ကလေးတွေကို ကလေးတွေလို သဘောထားကြပါ

petitelapineJuly 18, 20101min2285

နှစ်ပေါင်း ၂ဝ လုံးလုံး ၁ဝ တန်းနဲ့အထက် လူငယ်လေးတွေနဲ့ လူကြီးကလေးတွေကို အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာလုပ်ခဲ့ရာမှာ တော်တော်စိတ်တိုရတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အားလုံးလောက်နီးပါးလို့ ဆိုရလောက်အောင်ကို လူငယ်လေးတွေဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကို ကြိုက်တယ်ဆိုတာ ရေရေရာရာ မသိတဲ့ကိစ္စဖြစ်ပါတယ်။ စကားပြောသင်တန်းဆိုတော့ စကားများများ ပြောခိုင်းရပါတယ်။ စကားပြောဖို့ အစပျိုးတဲ့အနေနဲ့ အလွယ်ဆုံးဖြစ်တဲ့ ‘ဘဝရည်မှန်းချက်ဘာလဲ’ ဆိုတဲ့အကြောင်း ပြောစေပါတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါ ကြိုက်နှစ်သက်တာကို ပြောရမှာဆိုတော့ ဘာမှ ခက်ခဲစရာမရှိဘူး။ အလွယ်ဆုံးအကြောင်း အရာဖြစ်တယ်လို့ သဘောထားပြီး ပြောစေတာပါ။ ဒါပေမယ့် ဒီအလွယ်ဆုံးက သူတို့အတွက် အခက်ခဲဆုံးအရာ ဖြစ်နေတာကို တွေ့ရပါတယ်။ အားလုံးလောက်နီးပါးမှာ ဘဝရည်မှန်းချက် (Ambition or Goal) ရယ်လို့ တိတိကျကျ ရေရေရာရာ ပြောစရာ မရှိကြပါဘူး။ အတော်များများဆိုရင် ဘဝရည်မှန်းချက်ဆိုတာထား “ဘာ့ကြောင့် အင်္ဂလိပ်စကားပြောသင်တန်း လာတက်တာလဲ” ဆိုတဲ့ မေးခွန်းကို တောင် တကယ်တမ်းပြတ်ပြတ်သားသား ဖြေနိုင်ကြဘူးဆိုတာ တွေ့ရပါတယ်။ “အင်္ဂလိပ်စကားတတ်ချင်လို့ လာတက်တာပါ” လို့တော့ ဖြေကြတာပါပဲ။ “အင်္ဂလိပ်စကား ဘာဖြစ်လို့တတ်ချင်တာလဲ၊ တတ်ပြီးရင် ဘာလုပ်မှာလဲ” လို့ ဆက်မေးရင် အများစုက ယေဘုယျကျလွန်းတဲ့ “နိုင်ငံခြားသွားချင်လို့” ဆိုတဲ့ အဖြေပဲ အပေးများပါတယ်။ “ဘာဖြစ်လို့ နိုင်ငံခြားသွားချင်တာလဲ” လို့ ဆက်မေးကြည့်။ စာကောင်းကောင်း သင်ချင်လို့၊ အလုပ်ကောင်း ကောင်း လုပ်ချင်လို့ဆိုတဲ့ အဖြေနှစ်ခုပဲ တခုမဟုတ်တခုပေးမှာ သေချာပါတယ်၊ အင်္ဂလိပ်စကားကောင်းကောင်းတတ်တာနဲ့ စာကောင်းကောင်းတတ်မယ်၊ အလုပ်ကောင်းကောင်း ရမယ်လို့ သူတို့စိတ်မှာ ထင်နေကြရှာတာကိုး။ အင်္ဂလိပ်စကားတတ်တိုင်းသာ ပညာတတ်တွေဖြစ်မယ်ဆိုရင် အင်္ဂလိပ်တွေ၊ အမေရိကန်တွေအားလုံး ပညာတတ်ကြီးတွေချည်း ဖြစ်နေမှာပေါ့လို့ ထောက်မေးလိုက်ရင် သူတို့ ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ အမေရိကန်လူမျိုးတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ စာအိတ်ပေါ်က လိပ်စာ ရေးထားတာကို၊ လမ်းညွှန်ဆိုင်းဘုတ် ရေးထားတာကိုတောင် ဖတ်နိုင်စွမ်းမရှိဘူးဆိုတဲ့ တိုင်းမဂ္ဂဇင်း ရေးသားချက်ကိုပြောပြတဲ့အခါ မယုံနိုင်သလို တောင် ဖြစ်သွားကြရလေတယ်။ ထားလိုက်ပါတော့။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်တဲ့တတ်တဲ့အကြောင်း ပြောချင်တာမဟုတ်လို့ ဆက်မပြောတော့ပါဘူး။ ပြောချင်တဲ့အကြောင်းက ၁ဝ တန်း ကျောင်းသား၊ ကောလိပ်ကျောင်းသားအရွယ် လူငယ်လေးတွေဟာ သူတို့အသက်အရွယ်၊ သူတို့ရောက်နေတဲ့ အတန်းနဲ့စာလိုက်ရင် ရင့်ကျင်မှုပိုင်းက တော်တော်ကြီးလိုနေသေးတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အထက်တန်းပြီးဆုံးလို့ တက္ကသိုလ်ကောလိပ်ကျောင်းသူ ကျောင်းသားဖြစ်ပြီ ဆိုတာနဲ့ ကလေးဘဝကို လွန်မြောက်သွားပြီး လူကြီးကလေးတွေ (Yong men or Women) ဖြစ်ပြီးလို့ သတ်မှတ်ရပါတော့မယ်။ ဒီအရွယ်ကစပြီး ကိုယ့်ဘဝ တသက်တာအတွက် စတင် ပန္နက်ချရပါပြီ။ ဆရာဝန်၊ အင်ဂျင်နီယာ လုပ်စားမှာလား၊ ကျောင်းဆရာတို့ ရှေ့နေတို့ လုပ်စားမှာလား၊ အနုပညာသမားလုပ်မှာလား တခုခုကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်နေရပါမယ်။ သတ်မှတ်ပြဌာန်းချက် ခိုင်ခိုင်မာမာနဲ့ ကြိုးစားသူမှ ထူးချွန်ပေါက်မြောက်သူ တယောက် ဖြစ်လာနိုင်ပါတယ်။ ရည်မှန်းချက် မရေမရာနဲ့ အများယောင်လို့ လိုက်ယောင်တဲ့သူမျိုးဟာ ဘယ်တော့မှ ထူးထူးချွန်ချွန် ဖြစ်မလာနိုင်ပါဘူး။ သူလိုငါလို ယောင်တောင်တောင် လူစားမျိုးအဖြစ်နဲ့သာ ဘဝဆုံးသွားရမှာ ဖြစ်ပါတယ်။ ဘဝရည်မှန်းချက်ပန်းတိုင်ရှိရတဲ့အကြောင်းကို သုံးသပ်ကြည့်တော့ ငယ်စဉ်ကလေးဘဝ မှာကတည်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်းမရှိလို့ဘဲလို့ ယူဆပါတယ်။ လူတယောက် ဘာဖြစ်လာမယ်၊ ဘယ်လို အကျင့်စရိုက်မျိုး ရှိမယ်ဆိုတာ ကလေးဘဝ ပြုစုပျိုးထောင်မှုနဲ့ နေမှုထိုင်မှုပတ်ဝန်းကျင်ပေါ်မှာ အများဆုံး မူတည်ပါတယ်။ အဲဒါကြောင့် ကလေးပညာရေး လေ့လာသူတွေ၊ စိတ်ပညာရှင်တွေက မူလတန်းအရွယ် ကလေးပညာသင်ကြား ရေးကို အထူးဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော်နေကြတာ ဖြစ်ပါတယ်။ မူလတန်းပညာသင်ကြားရေးဆိုင်ရာ ပညာရှင်တိုင်းလိုလိုက မူလတန်းအရွယ် ကလေးတွေကို စာသင်ကြားမှု များများလုပ်တာကို သဘောမကျနိုင်ကြပါဘူး။ မူလတန်းအရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သင်ပေးတဲ့စာကို ဆင်ခြင်ဉာဏ်နဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိသေးပါဘူး။ အဲဒါကြောင့် စာများများသင်မယ့်အစား ကလေးတွေရဲ့မွေးရာပါ ပင်ကိုဗီဇ အညွန့်ကလေး ရှင်သန်ကြီးထွား လာအောင်သာ မြေတောင်မြှောက်ပေးသင့်တယ်လို့ ဆိုကြပါတယ်။ ဗီဇအညွန့်ကလေး ရှင်သန်ဖို့အတွက် ရေခံမြေခံကောင်း ဖန်တီးပေးရုံမျှလောက်သာ ကျောင်းတွေက ဆောင်ရွက်သင့်ကြတယ်လို့လည်း ဆိုကြပါတယ်။ ဒီလိုဆိုကြတာဟာ စနစ်တကျ သုတေသနတွေလုပ်ပြီး လေ့လာသုံးသပ် ထားတာဖြစ်လို့ ဘာမှ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ပညာရှင်တွေရဲ့သုံးသပ်အဆိုပြုချက်အတိုင်း ကျောင်းတွေနဲ့ ဆရာမိဘတွေက ဘယ်လောက်ထိ လိုက်နာကျင့်သုံးကြသလဲဆိုတာကိုသာ ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။ ‘ပညာခေတ်’၊ ‘ပညာခေတ်’ ဆိုတဲ့အသံက ဒီခေတ်မှာ သိပ်ပြီး ကျယ်လောင်နေလေတော့ နိုင်ငံတိုင်းလိုလိုမှာပဲ ကျောင်းတွေနဲ့ ဆရာမိဘတွေဟာ ‘ပညာလောဘ’ သိပ်ကြီးလွန်းကြပြီး ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်ဘက် ပြုလုပ်နေကြတာတွေကို တွေ့မြင်နေရပါတယ်။ ကလေးတွေကို သူ့သဘာဝအလျောက် ကြီးထွားခွင့် မပေးကြတော့ဘဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်းကြီးပုံသွင်းပြီး နတ်ရေကန်ထဲ ပစ်ချနေကြတာမျိုးတွေ လွန်ကဲနေတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ပဋိသန္ဓေ တည်စကတည်းက မိဘများဟာ မူကြိုကျောင်းကောင်း ပေ့ဆိုတာကိုသွားပြီး စာရင်းသွင်းထားကြရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်မရတဲ့အတွက် ကျောင်းဖွင့် ရာသီတွေမှာ ဆယ်ကျော်သက်သက်သေမှုနှုန်းကမ္ဘာမှာ အမြင့်ဆုံး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီးတော့ ဈေးကွက်စီးပွားရေးခေတ်ကြီးထဲမှာ ပညာရေးက ကျွဲကူး ရေပါ ဈေးကွက်ကောင်းကြီးတခု ဖြစ်လာလေတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ ကျောင်းသား ‘ဖောက်သည်’ များများရရှိရေးအတွက် အပြိုင်အဆိုင် ‘မက်လုံးတွေ’ပေးပြီး လုပ်ဆောင်လာကြရပါတယ်။ ၁၃ နှစ်သားနဲ့ ပီအိပ်ချ်ဒီတန်း တက်နေတယ် ဆိုတာမျိုးကို ကောင်းကောင်းကြီး ကြော်ငြာပြီး ဈေးခေါ်နေကြပါတယ်။ အဲဒီ ‘ဈေးခေါ်’မှုနောက်ကို မိဘတွေက လောဘတကြီး လိုက်ကြပါတယ်။ ဒီမှာ ကလေးတွေဟာ သနားစရာဘဝ ရောက်ကြရပါတော့တယ်။ ကလေးသဘာဝ မြူးထူးပျော်ရွှင် ဆော့ကစားခွင့်၊ မိခင်ရဲ့ရင်ခွင်မှာ နွေးထွေးစွာ ‘ပူဆာခွင့်’ မရနိုင်ကြတော့ပါဘူး။ ‘ကလေးအခွင့်အရေး’ လုံးဝ ဆုံးရှုံးကြရရှာပါတယ်။ ငယ်စဉ်က မိဘကို ပူဆာခွင့် မရခဲ့တဲ့ ကလေးဟာ ကြီးပြင်း လာတဲ့အခါမှာ ဘယ်နည်းနဲ့မှ ‘ကေသရာဇာ ခြင်္သေ့မင်း’ ဖြစ်မလာနိုင်ပါဘူး။ ငြိမ်သက်နေတဲ့ ‘သိုးငယ်ကလေး တွေ’သာ ဖြစ်လာကြမှာ မလွှဲမသွေပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှား တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့ မစ္စတာဇူး ပြောခဲ့တဲ့ စကားလေးတခွန်းဟာ မှတ်သားစရာ ကောင်းလွန်းလို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ဆောင်းပါးတပုဒ်မှာ ထည့်ရေးခဲ့ဖူးပါတယ်။ “ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမှန်းကို မသိတော့ဘူး၊ သူတို့ဟာ သိပ်ကျိုးနွံလွန်းအားကြီးတယ်။ ကျနော်တို့က တောက်မယ့်မီးခဲ တရဲရဲဆိုတာမျိုး လိုချင်တယ်၊ သူတို့က ရေလိုက်ငါးလိုက် လုပ်တာကလွဲရင် တခြားဘာမှ မလုပ်တတ်ကြဘူး။ ဒီလိုလူမျိုးတွေနဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံကို တဟုန်ထိုး တိုးတက်အောင် လုပ်လို့ရမှာလဲ” လို့ ပါမောက္ခဇူးက ပြောခဲ့တာပါ။ မလေးရှားတက္ကသိုလ်ကပဲ ဒုတိယ အဓိပတိ တာဝန်ယူခဲဖူးတဲ့ ပါမောက အန့်ကူအဇစ်ကလည်း … “ပိုက်လုံးတွေ ဘယ်လိုဒီဇိုင်းဆွဲရမယ်ဆိုတာ သင်ယူလို့ ရနိုင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာ ဘယ်လိုစဉ်းစားတွေးခေါ်ရမယ် ဆိုတာလည်း သိနေဖို့လိုပါတယ်၊ အမှန်တရားဆိုတာ ပျောက်ကွယ်နေပြီး လူတွေအားလုံး အောင်လက်မှတ်စက္ကူလေးတွေနောက်ပဲ အရူးအမူး လိုက်နေကြတယ်” လို့ ဆိုခဲ့ပါတယ်။ ဒါတင်မက ပါမောက္ခ အန့်ကူအဇစ်က … “အသိဉာဏ်ကို အရောင်းအဝယ် လုပ်နေကြတယ်၊ ပညာသင်ကြားတဲ့ ကျောင်းဆိုတာ လူ့အဖွဲ့အစည်းအတွက် အသုံးချဖို့ ကျောင်းသားတွေ ထုတ်လုပ်ပေးတာထက် ပိုပြီး မြင့်မားတဲ့ ရည်မှန်းချက် ရှိရမယ်” လို့လည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။ မလေးရှားပါမောက္ခ နှစ်ဦးလိုပဲ အနောက်နိုင်ငံက ပညာရေး အတွေးအခေါ် ပညာရှင်တွေကလည်း ဒီနေ့ခေတ်တက္ကသိုလ်တွေရဲ့ ‘ဘွဲ့ရထုတ်လုပ်ရေးစက်’ ကြီးတွေအဖြစ် ပြောင်းလဲလာမှုကို ဝေဖန်ထောက်ပြကြတာတွေ အများကြီးပါပဲ။ ထားပါတော့၊ ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ပါဘူး။ အဓိကပြောချင်တဲ့ လူငယ်တွေရဲ့ဘဝရည်မှန်းချက် ခေါင်းပါးပုံကိစ္စပဲ ဆက်ပါတော့မယ်။ ဘဝ ရည်မှန်းချက်ပန်းတိုင် မရှိရင် အကြောင်းက ငယ်စဉ်ကလေးဘဝမှာ တုန်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်း မရှိခဲ့လို့ဖြစ်ကြောင်း အထက်မှာ ရေးခဲ့ပါတယ်။ ဝါသနာက လူတယောက် ‘ဘာဖြစ်လာတယ်’ဆိုတဲ့နေရာမှာ အခြေခံအကျဆုံး ဖြစ်ပါတယ်၊ ဝါသနာ (Hobby) တခုခု ကို မက်မက်မောမော စွဲစွဲလမ်းလမ်း ဖြစ်လာရာက မလုပ်ရရင် မနေနိုင်တဲ့ (Habit) ခေါ်တဲ့ အကျင့် ဖြစ်လာပါတယ်။ အဲဒီ(Habit) က ရင့်မှည့်လာမှ (Ambition) ဆိုတာ ဖြစ်လာပါတယ်။ အဲဒါကြောင့် ဘဝရည်မှန်းချက်ရှိဖို့ ဝါသနာက အစပြုရပါတယ်။ အဲဒီ ဝါသနာ အစပြုဖို့ မူလတန်းကျောင်းတွေက ဆောင်ရွက်ပေးရပါမယ်။ မူလတန်းကျောင်းတွေမှာ ကလေးတွေ ဆော့ရင်း ကစားရင်း သီချင်းဆိုရင်း၊ ပုံနားထောင်ရင်း၊ ပုံတွေဆွဲရင်းကနေပြီး တဦးစီတဦးစီ တခုခုကို စွဲလမ်းနှစ်ခြိုက်သွားအောင် လုပ်ပေးရပါမယ်။ အဲဒီလို လုပ်ပေးကြရဲ့လားဆိုတာ ပြန်လည်သုံးသပ်သင့်ကြပါတယ်။ မိဘတွေဘက်ကလည်း ‘ပညာလောဘ’ အလွန်အမင်း မကြီးကြဖို့ လိုပါတယ်။ ကိုယ့်သားသမီးလေးတွေကို သနားကြပါလို့ ပြောချင်ပါတယ်။ လူ့လောကထဲ ဝင်မယ်ကြံခါစရှိသေးတဲ့ ကလေးငယ်လေးတွေကို ကလေးဘဝရဲ့အရသာလေး ပြည့်ပြည့်ဝဝ ခံစားခွင့်ပေးကြပါ။ အနှစ်နှစ်ဆယ်အစိတ် စာတွေ သင်ယူကျက်မှတ်ရခြင်းဆိုတဲ့ ဒုက္ခကြီးကို ကလေးတွေ လှလှကြီး ခံကြရဦးမှာပါ။ လူ့ဘဝရဲ့ ပူပင်ကြောင့်ကြခြင်း၊ ဆင်းရဲဒုက္ခ ကင်းဝေတဲ့အချိန်ဆိုလို့ မွေးကင်းစနဲ့ ကျောင်းမနေမီကာလဆိုတဲ့ အချိန်တိုကလေးသာ ရှိတာပါ။ နဂိုကမှ တိုတောင်းလှတဲ့ ဒီအချိန်ကလေးကို ထပ်ပြီး တိုအောင် မလုပ်သင့်ကြပါဘူး။ ‘ပညာခေတ်’ ဆိုတဲ့ စကားလုံးကြီးနဲ့တော့ နုနယ်လှသေးတဲ့ ကလေးငယ်လေးတွေကို မနှိပ်စက်ကြပါနဲ့။ ကလေးတွေကို ကလေးလိုထားကြပါလို့ လူကြီးတွေကို မေတ္တာရပ်ခံပါရစေဗျာ။ လူထုစိန်ဝင်း အတွေးအမြင် စာစဉ် (၁၆၅) ၂ဝဝ၄ ခုနှစ်

(received from one forward mail)

5 comments

  • kopauk mandalay

    July 18, 2010 at 3:21 pm

    ဒါတွေက ကလေးကို ကလေးလိုသဘောမထားကြလို့ရယ်။
    လူကြီးတွေက သူတို့ရဲ့အတ္တကိုအကောင်အထည်ဖော်ဘို့ကလေးတွေကိုဇွတ်အသုံးချလို့ဖြစ်လာတဲ့ကိစ္စတွေပါ။
    ကလေးများမှာအ ပြစ်မရှိဘူးလို့ယူဆပါတယ်။

  • timothy

    July 18, 2010 at 4:24 pm

    The English learners in this talk do not have hobby, habit and ambition according to writer who got upset with the hopeless situation in his 20 years teaching life. The person lack of ambition is like sailing in the endless sea which is dangerous for social and cultural improvement of the country as a whole. The majority people in Burma are denied of proper food, cloth and shelter by systematic abuse of power by ruling Junta. Where is the education, healthcare, social security and cultural tolerance for people? Lack of decent home, reasonable job and support structures rob the person of necessary self-believe, human dignity and hope for better life. Most of the learners who come to the English lesson understand to equip themselves with common language, to be able to work and survive in foreign lands. That is called ambition for people who were systematically denied their right of existence in their home land called Burma. Most of them lost their real identity, pushed them into crisis situations where refugee status is living hell but better than political persecution in their home land. I came across individuals who excels their ability when the new country give them opportunity for educations. I believe if we can set up the people troops to start arm resistance, we can have patriot with PhD to head each regiment, or a regiment with full troops of PhD. We should believe in ability of each and every young boys and girls, their potentials and self-believe. Please give them the free run of freedom, freedom from fear of unfair orders/systems, I am sure the children will mould themselves into smart and ambitious ones with dignity of life to survive in the life. The freedom is the vital part missing in today life of Burma.

  • search123

    October 13, 2010 at 10:54 am

    ယခု ခေတ် မိဘတွေ နားလည်ဖို့ လိုပါတယ်။ အခုတော့ သူများကို ပြိုင်ချင်တာနဲ့ ကိုယ့် ကလေးက လုံးပါးပါးနေ တာ မသိတောင် မသိကြတော့ဘူး။

  • ယနေ့ခေတ်မိဘထဲကနည်းနည်းခွဲထွက်တဲ့မိဘဖြစ်နေလို့ တခါတလေ ငါလုပ်တာဘေးထွက်နေပြီလို့ထင်မိတယ်။

    သူများတွေမူလတန်းကလေးကိုမနက်ည ကျူရှင်ပြီးကျောင်း ကျောင်းပြီးစာကျက်ဝိုင်း ပို့နေချိန် ကိုယ်က မူလတန်းဘဝ လွတ်လွတ်လပ်ဆော့ပါစေဆိုပြီး ကျောင်းဆင်းပြီး ညနေ ၂နာရီခွဲပဲ စာခေါ်သင်ပါတယ်။ကျန်တဲ့အချိန် သူပုံဆွဲချင်ဆွဲ မှတ်ချင်ရာမှတ် ဗြောင်းဆန်အောင်ဆော့ လွှတ်ထားတယ်။စာမေးပွဲရှိလည်း ပုံမှန်ထက် နည်းနည်းပဲပိုလုပ်ခိုင်းဖြစ်နေ လို့လေ။

  • အလင်းဆက်

    February 21, 2015 at 1:47 pm

    ပညာခေတ် မဟုတ်ပါဘူး ။
    ..ပြင်နေတယ် ရယ်လို့… ညာပြောတဲ့ခေတ်…

    :k:

Leave a Reply