လမ်းတွေရဲ့နောက်ဆက်တွဲ

ဆင်ဖြူရှင်December 26, 20121min2247

“မီးပွိုင့် ကလည်းကြာလိုက်တာကွာ”

“နေကလည်း ပူလိုက်တာ”

“အလုပ်တော့နောက်ကျပါပြီ”

“သေပြီဆရာ ထပ်မိပြန်ပြီ”

“ဪ လူဖြစ်ရတဲ့ဒုက္ခ”

          ဒီအသံတွေဟာ လတ်တလောကျွန်တော့ပါတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကြားနေကြအသံများဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုသာမက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ပါ။

          အထူးသဖြင့် ဒီ၂၀၁၂ နောက်ပိုင်းကာလတွေမှာ ပိုပြီးကြားလာရတာပါ။ ဖြစ်နိုင်တာက နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွါးရေးပွင့်လင်းလာမှု လူမှုရေးတိုးတက်လာမှုတွေကြောင့် လူတွေဟာကဏ္ဍပေါင်းစုံမှာ ပိုမိုကူးလူးဆက်ဆံလာကြပါတယ်။ နိုင်ငံခြားခရီးသွားအရေအတွက် တမဟုတ်ချင်းမြင့်တက်လာသလို တဖက်ကလည်း ဒီအတွက်အဆင်သင့်ဖြစ်မနေသေးပါဘူး။ အဓိက တခုကတော့လမ်းပမ်းဆက်သွယ်ရေးပါ။

          မြန်မာနိုင်ငံကမြို့ပြလူတန်းစား အများစုဟာနိုင်ငံတကာနဲ့ယှဉ်ရင် ဝင်ငွေနိမ့်ကျသော်လည်း PPP လို့ခေါ်တဲ့ဝယ်လိုအားကတော့ တန်းတူရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မော်ဒယ်နိမ့် ကားတစီးကို နိုင်ငံတကာဈေးနှုန်းထက် ၁၃ဆပေးပြီးဝယ်ရပါတယ်။ တကယ်လို့သာ နိုင်ငံတကာဈေးနှုန်း အတိုင်းဝယ်လို့ရရင် မြို့ပြလူတန်းစားရဲ့ ၃ပုံ၁ပုံကျော်ဟာ ကိုယ်ပိုင်ကားစီးနိုင်ပါတယ်။

          ၂၀၁၂ ရောက်တဲ့အခါမှာ ဒီအခွင့်အရေးဟာအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ကားဟောင်းကားသစ်လဲလှယ်မှုအစီအစဉ်ကစတင်ခဲ့ပါတယ်။ဒီကိစ္စကတော ့အမှန်တကယ်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မော်ဒယ်နိမ့်ကားဟောင်းတွေဟာ ကာဗွန်ထုတ်လွှတ်မှုများလို့ပါဘဲ။ ဒီကာဗွန်တွေဟာ အိုဇုန်းလွှာကိုပျက်ဆီးစေပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။ ဒါ့အပြင်ဒီမော်ဒယ်နိမ့်ကားတွေဟာဆီစားများပါတယ်။ဘဏ္ဍာရေးနှစ်စပြီးမကြာခင်မှာတော့ ကားတွေကို လွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့်ကို အစိုးရကခွင့်ပြုလိုက်ပါတယ်။

          လမ်းပမ်းဆက်သွယ်ရေးတွေအဆင်သင့်မဖြစ်သေးဘဲ ဒီလိုခွင့်ပြုလိုက်တာဟာ အစိုးရရဲ့ပထမအမှားပါ။ မိမိတိုင်းပြည်ရဲ့အခြေအနေမှန်ကိုမသုံးသပ်ဘဲ အလျင်စလိုဆုံးဖြတ်လိုက်ဟန်တူပါတယ်။

          ဒီနောက်မှာတော့ အထူးသဖြင့်ရန်ကုန်မြို့နေ လူထုဟာ ဒီယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ရုတ်တရက် ပိုမိုခံစားလိုက်ရပါတယ်။ ကားစီးပြည်သူတွေဟာ မလိုလားအပ်ဘဲ အလိုလိုဒေါသထွက်မှု၊ မကျေနပ်မှုတွေစတဲ့စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကိုပါ ဖြစ်ပေါ်လာစေပြီး ရန်လိုမှု၊ မှားရွင်းတဲ့ဆုံးဖြတ်ချက်ချမှုကိုလုပ်ဆောင်လာကြပါတယ်။ယာဉ်တိုက်မှုတွေလည်းရုတ်တရက်မြင့်တက်လာပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းအများစုဟာ နှစ်လမ်းသွားဖြစ်ပြီး ကားလေးစီးယှဉ်သွားလို့ရပါတယ်။ ဒါဟာနိုင်ငံတကာရဲ့ စံနဲ့လည်းကိုက်ညီပါတယ်။ မကိုက်ညီတာက လူနေမှုအဆင့်အတန်းနဲ့ လူထုရဲ့သွားလာရေးအတွက် ရွေးချယ်နိုင်ခွင့်ပါ။

          ရန်ကုန်မြို့နေလူအများစုဟာ မိမိတို့ရဲ့နိစ္စဓူဝ ကိစ္စအဝဝကို ဆောင်ရွက်ဖို့သွားလာရာမှာ ဘတ်စ်ကားကို အားထားရပါတယ်။ ဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုက ကြီးမားတဲ့အဟန့်အတားပါ။ ဘာကြောင့်လဲဆိုတော့ ဒီယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေမှာ မိမိရဲ့အချိန် ကို မိမိကိုယ်တိုင် စီမံခန့်ခွဲရာမှာ အခက်အခဲဖြစ်စေလို့ပါ။

          ခန့်မှန်းထားတဲ့စာရင်းတွေအရ ဘတ်စ်ကားစီးသူ ဝန်ထမ်းပြည်သူတယောက်ဟာ အကြမ်းအားဖြင့် သူ့ရဲ့တနေ့တာ၂၄နာရီ ထဲက ၂နာရီကို ဘတ်စ်ကားပေါ်မှာ ၁နာရီကို မှတ်တိုင် မှာကုန်ဆုံးရပါတယ်။ ဒါဟာသူ့တနေ့တာရဲ့ ၈ပုံ ၁ပုံပါ။ အလုပ်လုပ်ချိန်၊ စားသောက်ချိန်၊ အိပ်ချိန် တွေကိုနုတ် လိုက်ရင် ကိုယ်ပိုင်ချိန်ဆိုတာမရှိသလောက်ပါ။ ဆိုလိုတာကဒီလူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ချိန်တွေကိုမလိုအပ်ဘဲ ကုန်ဆုံးနေရတာပါ။ ဒီရာစုနှစ်တွေမှာ ပျမ်းမျလူ့သက်တမ်း ၆ဝ ရှိပါတယ်။ ဒါကိုအခြေခံပြီးတွက်ကြည့်ရင် အသက်၆ဝ ထိ အလုပ်လုပ်ခဲ့ရတ ဲ့သူတယောက်ဟာ ဒီလိုသာအချိန်တွေကို ကုန်ဆုံးခဲ့မယ်ဆို  သူ့ဘဝရဲ့ ၅ နှစ်နီးပါးက ဘတ်စ်ကားပေါ်မှာနဲ့မှတ်တိုင်မှာပါ။ ဒါဟာအခြားနိုင်ငံတွေ အတွက်မဖြစ်နိုင်သော်လည်း မြန်မာပြည်သူတွေအတွက်ယေဘူယျအားဖြင့်မှန်ပါတယ်။

          ပြည်သူတယောက် ဒီလိုအချိန်တွေဆုံးရှုံးတာဟာ တိုင်းပြည်အတွတ်နစ်နာပါတယ်။ ဒီလူဟာအစိုးရဝန်ထမ်းတယောက်ဆိုကြပါစို့။ သူတယောက်နောက်ကျတာဟာ ကျန်တဲ့သူနဲ့ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စ တွေကိုနောက်ဆုတ်သွားစေပါတယ်။ ဒါဟာ အစိုးရယန္တယား လည်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒီလိုဆိုအစိုးရနဲ့ ဆက်စပ်နေတဲ့ ကုန်စည်စီးဆင်းမှုကိုသော်လည်းကောင်း၊ ခွင့်ပြုမိန့်တွေကိုသော်လည်းကောင်း နောက်ကျစေတဲ့အတွက် တိုင်းပြည်စီးပွါးရေးကိုထိခိုက်စေပါတယ်။

          ဒါတင်မက မြောက်များလှစွာသော အခွင့်အလမ်းတွေအတွက် ဒီယာဉ်ကြောပိတ်ဆို့မှုတွေကိုအမြန်ဆုံးဖြေရှင်းရမှာပါ။ အစိုးရအနေနဲ့လည်း ဒါတွေကို ဖြေရှင်းဖို့အပူတပြင်းဆောင်ရွက်နေသော်လည်း Budget မလုံလောက်မှု၊ နည်းလမ်းမမှန်ကန်မှု၊ စည်းစနစ်မကျမှု၊ ပြည်သူပူးပေါင်းပါဝင်မှုမရှိခြင်း တွေကြောင့် နှောင့်နှေးနေရပါတယ်။တလောကဂျာနယ်တခုမှာ အစိုးရအရာရှိတဦးက ကားသွားကားလာများတဲ့လမ်းတွေမှာ အဝင်အထွက်ဂိတ်လုပ်ပြီး မော်ဒယ်မြင့်ကိုယ်ပိုင်ကားတွေကို လမ်းအသုံးပြုခတောင်းခံခြင်းနဲ့ ဒီယာဉ်ကြောပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့လုပ်နေပါတယ်။လက်ငင်းပေးစနစ် ဒါမှမဟုတ်ကြိုတင်ပေးစနစ်နဲ့လုပ်မှာလားအတိအကျမသိသေးပါဘူး။ လက်ငင်းပေးစနစ်က ပိုမိုပိတ်ဆို့လာနိုင်သလို၊ ကြိုတင်ပေးစနစ်ကလဲ ကားတိုင်းကိုစိစစ်ဖို့အခက်အခဲရှိမှာပါ။

          ကမ္ဘာပေါ်မှာ ပြည်သူတွေဆီကအခွန်သိပ်ကောက်ခံလေ့မရှိတဲ့ ရှားပါးအစိုးရတွေထဲမှာ မြန်မာအစိုးရလဲပါဝင်ပါတယ်။အစိုးရ ဝန်ကြီးဌာန တွေထဲကမှဝင်ငွေရှာတဲ့ဌာနတွေထက် ပိုက်ဆံသုံးစွဲရတဲ့ဌာနကထက်ဝက်ကျော်ပါ။ ဒီBudget တွေနဲ့အစိုးရယန္တယားကို လည်ပါတ်နေတာဖြစ်တဲ့အတွက် အခြားတိုးချဲ့ Infrastructure တွေဆောက်ဖို့ အပိုငွေမရှိပါဘူး။ အကျင့်ပျက်ချစားမှု၊ အခွန်တိမ်းရှောင်မှု၊ ဥပဒေလက်တလုံးခြားလုပ်မှုတွေကလဲ ရှိနေတာပါ။

          ခုလက်ရှိသတ်မှက်ချိန်အတွင်းမပြီးစီးနိုင်တဲ့ကုန်းကျော်တံတားစီမံကိန်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီကုန်းကျော်တံတားတွေဆောက်ဖို့ အစိုးရဟာBudget မရှိတဲ့အတွက် ကားတွေသွင်းခိုင်းပြီးအခွန်ကောက်ပါတယ်။ ကားတွေကိုအရင်သွင်းခိုင်းလိုက်တာဟာ ဒီပြသနာရဲ့အစပါ။ Budgetရရှိသွားသော်လည်း ဒီစီမံကိန်းတွေဆောက်တဲ့နေရာတွေမှာသာမက မြို့အနှံ့မှာ ယဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာပါတယ်။ စီမံကိန်းအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေသယ်ယူရာမှာပါ အခက်အခဲတွေရှိနေပါတယ်။

          ခုထိလည်းကားတွေကိုတင်သွင်းခွင့်ပေးနေဆဲပါ။နောက်ပိုင်းဒီထပ်ပိုဆိုးလာနိုင်ပါတယ်။ လက်ရှိစာရင်းဇယားတွေအရ ရန်ကုန်မြို့မှာ ကားစီးရေ၂သိန်းနီးပါးရှိပါတယ်။ကုန်းကျော်စီမံကိန်းတွေကလဲ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။လူနာတင်ယာဉ်တွေနဲ့ မီးသတ်ကားတွေအတွက်တော့ ဒီလိုပိတ်ဆို့မှုတွေဟာကောင်းတဲ့အကျိုးဆက်ကိုပေးမှာမဟုတ်ပါဘူး။ နိုင်ငံတကာမှာဆို လူတိုင်းကားစီးနိုင်ပေမဲ့ ဒီလိုပြသနာတွေမဖြစ်အောင်တဖတ်ကလည်း ထိန်းချုပ်ထားတာတွေရှိပါတယ်။ ဥပမာ-စင်ကာပူနိုင်ငံမှာဆိုရင် ယာဉ်ရပ်နားစရိတ်တွေတိုးမြှင့်ထားတာ၊ ဂျပန်မှာဆိုရင် လောင်စာဆီဈေးနှုန်းတွေ ကြီးမြင့်အောင်လုပ်ထားတာမျိုးတွေပါ။

          မြန်မာနိုင်ငံမှာတော့လောင်စာဆီဈေးတွေဟာ နိုင်ငံတကာထက်သက်သာတဲ့အပြင် ယာဉ်ရပ်နားဖို့အတွက်လဲ စရိတ်တွေပေးစရာမလိုတဲ့နေရာကအများစုပါ။ဒီတော့ဒါတွေကိုထိန်းချုပ်ရမှာပါ။ အရင်ဆုံးကားတင်သွင်းခွင့်ကိုကန့်သတ်ရမှာပါ။ကားသွားကားလာများတဲ့နေရာတွေမှာမလိုအပ်ဘဲယာဉ်ရပ်နားမှုကိုတားဆီးရမှာပါ။နောက်နည်းလမ်းကတော့ လောင်စာဆီတွေကိုဈေးနှုန်းမြှင့်တင်လိုက်တာပါ။ ဒီထဲမှာ ဘတ်စ်ကား၊ လူနာတင်ယာဉ်၊ နာရေးဝန်ဆောင်မှုယာဉ် နဲ့ အစိုးရသုံးယာဉ်တွေအပြင် အခြားအမှန်တကယ်အသုံးပြုရမဲ့ယာဉ်တွေမပါဝင်ပါဘူး။ ဒီအတွက်သီးသန့်ဈေးနှုန်းရှိမှာပါ။ ဒီလိုလုပ်ရင် အရင်ကလို လောင်စာဆီမှောင်ခိုရောင်းဝယ်မှုတွေ ပိုများလာနိုင်ပေမဲ့ အစိုးရအနေနဲ့ထိထိရောက်ရောက် အရေးယူတာတွေလုပ်ပြီး ထိန်းချုပ်ရင်ရနိုင်ပါတယ်။မီးသာမှန်အောင်ပေးပြီး သင့်တင့်တဲ့နှုန်းနဲ့ကောက်ခံမယ်အဆိုရင် အခြားစက်ကိရိယာတွေအတွက်လဲ လောင်စာဆီမလိုအပ်တော့ပါဘူး။

          ဒီလိုဆိုကိုယ်ပိုင်ကားအသုံးပြုလိုသူတွေနည်းသွားမှာပါ။ တိုင်းပြည်အနေဖြင့်လည်း မိမိတို့မချက်နိုင်တဲ့လောင်စာဆီတွေကို ပြည်ပကအရင်ကလောက် မတင်သွင်းရတော့တဲ့အတွက်နိုင်ငံခြားငွေပိုထွက်လာမှာပါ။ နောက်တချက်က မိမိတို့ရဲ့ဓာတ်ငွေ့တွေရောင်းပြီး လောင်စာဆီမဝယ်ရတော့ပါဘူး။ ဓာတ်ငွေ့တွေကိုမရောင်းတော့ဘဲ မီးလင်းဖို့အတွက်သုံးနိုင်ပါတယ်။ မီးမှန်အောင်ပေးနိုင်လို့ စက်ရုံအလုပ်ရုံတွေပုံမှန်လည်ပတ်နိုင်ရင် နိုင်ငံခြားဈေးကွက်ကိုတင်ပို့နိုင်မှာပါ။ ဒါဆိုဝန်ထမ်းတွေဟာ အလုပ်အကိုင်ခိုင်မှာလာပြီးဝင်ငွေလည်းတိုးတက်လာမှာပါ။ ဒါဆိုသူတို့ဆီက မျှတတဲ့မှန်မှန်ကန်ကန် အခွန်ကောက်နိုင်ပါတယ်။ ဒါဆိုအစိုးရဟာ Budget ရရှိလာလို့ မိမိတို့သယံဇာတတွေကိုရောင်းစရာမလိုတဲ့အပြင် အခြားInfrastructure တွေကိုပါအလျင်မလိုဘဲ သေချာသုံးသပ်ပြီးတည်ဆောက်လာနိုင်မှာပါ။

နောက်တခုကနိုင်ငံတိုင်းမှာ အသုံးပြုနေတဲ့ မြို့ပတ်ရထားလမ်းစနစ်ပါ။                နိုင်ငံတကာမှာ MRTလို့ခေါ်တဲ့အမြန်ရထားကွန်ရက်တွေကိုအဓိကထားပြီးသုံးကြပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ဆို အလွန်ငွေကုန်ကြေးကျများပြားမှာ အသေအချာပါ။ သို့သော်လမ်းတွေ တိုးချဲ့သလို၊ ကုန်းကျော်စီမံကိန်းတွေလို စီမံကိန်းကာလမှာ  ယာဉ်ကြောပိတ်ဆို့မှုတွေ များပြားစေမှာမဟုတ်ပါဘူး။ကမ္ဘာ့ဘဏ်၊ IMF၊ ADB တို့ဆီကလည်းငွေချေးယူနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုစနစ်တွေအတွက် ထိုက်သင့်တဲ့အကျိုးအမြတ်သာ ယူပြီးကူညီမဲ့နိုင်ငံတွေလဲရှိပါတယ်။

          ဒါတွေဟာအမှန်ကတော့ ဆင်းရဲချမ်းသာကွာဟမှု၊ ဖွံ့ဖြိုးမှုမညီမျှမှု၊ လူဦးရေသိပ်သည်းဆ ကွာဟမှုတွေကြောင့်ကအဓိကပါ။ လမ်းပမ်းဆက်သွယ်ရေးသာကောင်းမွန်ပါက နေရာဆိုတာအဓိကသိပ်မကျတော့ပါဘူး။ ဂျပန်တို့တရုတ်တို့ဆိုရင် မိမိနေထိုင်ရာမြို့ကနေ အခြားမြို့ကို နေ့တိုင်းရုံးတက်ရုံးဆင်းလုပ်သူတွေကအများစုပါ။ နောက်ဒီနိုင်ငံတွေမှာ ဘတ်စ်ကားခက ရထားခထက်အလွန်တရာဈေးကြီးလှပါတယ်။

 ဒါကြောင့် ဒီယာဉ်ကြောပိတ်ဆို့မှုဒဏ်တွေကို အစိုးရအနေနဲ့ ပြည်သူလူထုနဲ့အနီးကပ်ပူးပေါင်းပြီး အမြန်ဆုံးထိထိရောက်ရောက် ဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

                                                                                                                                                         ဆင်ဖြူရှင်

                                                                                                                                                        ၂၅၊၁၂၊၂၀၁၂

7 comments

  • ခင်ခ

    December 26, 2012 at 1:40 pm

    ကိုယ်ပိုင်မော်တော်ယာဉ်တွေအတွက် ဝယ်ယူတဲ့လောင်စာဆီဈေးကို ဘတ်စ်ကားတွေဝယ်ယူတဲ့ဈေး ထက်မြင့်လိုက်ရင် ဘက်စ်ကားတွေခေါက်ရေအပြည့်မပြေးဘဲ ဂိတ်မှုးနဲ့ပေါင်း ခေါက်ရေစာရင်းအပြည့်ပြ မပြေးခဲ့တဲ့ အခေါက်ရေရဲ့ဆီကို အပြင်ပြန်ရောင်း ဟိုတုန်းက လောင်စာဆီမှောင်ခိုဈေးကွက်ကြီး
    ပြန်လည်ဖြစ်ထွန်းလာနိုင်ဖွယ်ရှိမယ်လို့ယူဆမိပါတယ်။

  • kai

    December 26, 2012 at 4:19 pm

    ကားပိတ်ဆို့တာတွေ.. ကားကြပ်တာတွေကြောင့်.. လူတွေကားပေါ်မှာအချိန်ကုန်နေတာ.. တကမ္ဘာလုံးကမြို့ကြီးတွေမှာ.. ရင်ဆိုင်နေရတာပါ..။
    ရန်ကုန်က.. လူ၆-ရသန်းလောက်(ထင်တာ) နဲ့.. အခုလောက်ကြပ်နေ..အချိန်ကုန်နေတာကတော့.. မဖြစ်သင့်ဘူး..ထင်ပါကြောင်း..

    Americans Now Spend Over 100 Hours a Year Commuting
    More time spent driving to work than taking vacations

    By Robert Longley
    Dateline: April 2005

    At an nationwide average drive-time of about 24.3 minutes, Americans now spend more than 100 hours a year commuting to work, according to the U.S. Census Bureau’s American Community Survey. Yes, that’s more than the average two weeks of vacation time (80 hours) taken by many workers during a year.

    “This annual information on commuters and their work trips and other transportation-related data will help local, regional and state agencies maintain, improve, plan and develop the nation’s transportation systems,” said Census Bureau Director Louis Kincannon in a press release. “American Community Survey data will provide valuable assistance to agencies offering housing, education and other public services as well.”
    http://usgovinfo.about.com/od/censusandstatistics/a/commutetimes.htm

  • mobile (mandalay)

    December 26, 2012 at 6:22 pm

    ဝင်ရောက်ဖတ်ရှု့လေ့လာအားပေးသွားပါကြောင်း
    ဆင်ဖြူရှင်ရေ ဗဟုသုတ ဖြစ်စေခဲ့ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • uncle gyi

    December 26, 2012 at 10:52 pm

    လူ့အလိုနတ်မလိုက်နိုင်တဲ့
    ကားတွေပေးမသွင်းစီစစ်သွင်း
    ပါမစ်ခေတ်တုန်းကတော့လုပ်စားတယ်တဲ့
    လုပ်မစားနိုင်အောင်ဖွင့်ပေးလိုက်တော့လည်း
    လမ်းတွေအဆင်သင့်မဖြစ်ပဲဖွင့်လိုက်လို့အစိုးရရဲ့ပထမအမှားတဲ့
    ဆင်ဖြူရှင်ရေ
    အလုပ်ခက်တယ်အပြောလွယ်တယ်တဲ့
    ဒါပေမဲ့ဘာပြောပြောလုပ်နေတာတွေကလည်းသိပ်တော့
    စံနစ်တကျမဟုတ်တာအမှန်လို့ပဲပြောရမယ်

  • Foreign Resident

    December 27, 2012 at 6:58 am

    အမှန်ကတော့ ဒီပြဿနာ အားလုံးရဲ့ အပြစ်ဟာ လက်ရှိ အစိုးရ ပါပဲ ။

    ၁ ။ အစိုးရက ပြည်သူက တကယ်ရွေးချယ်ခဲ့တဲ့ အစိုးရ မဟုတ်တော့ သတ္တိ နည်းတယ် ။
    မျက်နှာကောင်း သိပ်လိုချင်နေတယ် ။ အဲဒါ အစိုးရ ရဲ့ အဓိက အားနည်းချက်ပဲ ။

    ကျနော်သာ စစ်အစိုးရဆို ဆင်းပြီး အမေစုကို အာဏာလွှဲပေးလိုက်မှာ ။
    ပြီးမှ ခေတ်ပြောင်း စံနစ်ပြောင်းမှာ ၊ အမေစု နှင့် NLD တွေ ၊
    မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် လူမုန်းမယ့် အလုပ်တွေကို လုပ်ရင်း အိုးနင်းခွက်နင်း ဖြစ်တာကို ၊
    ဘေးတီးပေး ၊ လက်ညိုးထိုး အပြစ်ပြောပြီး နောက် 2 terms လောက်ဆို ပြန်အရွေးခံရမှာ ။

    အေး အမေစု နှင့် NLD တွေကို မပေးချင်ရင်လည်း ၊
    ကိုယ့်ဖာသာကိုယ် ရဲရဲသာ လုပ်ပေတော့ ။

    ၂ ။ အခွန်ကို ခပ်ကြမ်းကြမ်း ကောက်ပြစ်လိုက်ရမှာ ။
    ဘယ်သူမဆို ဝင်ငွေရှိရင် အနဲဆုံး ၁ဝ % အခွန် ဆောင်ရမယ် ဆိုပြီး အခွန် ကောက်ရမှာ ။
    ဝင်ငွေ အရမ်းကောင်းတဲ့သူတွေကို ၅ဝ % အခွန် ကောက်လိုက် ။

    ၃ ။ မြို့ထဲမှာ လမ်းဘေးမှာ ကားပေးမရပ်နှင့် ၊ ဖိဖိစီးစီး အကုန် ဖမ်းပစ်လိုက် ။
    နိုင်ငံခြား / ပုဂ္ဂလိကတွေ နှင့် ပေါင်းပြီး အထပ်မြင့် ကား ပါကင်ကြီးတွေ မြို့ထဲမှာ ဆောက်ပစ်လိုက် ။
    ယာဉ် ရပ်နားခတွေကိုလည်း နာရီနှင့်တွက်ပြီး တစ်နာရီ ၃၀ဝ လောက် ကောက်ပြစ်လိုက် ။

    အမှန်က ကျနော်လည်း ကမာ္ဘပါတ်လာတာ ၊ ရန်ကုန် မြို့ထဲကလမ်းတွေ မကျဉ်းဘူး ။
    စံနစ် / စီမံပုံ မကောင်းလို့ ပိတ်နေတာ ။
    မယုံရင် အခုကျနော်ရေးထားတဲ့ ရောမမြို့ Post ထဲက မြို့ထဲကလမ်းပုံတွေ သွားကြည့်လိုက် ။

    ၄ ။ MRT ရထား စံနစ်ကို နိုင်ငံခြား / ပုဂ္ဂလိက တွေ လက်ထဲ အပ်ပြစ်လိုက် ။

    Mobile ဖုန်းပြောခတုံးကလည်း ကြည့်ပါလား ၊ ရှေ့တိုးမလို ၊ နောက်ဆုတ်မလို နှင့် ။
    နိုင်ငံခြား / ပုဂ္ဂလိက ကုမ္ပဏီတွေ ပေးလုပ်ပြစ်လိုက် ၊
    ဈေးကွက်က / ကုမ္ပဏီတွေက ဖုန်းပြောခ သတ်မှတ်သွားလိမ့်မယ် ။
    သုံးနိုင် ၊ တတ်နိုင်တဲ့သူ သုံးလိမ့်မယ် ။ မွဲရင် ဖုန်း မပြောနှင့် ၊ ရှင်းနေတာပဲ ။
    မမွဲချင်ရင် အလုပ် ကြိုးစားလုပ်ကြ ၊ ချမ်းသာအောင် ပို ကြိုးစားကျ ၊ ဒါဘဲ ။

    အခုက အစိုးရ က လုပ်တာ မဝံ့မရဲ နှင့် ။ ဆန္ဒပြခံရမှာ ကြောက်နေတယ် ။
    ဆန္ဒပြ တာ ဘာဖြစ်လဲ ၊ ကိုယ်လဲ ရွေးချယ်ခံထားရတဲ့ / တရားဝင် အစိုးရပဲ ။
    ဆန္ဒပြချင် နေရာကွက်ပေးလိုက် ၊ အော် သေအောင်အော် ၊ အာပြဲအောင် အော်နေပေ့စေ ။
    နောက် ရိုးသွားရင် ၊ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး ။ ဘာကြောက်စရာရှိလဲ ။
    သတ်မှတ်ထားတဲ့ စည်းအပြင်ထွက်လာရင် ရိုက်ပြစ် ၊ ဖမ်းပြစ် လိုက်စမ်းပါ ။
    နိုင်ငံတကာ ကလည်း လုပ်ပုံမှန်နေရင် ဘာတစ်ခွန်းမှ မပြောဘူး ။

    အခု လက်ပန်တောင်း ကိစ္စ ကြည့်ပါလား ၊ အစိုးရ လုပ်ပုံ မမှားတဲ့အခါမှာ ၊
    နိုင်ငံတကာ ကကော ၊ လူ့အခွင့်အရေး ဘာညာ အဖွဲ့တွေကပါ ဘာတစ်ခွန်းမှ အသံ မထွက်ဘူး ။
    ပြည်တွင်းက ဒီမိုကရေစီနှင့် မယဉ်ပါးသေးတော့ ၊ တစ်ခါမှ မကြုံဘူးသေးတော့ ၊
    ခံစားချက် ဦးစားပေးတဲ့ သူတွေကသာ ၊ အောင်မလေး ဘုန်းဘုန်းတို့ ရဲ့ ဖြစ်နေတာ ။
    နိုင်ငံတကာ အမြင်ရှိတဲ့ ပညာတတ်တွေ ဘာသံမှ မထွက်ဘူး ။
    ( အခု မီးလောင်ဗုံးဆိုပြီး ဝင်ရွှီးတဲ့ Dr ခင်မောင်ညိုတောင် မှားပြောမိပါတယ် ဖြစ်နေပြီ )

    မှန်တယ် ထင်တဲ့ဟာတွေကို ရဲရဲ လုပ်စမ်းပါ ၊ အစိုးရက အိညှောင့် အိညှောင့် နှင့် ။
    စိတ်လေတယ် ။

  • uncle gyi

    December 27, 2012 at 8:02 am

    ကျနော်သာ စစ်အစိုးရဆို ဆင်းပြီး အမေစုကို အာဏာလွှဲပေးလိုက်မှာ ။
    ပြီးမှ ခေတ်ပြောင်း စံနစ်ပြောင်းမှာ ၊ အမေစု နှင့် NLD တွေ ၊
    မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် လူမုန်းမယ့် အလုပ်တွေကို လုပ်ရင်း အိုးနင်းခွက်နင်း ဖြစ်တာကို ၊
    ဘေးတီးပေး ၊ လက်ညိုးထိုး အပြစ်ပြောပြီး နောက် 2 terms လောက်ဆို ပြန်အရွေးခံရမှာ ။

    ကြိုက်တယ်ဗျာကျွန်တော်လည်းအဲလိုတွေးနေတာဒါပေမဲ့
    ကိုရင်ဖောမှန်တာပြောလူမုန်းများသတဲ့အဲလောက်အကုန်အမှန်တွေလျှောက်မပြောနဲ့လေ
    စကားဆိုတာအမှန်များခါးသတဲ့မုသားလေးနဲ့ရောလိမ်းလိုက်မှဆေးများသောက်ကောင်းသလိုဖြစ်မှာ

    • Foreign Resident

      December 27, 2012 at 2:04 pm

      ” စကားဆိုတာအမှန်များခါးသတဲ့
      မုသားလေးနဲ့ရောလိမ်းလိုက်မှဆေးများသောက်ကောင်းသလိုဖြစ်မှာ ”

      ဟင် ၊ uncle gyi ရဲ့ ။ မသိလို့မေးပါရစေနော် ။
      ကျနော် က ဗုဒ္ဓဘာသာကို ကိုးကွယ်မိ သူဆိုတော့ ၊
      ဗုဒ္ဓဘာသာ အယူအတိုင်းလေးပဲ ပြောပါရစေ ။
      ကျနော်က မုသား ပြောမိလို့ရှိရင် ငရဲသွားရမှာ ခည ။
      အဲဒီ အခါကျရင် ဘယ်သူက လာကယ်မတုန်းဗျ ။

      မုသား မပြောနိုင်ပေါင်ဗျာ ၊ မုသား မပြောလို့ ၊
      ဘယ်သူမှ မပေါင်း ၊ မချစ်လဲ ၊ နေပေါ့ဗျာ ။

      ကိုယ့်ဘဝက လူချစ်မှ ၊ လူ အဆင်ပြေမှ ၊ မုသားလေးပြောမှ ၊
      ထမင်းစားရမယ့် ဘဝ ဆိုရင်တော့ ၊ မုသား ပြောကြပါ မတားပါဘူး ။
      ကျနော်ကတော့ ၊ လက်ရှိ အခြေအနေမှာ ၊
      မုသား မပြောလဲ ထမင်း ပုံမှန်လောက်တော့ စားနိုင်တဲ့ ဘဝ ဖြစ်နေပြီ ဆိုတော့ကာ ၊
      မုသား မပြောပါရစေနှင့်တော့ဗျာ ။ နော် uncle gyi နော် ။

      လုံးဝကြီး မုသားကင်းတယ်လို့တော့ မပြောလိုပါဘူး ။
      ကျနော့်ရဲ Identity ကိုဖုံးတဲ့ အနေနှင့် တစ်ချို့ ကိစ္စတွေမှာတော့ နဲနဲ လွှဲထားပါတယ် ။
      အဟဲဟဲဟဲ ၊ တစ်ခါတစ်လေမှာ မိန်းမ ကိုလည်း နဲနဲ လိမ်မိပါတယ် ။ ဒါတော့ ဝန်ခံပါတယ် ။

      ဒါပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ ကျနော့် ခံယူချက်က ။
      ၁ ။ Honesty is the best policy.
      ၂ ။ The truth, the whole truth, nothing but the truth. ပါပဲ ။

      တကယ်က ကျနော် လိမ်ပြောနေလို့လဲ မရပါဘူး ။
      ဒီ MG က ရွာသူားတွေထဲမှာ ကျနော့်အကြောင်း အစ အဆုံး သိနေတဲ့ ၊
      ကျနော့် ဆရာ ( ဆရာ ) သင်္ဘော ကပ္ပတိန်တွေကော ၊
      ကျနော့် သင်္ဘော လုပ်ဖေါ်ကိုင်ဖက် တွေကော ၊
      ကျနော့် သင်္ဘော လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ သားသမီးတွေကော ၊
      အကုန် ရှိနေ ဖါတ်နေ ပါတယ် ၊ သူတို့က ကျနော် ဘယ်သူဆိုတာ အကုန် သိနေကြပါတယ် ။

Leave a Reply