ချစ်ဇနီး
မူရင်းအမည် နဲ့ဘဲ တင်ပေးလိုက်ပါတယ် ဖတ်ကောင်းတဲ့ ဝတ္တုကိုလေးတခုပါအဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ်
“ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။ ကျွန်တော်တို့ ဘဝက ဖြတ်သန်းလာရ တာ အေးအေးဆေးဆေးပါဘဲ။
ကျွန်တော် ကုမ္ပဏီမှ ာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။ ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။
ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို… တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာ ကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကို လဲ ပြောင်းနေနိုင်ပါပြီ။
ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမာ္ဘလေးဟာ သာသာယာယာပါဘဲ။ သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေ တယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။
နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊” သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီး ထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။
ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်း တဲ့ အချိန်မရှိသလောက်ဘဲ။ ဒါပေမဲ့ အခုတော့… တခဏလေးမှ အနားမယူ တတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။ သူမရှိတော့တဲ့အိမ်ဟာ အရမ်းကို တိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေ လွမ်းခြုံနေပြီ။ အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့် သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။ မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက် တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့… ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။
အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေ တာ နေရာနှံ့နေပြီ။ ရှာ မတွေ့ဘူး။ သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနား မှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်… အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်း တစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသား နားနားရှိနေပါစေ အလကားပါဘဲ။
တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြား ကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံ ရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီး တယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃ဝလောက်ကုန်တယ်။
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”
သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံး အိမ်ထဲမှာ မနေနိုင်တော့ပါဘူး… ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့ လင်မယား ဒီလောက်ထိချစ်ကြတာကို… ဒါပေမဲ့… အဲဒီအချိန်မှာ… ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမာ္ဘပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”
ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။
သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။
“ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃ဝတောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…” ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ဝမ်းနည်းမှုမျိုးကို မခံစားဖူးသေး လို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြ ပါဘူး။ အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆ဝ သိန်း ၁၀ဝ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကို ဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။
ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေ အားလုံးရယ်ရယ်မောမောနဲ့… ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား… ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ… ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား… ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။ ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန် တစ်အိတ် ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို… ကျွန်တော် လုံးဝမသိခဲ့ဘူး…
ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို … ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ… သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…
ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘဝအစိတ် အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။ တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက် ထိကြာပြီလဲ ဆိုတာကို မမှတ်မိတော့ပါဘူး။
ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်… တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။
ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…
ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ… အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။
ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။ အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ်
“အိမ်ပြန်ချင်တယ်…”
ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီးတော့… သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲ မှုတွေကို သူခံစားနေရပြီ… သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒီ်အနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာ ကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ… သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်… ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်… “ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်ကဝယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အဝတ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာ သွားဝယ်တာ…”
သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အဝတ်လျှောစက် သုံးပုံသုံးနည်းသင်ပေးလိုက်သေး တယ်။ နှစ်ပေါင်း များစွာ သုံးလာခဲ့တဲ့ ဒီ အဝတ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့ တာပါ။ ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်… မဆုံးခင်ရှေ့ တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘဝမှာ အပျော်ဆုံး အချိန်လေးပါ။
ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘဝရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ… ဒီ ၃ လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။ ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်… ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတု္ထတွေပါဘဲ… ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘဝလုံး နောင်တရမိလိမ့်မယ်ဗျာ…
သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်… မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။
မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ… အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေ ကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး… အဝတ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်… သားအတွက် အဝတ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်… သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။
သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက် ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။ အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော် ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး” အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။ သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမာ္ဘပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်…
“ပျော်ရွှင်ခြင်း”
ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘဝမှာတုန်းကလဲ “ချစ်” ဆိုတဲ့ စကားကို မသုံးခဲ့ဘူး… သူ ဝတ္ထုတွေ… ကိုးရီးယား ကားတွေကြည့်ပြီး ငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…
အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်… ကျွန်တော့ရဲ့ “ချစ်ဇနီး”…
မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?
Zane မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥
12 comments
အိမ်လွမ်းသူ
October 4, 2012 at 3:35 pm
အရမ်းကောင်း လွန်းလို့ထပ်တူ ခံစားရပါတယ်။ ကိုယ်တိုင်လဲတခါတလေ တွေးမိတယ် ငါလဲ ပိုက်စံနောက်ကို အသဲအသန်လိုက်ရင်း နဲ မိသားစုရဲ နွေးထွေးမှူ့တွေနဲ့ ဝေးနေပါ ပေါ့လားလို့။
candle .
October 4, 2012 at 3:37 pm
တကယ်ကိုဖတ်လို ့ကောင်းတဲ့ဇာတ်လမ်းလေးပါဘဲ..
အပြင်ကလက်တွေ ့အိမ်ထောင်ရှင်တွေမှာလဲ အခါလွန်မိုး မဖြစ်ရလေအောင်..
လက်ရှိအခြေအနေမှာ တစ်ယောက်နဲ ့တစ်ယောက်..
အပြန်အလှန်တန်ဖိုးထားနိုင်ကြရင်တော့အကောင်းဆုံးပါဘဲနော်..
ပိုစ့် တင်ပေးတဲ့အတွက်ကျေးဇူးပါ..
Thu Wai
October 4, 2012 at 3:58 pm
လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ ဆုံးရှူံးလိုက်ရတော့မှ သိရတာပါ.
thar ag
October 4, 2012 at 10:35 pm
ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ဖတ်ကြည့်တာကောင်းတာနဲ့တင်ပေးလိုက်တာပါ အားလုံးကိုလေးစားလျှက်
thar ag
October 4, 2012 at 10:36 pm
ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ဖတ်ကြည့်တာကောင်းတာနဲ့တင်ပေးလိုက်တာပါ အားလုံးကိုလေးစားလျှက် ဖတ်ဖြစ်တဲ့ အတွက် တခုခု တော့ကျန်ခဲ့မယ်လို့ထင်ပါတယ်
Lwin Aung
October 5, 2012 at 3:04 am
The good story.
ma me kyaw
October 5, 2012 at 11:27 am
ဖတ်ရတာရင်ထဲကိုနင့်သွားတာဘဲ. လူတစ်ယောက်ရဲ့တန်ဘိုးကသူမရှိတော့ရင်အရမ်းသိတာတာဘဲ. ဖတ်လို့ကောင်းမယ်ထင်ရင်ဝေမျပေးအုံးနော်
ကိုခင်ခ
October 5, 2012 at 11:33 am
ဇာတ်လမ်းလေးကို ဖတ်ပြီးစိတ်မကောင်းဖြစ်မိသွားတယ်။
ပြီးတော့ ဇာတ်လမ်းထဲက ခင်ပွန်းဖြစ်တဲ့သူကိုလည်း အပြစ်တင်မိတယ်၊ ဘာလို့လဲဆိုတော့
( ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား… ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။ ကျွန်တော် လုံးဝမသိခဲ့ဘူး… ) ဆိုတာကြောင့်လေ။ အတော်ကို နှစ်ရှည်လများပေါင်းသင်းနေတဲ့ အချိန်တွေမှာ အတော်လစ်လျူရှု့နိုင်တဲ့ သူလို့ယူဆမိလိုက်လို့ပါ။ ခင်ခတို့ကတော့ ဇနီးသည်ဈေးသွားရင် နောက်ကဈေးခြင်းလေးဆွဲပြီး လိုက်တယ်ဗျာ။
Tin Tin
October 5, 2012 at 11:47 am
အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ…
လက်တွဲဖော်အချင်းချင်း လေးစားတန်ဖိုးထားနားလည်ပေးပြီး
အမြဲချစ်ခင်နိုင်ကြပါစေ …..
ရွှေ ကြည်
October 5, 2012 at 12:15 pm
ဖတ်လို့လည်းကောင်းပါတယ် အိမ်ထောင်ရှင်တွေအတွက်လည်းသတိပေးရာရောက်ပါတယ်
မိန်းမဆိုတာအိမ်ထောင်ထိန်းသိမ်းတာတော်ရမယ် ဆိုတာလေးရော ယောက်ျားကလည်းတာဝန်သိရမယ်ဆိုတာလေးရော သာယာတဲ့အိမ်ထောင်ရေးကိုတန်ဖိုးထားနိုင်ကြဖို့ရောပေါ့..။
ကျေးဇူးပါ..။
kyeemite
October 5, 2012 at 1:35 pm
မူရင်းစာရေးသူနဲ့ လင့်လေးဖေါ်ပြပေးပါလားဗျာ…
Khaing Khaing
October 5, 2012 at 1:50 pm
ဒီလိုဇာတ်လမ်းလေးတွေဖတ်တိုင်း … အရမ်းကိုခံစားရတယ် ……..