((သူခိုး))

ရွှေအိမ်စည်October 15, 20121min32111

သူခိုး

ကျနော့်မှာ ကျီးကန်းတွေနဲ့ ပတ်သက်လို့ နှလုံးသားမှာ ဒဏ်ရာတခု ရခဲ့ဖူးပါတယ်။
ကျီးကန်းတွေကို တွေ့တိုင်း အဲဒီကျီးကန်းတွေ ကြားအောင် နာမည်တခု အော်အော် ခေါ်မိပါတယ်။
အဲဒီ နာမည်က သူခိုး … တဲ့။

အင်းစိန် သီးသန့် အကျဉ်းထောင်မှာ ဖြစ်ပါတယ်။
ကျနော်တို့ သီးသန့် ထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျ လာတဲ့ ၅ (ည) တွေ အပါအဝင် ငါးခိုးဖမ်းမှုနဲ့
ထောင်ကျလာတဲ့ ထိုင်းလူမျိုးတွေ၊ အပြင်ဘုတ်လို့ ခေါ်တဲ့ လွတ်ခါနီး ထောင်ဝင်းထဲ
ထွက် အလုပ်လုပ်ရတဲ့ ထောင်ကျ အကျဉ်းသားတွေ ရှိကြပါတယ်။

တနေ့မှာတော့ အပြင်ဘုတ် အကျဉ်းသား တယောက် ကျနော့်ဆီကို ရောက်လာပြီး
ကျီးကန်း ပေါက်လေး တကောင်ကို ဆေးလိပ် အလိပ် ၂ဝ နဲ့ လာရောင်း ပါတယ်။
တကယ့်ကို အပေါက်လေးပါ၊နှုတ်သီးဘေး နှုတ်ခမ်း လေးတွေတောင် မပျက်သေးပါဘူး။
ကျနော်လည်း သနားတာနဲ့ ကျီးကန်းလေးကို ဝယ်လိုက်ပါတယ်။
အဲဒီကစပြီး ကျီးကန်းလေးနဲ့ ကျနော်နဲ့ သံယောဇဉ် စခဲ့တယ်ဆိုရင် မမှားပါဘူး။

ကျီးကန်းလေးကို ကျနော့် တိုက်ခန်းရဲ့ ထောင့်မှာ တုတ်တန်းလေး တခု လုပ်ပေးပြီး တင်ထားပါတယ်။
ကျီးကန်းလေးဟာ မနက်မိုး မလင်းခင် သူ့ရဲ့ ကျီးအာသံ မပေါက်သေးတဲ့ အသံလေးနဲ့ တစာစာ စတင် အော်ပါတော့တယ်။
အဲဒီလို အော်နေတာဟာ ကျနော် မနိုးမချင်းပါပဲ။

တုတ်တန်းက ကျနော့် အရပ်လောက် မြင့်တော့ အောက်ကိုလည်း သူ ခုန်မဆင်းရဲ ရှာပါဘူး။
ကျနော်နိုးသွားတော့မှ မြေပဲ ဒါမှမဟုတ် ဟင်းဖတ်တဖတ်ကိုဝါးပြီး သူ့ကိုခွံ့ပေးတဲ့အခါ
တကယ်ကို ငှက်မိခင်ခွံ့တာကိုစားတဲ့ ငှက်သားပေါက်လေးတွေလို အသံတစာစာအော်ရင်း အငမ်းမရ စားပါတော့တယ်။

စားပြီးသွားတာနဲ့ ကျနော်လည်း ပြန်အိပ်သလို သူလည်း တန်းပေါ်မှာ ခဏပြန်အိပ်ပါတယ်။
မနက် ရ နာရီလောက်မှာ ကျနော်လည်း အိပ်ရာနိုးလာသလို သူလည်း နိုးလာခဲ့ပါတယ်။
အဲဒီတော့မှ သူ့ကို တန်းအောက်ကို ချပေးပြီး အခန်းထဲမှာ ဒီအတိုင်း လွှတ်ပေးထားလိုက်ပါတယ်။
ထူးခြားတာက အဲဒီ ကျီးကန်းလေးဟာ အခန်းထဲကနေ အခန်းပြင်ကို လုံးဝမထွက်ဘဲ
ကျနော့်မျက်နှာကို တချိန်လုံး လိုက်ပြီး စောင့်ကြည့်နေတာပါပဲ။
နောက်ပြီး တချက်တချက်မှာ သူ့ရဲ့မပီတဲ့ ကျီးအာသံတွေကိုလည်း အာတတ် ပါသေးတယ်။
ဒီလိုနဲ့ ကျီးကန်းလေးဟာ တဖြည်းဖြည်းနဲ့ ကျီးရာဝင်လာခဲ့ပါတယ်။

ကျနော်နဲ့ နေ့စဉ်နေ့တိုင်း အဲဒီလို ၃ လလောက်နေ အပြီးမှာတော့ သူ့ရဲ့ အမွေးအတောင်တွေ စုံလင်စပြုလာပါပြီ။
အခန်းထဲမှာ နေ့စဉ်နေနေတဲ့ ကျီးကန်းလေးဟာ တစတစ အခန်းပြင်ကိုထွက်တတ် လာပါတယ်။
အဲဒီနောက် တိုက်ခန်းရှေ့က ရေကန်မှာရေသွားချိုးတတ်လာတယ်။
နောက်ဆုံး တထောင်လုံးကို လျှောက်လည် သွားတတ်ခဲ့ပါပြီ။
ဒါပေမယ့် ဘယ်လောက်ပဲ သွားသွား ကျနော်ထမင်းစားလေ့ရှိတဲ့ နေ့လယ် ၁၂ နာရီ လောက်မှာတော့
ကျနော့်အခန်းကို ရောက်အောင်ပြန်လာပြီး အစာတောင်းစားပါတယ်။
ဘယ်လောက်ပဲ ကျီးကောင်ဝင်သွားခဲ့ပေမယ့် သူဟာ အစားကို သူ့ဘာသာသူ ဘယ်တော့မှမစားဘဲ ကျနော်ကျွေးမှသာ စားပါတယ်။
ကျနော်သူ့ကိုခွံ့မကျွေးဘဲ စမ်းကြည့်ပြီး ကြမ်းပေါ်ကို ဒီအတိုင်းချထားကြည့်ပါတယ်။ လုံးဝ မတို့မထိပါဘူး။
ကျနော့်ပုခုံးပေါ်ကို ခုံတက်လာပြီး တစာစာအော်ပါတော့တယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ ကျနော်ပဲ လက်လျှော့ပြီး သူ့ကို ခွံ့ကျွေးရတော့တာပါပဲ။

နေ့လယ်စာစားပြီးတာနဲ့ အပြင်ပြန်ထွက်သွားပြီး ညနေ နေဝင်ခါနီး အချိန်မှာတော့ ကျနော့်အခန်းကို ပြန်ရောက် လာပါတယ်။
အဲဒီမှာ သနားဖို့ကောင်းတာက အပြင်က ညောင်ပင်ကြီးမှာ ကျီးကန်းအုပ်က တအာအာနဲ့ အိပ်တန်း ဝင်နေချိန်မှာ
သီးသန့်ထောင်တိုက်ထဲက ကျီးကန်းလေးကလည်း တအာအာနဲ့ လိုက်အော်နေတာပါပဲ။

ဒါပေမယ့် သူအော်ရုံပဲ တတ်နိုင်တာပါ။ ကျီးဆိုပေမယ့် ကျီးတို့တတ်အပ်တဲ့ အတတ်ပညာကို သူ လုံးဝမှ မတတ်မြောက် ခဲ့တာဘဲ။
နောက်ရက်တွေမှာတော့ ကျီးကန်းလေးဟာ အိပ်တန်းဝင်ခါနီး
ကျနော်တို့ ရေချိုးကန်မှာ ရေကစားနေတဲ့ ကျီးကန်းတွေကြားထဲကို မယောင်မလည်နဲ့ ရောက်သွားပါတယ်။
ကျနော်လည်း ဘာဖြစ်မလဲ စောင့်ကြည့်နေတုန်းမှာပဲ ကျီးကန်းအုပ်ဟာ သူ့ကိုဝိုင်းပြီး ထိုးဆိတ်ကြပါတော့တယ်။
ကျီးအုပ်က လူနဲ့နေတဲ့ ကျီးကန်းကို လက်မခံဘူးထင်ပါရဲ့။
ကျနော့်ကျီးကန်းလေးဟာ နာလွန်းလို့ တစာစာအော်ပြီး ကျနော့်အခန်းကို ပျံပြေးလာပါတယ်။
သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတချို့ ရသွားခဲ့ပါတယ်။
အဲဒီအဖြစ်အပျက် ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော့်ကျီးကန်းလေးဟာ ကျီးကန်းအုပ်ဆီ မသွားတော့ဘဲ။
ကျနော့်တိုက်ခန်းထဲကနေပဲ ကျီးကန်းတွေနဲ့ ပြိုင်တူ လိုက်အာနေရှာပါတယ်။

အဲဒီအချိန်အထိ ကျနော့်ကျီးကန်းလေးမှာ ကိုယ်ပိုင်နာမည်မရှိသေးပါဘူး။
ဒီလိုနဲ့ သူနာမည်ရတော့မယ့် ကိစ္စကို ကျနော့်ကျီးကန်းလေး စတင် လုပ်ဆောင်လာပါတော့တယ်။
မနက်မိုးလင်းတာနဲ့ ထွက်သွားတဲ့ ကျီးကန်းလေးဟာ အရင်ကလို
ထမင်းစားချိန်မှ ပြန်ရောက်လာတာ မဟုတ်တော့ဘဲ တိုက်ခန်းကိုပြန်လာတဲ့အကြိမ်က စိပ်လာ ပါတယ်။
သူပြန်လာတိုင်းလည်း နှုတ်သီးမှာ ဇွန်း၊ ဒါမှမဟုတ် မီးခြစ်၊ ဆပ်ပြာ၊ဆေးပေါ့လိပ် တခုမဟုတ် တခု ပါလာတတ်စမြဲပါပဲ။

ဒါကို ကျနော်လည်း ပထမတော့ သတိမထားမိဘူး။
တရက်မှာတော့ ဟင်းဘူးတွေထားတဲ့ အနောက်ကို ကြည့်မိတဲ့ အခါမှာတော့ ဇွန်းတွေ၊ မီးခြစ်တွေ၊
ဆေးပေါ့လိပ်တွေ အများကြီးကိုတွေ့တော့မှ ကျနော့် ကျီးကန်းလေး ချီ ချီလာတယ်ဆိုတာ သဘောပေါက်ပါတော့တယ်။

အဲဒီနေ့ကစပြီး ပစ္စည်းတခုချီလာတိုင်း အုန်းလက် သေးသေးလေးနဲ့ သူ့ပေါင်ကို ရိုက်ပြီး အပြစ်ပေးပါတယ်။
အဲဒီလို ရိုက်ရင်လည်း သူ့ခမျာ အော်လိုက်တာဆိုတာ ငယ်သံတောင်ပါတယ်။
ဒါပေမယ့် အကျင့်က ပျောက်သလား ဆိုတော့ မပျောက်ဘူး ချီမြဲ ချီလာဆဲပါပဲ။

နောက်ဆုံး ရိုက်တဲ့အလုပ်ကို လက်လျှော့လိုက်ပြ်ီး ကျနော်လုပ်ရတဲ့ အလုပ်ကတော့
ကျန်တဲ့ တိုက်ခန်းတွေကို ဇွန်းတွေ၊မီးခြစ်တွေပျောက်ရင် ကျနော့်အခန်းမှာ လာမေးကြပါဆိုပြီး လိုက်ပြောရတဲ့ အလုပ်ပါပဲ။
ကျနော်ကလည်း နေ့စဉ်ပြော၊ ကျီးကန်းလေးကလည်း နေ့စဉ်ချီလာ၊
အဲဒီလိုနဲ့ သံသရာလည်နေတုန်း ကျနော်တို့တိုက်ထဲက ဘယ်သူက ကင်ပွန်းတပ်လိုက်တယ် မသိဘူး။
ကျနော့်ကျီးကန်းလေးကို “သူခိုး” လို့ နာမည်ပေးလိုက်ပါတယ်။
အဲဒီနာမည်ကို တိုက်တတိုက်လုံးကလည်း ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြပါတယ်။

အဲဒီမှာပဲ ကျနော့်ရဲ့ ကျီးကန်းလေးမှာ သူခိုး ဆိုတဲ့ နာမည် တလုံးရသွားခဲ့ပါပြီ။
အရင်တုန်းက သားရေ လို့ ခေါ်မှသိတဲ့ ကျီးကန်းလေးဟာ သူခိုးရေလို့ ခေါ်ရင် သူ့နာမည်ကို သူသိနေခဲ့ပါပြီ။
ထူးခြားတဲ့ တချက်က သူ ဘယ်နေရာရောက်နေ ရောက်နေ၊ ကျနော်က တိုက်ထဲကနေ အကျယ်ကြီး သူခိုးရေလို့ အော်လိုက်တာနဲ့
ကျနော့် တိုက်ခန်းရှေ့ကို ပျံဝဲလာပြီး ကျနော့်ပုခုံးပေါ်ကို တက်နားတော့တာပါပဲ။
ပြီးရင်း သူ့နှုတ်သီးနဲ့ ကျနော့်ရဲ့ ဦးခေါင်းကိုမနာအောင် ထိုးဆိတ်တတ်ပါတယ်။
ကျီးကန်းလေးနဲ့ ကျနော်ရဲ့ မမြင်ရတဲ့သံယောဇဉ်ကြိုးဟာ တင်းသထက် တင်းလို့ နေခဲ့ပါပြီ။

အဲဒီလိုနဲ့ ကျနော်နဲ့ ကျီးကန်းလေး ခွဲခွာရမယ့် နေ့တနေ့ ရောက်ရှိလာခဲ့ပါတယ်။

တိုက်ထဲကို ထောင်မှူးတယောက် ရောက်လာပြီး ကျနော်တို့နာမည်တွေ ခေါ်ပါတယ်။
အားလုံး အိပ်ရာလိပ် ပြင်ထားဖို့နဲ့ မကြာခင် ထောင်ပြောင်း တော့မယ့်အကြောင်း လာပြောပါတယ်။
သူများတွေ အိပ်ရာလိပ် သိမ်းနေချိန်မှာ ကျနော် ကျီးကန်းလေးကို သူခိုးရေ၊ သူခိုးရေ လို့ အော်အော်ခေါ်နေပါတယ်။

ထူးခြားတာက အရင်တုန်းက ဘယ်အချိန်ပဲ ခေါ်ခေါ် ရောက်လာတတ်တဲ့ ကျီးကန်းလေးဟာ အဲဒီနေ့ကကျမှ ဘယ်လိုမှ ခေါ်လို့မရဘူးဖြစ်နေပါတယ်။
ကျနော် မနားတမ်းခေါ်နေပေမယ့် ဘယ်လိုမှ ရောက်မလာခဲ့ပါဘူး။
နောက်ဆုံးမှာတော့ ထောင်ပြောင်းမယ့် ကားပေါ်ကို ကျနော် တက်လိုက်ရ ပါတော့တယ်။

ကျနော့်ရဲ့ မျက်ရည်တွေဟာလည်း ခေါင်းမှာ စွပ်ထားတဲ့ ခေါင်းစွပ်ကြားထဲကနေ တဖြည်းဖြည်း ကျလာပါတော့တယ်။
ကျီးကန်းလေးရဲ့ သတင်းကိုတော့ ကျနော်အမြဲ နားစွင့်ထားပါတယ်။
ဒါပေမယ့် ကျီးကန်းလေးနဲ့ ပတ်သက်တဲ့ ဘယ်လို သတင်းမျိုးမှ ကျနော့်ဆီကို ရောက်မလာခဲ့ပါဘူး။

ဒီလိုနဲ့ ကျနော် လွတ်ရက်စေ့လို့ ထောင်ကလွတ်ခဲ့ပြီး ကျီးကန်းလေးရဲ့သတင်းကို စုံစမ်းဖို့အတွက်
ကျနော် ထောင်ပြောင်းစဉ်က တခန်းတည်းနေခဲ့တဲ့ ကိုဖုန်း (ယခု ဂျပန်နိုင်ငံ) အိမ်ကို သွားစုံစမ်းကြည့်ပါတယ်။

ကိုဖုန်းအစ်မ အပြောအရတော့ ကျနော်ထောင်ပြောင်းသွားပြီးတဲ့ ညနေမှာ ကျီးကန်းလေးဟာ ကျနော့်အခန်းကို ပြန်လာပြီး
ကျနော့်ကို မတွေ့ရလို့ ပျာယာခတ်ပြီး တခန်းဝင် တခန်းထွက်နဲ့ လိုက်ရှာနေတဲ့ အကြောင်း၊
နောက် တနေ့မှာတော့ ကိုဖုန်းက ဝန်ထမ်း တယောက်နဲ့ အပြင်ကို ထုတ်လိုက်တဲ့အကြောင်းနဲ့
ခဏ အကြာမှာတော့ အပြင်ကို ပျံသန်းသွားကြောင်း ပြောပြတဲ့အခါ …။

ကျနော့် စိတ်ထဲမှာတော့ ကျနော့်ရဲ့ ကျီးကန်းလေးဟာ အခုအချိန်အထိ အသက်ရှင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေတုန်းပါပဲ။
ကျီးကန်းတွေတွေ့ရင် အမြဲတမ်း လိုက်ကြည့်နေမိသလို၊ကြည့်ရင်းနဲ

့လည်း သူခိုးရေလို့ အော်ခေါ်မိတုန်းပါပဲ။
ကျနော့်ရဲ့ သူခိုးသာမှန်ရင် ကျနော့်ပုခုံးပေါ်ကို လာနားမှာပါပဲ။ကျနော့်ရဲ့ မိတ်ဆွေများခင်ဗျာ။
ကျီးကန်းတွေထဲမှာ သူခိုးလို့အော်လိုက်လို့ လှမ်းကြည့်တဲ့ ကျီးကန်းလေးတကောင်တွေ့ရင်….
အဲဒီကျီးကန်းလေးဟာ ကျနော့် ကျီးကန်းလေးသာ ဖြစ်ကြောင်းပါခင်ဗျာ။
မှတ်ချက်။ ။ ဧရာဝတီ ဝက်ဆိုက်မှ ထက်ရာဇာ ရေးထားသော ဆောင်းပါးအား တဆင့်ကူးယူဖော်ပြပါသည်

11 comments

  • အိမ်လွမ်းသူ

    October 15, 2012 at 4:29 pm

    ဪ သံယောစဉ်များ အရမ်းဆန်းကြယ် သလောက် ဖြတ်ဖို့တော်တော် ခက်တာ ပါလား !!

  • jullies cezer

    October 15, 2012 at 4:50 pm

    အဲဒါကြောင့်ပြောတာပေါ့ သံယောဇဉ် ကျော်ဆန်းဖင် အဲဟုတ်ပါဘူး 😛 ;P

  • ဦးဦးပါလေရာ

    October 16, 2012 at 12:40 am

    ရေးထားတာလေးကောင်းလို့
    ရင်ထဲ နင့်နင့်နဲနဲ ခံစားရပါတယ်..။
    အင်း… ရသ စာပေဆိုတာ…………

  • kyeemite

    October 16, 2012 at 2:50 pm

    စ၊ လယ်၊ဆုံး သုံးပါးစလုံးအလွန်ကောင်းသော
    ရသစာပေစစ်စစ်လေးပါ…ကျေးဇူးတင်ပါတယ်
    ရွှေအိမ်စည်…

  • kai

    October 16, 2012 at 3:34 pm

    “သူခိုးရေ”လို့.. ထောင်ထဲကနေအော်မှ… အဲဒီကျီးကန်းမျိုးက.. ပုခုန်းပေါ်လာနားမယ်ထင်ပါတယ်..။ :harr:

  • garuda

    October 16, 2012 at 8:21 pm

    တကယ်ကောင်းပါတယ်။ဖတ်ရတာလေးကလည်း ကြားဖူးနေကြမဟုတ်ဘူး

  • pooch

    October 16, 2012 at 9:13 pm

    သံယောဇဉ်ဆိုတာကလည်း တခါတရံမှာ ပြောရခက်တယ်။ ဘာမှ နားမလည်တတ်တဲ့ တိရိစာ္ဆန်လေးတွေနဲ့ သံယောဇဉ်တောင် ဒီလောက်ကြီးတာ ဆိုးတူကောင်းဘက် အေးတူပူမျှနေခဲ့ဖူးတဲ့ လူတွေကျတော့ ဘာဖြစ်လို့များ အရောင်ပြောင်းနိုင်ရတာလဲ ဆိုတာလေးကို မကြာမကြာတွေးမိတယ်။ နှစ် ၂ဝ ကြာပေါင်းလာတဲ့ သူငယ်ချင်းတယောက် ကျောခိုင်းသွားခဲ့စဉ်က စလို့ ဒီလို ခဏခဏတွေးမိတယ်။

    ဒါကြောင့်မို့များ ခွေးတွေကို လူတွေအတွက် အကောင်းဆုံး သစ္စာအရှိဆုံး သူငယ်ချင်းလို့ ပြောကြတာလား မသိဘူး။

  • padonmar

    October 16, 2012 at 10:28 pm

    ဒါမျိုးလေး ကိုစံလှကြီးရဲ့ မိဘမဲ့ကလေးမွေးစားခြင်း မှာ ဖတ်ရပါတယ်။
    ဒီလိုမျိုးတွေ ဘယ်နှစ်ခါဖတ်ဖတ် ခံစားရတာပါပဲ။

  • TTNU

    October 16, 2012 at 10:55 pm

    သေသွားတာများလား။
    ကိုယ်တိုင်အစာမရှာတတ်၊ ခွံကျွေးမှစားတတ်တော့
    အစာငတ်သေသွားမှာလား။
    သံယောဇဉ်ဆိုတာ မပွားတာပဲကောင်းပါတယ်လေ။

  • Guest

    October 16, 2012 at 11:04 pm

    ဟိုဟာခိုး.. ဒါဆွဲ အဲသလို ကျီးကန်းမျိုးတွေ တွေ့တော့တွေ့မိသား…. ဒါပေမယ့် သူခိုးလို့တော့ မခေါ်မိဖြစ်ဘူး။ ဒါနဲ့ စကားမစပ် .. ခေါ်လို့ လှည့်ကြည့်ရင် ဘာဆက်လုပ်ရမှာတုန်းဗျ။

  • Mobile

    December 12, 2012 at 5:35 pm

    ဖတ်ရှု့အားပေး သွားပါတယ်ဗျာ

Leave a Reply