မှာဆိုရင် နောက်ဖေးမှာခရမ်းချဉ်သီးတွေ သီးတယ်။ ငရုတ်သီးစိမ်းပင်တွေရှိတယ် ကန်စွန်းဆိုစားခါနီး ရပ်ကွက်ထဲမှာကြိုက်တဲ့နေရာခူးစားရုံပဲ။
အခုကလေး တွေကတော့ ရပ်ကွက်ထဲမှာ နေရာတကာ ကန်ထရိုက် အထပ်မြင့်တိုက်တွေကြီးပဲမို့လို့ ဘယ်သူမှ မြင်ဖူးကြမယ်မထင်ဖူး နောက်ပြီးကျွန်တော်တို့တုန်းကလိုလတ်လတ်ဆတ်ဆတ် ခူးစားစရာလေးတွေလဲမရှိတော့ ဆေးဖြန်းတာတွေပဲစားရတော့တယ်။ကားတွေကလဲ တဝီဝီနဲ့ဆိုတော့ ကန်တော်ကြီးထဲ ဝင်ကြေးပေးပြီးတော့ပဲ ကလေးတွေကို ပြေးလွှားဆော့ခိုင်းရတော့တယ်။ ကျွန်တော်တို့တုန်းက ကျူရှင်ဆိုတာ မူလတန်း အတွက်အရေးမကြီးဘူး အခုကျွန်တော့်သမီးဆိုရင် မနက် ၈ နာရီ ကျူရှင် သွား ၉ နာရီကျောင်းတက် ညနေ ကျောင်ဆင်း ၃ နာရီကျူရှင်ပြန်တက် ၄ နာရီအိမ်ပြန်ရောက် စာကျက်အိမ်စာလုပ်နောက် တစ်နေ့ကူးတာပါပဲ ကျွန်တော်လဲ ကိုယ်ထိန်းရတာမဟုတ်တော့ အိမ်ကမဟေသီကို ဆရာသွားမလုပ်ရဲဘူး။
နောက်ဆုံးပိတ်ဆိုရရင်တော့ ပြိုင်ဆိုင်မှုတွေများလွန်းတဲ့အခုခေတ်မှာ ကလေးဖြစ်ရတာကောင်းလား ကျွန်တော်တို့ ၁၉၉ဝ ဝန်းကျင်မှာ ကလေးဖြစ်ရတာကောင်းလားဆိုတာတော့ မစဉ်းစားတတ်တော့ပါဘူးဗျာ။
14 comments
အိမ်လွမ်းသူ
September 20, 2012 at 2:59 pm
ဟုတ်တယ်ဗျာ ဒီခေတ်ကြီးမှာ ပြိုင်ဆိုင်မှူ့တွေဟာ တဖြေးဖြေး ပြင်းထန်လာပါတယ် တဖက်ကကြည့်ရင် အောင်မြင်မှူ့အတွက် ပြိုင်ဆိုင်မှူ့ဟာ တွန်းအားဖြစ်သလို အခြားတဖက်ကကြည့်ရင် တဖြေးဖြေးနဲ လူတွေဟာ အတ္တတွေ အရမ်းကြီးပြီး ကိုယ်ချင်းစာနာမှူ့တွေ ပြောက်ဆုံးလာကြတယ်လို့ ထင်တယ်။ အပြေးပြိုင်ပွဲ တစ်ခုလိုပါပဲ နောက်ဆုံးမနိုင် နှိုင်တော့ရင် ခြေထိုးခံလိုက်မယ် ဆိုတဲ့ စိတ်ဓတ်ရှိသူ တွေလဲ ဒီခေတ်ကြီးမှာ ထုနဲထေ ပါပဲ။
Khaing Khaing
September 20, 2012 at 3:03 pm
သရေကွင်းပစ် ဂေါ်လီရိုက်တာ ငယ်ငယ်က အခိုင်တို့လည်းဆော့တာပေ့ါ ….. ဒါတင်ဘယ်ကမလဲ သစ်ပင်တက် …… မာလကာသီး သရက်သီး အကုန်ခူးစား ….. ကျွန်းကလေးမှာ နှစ်ယောက်ထဲကားကို ကြည့်ပြီး သစ်ပင်တွေပေါ်တက်ပြီး ကိုယ်တိုင်အိမ်ဆောက်ကြ …… အုန်းလက်တွေကို ခူးပြီး အိမ်အမိုးကို ကိုယ်တိုင်လုပ် သဲတွေကို ခြေဖမို့ပေါ်မှာတင် အိမ်ဆောက်တိုင်းကစားကြ ခြံဝင်းကျယ်ကြီးတွေခတ် ပုန်းနရိတ်ပန်းတွေကို ခြံထဲမှာထား ပန်းခြံတွေလုပ် စိတ်ဆိုးကြရင် သူ့အိမ်ကို ခြေထောက်တွေနဲ့ကန်ကြဖျက်စီးကြ ….. ထုတ်ဆီးတိုး ကြိုးခုန် ….. တူတူပုန်းတန်းကစားကြ … ပြေးပုန်းကစားကြ …… အိုစုံလို့ပါပဲ ….. (၁၀) တန်းရောက်တဲ့အထိကစားနေတုန်း …. ငယ်ငယ်ကဆို အိမ်မှာ အောက်စက်ရှိဖို့ဆိုတာအတော်ခဲယဉ်းသား … မိဘတွေက ငွေလေးရွှင်ရင် ညလုံးပေါက်အောက်စက်ငှားကြည့်ရင် သူငယ်ချင်းတွေစုပြီး တန်းစီအိပ်ကြည့်ကြနဲ့ တစ်ခါတစ်ရံမှာသာ ရုပ်ရှင်ကြည့်ခဲ့ရတာ …. နေ့ခင်းဆိုအခုလို ရုပ်သံလိုင်းတွေကမလွှင့်တော့ ညဘက်ဗုဒ္ဓဟူးညနဲ့ တနင်္ဂနွေ နေ့လည်တွေမှာသာ မြန်မာကားလေးတွေကြည့်ခဲ့ရတယ် …. အခိုင်တို့ငယ်ငယ်ကလေးဘဝက အရမ်းကိုပျော်ခဲ့ရတယ် … ကျောင်းမှဆိုလည်း မုန့်စားဆင်းချိန်ဆို ရုပ်ရှင်ဝှက်တိုင်းကစားကြတယ်လေ .. ကျောင်းတက်ခေါင်းလောင်းထိုးမှ အိမ်သာပြေးစာသင်ခန်းပြန်ဝင်ကြတယ် ….. နွေရာသီရောက်ရင် ကစားဖို့ အမေတို့က ကော်ခွက်လေးတွေ ဒန်ခွက်လေးတွေ ရွံနဲ့လုပ်ထားတွေကအစ အားလုံးဝယ်ပေးထား တော့ ဈေးရောင်းတိုင်းကစားကြနဲ့ အရမ်းကိုပျော်စရာကောင်းတယ် …. ကွမ်းသီးပင်က အလက်များကြွေကြရင် တစ်ယောက်ကဆွဲ တစ်ယောက်တက်ထိုင်ပြီး စီးခဲ့ကြသေးတယ် … အခုခေတ်ကလေးတွေ ဒါမျိုးကစားဖို့ စိတ်ရောရှိကြရဲ့လားမသိဘူး …… သူတို့ကစားမှာက ပါဝါရိမ်းဂျားတို့ ဘာဘီမလေးတွေလိုဝတ်မယ်တို့ ဘန်ဒန်းဆိုလား ဒီလိုတွေဝတ်စားဆင်ယင်မယ်ပဲ ခေါင်းထဲရှိတော့တယ် ……….
shwe pont
September 20, 2012 at 3:37 pm
ကျွန်မတို ့ငယ်ငယ်တုန်းက နယ်မှာပဲကြီးခဲ့ရတာဆိုတော့ ရန်ကုန်မှာနေတဲ့ကလေးတွေထက် ကစားဖို ့အခွင့် အရေးပိုရခဲ့တယ်လို ့ထင်မိတယ်။ စေနတနင်္ဂနွေကျောင်းပိတ်ရင်အိမ်ရှေ ့မှာဒန်အိုးဒန်ခွက်လးတွေချ၊
ဈေးရောင်းတမ်းကစားဖို ့အတွက် ရပ်ကွက်ထဲက အိမ်နားတွေမှာ ပေါက်နေတဲ့ ပန်းပွင့် တွေ အရွက်တွေ လိုက်ခူး၊ ကျွဲ ကောသီးအခွံကို ဝက်သားဆိုပြီး ဓားတွေနဲ ့လှီးချွတ်၊ ထုံးနဲ ့ဆနွင်းကို အနီရောင်ရအောင် ဖျော်ပြီး ငရုတ် ဆီဆိုပြီးလုပ်၊ ကျောက်ကျောရွက်လို ့ခေါ်တဲ့အရွက်ကို ရေနဲ ့ဖျော်ပြီး တညလောက်ထားလိုက်ရင် တကယ့်ကျောက်ကျောလေးလိုခဲသွားပြီး ကျောက်ကျောလုပ်ရောင်း အမျိုးစုံအောင်လုပ် ပြီးဆော့ခဲ့တယ်။ ညဘက်ဆိုလည်း စိန်ပြေး၊ ထုပ်စီးတိုး၊ လမ်းပေါ်မှာချည်းပဲ။ မောင်နှမ တွေစုပြီး ကတမ်း ခုန်တမ်းလုပ်ပြီးဆော့တာကတဖုံ လွတ်လွတ်လပ်လပ်ဆော့ခဲ့ရတာကို စဉ်းစားမိရင် အရမ်းပျော်ခဲ့ရတယ်လို ့ထင်ပြီး ခုခေတ်ကလေးတွေကို သနားမိသလိုလို ခံစားရသလို….
ခုခေတ်ကလေးတွေကလည်း ကွန်ပျူတာနဲ ့ဂိမ်းနှိပ် ဘာဘီတွေ အဖိုးတန်အရုပ်တွေနဲ ့ဆော့ရင်း အဲဒီ ခေတ်က ကျွန်မတို ့ကစားခဲ့တဲ့အကြောင်းများကြားရင် တောကျပြီး သနားစရာကောင်းလိုက်တာလို ့ များပြန်ဆိုနေဦးမလားလို ့… …. ….
လုံမလေး မွန်မွန်
September 20, 2012 at 3:42 pm
ကလေးဘဝသာ ပြန်ရမယ်ဆိုရင် ကြိုးခုန်တာနဲ့ ဂျပန်ဖင်ကုန်း ကစားနည်း ပြန်ဆော့ချင်တယ်… ဟီး… အဲ့ ကစားနည်းကို သိကြလား…
Shwe Tike Soe
September 21, 2012 at 10:07 am
သိတယ် သိတယ် သားသားဆို အဲဒီ ကြိုးခုန်တာ နရွက်အထိ အလွတ်ခုန်နိုင်တယ်…… ဂျပန်ဖင်ကုန်းကတော့ သိပ်ဆော့လို.အကောင်းဆုံးပဲ အပြင်ကပ်တဲ့ ကောင်ကုန်ရမယ့် အလှည့်ဆိုလို.ကတော့ ကျောကုန်း ဗန်းခနဲ ဗန်းခနဲ. ပဲ…….ဟိဟိဟိ :hee:
ပန်းစံပါယ်
September 20, 2012 at 3:47 pm
ဒီပိုစ့်လေးဖတ်မိတော့ ငယ်စဉ်ကလေးဘဝက ကစားခဲ့တာတွေကိုပြန်ပြီး သတိရမိတယ်။ (အဲဒီတုန်းက ဆန်တစ်ပြည်ကို ၄ ကျပ် ဝန်းကျင်ခေတ်အချိန်အခါကဆိုတော့ ကြာခဲ့ပြီပေါ့။) နယ်မှာဆိုတော့ ပိုပြီးလွတ်လပ်တာပေါ့။ ကျောင်းမှာ အားတဲ့အချိန်ကစားတဲ့အပြင် အိမ်ပြန်ရောက်တော့လည်း ညနေဖက်မှာ အရပ်ဖက်ကဖော်အပေါင်းတွေရော ကျောင်းက အဖော်အပေါင်းတွေပါစုပြီး ထပ်ကစားကြသေးတာပဲ။ နွေကျောင်းပိတ်ချိန်ဆိုလည်း လာလည်တဲ့အမျိုးတွေနဲ့ နယ်ခံအမျိုးတွေ၊ အိမ်နီးနားတွေရော အားလုံးစုပြီး ကစားကြရတာ ပျော်စရာကြီးပေါ့။ အခုပြောနေရင်း ပြန်မြင်ယောက်မိပြီး ပြုံးပျော်မိတယ်။
အခုခေတ်ကလေးတွေမှာတော့ ပညာရေးမှာရော ပြင်ပဗဟုသုတအတွက်ပါ သင်ယူတတ်မြောက်စရာတွေကလည်း များတော့ အရွယ်နဲ့မမျှ ပင်ပမ်းကြပါတယ်။ သနားဖို့ကောင်းပါတယ်။ ခေတ်ကာလ အခြေအနေတွေလည်း မတူကြပဲကိုး။
အခုခေတ်ကလေးချင်းတူရင်သော်မှ နယ်က ကလေးနဲ့ ရန်ကုန်က ကလေးမတူပြန်ပါဘူး။ ရန်ကုန်နဲ့ တစ်ခြားမြို့ကြီးတချို့မှာနေတဲ့သူတွေအတွက်တော့ မိဘကအလုပ်မအားလို့ ကလေးကိုဂရုတစိုက် မပြုစု မစီမံနိုင်ရင် လမ်းလွဲသွားတတ်ပြန်ရော။ တစ်ချို့ကျတော့လည်း ကလေးကစားဖို့အတွက် နေရာအခက်အခဲရှိတော့ တစ်ခြားလည်းမသွားစေချင်တော့အိမ်မှာပဲ ကွန်ပျူတာထားပြီး ဂိမ်းပဲကစားစေရာကနေ ဂိမ်းစွဲသွားတတ်ပြန်ရော။ လူကြီးမိဘတွေအနေနဲ့ ကလေးကို ကစားကွင်းပို့ဖို့ဆိုတာမျိုးက အမြဲတမ်းပို့ဖို့အဆင်မပြေနိုင်ဘူးလေ။ ရံဖန်ရံခါဖြစ်တဲ့အတွက် ကလေးအတွက်လည်း ခဏတာပျော်ရွှင်မှုပဲဖြစ်မှာပါ။ အိမ်မှာ လွတ်လွတ်လပ်လပ် သူကစားချင်သလို မကစားရတဲ့အတွက်၊ နောက်ထပ် နောက်ထပ် အဲဒီလို ကစားကွင်းမှာလွတ်လွတ်လပ်လပ်ကစားရဖို့ မျှော်လင့်စောင့်စားနေရတဲ့အတွက် စိတ်ထဲလွတ်လပ်ပျော်ရွှင်မှုမရှိပဲဖြတ်သန်းနေရမှာပါ။ ကလေးက နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှ ကစားချင်တတ်တဲ့သဘာဝရှိတော့ကာ အိမ်မှာပဲ အဖော်အပေါင်းနဲ့ လွတ်လွတ်လပ်လပ် သဘာဝကျကျ ကစားရတာမျိုးကပဲ သူ့ကိုလွတ်လပ်တဲ့ပျော်ရွှင်မှုမျိုးပေးနိုင်လိမ့်မယ်ထင်ပါတယ်။ ဒါမှလည်း ကလေးမှာ စိတ်ကျေနပ်မှုဖြစ်မယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ကလေးရော လူကြီးတွေအတွက်ပါ ရေရှည်မှာအဆင်ပြေနိုင်မယ်ထင်ပါတယ်။ ဒါကျွန်မရဲ့အယူအဆသက်သက်ပါ။ (ပြောချင်တာတွေတော့ ပြောချပစ်လိုက်မိပြီ – ဟီး)
အားလုံးပဲ အဆင်ပြေကြပါစေ။
Thu Wai
September 20, 2012 at 3:58 pm
တစ်ခုပဲပြောချင်တယ် ခေါင်းစဉ်မှာ အောက်ကမြင့် ကျန်ခဲ့လို့ ဆောရီး
ကိုခင်ခ
September 20, 2012 at 7:01 pm
ကျွန်တော်တို့ ကလေးဘဝတုန်းက ဘောလုံးကန်ချင်ရင် အိမ်ပြင်ထွက်ပြီး တာလမ်းမမှာကန်ရတယ်၊ အခုခေတ်ကလေးတွေ အိမ်ထဲမှာ အေးဆေးထိုင်ပြီး အင်တာနက်နဲ့ ဘောလုံးကန်လို့ရတယ်၊ ခြေထောက်လည်းမနာတော့ဘူးဗျ။
may flowers
September 20, 2012 at 9:29 pm
ဆန်တစ်အိတ် သုံးသောင်းကျော်တန်စားနိုင်တာသဌေးပေါ့ ဒီတော့တစ်အိတ် တစ်သောင်းကျော်တန်တောင်
အနိုင်နိုင် 🙁
Thu Wai
September 21, 2012 at 12:40 pm
ဆန်တစ်အိတ်သုံးသောင်းကျော်စားတယ်ဆိုတာက ကျွန်တော်ကနေ့လည်စာကိုအလုပ်ကကျွေးတယ် မိန်းမက နေ့လည်စာကို သူ့အမေအိမ်သွားနေရင်းနဲ့စားတယ် ညစာက ကျွန်တော်က စားတစ်ရက်မစားတစ်ရက် ဒါ့ကြောင့်တစ်အိတ်ကို နှစ်လခွဲလောက်လဲစားရတယ် တစ်နပ်တစ်လေမိသားစုတူတူစားရတာကြောင့်ပါ သူဌေးမဟုတ်ပါဘူးဗျာ အိပ်မက်ထဲမှာတော့ သူဌေးဆိုပြီးခဏခဏမက်တယ် may flower ပေးတဲ့အတိတ် နိမိတ်ကိုတော့ ကျေးဇူးတင်တယ်ဗျ။
kyeemite
September 21, 2012 at 9:22 am
Thu Wai says:
တစ်ပြည်ကို တစ်ရာလား၊နှစ်ရာလားမမှတ်မိတော့ပါဘူး။
ပန်းစံပါယ် says:
(အဲဒီတုန်းက ဆန်တစ်ပြည်ကို ၄ ကျပ် ဝန်းကျင်ခေတ်အချိန်အခါကဆိုတော့ ကြာခဲ့ပြီပေါ့။)
********************
အသက်အရွယ်ကစကားပြောတယ်နော်….ယုံကြမလားတော့မသိဘူး…
ကြီးမိုက်တို့ငယ်ငယ်က..ပြည်သူ့ဆိုင်မှာ ခွဲတမ်းနဲ့ တန်းစီပီးဆန်သွားထုတ်ရတယ်.
ငစိန်ဆန်(သို့) ဧည့်မထပေါ့..တစ်ပြီမှ ပြားရှစ်ဆယ်ထဲပါ…ကျောင်းမုံ့ဖိုးက ငါးပြား၊ ဆယ်ပြားခေတ်ပေါ့…
linnlinnn
September 21, 2012 at 12:07 pm
အဟဲ..ကိုသုဝေစာကိုဖတ်ရတာ..ကျမတို့ အဘိုးတွေအဘွားတွေပြောတဲ့ လေသံမျိုးပဲ..ညီးတို့ခေတ်ကြီးကအေ.. ကျုုပ်တို့တုန်းက တော့ လက်ထဲ ငါးပြား ဆယ်ပြားပါသွား..အိမ်ပြန် ကိုယ့်ဗိုက်ကိုတောင် မသယ်နိုင်ဘူးအေ့..အိမ်က အဖေလုပ်စာတစ်ခုတည်းနဲ့များ.. ဒို့များ..ရွှေတောင် ဝတ်နိုင်သေးသတော့ လို့ ပြောနေသလိုပဲ.. 🙂
အဟဲ နောက်တာနော်..
ဟုတ်တယ်..အခုနောက်ပိုင်း ဆန်ကောသည်တောင် သိပ်မတွေ့တော့ဘူး..ကျမတို့ ငယ်ငယ်ကဆို ဆန်ကို ဆန်ကောနဲ့ပြာပြီး..ဆန်ကောထဲ ဆန်ထည့်ပြီ အမေ့ကို ဆန်ရွေးကူးရသေးတာ..
နှင်းဆီ ငုံ
September 21, 2012 at 4:46 pm
အင်း ငုံ့တူမလေးကတော့ ရွာမှာဆိုတော့ ကလေးလွတ်လပ်ခွင့်တွေ ရှိသေးတာပေါ့နော်
ပြိုင်ဆိုင်စရာကလည်းရှားတာကိုး
ကစားရတာကို ပိုကြိုက်နေတယ်လေ
မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ ဆရာမလေးဆီ ကျူရှင်သွားခိုင်းရင် 15 မိနစ်လောက်ကြာတယ်
တစ်လှမ်း တစ်လှမ်း ကုဋေတစ်သန်းတန်တော့မဟုတ်ဘူး စာသင်ပျင်းလို့လေ
ကစားလိုက်ရင်တော့ မျောက်ရှုံးအောင်ဆော့ပါလိမ့်မယ် …
Shar Thet Man
September 21, 2012 at 5:28 pm
ဆီကိုတန်းစီပြီးယူတာက 1990 ကျော်တဲ့အထိလည်း ယူကြတဲ့ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါသေးတယ် ကိုသူဝေမမှတ်တော့တာနေပါလိမ့်မယ်…ကလေးတွေရဲ့ခေတ်နှစ်ခုမှာလုပ်လေ့ရှိတဲ့အကျင့်လေးတွေကိုနှိုင်းယှဉ်ပြတာတော်တော်လေးကောင်းပါတယ်…ဒီထက်ပိုပြီးပြလို့ရတဲ့အပို်င်းလေးတွေရှိပါသေးတယ်…အပိုင်း2ဆိုပြီးပြန်ဆက်ရေးရင်ကောင်းပါလိမ့်မယ်..