ဟာသလေးတွေ

Yin Nyine NwayJuly 20, 20101min870

ကိုပြော့ ဒဏ်ခံသွားရသူ

တစ်ရံရော အခါက ဆိုပါတော့။ ဂမ္ဘီရဆိုတဲ့ ရွာမှာ ဂမီ္ဘရ ဆန်ဆန် ထူးခြားတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ ခြောက်နှစ်ခွဲ ခုနှစ်နှစ် လောက်ထိ တေမိ ကျနေတာပဲ။ စကား တစ်ခွန်းမှ မပြောဘူး။ တစ်နေ့မှာတော့ မပြောစဖူး “အဘကြီး၊ အဘကြီး” လို့ ခေါ်လိုက်တယ်။ နောက်နေ့ကျတော့ သူ့ဘကြီးဟာ အုန်းပင် တက်ရာက လိမ့်ကျပြီး သေပါလေရော။ သုံးနှစ်လောက် ကြာတော့ “အမေကြီး အမေကြီး အရှည်ကြီးနဲ့ တွေ့”လို့ ပြောနေပြန်တယ်။ နောက်နေ့ကျတော့ မြေပဲ ခြွေရင်း မြေပဲပင်ထွေး အောက်မှာ ရောက်နေတဲ့ မြွေပွေးကိုက် (ပိုးထိ) လို့ ဆုံးပြန်တယ်။ သူ့အမေကြီး သပိတ်သွပ်တဲ့ နေ့မှာ ကြွလာတဲ့ ဆရာတော်ကို “ဘုန်းဘုန်း-ဒုံးဒုံး” လို့ ရေရွတ်ပြန်တယ်။ ဆရာတော်လည်း နောက်တစ်ရက်မှာ လေသင် ဒုံးဖြတ်ပြီး ပျံလွန်ရှာပါရော။ အားလုံးဟာ ကောင်လေးခေါ်မှာ စကား ပြောမှာကို လန့်နေကြတယ်။ နှစ်နှစ်ကြာတော့ “ဗျို့ အဖေ ဗျို့အဖေ” လို့ ခေါ်ပြန်တယ်။ သူ့ အဖေ လန့်သွားတယ်။ ငါ့အလှည့် နက်ဖန် နောက်ဆုံးပဲဟလို့ သေမယ့် အချိန်ကို စောင့်နေရှာပြီပေါ့။ နောက်ရက်မှာ ကောင်လေးတို့ တဲဘက်က ငိုသံတွေ ကြားရတယ်။ အင်း ဒီတစ်ခါတော့ သေအလှည့် ရှင်ဟာ ကောင်လေး အဖေဆိုတာ သေချာ သွားပြီလို့ အတပ်တွေးကြ သိကြတယ်။ But, သို့သော်လည်း တကယ်သေတဲ့ သူဟာ အများက သူ့ အဖေလို့ သိထားတဲ့ ကိုပြော့ မဟုတ်ဘဲ၊ တဲနားနီးချင်း ကိုကြာကြီး ဆိုသူ ဖြစ်နေတယ်။ ကောင်လေးက မနေ့ကပဲ ဗျို့ အဖေ၊ ဗျို့ အဖေလို့ အခေါ် ခံရသူဟာ ဘယ်သူလဲလို့ ကောင် လေးရဲ့ အမေဖြစ်တဲ့ မဆော့က လွဲပြီး ဘယ်သူ သိနိုင်မလဲနော်။

ပါးပေါ်မှာ မှိုတောင် တက်နေတယ်

အထက်အညာ ဒေသက ရွာကြီး တစ်ရွာမှာ ကျင်ဝှမ်းလို့ အမည်ရှိတဲ့ ပေါက်ဖော်ကြီး တစ်ယောက်ရှိတယ်။ သိပ်ရိုးတယ်။ သူ့မိန်းမ မသူဇာကို အလွန် ချစ်တယ်။ အလုပ်လည်း သိပ်ကြိုးစားတာပဲ။ တစ်ရက်မှာတော့ ပေါက်ဖော်ကြီး ကျင်ဝှမ်းဟာ အောက်ပြည်အောက် အရပ်မှာ စီးပွားရှာ သွားမယ်ပေါ့။ မသူဇာကို စိတ်မချဘူး၊ မှာစရာ ရှိတာတွေ မှာကြားနေတယ်။ “တူဇာရေ ဝစိတ်ချတွားမယ်နော်။ နေ့ခင်းတွေမှာ တူများ အိမ်တွေ ရှောက်မီလည်နဲ့။ ည တံခါးတွေ တေချာပိတ်။ တခိုးတွေ ဘာတွေ မလာရဲအောင် နောက်ဖေးမီး ဖန်တီးလဲ ဖွင့်ထား။ နောက်မီးလင်း နေပစေ။ ဝ မန်မန် ပြန်ခဲ့မယ်။ ဝ ခယ်မလဲ တွားမှာခဲ့မယ်။ ဝပြန်ရောက်ရင် တနခါးတွေ လိမ်းထားနော်။ တူဇာ့ ပါးကို ဝ အားဗွာ လုပ်မယ်။ ဘယ်လူမှ တူဇာ့ကို အပ်ဗွာ မလုပ်စေနဲ့” မသူဇာက ပြုံးပြုံးလေးနေပြီး “စိတ်ချပါ ကျင်ကျင်ရယ်” လို့ ပြောပြီး ခေါင်းလေးငဲ့ ပါးလေး စောင်းပေးလိုက်တော့ ပေါက်ဖော်ကြီးကလည်း စောင်းငဲ့ထားတဲ့ ပါးလေးတစ်ဖက်ကို အပ်ဗွာအထပ်ထပ်လုပ်ပြီး နှုတ်ဆက် ထွက်ခဲ့တော့တယ်။ ပေါက်ဖော်ကြီးဟာ အိမ်ထောင် ခွဲနေတဲ့ မသူဇာရဲ့ညီမ မူယာရဲ့အိမ်ဝင်ပြီး (ဝခမယ်လည်း သွားမှာ ထားခဲ့မယ်) လို့ ပြောခဲ့တာကို သူဇာက ဝါးခယ်မမြို့ အထိ သူ့ယောက်ျား သွားဦးမှာမို့ ခရီးစဉ် ကြာဦးမှာလို့ ထင်လိုက်တယ်လေ။ ပေါက်ဖော် ကြီးလည်း အရေးတကြီးနဲ့ သူ့ခယ်မ အိမ်ဝင်ပြီး မသူဇာကို စောင့်ရှောက်ရန် မှာဘို့ မေ့သွားတယ်။ ပေါက်ဖော်ကြီး ခရီးထွက်ပြီး နောက်နေ့ကတည်းက မသူဇာက သူ့ငယ်ချစ် ဒူးသန်နိုင်သန်းနဲ့ အိမ်မှာ ချိန်းချိန်း တွေ့နေတော့တာပဲ။ နိုင်သန်းက ခြင်းခတ်ရင် ဖနောင့်ဖဝါးတွေထက် ဒူးနဲ့ခတ်တာများလို့ ဒူးသန် နိုင်သန်းလို့ ခေါ်ကြတာ။ သူ့ကွယ်ရာမှာတော့ ဒူးသန်နိုင်သန်းကို ဒု-သ- န-သောလို့ အကြောင်း သိသူတွေက ခေါ်ကြလေရဲ့။ ပေါက်ဖော်ကြီး မရှိချိန်မှာ အိမ်မှာ တွေ့ရုံမျှနဲ့ အားမရကြဘူး။ ဒီနေ့ဆို တောင်ပြုံးပွဲ သွားလည်ကြတယ်။ ညနေမှ ပြန်လာတာ။ မှောင်ရီ ပျိုးပျချိန် နိုင်သန်းက သူဇာ အိမ်ထိ တက်လိုက်လာတယ်။ အိမ်ရှေ့ခန်းမှာ နိုင်သန်းကို ထားပြီး သူဇာက အခန်းထဲဝင် အဝတ်လဲ၊ သနပ်ခါး ပါးကွက်လေး ပါးနှစ်ဖက်မှာ ကွက်ပြီး ထွက်လာတယ်။ တောင်ပြုံးက ဝယ်လာတဲ့ ကရေကရာ မုန့်လည်း ပန်းကန်ထဲ ထည့်လာတယ်။ နိုင်သန်းဘေး ဝင်ထိုင်တယ်။ မုန့်လည်းစား၊ စကားတွေလည်းပြော။ နိုင်သန်း လက်တစ်ဖက်က သူဇာရဲ့ပုခုံးပေါ်မှာ။ သူဇာကလည်း နိုင်သန်းကို မှီလျက်။ ပေါက်ဖော်ကြီး မရှိတဲ့ ရက်တွေမှာ ဒီလို နေလာတာ (၇) ရက် (၈) ရက်ရှိပြီ။ “သူဇာ သိပ်ပျော်တာပဲ။ ကိုနိုင် နက်ဖန်လည်း ဆုံကြဦးစို့နော်” “သူဇာ့ အဖိုးကြီးက ပြန်လာတော့မှာ မဟုတ်လား” “အိုး ကိုခိုင်ကလည်း သူက ဝါးခယ်မ အထိ သွားဦးမှာ မလာသေး ပါဘူး” “သူမလာ ကြာတိုင်း ကောင်းပေါ့ကွယ်။ အချစ်ကို အာဗွားများများ ပေးရတာပေါ့” လို့ ပြောပြောဆိုဆို “ဟာ ကိုနိုင်က ကဲတယ်ကွာ။ သူများပါးက ခုတင် လိမ်းထားတဲ့ သနပ်ခါးတွေ ပျက်ကုန်ပြီ။ သွား လူဆိုး” “တူဇာရေ၊ တူဇာလေ ဝ ပြန်လာပြီဟေ့ ဝပြန်လာပြီ” ပေါက်ဖော်ကြီး အသံကြားတော့ သူဇာနိုင်သန်း ရင်ခွင်ထဲက ရုန်းပြီး နိုင်သန်းကိုလဲ ရင်ဘတ် တွန်းလွှတ်လိုက်တယ်။ “သွား သွား နောက်ဖေးပေါက်ကနေ ပြေးတော့” သူဇာဟာ ပါးတစ်ဖက် ပျက်သွားတဲ့ သနပ်ခါး ပါးကွက်ကို စမ်းမိပြီး ကမန်းကတန်း ကြံရာ ရသွားတယ်။ တောင်ပြုံးက ဝယ်လာတဲ့ စားလက်စ ကရေကရာ မုန့်တုံးမှာ ဖြူးထားတဲ့ မုန့်မှုံ့လေးတွေ ယူပြီး ပါးပေါ်ပွတ် ထားလိုက်တယ်။ ပေါက်ဖော်ကြီးက ရောက်ရောက်ချင်းပဲ သူဇာ နားကပ်တယ်။ သူဇာ့ ပါးလေးကို လက်ညှိုးလေးနဲ့ မတို့ရက် တို့ရက်တို့ပြီး ခုလေးတင် သူဇာပွတ် တင်လိုက်တဲ့ ပါးပေါ်က မုန့်မှုံဖြူဝါဝါလေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ဖယ်ချရင်းက “အလို ဝ ရဲ့ မီးမ တူဇာ၊ တစ်စာ (သစ္စာ)စိလယ်၊ ကြည့်စမ်းပါးပေါ်မှာ မှိုတောင်တက်နေတယ်။ ဒါမှ ဝမီးမကွ-ဝမီးမ။ အပ်ဗွာအပ်ဗွာ အပ်ဗွာနဲ့ ဘယ်နှစ်ဗွာမှန်းတောင် မသိဘူး။ မီးပျက်တဲ့ ရက် မဟုတ်တဲ့ အတွက် ဦးကျင်ဝှမ်း၊ မသူဇာတို့ အိမ်နောက်မှာတော့ နောက်မီးက လင်းလျက်။