အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံး
အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်…
တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွားတာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။
လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံးကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အ သူမရယ်ပြနေခဲ့တယ်။
ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံး သူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။
သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။
သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။
ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။
တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။
သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။
မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ… အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။
“ကျွန်တော့်အမျိုးသမီးကို ကယ်ပါ” လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။
“သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး”
ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။
သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။
“ဟား.. ဟား… ကျွန်တော်လူသတ်လိုက်ပြီ… ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ”
အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။
သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။
သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်ကအပြုံးတောင် အေးစက်နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့…..