ရာဇဝင်တွင်သော စကားများ (သို့) အောင်ဆန်းချဲ့လင်း
“စကားတလုံး၊ ပြက်လုံးတကွက်ကပင်လျှင် စစ်ပွဲများနှင့်၊ လှုပ်ရှားမှုများစွာထက် လူ၏ သဘောထားကို ဖော်ဆောင်တတ်သည်” (ပလေတို)
(၁)
‘တက္ကသိုလ် ဥပဒေသော်လည်း ပြင်ဆင်ပြီး ဖြစ်ရမည်။ အောင်ဆန်းသော်လည်း ပြုတ်ရမည်’
(အောင်ဆန်း)
ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
တတိယအကြိမ် မြန်မာနိုုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန်ဖရင့်
ပုသိမ်မြို့၊ ၁၉၃၈ ခုနှစ်။
ပထမ ကျောင်းသားသပိတ်နှင့် ဒုတိယ ကျောင်းသားသပိတ်ကြီးများ ပေါ်ပေါက်ခဲ့ကြရသည့် အဓိက အကြောင်းအရင်းက၊ ကိုလိုနီ ပညာရေးစနစ် သို့မဟုတ် ဗြိတိသျှတို့ ရေးဆွဲထားသည့် ‘တက္ကသိုလ်ဥပဒေ’ ပင် ဖြစ်၏။
၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗြိတိသျှအာဏာပိုင်များသည် ကျွန်သက်ရှည်မည့် ပညာရေးစနစ်အား သွတ်သွင်းရန် ‘တက္ကသိုလ်ဥပဒေ’ တရပ်အား ဆန့်ကျင်ကန့်ကွက်နေခဲ့ကြသည့် ကြားမှပင်ပြဋ္ဌာန်းလိုက်သည်။ ရန်ကုန်နှင့် ယုဒသန် ကောလိပ်ကျောင်းသားများက ‘တက္ကသိုလ်ဥပဒေ’ အား လုံးဝလက်မခံကြ။ အဓမ္မပြဋ္ဌာန်းလိုက်သည့် ဥပဒေအား ဆန့်ကျင်ရေးမှာ သပိတ်မှောက်ရန်မှတပါး အခြားရွေးလမ်းမရှိခဲ့။
၁၉၂ဝ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တိုင်းပြည်သို့ ကြေညာချက်တစောင် ထုတ်ပြန်၍ ရန်ကုန်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား ၅ဝဝ တို့ ရန်ကုန်တက္ကသိုလ်ဥပဒေအား သပိတ်မှောက်ကြ၏။
“ကျနော်တို့ ရန်ကုန်နှင့် ယုဒသန်ကောလိပ်များမှ ကျောင်းသားများသည် မည်သို့အဆုံးသတ်မည်ဟု မည်သူမှ ကြို၍ မမြင်နိုင်သော တိုက်ပွဲတရပ်ကို ဆင်နွဲလျက်ရှိကြပြီ။ သို့သော် ကျနော်တို့၏ အရေးတော်ပုံသည် မှန်ကန်နည်းလမ်းကျသည်ဟူ၍ကား ကျနော်တို့ အခိုင်အမာယုံကြည်ပါသည်။ အမျိုးသားရေးကို ချုပ်နှောင်ထားရန် အစိုးရက ဖန်တီးသည့် လက်နက်တရပ်ဟူ၍သာ ယူဆဖွယ်ရှိသော တက္ကသိုလ်ဥပဒေကို ချေမှုန်းရန် ကျနော်တို့ ရည်ရွယ်ပါသည်။
ထိုကောလိပ်တခု အလွန့်အလွန် လိုအပ်ကြောင်း ကျနော်တို့၏ သပိတ်က ထင်ရှားစွာ ကြွေးကြော်လျက်ရှိပြီဟု ကျနော်တို့ ခိုင်မြဲစွာ ယုံကြည်ပါသည်”
သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်များအား အာဏာပိုင်များသည် မလိုက်လျော။ တက္ကသိုလ် ဥပဒေအား ဆုပ်ကိုင်ပြီး ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်သည်။ ထိုနေ့တွင် ကျောင်းသို့ ပြန်၍မတက်ရောက်သည့် ကျောင်းသားများအားလုံး ကျောင်းမှထုတ်ပစ်မည်ဟု အာဏာပိုင်များက ဆိုလာ၏။
၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် (ဦး) ဘဦးက သပိတ်မှောက် ကျောင်းသားများ၏ အစည်းဝေးတွင် မိန့်ခွန်းစကားဆို၏။
“ဆီးနိတ်က ကျနော်တို့ကို စောင့်ရန် ချိန်းသည့်ရက် ရောက်လုနီးပါပြီ။ ၂၃၊ ဒီဇင်ဘာ၊ ၁၉၂ဝ တွင် ကျနော်တို့သည် မြန်မာနိုင်ငံ ကျောင်းသားဟူသည် မည်သည့်အမျိုးအစားဖြစ်သည်ဟု ကမ္ဘာက သိကြရတော့မည် ဖြစ်ပါသည်။ ထိုအရေးပါသော နေ့တွင် ကျနော်တို့အတွက် မြန်မာက ဂုဏ်ယူစရာ ဖြစ်မည်လော၊ ရွံရှာဖွယ်ဖြစ်မည်လောဟု အဆုံးအဖြတ်ပေးခြင်းကိုလည်း ခံကြရပါတော့မည်။ နှစ်ဖက်လိုလားဖွယ် မရှိသော ဤရန်ကုန်တက္ကသိုလ်ကို ကျနော်တို့အား အတင်းထိုးပေးလာခြင်းဖြင့် ကျနော်တို့မှာ စိတ်နာကျည်းခြင်း ဖြစ်ရသည့်အပြင် တမျိုးသားလုံး အစော်ကားခံရလေပြီဟု အသိစိတ်နှိုးကြားခြင်း၊ ထို့ထက်ပင်ပို၍ ဤကိစ္စသည် တဖက်မှ ပြစ်မှုတခုကျူးလွန်ခြင်း ဖြစ်သည်။ အဘယ်ပြစ်မှုနည်းဟုမူ တနိုင်ငံလုံး၏ ပညာရေးတိုးတက်မှုကို နှေးသွားအောင် လုပ်ခြင်းဖြစ်ပါသည်”
၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကောလိပ်ကျောင်းသား ၅ဝ၃ ဦးတို့က၊ ကျောင်းထွက်စာများအား ကျောင်းအာဏာပိုင်များထံသို့ ပေးပို့ခဲ့ကြ၏။
သပိတ်မှောက်ကျောင်းသားတို့က သပိတ်မှောက်ကြ၏။ အာဏာပိုင်များမှလည်း တက္ကသိုလ်ဥပဒေအား ပြုပြင်ခြင်းမပြု။ အာဏာပိုင်များသည် ကိုလိုနီပညာရေးအား အထိအပါးမခံနိုင်။ ကိုလိုနီပညာရေးမှ ကိုလိုနီအုပ်ချုပ်ရေးအား ခိုင်မာစေပြီး၊ ကျွန်သက်ရှည်စွာနှင့် အုပ်ချုပ်နိုင်ပေမည်။ ဤအတွက် အာဏာပိုင်များက တက္ကသိုလ်ဥပဒေအား ပြင်ဆင်ခြင်း မပြုခဲ့။
တက္ကသိုလ် အာဏာပိုင် မျက်နှာဖြူဆရာအား ‘ဆာ’ ထည့်၍ မထူးသည့် ကျောင်းသားအား ကျောင်းမှ ထုတ်ပစ်ခြင်း၊ သမဂ္ဂဥက္ကဋ္ဌ ကိုနုအား ကျောင်းမှထုတ်ခြင်း၊ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းအား ကျောင်းမှထုတ်ရန် စီစဉ်ခြင်းများက ၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသား သပိတ်ကြီးအား ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းအရာများ ဖြစ်၏။ သို့သော် အဓိကအကြောင်းတရားက ‘ကိုလိုနီပညာရေးစနစ်’ နှင့် ကိုလိုနီပညာရေးစနစ်အား အသက်သွင်းပေးနေသည့် ‘တက္ကသိုလ်ဥပဒေ’ ပင် ဖြစ်သည်။
ဤအတွက် ၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသားသပိတ် တိုက်ပွဲသည်က ‘ရန်ကုန်တက္ကသိုလ်ဥပဒေ’ ပြင်ဆင်ရေး၊ ‘ကိုလိုနီပညာရေးစနစ်’ ဖျက်သိမ်းရေးပင် ဖြစ်သည်ဟု ဆိုရမည်။
(၂)
ကျောင်းသားသပိတ် ၂ ခုကြောင့် ‘တက္ကသိုလ်ဥပဒေ’ ကြီးသည် နဲ့လာ၏။ အာဏာပိုင်များသည် ‘ဆာမြဘူး’ အား ခေါင်းဆောင်တင်ပြီး ‘တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေးကော်မတီ’ အားဖွဲ့ပေး၍ တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးအား ခြေလှမ်းစရန် လုပ်ဆောင်လာခဲ့ရ၏။ ခြေလှမ်းက ရှေ့သို့ ရောက်အောင် လှမ်းသည့် ခြေလှမ်းမဟုတ်။
ဆာမြဘူးကော်မတီမှ ‘တက္ကသိုလ်ဥပဒေ’ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အစီရင်ခံစာတစောင်အား ထုတ်ပြန်၏။ အစီရင်ခံစာက ကျေနပ်နှစ်သက်လက်ခံဖွယ်ရာမရှိ။ ဆာမြဘူး အစီရင်ခံစာက ပြင်ဆင်စရာများစွာနှင့်။
၁၉၃ရ ခုနှစ်၊ မေ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန့်ဖရင့်အား မန္တလေးမြို့တွင် ကျင်းပ၏။ ကျောင်းသားများ ကွန်ဖရင့်ကြီးက ‘တက္ကသိုလ်ဥပဒေ’ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန် ‘တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဖွဲ့စည်းရေးအတွက် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တာဝန်ပေးအပ်၏။
တက္ကသိုလ်အက်ဥပေဒ ပြင်ဆင်ရေးကော်မတီအား ဝတ်လုံဦးကျော်မြင့်၊ မစ္စတာအမ်အေရာရှစ်၊ ဦးသိန်းမောင်၊ သခင်တင်မောင်၊ နယူးဘားမား သတင်းစာအယ်ဒီတာနှင့် ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုအောင်ဆန်းတို့နှင့် ဖွဲ့စည်း၏။ ကိုအောင်ဆန်းက တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီတွင် ဆော်ဩသူလည်း ဖြစ်သည်။
ဆာမြဘူး၏ ကော်မတီအစီရင်ခံစာနှင့် ပတ်သက်၍ ‘တက္ကသိုလ်ကောင်စီ’ ၏ သဘောထားအမြင်များ ပေးပါရန် ‘တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ’ မှ တောင်းခံ၏။ ဘုရင်ခံအစိုးရကလည်း ဆာမြဘူး အစီရင်ခံစာနှင့်ပတ်သက်၍ အကြံဉာဏ်များ ပေးပါရန် လူထုထံ၌ တောင်းခံ၏။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီမှ ဆာမြဘူး၏ အစီရင်ခံစာနှင့်ပတ်သက်၍ အပိုဒ်ပေါင်း ၅ဝ ပါဝင်သည့် ဝေဖန်ချက် စာတမ်းတစောင်အား တိုင်းပြည်သို့ ထုတ်ပြန်ကြေညာလိုက်၏။
“ကျွန်ုပ်တို့သည် မြဘူးကော်မတီအစီရင်ခံစာနှင့် ပတ်သက်၍ အရေးကြီးအရာပါသော အချက်များစွာတို့တွင် ၎င်းကော်မတီနှင့် သဘောမကိုက်ညီသည်ကို တွေ့ရှိရ၏။
ဆင်းရဲသော ကျောင်းသားများအား တက္ကသိုလ်ပညာရရန် အတွက်တခုတည်းသော နည်းလမ်းဟု ကျွန်ုပ်တို့ အထူးယုံကြည်သော အရာကား နောက်ဆုံးတက္ကသိုလ်စာမေးပွဲ အောင်ပြီး၍ ကောလိပ်များတွင်နေသော စာသင်ကျောင်းသားများ သင်ကြားအပ်သော အချိန်စေ့ပြီးသောအခါမျိုး၌ အခြား အလွတ်ကျောင်းသားများကို ရိုးရိုးတက္ကသိုလ်စာမေးပွဲ အားလုံးကို ဝင်ရောက်ဖြေနိုင်ရန် ခွင့်ပြုခြင်းပင် ဖြစ်ပါကြောင်း။ ထိုကြောင့် …
၁။ တက္ကသိုလ်သို့ဝင်ခွင့်ရသော ကျောင်းသားတိုင်း ဥပစာတန်းစာမေးပွဲကို အလွတ်ဝင်ခွင့်ရ၍၊ တဖန် ဒီဂရီစာမေးပွဲ ကန့်သတ်သော အချိန်ပြီးနောက် ဝင်ခွင့်ရရန်။
၂။ အစိုးရဆေးကျောင်းမှ၎င်း၊ အစိုးရစက်မှုလက်မှု ပညာသင်ကျောင်းမှ၎င်း၊ ဘီအိုစီကောလိပ်မှ၎င်း လိုင်စင်လက်မှတ်ရသော ဥပစာတန်းလည်း အောင်သောသူတိုင်း ၃ နှစ်မျှ ဆရာဝန် သို့မဟုတ် စက်ဆရာ အင်ဂျင်နီယာအဖြစ် ပြုလုပ်ပြီးနောက် အမ်ဘီဘီအက်စ် စာမေးပွဲကို၎င်း၊ အင်ဂျင်နီယာ ဘီအက်စ်စီ စာမေးပွဲကို၎င်း၊ ဝင်ခွင့်ပေးရန်။
မြဘူးကော်မတီ အစီရင်ခံစာနှင့်ပတ်သက်၍ တက္ကသိုလ်ကျောင်းသားများသည် အထူးမကျေနပ် ဖြစ်နေကြ၏။ အကယ်၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို အထူးသဖြင့် တက္ကသိုလ် ကောင်စီတွင် အပြင်အပမှ တက္ကသိုလ် အရာရှိနှင့် အစိုးရအရာရှိ မဟုတ်သောသူ အများအပြား ပါဝင်ရန်အရေးနှင့် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ ဆက်သွယ်ရေး ၂ ရပ်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို တက္ကသိုလ် အက်ဥပဒေအသစ်တွင် ထည့်သွင်းပါက တိုင်းပြည်နှင့်တကွ ကျောင်းသားများအား လက်ခံဖွယ်ရာ ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ ယူဆပါကြောင်း။ ကောလိပ် အုပ်ချုပ်ရေးအဖွဲ့တို့ကို တက္ကသိုလ်က ဖွဲ့စည်း၍ အောက်ပါ ယေဘုယျဇယားအတိုင်း ဖွဲ့စည်းသင့်ကြောင်း။
– အစိုးရအရာရှိမဟုတ် ကောလိပ်ကျောင်းဆရာလည်း မဟုတ်သော တက္ကသိုလ်ကောင်စီ တင်မြှောက်သည့် လူကြီး ရ ယောက်။
– ဆီနိတ် (ပညာသင်ကြားရေးအဖွဲ့) မှ ၁ ယောက်
– ကျောင်းသားများက တင်မြှောက်သောလူကြီး ၁ ယောက်
– ကျောင်းဆရာများမှ ၁ ယောက်
– ကျောင်းအုပ်နှင့် (ဆရာဖြစ်သင် ကောလိပ်အတွက်သာ) ဒုတိယ အဓိပတိနှင့်ပညာမင်းကြီး
– အင်ဂျင်နီယာ ပါမောက္ခ (ယူနီဘာစီတီ ကောလိပ်အတွက်သာ)
– မြန်မာပြည်ဆေးမင်းကြီး (ဆေးကောလိပ်အတွက်သာ)
– အမေရိကန် သာသနာပြုအသင်းမှ ၃ ယောက် (ယုဒသန်ကောလိပ်အတွက်သာ)
– ကျောင်းသားများက တင်မြှောက်အပ်သော လူကြီးများ ကျောင်းသားမှလွဲ၍ ရီဂျစ်စတာ မှတ်ပုံစာရင်းသွင်းပြီး တက္ကသိုလ်ဘွဲ့ထူးရသူများသာမက အခြားလူကြီးများထဲမှလည်း ဖြစ်သင့်ကြောင်း။
နိဂုံးမချုပ်မီ ကျွန်ုပ်တို့ အထူးတိုက်တွန်းလိုသော အချက်ကား တက္ကသိုလ်သည် မြန်မာစာဖြင့် ဘာသာရပ်များကို သင်ကြားရန်အတွက် စည်းမျဉ်းကျကျနန ချထားသင့်သည်ဟု ထင်ပါကြောင်း၊ ဤနေရာတွင် တက္ကသိုလ်သည် အစိုးရနှင့်ပူးပေါင်း၍ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယခုကစ၍ ထိုအရေးအတွက် စခန်း စ,သင့်ပြီးဖြစ်ကြောင်း”
နောက်ဆုံးတွင် ဘုရင်ခံအစိုးရသည် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားများနှင့် ညှိနှိုင်းလာခဲ့ရ၏။ ပြင်ဆင်ချက်ဥပဒေ မူကြမ်းတရပ်အား ကျောင်းသားများနှင့် တိုင်ပင်ကာ ရေးဆွဲလာခဲ့ရ၏။
၁၉၃၈ ခုနှစ်၊ ဩဂုတ်လတွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ချက်ဥပဒေ မူကြမ်းအား အပြီးသတ် တင်သွင်းပေးပါမည်ဟူ၍၊ ဘုရင်ခံအစိုးရသည် ကျောင်းသားတို့အား ကတိပေးလာခဲ့ရ၏။
(၃)
၁၉၃၈ ခုနှစ် ပုသိမ်မြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ဆန်းက ကျောင်းသားထုအား မိန့်ခွန်းစကားပြော၏၊ ကတိစကားဆို၏။ တာဝန်ခံသည့်အပြော၊ တာဝန်ယူသည့်စကား။
နေမဝင်အင်ပါယာကြီးအား ငဝန်မြစ်နဘေးမှ ကြိမ်းဝါးလိုက်သည့်အသံ၊ ရာဇမာန်ပါ၏။ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ချဲ့လင်းစကား။
“တက္ကသိုလ်ဥပဒေသော်လည်း ပြင်ဆင်ပြီးဖြစ်ရမည်။
အောင်ဆန်းသော်လည်း၊ ပြုတ်ရမည်”
One comment
ဂျေ ဂျူ ဝိုင်
July 20, 2010 at 7:36 am
ဖတ် မှတ်ထားပါ့မယ်