တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၄)
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၄)
မဟာဗျူဟာအကျိုးဆက်များ (strategic implications)
တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ မရနိုင်ပဲ၊ နိုင်ငံတနိုင်ငံ (သို့မဟုတ်) နိုင်ငံအများစုက စစ်ရေးဖြေရှင်းမှု နည်းလမ်းကိုသာ အသုံးပြုလာခဲ့မယ်ဆိုရင် ဒေသတွင်းသာမကပဲ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာအကျိုးဆက်များ ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မဟာဗျူဟာအကျိုးဆက်များ ဖြစ်ပွားလာနိုင်ချေရှိတဲ့ conflict scenarios တွေကို ဖော်ထုတ်ကြရာမှာ တရုတ်- အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု၊ အာဆီယံ-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ထိုင်ဝမ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိလာနိုင်ကြောင်း ယူဆထားကြပါတယ်။
(၁) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု (PRC-ASEAN Confrontation)
တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုဟာ အာဆီယံနိုင်ငံတွေက အစပျိုးတာ မဟုတ်ပဲ တရုတ်နိုင်ငံက အစပျိုးမှသာ ဖြစ်နိုင်ချေရှိကြောင်း ပညာရှင်များက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်၊ စစ်အင်အား၊ သမိုင်းကြောင်းကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အာဆီယံနိုင်ငံများက မဝံ့မရဲဖြစ်မှာ မလွဲသေချာဖြစ်ကြောင်း ယူဆထားကြပါတယ်။ နောက်တချက်က အာဆီယံနိုင်ငံအများစုဟာ ပြည်တွင်းရေး ပဋိပက္ခတွေမှာသာ အင်အားသုံးဖြေရှင်းတတ်ကြပေမယ့် ပြည်ပပဋိပက္ခတွေမှာတော့ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းကို အသုံးပြုဖို့ ဝန်လေးတဲ့ ဓလေ့ထုံးစံရှိကြပါတယ်။ အထူးသဖြင့် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စစ်ရေးမဟုတ်ပဲ နိုင်ငံရေးအရ၊ သံတမန်ရေးအရ ထိပ်တိုက်ဖြစ်မယ့် ကိစ္စရပ်တွေကိုတောင် တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိကြပါတယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေက အစပျိုးလိုက်တဲ့ စစ်ရေး ပဋိပက္ခဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်။
(၁၉၉၂) ခုနှစ်မှာ တရုတ်နိုင်ငံမှာ ပြဌာန်းထားတဲ့ “Law on the Territorial Waters and their Contiguous Areas” ထဲမှာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် စစ်အင်အားသုံးဖြေရှင်းခွင့်ကို ခွင့်ပြုထားပါတယ်။ အကယ်၍ ဒီဥပဒေကို အသုံးပြုပြီး စစ်အင်အားသုံးဖြေရှင်းမှုသာ တရုတ်ဘက်က လုပ်လာခဲ့မယ်ဆိုရင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဆိုးရွားစွာထိခိုက်လာမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အကြားမှာ ပေါ်ထွက်လာနိုင်တဲ့ cordial relations ကို ထိခိုက်ရုံသာမက အမေရိကန်ပြည်ထောင်စု၊ ဂျပန်စတဲ့ နိုင်ငံများနဲ့ ဆက်ဆံရေးကိုပါ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နယူးဇီလန်က ပါမောက္ခ You Ji က တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စတင်တဲ့ စစ်အင်အားသုံးမှု ရှိလာခဲ့ရင် ဖြစ်ပွားနိုင်ချေရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ မဟာဗျူဟာ အကျိုးဆက်များကို ဖော်ထုတ်ခဲ့ရာမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက လက်ရှိကျင့်သုံးနေတဲ့ “constructive engagement” မူဝါဒ ရပ်ဆိုင်းသွားမှု၊ အာဆီယံတွင်းနှင့် အာဆီယံပြင်ပနိုင်ငံများစုပေါင်း၍ တရုတ်နိုင်ငံအား containment policy ချမှတ်ကျင့်သုံးရန် အားထုတ်မှု၊ တရုတ်နိုင်ငံရဲ့ Aggression ကို နိုင်ငံတကာမှ သတိပြုသွားမှု စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒီလို နိုင်ငံရေးဆိုးကျိုးတွေသာမကပဲ ကမ္ဘာ့ကုန်သွယ်ရေးကို မှီခိုနေရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလဲ ထိခိုက်နိုင်ကြောင်းနဲ့ စီးပွားရေးမတည်ငြိမ်မှုကနေတဆင့် တရုတ်နိုင်ငံအစိုးရရဲ့ legitimacy ကိုပါ ဆက်လက်ထိခိုက်သွားနိုင်ကြောင်း You Ji က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ ပဋိပက္ခရဲ့ အတိမ်အနက်ပေါ်မှာလဲ မူတည်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ သေးငယ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ရေပိုင်နက်အငြင်းပွားမှုကို စစ်ရေးနဲ့ ဖြေရှင်းမှု ုပြုလုပ်ပြီး၊ ပုံမှန်ကုန်သွယ်ရေးကို ဆက်လက်ထားရှိဖို့ ဖြစ်နိုင်ချေရှိပေမယ့်၊ ပဋိပက္ခကြီးထွားလာတာနဲ့အမျှ Bilateral trade ကို မလွဲသာမရှောင်သာ ထိခိုက်လာမှာပဲဖြစ်ကြောင်း ဆိုထားကြပါတယ်။ တစထက်တစ အင်အားကြီးမားလာတဲ့ တရုတ်ရေတပ်ရဲ့ စွမ်းရည်ကိုလဲ ထည့်သွင်းစဉ်းစားဖို့လိုကြောင်း လုံခြုံရေးနဲ့ မဟာဗျူဟာ ဆန်းစစ်သူများက တင်ပြထားကြပါတယ်။ တရုတ်နိုင်ငံရဲ့ blue water navy အဆင့်မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၊ ပုလဲသွယ်မဟာဗျူဟာအကောင်အထည်ဖော်ဆောင်မှု အပါအဝင် ရေရှည် မဟာဗျူဟာ ရည်မှန်းချက်တွေကို ခန့်မှန်းနိုင်ဖို့အတွက် တောင်တရုတ်ပင်လယ်အတွင်းက တရုတ်ရဲ့ လှုပ်ရှားမှုတွေကို “litmus test” အနေနဲ့ သဘောထားပြီး စောင့်ကြည့်ဖို့လိုကြောင်း အချို့ပညာရှင်များက ဆိုထားကြပါတယ်။
(ပုံ ၆ – တရုတ်လေယာဉ်တင်သင်္ဘော)
စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားလာခဲ့ရင် တရုတ်နိုင်ငံအပေါ်မှာတင်မက အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စုတို့အပေါ်မှာလဲ ဆိုးရွားတဲ့ မဟာဗျူဟာအကျိုးဆက်တွေ ရှိလာမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ထဲမှာ ပါဝင်ကြတဲ့ နိုင်ငံတွေရဲ့ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာအကျိုးစီးပွားတွေက နိုင်ငံအလိုက် ကွဲပြားမှုတွေ ရှိပါတယ်။ ဒါပေမယ့်လဲ (၁၉၉၅) ခုမှာ ဖြစ်ပွားခဲ့တဲ့ Mischief Reef incident မှာ အာဆီယံရဲ့ တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာ တစုံတရာ sense of unity ရှိနိုင်ကြောင်း တွေ့မြင်နိုင်ပါတယ်။ အချို့အာဆီယံနိုင်ငံများရဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေက တရုတ်ရဲ့ hard line approach ကို လူသိရှင်ကြားဝေဖန်လာတာတွေလဲ ရှိပါတယ်။ အာဆီယံနိုင်ငံများအတွင်းမှာ တရုတ်နိုင်ငံကို အားပေးထောက်ခံတဲ့ နိုင်ငံများလဲ ရှိတယ်လို့ အချို့က ဝေဖန်ထောက်ပြကြပေမယ့် ပညာရှင်အများစုကတော့ ပြင်ပကပေါ်ထွက်လာတဲ့ ခြိမ်းချောက်မှု ရှိလာတဲ့အခါ ညီညွတ်ရေးပေါ်ထွက်လာတတ်ကြောင်း လက်ခံထားကြပြီး၊ အာဆီယံနိုင်ငံများနဲ့ တရုတ်နိုင်ငံတို့အကြား စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားလာခဲ့ရင် ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေ ညီညွတ် သွားကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်သေချာနေတဲ့ မဟာဗျူဟာအကျိုးဆက်တခုကတော့ တောင်တရုတ်ပင်လယ် အတွင်းမှာ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု ပေါ်ထွက်လာတာနဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လာနိုင်တယ် ဆိုတဲ့အချက်ပါ။ သံတမန်ရေးရာအရ ဘယ်လိုပဲ အပြန်အလှန် အလည်အပတ်သွားမှုတွေ၊ ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုမှုတွေ ရှိနေတယ်ဆိုပေမယ့် အမေရိကန်နဲ့ တရုတ်တို့အကြားမှာ တဘက်နဲ့တဘက် သံသယဖြစ်မှုတွေ၊ မယုံကြည်မှုတွေ၊ ခြေလှမ်းစောင့်ကြည့်မှုတွေက ရှိနေကြဆဲပါ။ တောင်တရုတ်ပင်လယ်အရေးကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြားမှာ စစ်ရေးထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားလာနိုင်တယ် ဆိုတဲ့ အခြေအနေဆိုးကြီးအထိ ခန့်မှန်းပြောဆိုနေကြသူတွေလဲ ရှိပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် ဒေသတွင်းမှာရှိတဲ့ ဂျပန်နိုင်ငံအပါအဝင် တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ ဘက်မလိုက် ရပ်တည်နိုင်မှု အခြေအနေ (neutral position) မှာ ရှိဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းလှပါတယ်။ လက်ရှိအခြေအနေအထိတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေမှာ ဘက်မလိုက် မူဝါဒကို ကျင့်သုံးနေဆဲမို့ အမေရိကန်ပြည်ထောင်စုက အစပျိုးလိုက်တဲ့ စစ်ရေးထိပ်တိုက် ရင်ဆိုင်မှုတော့ ဖြစ်ပွားနိုင်ချေ မရှိဘူးလို့ သုံးသပ်ကြသူတွေ အများအပြားရှိပါတယ်။
ဝါရှင်တန်အနေနဲ့ U.S.-Philippine Mutual Defense Treaty ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အလိုအလျောက် အကျိုးသက်ရောက်မှုမရှိကြောင်းနဲ့ စာချုပ်ချုပ်ဆိုစဉ်တုန်းက မနီလာအနေနဲ့ ရေပိုင်နက် အငြင်းပွားမှုမှာ ပါဝင်သေးခြင်း မရှိကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအချက်ကို အကြောင်းပြပြီး (၁၉၉၅) ခု၊ Mischief Reef အရေးဖြစ်စဉ်က အမေရိကန်က လက်ရှောင်ခဲ့ပါတယ်။ ဒါပေမယ့် အခြားတဘက်မှာလဲ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် လာတာကြောင့် အမေရိကန်က ဘက်မလိုက်မူဝါဒကို ဘယ်အတိုင်းအတာအထိပဲ ကျင့်သုံးနိုင်မလဲဆိုတာ တပ်အပ်သေချာ မပြောနိုင်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုလာခဲ့ပါတယ်။
စစ်ရေးပညာရှင်များကတော့ ဖိလစ်ပိုင်နိုင်ငံက သိမ်းပိုက်ထားတဲ့ ကျွန်းတခုခုကို တရုတ်နိုင်ငံက စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်တာနဲ့ recognized territorial waters (သို့မဟုတ်) the high seas မှာ ဖိလစ်ပိုင်ရဲ့ ရေတပ်သင်္ဘောကို တရုတ်ရေတပ်သင်္ဘောက တိုက်ခိုက်တာကတော့ အခြေအနေ မတူနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ ပင်လယ်ပြင်မှာ ရေတပ်ချင်း ထိတွေ့မှုပြုလုပ်လာချိန်မှာတော့ စစ်ရေးမဟာမိတ် သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံတွေအနေနဲ့ ပါဝင်ပတ်သက်မှုတွေ မလွဲမသွေ လုပ်ရမှာဖြစ်ကြောင်း ပြောဆိုလာခဲ့ကြပါတယ်။ အာရှဒေသအတွင်း အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လေ့လာတဲ့ ပညာရှင်များ ကတော့ တောင်တရုတ် ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံရေတပ်ရဲ့ စစ်အင်အားသုံးမှုတွေ ဖြစ်ပွားလာခဲ့ရင် အမေရိကန်အနေနဲ့ မလွဲမသွေ တုန့်ပြန်မှု ပြုလုပ်ရမှာ ဖြစ်ကြောင်းနဲ့ မပြုလုပ်ခဲ့ရင် အာရှဒေသမှာရှိတဲ့ US credibility ကို ထိခိုက်ဖွယ်ရာရှိကြောင်း ထောက်ပြခဲ့ကြပါတယ်။
တောင်တရုတ်ပင်လယ်အရေးဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားက ဆက်ဆံရေးကို ထိခိုက်လာနိုင်ဖွယ် အကျိုးဆက်တွေ ရှိသလို၊ အမေရိကန်နဲ့ အာဆီယံတို့အကြားက ဆက်ဆံရေးအပေါ်မှာလဲ မဟာဗျူဟာ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ အကြီးမားဆုံးကိစ္စရပ်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုမှာ ပါဝင်ပတ်သက်လာချိန်မှာ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်နိုင်ငံရဲ့ စစ်အင်အားသုံးဖြေရှင်းမှုကို စစ်ရေးနည်းနဲ့ တုန့်ပြန်ဖို့ ဆိုရာမှာ အနည်းဆုံး အာဆီယံနိုင်ငံတနိုင်ငံရဲ့ ထောက်ခံမှုနဲ့ operational ပိုင်းဆိုင်ရာ၊ logistical ပိုင်းဆိုင်ရာ စစ်ရေးထောက်ခံမှု လိုအပ်ပါတယ်။ ဒီနိုင်ငံဟာ အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ နိုင်ငံဖြစ်နိုင်သလို၊ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိပေမယ့်လဲ မဟာဗျူဟာအချက်အချာကျနေတဲ့ နိုင်ငံလဲ ဖြစ်နိုင်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေကတော့ ဒီလို အမေရိကန်- တရုတ် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာခဲ့ရင် ရေပိုင်နက်အငြင်းပွားမှုထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဟာ စင်ကာပူနိုင်ငံဖြစ်လာနိုင်ဖွယ်ရှိပြီး၊ မြန်မာနိုင်ငံကတော့ တရုတ်နဲ့ အမေရိကန်တို့အကြားမှာ ကြားညပ်တဲ့ နိုင်ငံဖြစ်လာနိုင်ချေရှိတယ်လို့ ယူဆထားကြပါတယ်။
(၂) အာဆီယံနိုင်ငံများ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှု
ရေပိုင်နက်အငြင်းပွားမှုမှာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံများအကြားက အငြင်းပွားမှုတင်မကပဲ အာဆီယံနိုင်ငံများ အချင်းချင်း ပိုင်ဆိုင်မှုအဆို တနေရာတည်းဖြစ်နေတာတွေလဲ ရှိပါတယ်။ ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် အာဆီယံနိုင်ငံများအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နိုင်ချေကိုလဲ ချန်ရစ်ထားလို့ မရပါဘူး။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အရှေ့တောင်အာရှရေးရာမှာ ရှိနေတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားနိုင်ဖွယ် ရှိပါတယ်။ Spratlys နဲ့ ပတ်သက်ပြီး အာဆီယံနှစ်နိုင်ငံအကြား စစ်ရေးထိတွေ့မှုဟာ (၁၉၉၂) ခုနှစ်၊ ASEAN Declaration on the South China Sea မှာ ပါဝင်တဲ့ အချက်တချက်ဖြစ်တဲ့ “the necessity to resolve all sovereignty and jurisdictional issues pertaining to the South China Sea by peaceful means, without resort to force.” ဆိုတဲ့ အချက်ကို ဖောက်ဖျက်လိုက်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ရေပိုင်နက် အငြင်းပွားမှုပဋိပက္ခထဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ အာဆီယံနိုင်ငံများက စာချုပ်ပါ အချက်အလက်များကို စောင့်ထိန်းဆဲ ဖြစ်ကြောင်း မဟာဗျူဟာလေ့လာရေးပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။ အကယ်၍ အာဆီယံတနိုင်ငံက ဖောက်ဖျက်လာခဲ့မယ် ဆိုရင်တော့ အာဆီယံအဖွဲ့တွင်းကနေ ဝိုင်းဝန်းထုတ်ပယ် အရေးယူမှုတွေ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
(၃) ထိုင်ဝမ်နှင့် အာဆီယံအကြား ထိပ်တိုက်ရင်ဆိုင်မှု
တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်အင်အားအသုံးပြုပြီး၊ ရေပိုင်နက်အဆိုပြုမှုကို ပထမဆုံးပြုလုပ်ခဲ့တာက ထိုင်ဝမ်ဖြစ်ပါတယ်။ (၁၉၅၀) ခုနှစ်မှာ Itu Aba အခြေစိုက် ဖိလစ်ပို်င်လူမျိုးတွေကို စစ်အင်အားသုံးပြီး ဖယ်ရှားခဲ့ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာတော့ တိုင်ပေရဲ့ မူဝါဒက တောင်တရုတ်ပင်လယ်အရေးကို စစ်အင်အားမသုံးပဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့်လဲ (၁၉၉၂) ခုနှစ်၊ ASEAN Declaration on the South China Sea ကို ထိုင်ဝမ်က လက်ခံအတည်ပြုထားပါတယ်။
အချို့ပညာရှင်များက ထိုင်ဝမ်အနေနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကို စစ်အင်အားသုံး ဖြေရှင်းပြီး၊ ဆုံးရှုံးနေတဲ့ နိုင်ငံရေး၊ စစ်ရေး status ကို ပြန်လည်မြှင့်တင်လာနိုင်ကြောင်း သံသယရှိကြပေမယ့်၊ ပညာရှင်အများစုကတော့ ဒီလိုပြုလုပ်ခြင်းအားဖြင့် ထိုင်ဝမ်အပေါ် ကျရောက်လာမယ့် မဟာဗျူဟာ ဆိုးကျိုးတွေကို ထိုင်ဝမ်အနေနဲ့ ထည့်သွင်းစဉ်းစားမှာ ဖြစ်ကြောင်း ယုံကြည်ထားကြပါတယ်။ တောင်တရုတ်ပင်လယ် အရေးမှာ ထိုင်ဝမ်အနေနဲ့ စစ်အင်အားသုံးဖြရှင်းမှု ပြုလုပ်လာခဲ့ရင် လက်ရှိကျင့်သုံးနေတဲ့ “informal diplomacy” အားထုတ်ကြိုးပမ်းမှုတွေအားလုံးကို ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ ဒေသတွင်းဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တဲ့ Asia Pacific Economic Cooperation (APEC) forum စတာတွေမှာ ပါဝင်ဆောင်ရွက်ခွင့်တွေ ရုတ်သိမ်းခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
တရုတ်ရဲ့ ပါဝါကို ထိန်းညှိဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ ထိုင်ဝမ်တို့အကြားမှာ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုကြောင်း ပညာရှင်အချို့က အကြံပေးချက်တွေ ရှိပေမယ့် ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအကြားက ပူးပေါင်းဆောင်ရွက်မှုတွေကို ဘေကျင်းအနေနဲ့ တရုတ်အမျိုးသား အကျိုးစီးပွားအပေါ် အာဆီယံနိုင်ငံများက သစ္စာမဲ့မှုလို့ ယူဆသွားနိုင်ဖွယ်ရှိကြောင်းကိုလဲ ဝေဖန်ပြောဆို ထားကြပါတယ်။ ဒီလိုသာယူဆသွားခဲ့ရင် ပြဿနာဖြေရှင်းတဲ့ ဆေးမြီးတိုမဖြစ်ပဲ၊ ပြဿနာမီးထွန်းရှာသလို ဖြစ်သွားနိုင်ကြောင်း ထောက်ပြထားကြပါတယ်။ ထိုင်ဝမ်အနေနဲ့လဲ သံတမန်ရေးရာ ဆက်နွယ်မှုတွေ ခိုင်မြဲရေးကိုတောင် ကြိုးပမ်းနေရဆဲကာလဖြစ်တဲ့အတွက် စစ်ရေးမဟာမိတ်ဖွဲ့မှု အဆင့်တွေထဲအထိ တိုးဝင်လာနိုင်ချေ မရှိသေးကြောင်း၊ သုံးသပ်ထားကြပါတယ်။
(၄) ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့အကြား ထိပ်တိုက်ရင်ဆိုင်မှု
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး၊ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်စစ်ရေးရင်ဆိုင်မှုကို ထိုင်ဝမ်က စတင်ပြုလုပ်နိုင်ချေကတော့ မရှိသလောက်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံဘက်က စတင်ပြုလုပ်နိုင်ချေ ရှိတာကြောင့် ဒီကဏ္ဍကို ထည့်သွင်းစဉ်းစားကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ထိုင်ဝမ် မလုပ်ချင်ဆုံးအရာက ဘေဂျင်းအနေနဲ့ ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု တစုံတရာ ပြုလုပ်ဖို့အတွက် လမ်းစတခု သွားပေးလိုက်တဲ့ အရာပဲ ဖြစ်နိုင်ကြောင်း ပညာရှင်အများစုက ခန့်မှန်းထားကြပါတယ်။ သို့ပေမယ့် တရုတ်ဘက်က စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှု ရှိလာခဲ့ရင်တော့ အင်အားကြီးနိုင်ငံအများစုက ထိုင်ဝမ်ဘက်မှာ ဝင်ရောက်ရပ်တည် ဖွယ်ရှိကြောင်း တွက်ချက်ထားကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံအနေနဲ့လဲ ဆုံးရှုံးမှုက ရယူမှုထက် ပိုများနိုင်တာကြောင့် ဒီ scenario က ဖြစ်နိုင်ချေ အနည်းဆုံး ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်က Itu Aba ကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်ဟာ တရုတ်နဲ့ စစ်ရေးထိတွေ့မှု အဖြစ်ခံမှာ မဟုတ်ကြောင်း ယူဆထားသူ အများအပြား ရှိပါတယ်။
(၅) အခြား အကျိုးဆက်များ
သေချာတာတခုကတော့ တောင်တရုတ်ပင်လယ်တွင်းက စစ်ရေးပဋိပက္ခတွေကို ဘယ်သူကပဲစစ၊ ဘယ်သူတွေပဲ ပါပါ၊ ဖြစ်ပွားလာခဲ့ရင် ဆိုးရွားတဲ့ မဟာဗျူဟာအကျိုးဆက်များစွာ ပေါ်ထွက်လာမယ် ဆိုတာပါပဲ။ ပထမဦးဆုံးအနေနဲ့ ဒေသတွင်း စီးပွားရေးအခြေအနေကို ထိခိုက်နိုင်ပါတယ်။ စီးပွားရေးရာ မဟာဗျူဟာ ပညာရှင်များက ဒါဟာအာရှတိုက်စီးပွားရေးရဲ့ fatal blow ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပသယံဇာတတင်သွင်းမှုအပေါ်မှာ မှီခိုနေရပြီး၊ တရုတ်နဲ့ အခြားအရှေ့တောင် အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကနေ တိုက်ရိုက်အကျိုးအမြတ်ရနေတဲ့ ဂျပန်နိုင်ငံ အတွက်ကတော့ စီးပွားရေး အဆောက်အအုံကြီးတခုလုံး ပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ နိုင်ငံတကာ ရေကြောင်းသွားလာရေးကို ထိခိုက်လာမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ပဋိပက္ခနဲ့ ဆက်စပ်မှုမရှိတဲ့ အခြားဥရောပနိုင်ငံတွေရဲ့ စီးပွားရေးတည်ငြိမ်မှုအခြေအနေကိုလဲ ခြိမ်းချောက်လာမှာ ဖြစ်ပြီး၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံများရဲ့ စီးပွားရေး အခြေအနေတွေကိုလဲ ကမောက်ကမ ဖြစ်သွားစေမှာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အရေးမှာ စစ်ရေးထိတွေ့မှု ဖြစ်ပွားမှုဟာ ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်ရရှိမှာ မဟုတ်ပဲ၊ နိုင်ငံအားလုံးအနေနဲ့ “lose-lose” political decisions တွေကိုပဲ ချကြရမယ့် အခြေအနေကို တွန်းပို့လိုက်မှာ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ဆိုခဲ့ဖူးသလို Freedom of Navigation ကို ထိခိုက်မှုဟာ ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးအခြေအနေကြီးတခုလုံးကို ကျွမ်းထိုးမှောက်ခုံလုပ်ပစ်လိုက်မှာ မလွဲသေချာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို မဟာဗျူဟာအကျိုးဆက်တွေ ဖြစ်ပွားလာအောင် စတင်လိုက်မယ့် ခလုတ်ဟာ တရုတ်နိုင်ငံအစိုးရ လက်ထဲမှာ ဖြစ်ကြောင်း ပညာရှင်အများစုက လက်ခံထားကြပြီး၊ တရုတ်ရဲ့ Beijing’s Policy Dilemma ကို စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၄၊ ၁၀၊ ၂၀၁၂)
6 comments
ရဲစည်
October 4, 2012 at 11:31 pm
အော်…. တို့သဂျီး အမှန်အကန် စုပြုထားတာ ဘယ်သူမှ အားမပေးဂျဘာလား ကွယ်ရို့
ရွာထဲက သိတတ်ပညာရှင်တွေ ဒီစာ အပိုင်း(၁)မှ(၄)အထိ ဝေဖန်သမှု မပြုကြလေတော့
ဝင်ပြောရမှာ ခပ်ခက်ခက်ရယ် ခုတော့ မနေနိူင်မထိုင်နိူင်မို့ ရေးသွားပါတယ် …………..။
အာဘော်ကင်းတဲ့ သမာရိုးကျ … ????
ဆက်လက်စောင့်မျှော်နေပါတယ်…..
အားထုတ်မှုကို လေးစားလျှက်
အမာဒီနီရဲ(ခ)ဘာရှားအာရဲ(ခ)ဗလာဒီမာရဲ(ခ)အယာတိုလာခိုမာရဲ(ခ)မာမိုဟန်ရဲ(ခ)ယာဆာအာယာရဲ(ခ)ကင်မရွန်းဒီယက်ရဲစ်…
pazflor
October 5, 2012 at 2:52 am
ဉာဏ်မမီလို့ဖတ်ဘဲဖတ်သွားပါတယ်ခင်ည။ 😀
ကိုရင်မောင်
October 5, 2012 at 11:14 am
ကျနော်အလုပ်လုပ်နေတဲ့စက်ရုံမှာ
တရုတ်အမျိုးသားအောင်ပွဲနေ့မတိုင်ခင်
စက်ရုံပိုစတာ ကပ်တဲ့နေရာမှာ ကပ်ထားတဲ့
ပုံမှာ လေယာဉ်တင်သဘောင်္ကြီးရဲ့ပုံဖြစ်နေတယ်
ဒါနဲ့စိတ်ဝင်စားလို့အသေအခြာကြည့်မိတော့…
အောင်မငေး ငေး…. သဘောင်္အမှတ်က74 …
သဘောင်္ပေါ်ကလေယာဉ်တွေက အမေရိကန်အမှတ်အသားတွေနဲ့..ဟေ ဟေ့
F15တို့16တို့ ထောက်လှန်းရေးသုံးအေးဝက်လေယာဉ်တို့…
အမယ်..အလံကျတော့တရုတ်အလံတပ်ထားတယ်…ဗျာ
ရယ်လိုက်ရတာ….
တရုတ်တွေကကျယ်စရာမရှိအဲ့ဒီလိုကျယ်တာ…
တကယ်ကတရုတ်လေယာဉ်တင်သဘောင်္အမှတ်က16….
သဘောင်္ဦးကကော့ကော့ကြီး…
သူတို့သဘောင်္ပုံမရသေးလို့ သူများပုံယူပြီးတရုတ်အလံတပ်ထားပုံရတယ်…
အာဆီယံနိုင်ငံထဲမှာလဲပါ အိမ်နီးနားချင်းနိုင်ငံလဲဖြစ်တဲ့ကျနော်တို့နိုင်ငံအနေနဲ့
တရုတ်ရဲ့ခုလိုနယ်ချဲ့ခြင်နေတဲ့လုပ်ရပ်မှန်သမျှသိထားသင့်ပါတယ်….
ခုလို တရုတ်နိုင်ငံရဲ့တောင်တရုတ်ပင်လယ်အရေးကိုပြည့်ပြည့်စုံလေး ပို့စ်အဖြစ်တင်ပေးတဲ့အတွက်
သဂျီးရေ ကျေးဇူးပါဘဲ..နောက်အပိုင်းတွေစောင့်ဖတ်နေပါတယ်……
ပန်းစံပါယ်
October 5, 2012 at 1:35 pm
ဆက်လက်ရေးသားဖော်ပြမည်ကို ဆက်လက်ဖတ်ရှုရန် ဆက်လက်စောင့်မျှော်နေပါတယ်ရှင်…
Thanlwinoo
October 5, 2012 at 3:38 pm
ဒို့လည်း
ဂြိုလ်တုလွှတ်မယ်…
ရေငုတ်သင်္ဘောဆောက်မယ်….
ငြူကလီးယားဗုံး ခွဲမယ်ကွ….. 😀 😀 😀
R Ga
October 5, 2012 at 3:43 pm
တရုတ်ဆိုတာနဲ့တင် မဖတ်ချင်ဖတ်ချင်နဲ့ ဖတ်လိုက်မိတယ်။