အလုပ်ထွက်သွားပြီ။
ဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်မှ နှုတ်ထွက်သွားကြခြင်း။
လက်ရှိ လည်ပတ်နေသော လုပ်ငန်းတစ်ခုကနေ ဝန်ထမ်းတွေ အုပ်စုလိုက် အလုပ်ထွက်သွားတာမျိုး ကြုံတွေ့ခဲ့ဖူး/မြင်တွေ့ ကြားဖူးနေကျပါ။ အလုပ်ကနေ အုပ်စုလိုက်ထွက်သွားကြတဲ့ ဝန်ထမ်းတွေ အနေနဲ့ကတော့ “ငါတို့က ဒီနေရာမှာ ကျွမ်းကျင်နေပြီ ။ ငါတို့မှမရှိရင် အလုပ်ဆက်ပြီး လည်ပတ်ဖို့ ခက်နေမှာပဲ” ဆိုတဲ့ အတွေးနဲ့ အလုပ်ရှင်အပေါ်မှာ မကျေနပ်တဲ့ အချက်တွေ စုပုံထားရာကနေ ပေါက်ကွဲထွက်ပြီး ဒီလိုမျိုး လုပ်ကြတယ်လို့ ယူဆမိတယ်။
တစ်ကယ်တမ်းတော့ အလုပ်ရှင်ဘက်က ဒီလိုတွေးတာမဟုတ် “ထွက်သွားလေ.. လစာကောင်းကောင်းပေးထားရတဲ့ ဝန်ထမ်း ထွက်သွားရင် အခြေခံလစာ ကစပြီး ရတဲ့ ဝန်ထမ်း အသစ်တွေ ရောက်လာမှာပဲ” ဆိုတဲ့ အတွေးလေးက ရှိနေတတ်ကြတာကလား။
အမှန်တော့ ဝန်ထမ်းတွေ အလုပ်ကနေ အစုလိုက်အပြုံလိုက်ထွက်သွားကြတာ အခြေအနေ အမျိုးမျိုးရှိပါတယ်။ ဖြစ်နိုင်ခြေ အရှိဆုံးက (၁) လုပ်ခ လစာ မတိုးလို့/တိုးနိုင်ချေမရှိလို့ (၂) အလုပ်ရှင်က စည်းကမ်းတင်းကျပ်လွန်းအားကြီးလို့ (၃) အခြေအနေအချိန်အခါအရ လုပ်ငန်းသဘာဝအပြောင်းအလဲ ကို မခံနိုင်လို့ ဆိုတဲ့ အချက်တွေ ကြောင့် ဝန်ထမ်းတွေ အစုလိုက် အပြုံလိုက် နှုတ်ထွက်သွားကြတာ ဖြစ်ပါတယ်။
(၁) လုပ်ခ / လစာ တိုးတက်မှု မရှိခြင်းကြောင့် အလုပ်မှ နှုတ်ထွက်ရခြင်း
ဝန်ထမ်းတစ်ဦး ဟာ အလုပ်တစ်ခု ကို စပြီး လျှောက်ထားစဉ်ကတည်းက လစာကောင်းကောင်း များများ ကိုမျှော်မှန်းပြီး ဝင်ရောက်လုပ်ကိုင် တာက အများစုပါ။ အဲဒီအထဲကမှ တချို့က အတွေ့အကြုံလိုချင်လို့ ၊ တစ်ချို့က တော့ ပညာလိုချင်လို့ ၊ တချို့ကတော့ ရပ်တည်မှု တစ်ခုအတွက် စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး နဲ့ ဝင်ရောက်လုပ်ကိုင်ကြတာပါပဲ။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ အလုပ်ကိုလာလုပ်သည်ဖြစ်စေ လစာများများရမယ်ဆိုရင် ဘယ်သူမဆို ကြိုက်တာပါပဲ။ တစ်ကယ်တမ်း လုပ်ငန်းခွင်မှာ အလုပ်ပင်ပင်ပန်းပန်း နဲ့ လုပ်ရရင်တောင်မှ မက်လောက်စရာ လစာနဲ့ဆိုရင် ပင်ပန်းတာကိုတောင်မေ့လျော့သွားမှာ မလွဲပါဘူး။ အလုပ်ကလည်း ပင်ပန်းတယ်၊ လစာကလည်း မကောင်း ၊ လုပ်ငန်းခွင်သာယာမှု ကလည်း မရှိတဲ့ နေရာမှာဆိုရင် ဝန်ထမ်းရဲ့ စိတ်ဖိစီးမှုကိုသာ ဖြစ်ပေါ်စေပြီး လုပ်ငန်းခွင် အတွင်း အမှားမှားအယွင်းယွင်းနဲ့ လုပ်ငန်းလုပ်ဆောင်မှု ဖြစ်စဉ်ကလည်း နှေးကွေးနေမှာပါပဲ။
ဝန်ထမ်းရဲ့ လစာ မတိုးတက်ခြင်းမှာ အဓိက အကြောင်း သုံးချက်ရှိပါတယ်။ တစ်အချက်က ဝန်ထမ်းရဲ့ ပင်ကိုယ်အရည်အသွေး နှင့် လုပ်ငန်းနှင့်ပတ်သက်တဲ့ တတ်ကျွမ်းသည့်ပညာရပ်မရှိခြင်းကြောင့် နဲ့ နှစ်အချက်ကတော့ ဝန်ထမ်းရဲ့ စည်းကမ်းမလိုက်နာခြင်း တို့အပြင် တတိယ အချက်ကတော့ အလုပ်ရှင်ကနေ ဝန်ထမ်းကို အလုပ်မှ ထုတ်ပယ် လိုတဲ့ အခါသုံးတဲ့ အယဉ်ကျေးဆုံး နည်းလမ်းဖြစ်ပါတယ်။
ပင်ကိုယ်အရည်အသွေး မရှိတဲ့ ဝန်ထမ်း အပြင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ တတ်မြောက်ကျွမ်းကျင်တဲ့ ပညာရပ် မရှိ တဲ့ ဝန်ထမ်းအဖို့ကတော့ လုပ်ငန်းခွင်ထဲမှာ ထမင်းချိုး ဟင်းချိုး ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း အများစုက လုပ်ငန်းခွင်သုံးပညာရပ်သင်တန်းကျောင်းတွေမှာ တန်းစီနေတာပေါ့။
စည်းကမ်းမလိုက်နာတဲ့ ဝန်ထမ်း ဆိုတာမျိုးကတော့ အမျိုးမျိုးရှိပါတယ်။ အထက်မှာ ပြောခဲ့သလို ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် အလုပ်ကနေ ထွက်သွားတဲ့ အထဲမှာ စည်းကမ်း မလိုက်နာတဲ့ ဝန်ထမ်းတွေ ပါတာပေါ့။ စည်းကမ်းမလိုက်နာတာဟာ နဂိုတည်းက စည်းကမ်းမရှိတဲ့ ဝန်ထမ်းဖြစ်ချင်ဖြစ် ၊ ဒီလိုမှမဟုတ်ရင်တော့ အလုပ်ရှင်ရဲ့ ပယောဂ တစ်ခုခုကြောင့် စည်းကမ်းမလိုက်နာတော့တာမျိုး ဖြစ်သွားတာပါ။ ဒါကိုတော့ အခြေအနေအအချိန်အခါအရ လုပ်ငန်းသဘာဝ ပြောင်းလဲခြင်းကြောင့် ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် အလုပ်ကနေ ထွက်သွားခြင်း ကို ပြောတဲ့ အခါ ပါလာမှာပါ။
တတိယ အချက်အနေနဲ့ အလုပ်ရှင်က ဝန်ထမ်းကို အလုပ်ကနေ ထုတ်ပယ် လိုတဲ့ အခါ ဝန်ထမ်းရဲ့ လစာကို လက်ရှိပေးထားတဲ့ ပမဏက နေ တိုးပြီး မပေးတော့ပါဘူး။ ဒီအခါ ဝန်ထမ်းအနေနဲ့ အချိန်ကာလ တစ်ခုခုကို စောင့်ချင်စောင့်ပါလိမ့်မယ်။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် တခြားဝန်ထမ်းတွေ လုပ်ခ လစာ တိုးပေမယ့် သူ့အနေနဲ့ အချိန်ကာလ တစ်ခု စောင့်ပြီးတဲ့အချိန်အထိ တိုးတက်မှု ရှိမလာတော့ရင် လက်ရှိအလုပ်ကနေ နှုတ်ထွက်သွားမှာပါပဲ။
(၂) အလုပ်ရှင်က စည်းကမ်း တင်းကျပ်လွန်းအားကြီးလို့
လုပ်ငန်းခွင်စည်းကမ်းဆိုတာကတော့ လုပ်ငန်းတိုင်းမှာ ရှိကြတာပါပဲ။ စည်းကမ်း ရှိမှာလည်း လုပ်ငန်းရဲ့ လည်ပတ်မှု ကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပေါ့။ ဒါပေမယ့် စည်းကမ်းဆိုတာကလည်း အမျိုးမျိုးရှိပါတယ်။ ရှိသင့်တဲ့ စည်းကမ်းလား ၊ မရှိသင့်တဲ့ စည်းကမ်းလား ၊ နည်းလွန်းတဲ့ စည်းကမ်းလား ၊ များလွန်းတဲ့ စည်းကမ်းလား ၊ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ စည်းကမ်းလား ၊ မကိုက်ညီတဲ့ စည်းကမ်းလား ခွဲခြားဖို့တော့လိုပါတယ်။ သူများစည်းကမ်း တိုင်း လိုက်စည်းကမ်း မှ ပစ်စလက်ခတ်တွေ ဖြစ်သွားတာလည်း အများကြီးပါ။
တချို့ အလုပ်တွေက သိပ်ပြီး စည်းကမ်းကြီး တယ်။ ဝန်ထမ်းတွေကလည်း အဲဒီစည်းကမ်းတွေကို လိုက်နာကြတယ်။ တချို့ အလုပ်တွေရဲ့ စည်းကမ်းကြီးမားတာတွေကိုတော့ ဝန်ထမ်းတွေက လက်မခံနိုင်ဘူး။ ဒါတွေဟာ အခြေအနေအချိန်အခါကို လိုက်ပြီး စည်းကမ်းသတ်မှတ်တာမျိုး ရှိခြင်း/မရှိခြင်း တွေ့ကြောင့်ဖြစ်ပါတယ်။ တချို့ကျတော့လည် စည်းကမ်း ကို နည်းနည်းလေးမှ အလွတ်မခံပါဘူး။ အဲဒီစည်းကမ်း ကို နည်းနည်းလေးတောင် မလိုက်နာရင် ဒါဏ်ပေးတာမျိုးတွေ ဖြစ်လာတာတွေ ရှိပါတယ်။
တချို့ကျတော့လည်း နဂို ရှိတဲ့ စည်းကမ်းအပြင် နောက်ထပ် စည်းကမ်းတွေ သတ်မှတ် လိုက်တာမျိုး ၊ အဲဒီ နောက်ထပ်စည်းကမ်း တွေကို ဝန်ထမ်းတွေ အသားမကျခင်မှာ နောက်ထပ် စည်းကမ်းတွေကို တပတ် ကို တစ်မျိုး ၊ တစ်လ ကို တစ်မျိုး ထပ် ထပ်ပြီး တိုးတာမျိုးတွေ ပါ။
အဲဒီလို အခြေခံစည်းကမ်းတွေကို လိုက်နာဆဲ ဝန်ထမ်းတွေကို စည်းကမ်းတွေ တိုးတိုးပြီး သတ်မှတ်တာမျိုးဆိုရင် ဝန်ထမ်းတွေဟာ ဘယ်တော့မှ အဲဒီစည်းကမ်းတွေ ကို မလိုက်နာတဲ့ အပြင် အရင်က အသားကျပြီးသား စည်းကမ်းတွေကိုပါ မလိုက်နာပဲ ချိုးဖောက်ရာကနေ သူတို့အတွက် ထိခိုက်နစ်နာစရာ ဖြစ်လာခဲ့ရင် အလုပ်ကနေ နှုတ်ထွက်ပြီးသား ဖြစ်နေမှာပါ။ ဝန်ထမ်းတွေ အနေနဲ့ကလည်း နဂိုရှိနေတဲ့ စည်းကမ်းတွေ အပြင် နောက်ထပ် အမျိုးမျိုးသော စည်းကမ်းတွေ သတ်မှတ်ချက်တွေ ထပ်တိုးလာခဲ့ရင် အလုပ်ရှင်က သူတို့ကို သက်သက် ညစ်တာပဲလို့ ထင်ပြီး။ သူတို့ကလည်း ပြန်ပြီး ညစ်တွန်း တွန်းပါလိမ့်မယ်။
(၃) အခြေအနေအချိန်အခါအရ လုပ်ငန်းသဘာဝအပြောင်းအလဲ ကို မခံနိုင်လို့
အခြေအနေအချိန်အခါအရ ဆိုတာ အမျိုးမျိုးရှိတတ်ပါတယ်။ ကုန်ထုတ်လုပ်မှု ပြောင်းလဲသွားလို့ ဒါမှမဟုတ် သူဌေး ပြောင်းသွားလို့ ကုန်ထုတ်လုပ်မှု ပြောင်းလဲသွားလို့ ဒီလိုမှမဟုတ်ရင်လည်း လုပ်ငန်းရဲ့ အုပ်ချုပ်မှု ပုံစံ ပြောင်းလဲသွားလို့ ဆိုတဲ့ အချက်တွေက အဓိက ပါဝင်ပါတယ်။
ကုန်ထုတ်လုပ်မှု ပြောင်းသွားတဲ့ အခါ လုပ်ငန်း လည်ပတ်တဲ့ ပုံစံပါ ပြောင်းလဲသွားပါတယ်။ နဂိုက အဝတ်အထည်ချုပ်လုပ်တဲ့ လုပ်ငန်းကနေ အဲဒီလုပ်ငန်းရဲ့ ဆက်စပ်တဲ့တခြား လုပ်ငန်း ၊ ဥပမာ ။ ။ ဖက်ရှင်ဆိုင်အဖြစ်ပြောင်းလဲ ဖွင့်လှစ်တာမျိုး ကို ပြောင်းသွားတဲ့ အခါ လုပ်ငန်းသဘာဝပြောင်းလဲသွားပြီး ပြောင်းလဲတဲ့အလျှောက် စည်းကမ်းပြောင်းတာမျိုး ၊ လုပ်ခ လစာပေးတဲ့စံနစ် ပြုပြင်ပြောင်းလဲတာမျိုး ၊ ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ ကျတော့လည်း နဂို ထုတ်လုပ်မှုနဲ့ လားလားမှ မသက်ဆိုင်တဲ့ ထုတ်လုပ်မှု ပုံစံကို ပြောင်းလဲသွားလို့လည်း ဖြစ်တတ်ပါတယ်။
သူဌေးပြောင်းသွား လို့ဆိုတဲ့ အချက် ကြောင့် လုပ်ငန်းပြောင်းသွားရတဲ့ ဝန်ထမ်းတွေလည်း အများအပြားရှိနေပါသေးတယ်။ လုပ်ငန်းရှင် တိုင်းမှာ ကိုယ့်ရည်ရွယ်ချက် ၊ ကိုယ့်စိတ်ကူးနဲ့ ရှိတာကြောင့် ။ လုပ်ငန်းရှင် အပြောင်းအလဲဟာလည်း ဝန်ထမ်းတွေအတွက် အခက်အခဲတွေ ထဲမှာ အပါအဝင်ပါပဲ။ အရင်သူဌေးထက် ပိုပြီး ဝန်ထမ်းတွေ အပေါ်မှာ အုပ်ချုပ်မှု ပိရိသေသပ်ပြီး လိမ္မာပါးနပ်တဲ့ သူဆိုရင်တော့ ဝန်ထမ်းတွေ အတွက် အတိုင်းထက် အလွန်ပေါ့။
လုပ်ငန်းရဲ့ အုပ်ချုပ်မှု ပုံစံပြောင်းလဲ သွားခြင်းဆိုရာမှာ အဓိက အားဖြင့်တော့ အရင်က သေသေသပ်သပ်ဖွဲ့စည်းမထားတဲ့ လုပ်ငန်းများ ၊ ကုမ္ပဏီများ ကို ဆိုလိုပါတယ်။ သာမာန်အားဖြင့် လုပ်ငန်းအတော်များများဟာ လုပ်ငန်းငယ် အဖြစ်ကနေ လုပ်ငန်းကြီး ၊ ကုမ္ပဏီကြီး အဖြစ် တဆင့်ဆင့် ပြောင်းလဲလာကြရာမှာ မိသားစုလုပ်ငန်းအသွင်ကို ဆောင်ပြီး လုပ်ကိုင်ဆောင်ရွက် လာခဲ့ကြရာကနေ အခြေအနေ တရပ်ရပ်ကြောင့် စံနစ်တကျ ဖြစ်တဲ့ ကုမ္ပဏီ လုပ်ငန်း အသွင် ကို ကူးပြောင်းတဲ့ အခါ ဒီလိုမျိုး ဝန်ထမ်းတွေ နဲ့ အဆင်မပြေမှု တွေကို တွေ့ကြုံ ခံစား လာကြရတာပါ။
မိသားစု ပုံစံ ဆိုတာ ဘာလဲ? မိသားစုတွေမှာ အချင်းချင်း နားလည်လွယ်ပါတယ်။ တစ်ဦး နဲ့ တစ်ဦး ဘာအထောက်အထား ၊ စာရွက်စာတမ်းမှ တင်ပြပြီး တောင်းခံတာမျိုးမရှိပါဘူး။ မိသားစုမှာ မီတင် လည်း မရှိပါဘူး။ အစည်းအဝေးလည်း မရှိပါဘူး။ လူစုံတဲ့အခါ လုပ်မယ့် အကြောင်းအရာတွေကို စုံသလောက် လူကိုပြော။ လူစုံတုန်း မရှိတဲ့ လူကို ကြားလိုက်တဲ့ လူက ပြန်ပြော။ ဒီလိုနဲ့ သွားကြတာပါ။ သိပ်ကို အရေးကြီးကိစ္စတွေကျမှသာ ခေါင်းချင်းဆိုင်ပြီး တိုင်ပင် ကြတာပါပဲ။
မိသားစုပုံစံ အုပ်ချုပ်မှုစံနစ် နဲ့ အုပ်ချုပ်တဲ့ လုပ်ငန်းအတော်များများဟာလည်း အဲဒီလိုပါပဲ။ စည်းကမ်းစံနစ်ကျနမှု နည်းပါးလွန်းတာကို တွေ့ရမှာပါ။ စည်းကမ်းတွေ ထုတ်ချင်ထုတ်ထားပါလိမ့်မယ်။ ဒါပေမယ့် အဲဒီစည်းကမ်းတွေကို ဝန်ထမ်းတွေက လိုက်နာချင်မှလည်း လိုက်နာမယ်။ တခါတစ်လေမှာ ဝန်ထမ်းတွေရဲ့ စည်းကမ်းဖောက်ဖျက်မှုကို နားလည်မှုနဲ့ ရှော်ပစ် လိုက်တာမျိုးတွေလည်း ရှိချင်ရှိနေနိုင်ပါတယ်။
အဲဒီလိုအခြေအနေကနေ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကို စည်းစံနစ်ကျကျ အုပ်ချုပ်မှုပုံစံကို ပြောင်းလိုက်တဲ့ အခါ ဝန်ထမ်းတွေအတွက် ခံစားရတာက အပြောင်းအလဲရဲ့ ရှောခ့် ပါပဲ။ အဲဒီရှော့်ခ် ကြောင့်လည်း ဝန်ထမ်းတွေ နဲ့ လုပ်ငန်းမှာရှိတဲ့ အလုပ်ရှင်အပြင် အုပ်ချုပ်ရေး တာဝန်ယူရသူများအကြား အဆင်မပြေမှု ၊ ကတောက်ကဆ ဖြစ်မှု ၊ မကျေနပ်နပ်မှု များစွာက လုပ်ငန်းလည်ပတ်လျှက်ရှိတဲ့ အခါမှာ ဝန်ထမ်းတွေ အစုလိုက် အပြုံလိုက် လုပ်ငန်းမှ နှုတ်ထွက်သွားကြတာပါပဲ။ ဘယ်ဝန်ထမ်းမဆို အပြောင်းအလဲကို လွယ်လွယ်နဲ့ လက်မခံနိုင်ပါဘူး။ တခါတည်းနဲ့ အရင်ရှိပြီးသား ဝန်ထမ်းစည်းကမ်းတွေ အပြင် ၊ နောက်ထပ် စည်းကမ်းချက်တွေ အများကြီး ကို လိုက်နာရမယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် လူ့သဘာဝအရ လည်း အပြောင်းအလဲဆိုတာကို တဖြည်းဖြည်းချင်း ပြုပြင် ပြောင်းလဲခြင်းမှာသာ လိုက်လျောညီထွေ နေနိုင်ပြီး။ အပြောင်းအလဲ ကြမ်းရင် ထွက်ပြေးတိမ်းရှောင်တတ်ကြတာ သဘာဝပါပဲ။
လက်ရှိ စီးပွားရေး လုပ်ငန်းများကြားမှာ အဲဒီလို မိသားစု ပုံစံနဲ့ ရှေ့ဆက်သွားနေကြသေးတဲ့ ကုမ္ပဏီ ငယ်တွေ ၊ ဟိုတယ် တွေ ၊ လုပ်ငန်းငယ်တွေ အများအပြားမှာ ဒီလို မျိုး အဖြစ်တွေကို တွေ့ကြုံနေရတုန်းပါပဲ။ ဒီလိုမျိုး အဖြစ်တွေကို ကျော်လွှားနိုင်ဖို့အတွက် ကတော့ ဝန်ထမ်းအုပ်ချုပ်မှု လိမ္မာပါးနပ်မှု ကို သာ အလေးထား ဆောင်ရွက်ကြရမှာပါပဲ။ လုပ်ငန်းမှာရှိတဲ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်မှာ ပျော်ပိုက်ခြင်းဟာ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အရေးကြီးတဲ့ လိုအပ်ချက်တွေ ထဲမှာ ပါဝင်လို့ နေပါတယ်။
ကျော်ညိုသွေး
9 comments
မဟာရာဇာ အံစာတုံး
February 8, 2013 at 11:05 pm
ဟုတ်ဒယ် .. ဟုတ်ဒယ် ..
ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်မှာ ပျော်ပိုက်ခြင်းဟာ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အရေးကြီးတဲ့ လိုအပ်ချက်တွေ ထဲမှာ ပါဝင်လို့ နေပါတယ်။
ကျုပ်ဒါ အလုပ်ရှင် ဖစ်လို့ဂဒေါ့ ..
ဘာမှ လုပ်နေဘူး …
ကျုပ် ဝန်ထမ်းဒွေကို မနက်ခင်း ရုံးလာရင် လုပ်ချင်တာ လုပ် …
နေ့ခင်း ထမင်း စားပြီးရင် အိပ်ချင်ရင် အိပ် …
ညနေ ရုံးလွှတ်ပြီဆို … ဘီယာ ကြိုက်တဲ့လူ ဘီယာ ..
အရက် ကြိုက်တဲ့လူ အရက် ….
အမှန်အကန် ပျော်အောင်ကို ထားပလိုက်မှာ …. ငွင်းး ငွင်းး
padonmar
February 9, 2013 at 12:05 am
အဲတော့
ဝန်ထမ်းအုပ်ချုပ်မှု လိမ္မာပါးနပ်မှု ဆိုတာ ဘာတွေလဲ ရေးပေးပါအုံး။
စိတ်ဝင်စားပါတယ်။
Ghi Ghi ThE KiD
February 9, 2013 at 11:33 am
Just day-to-day Strategic HR Management tactics
:kwi:
kai
February 9, 2013 at 4:21 am
ချိုင်းနားက.. ချိုင်းနီးတွေကတော့.. မိသားစုဝင်တွေက.. မိသားစုပုံစံနဲ့လုပ်ရင်း..အုပ်ချုပ်ရင်းပဲ.. မဟာကုမ္ပဏီကြိးတွေဖြစ်လာကြတာလို့.. မြင်မိထင်မိတယ်..။
မြန်မာပြည်က.. တရုတ်တွေလည်း.. ဒီလို မိသားစု ပုံစံနဲ့ .. မိသားစုလိုက်.. လုပ်ကြပြီး.. ရှေ့ဆက်သွားနေကြသေးတာအများစုလို့ထင်တယ်…
ယူအက်စ်ကုမ္မဏီတွေကတော့.. အဲလိုမဟုတ်တာများတယ်.
အများပိုင်တွေများ.. တချို့ဆို.. အဖေလုပ်ရင်တောင်.. သားက နောက်တခုထောင်တာလုပ်တာ.
မိသားစု အလုပ်တခုထဲ.. တူတူလုပ်ကြရမှာ.. ဝန်လေးကြတယ်..။
မိသားစုပုံစံနဲ့.. မိသားစုဝင်တွေဝိုင်းလုပ်ကြတာကို.. တွဲရေး.. ခွဲရေးကြည့်တာပါနော..
အချိန်ရရင်.. နှိုင်းတွေး…ရေးပေးပါဦးလို့… :harr:
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:36 am
မိသားစု ပုံစံနဲ့ထူထောင်ခဲ့တဲ့ လုပ်ငန်းတော်တော်များများက မျိုးဆက်သုံးဆက်ဆို ပြိုကွဲတတ်ကြပါတယ်။
(တိကျသော စည်းကမ်းမရှိလို့)
အများပိုင်ပုံစံနဲ့ထောင်သောလုပ်ငန်းများ နှစ်ပေါင်းရာချီထိ ချီတက်ဆဲပါဘဲ
(ခိုင်မာပြတ်သားသော စည်းကမ်း ရှိထားလို့)
ရေးပြမယ်ဆိုရင် ကျနော်မျက်မြင်ကိုယ်တွေ့အများကြီးပါဘဲ။
Ghi Ghi ThE KiD
February 9, 2013 at 11:37 am
All we need is just a little “KAIZEN”
Survival of da fittest တဲ့.
ခိခိ. စလိုဂမ်လေးရွတ်အုံးမှ
成せばなる成さねばならぬ
何ことも
成らぬは人の成さぬなりけり
စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ်.
သခင်မျိုးဟေ့ ဒို့ မြန်ကျင့်.
MaMa
February 9, 2013 at 8:40 am
ကိုယ်တိုင်တော့ အာရှသားပဲ ဖြစ်လို့လား၊ အလုပ်ကြီး မလုပ်ဖူးလို့လားတော့ မသိဘူး။
မိသားစု ပုံစံနဲ့ လုပ်တာမျိုးကို သဘောကျတယ်။
သားအဖတောင် အလုပ်တစ်ခုထဲ တူတူလုပ်ရမှာ ဝန်လေးကြတယ်ဆိုတာကို လိုက်မမီဘူး။ :eee:
ခင်ခ
February 9, 2013 at 10:21 am
အမ မမ ရေ။
အာရှပိုင်းက သူတွေက မိသားစုပုံစံ စီပွားလုပ်ကြတာများတယ်။ အဖေအလုပ် သားသမီးဆက်လုပ် အဲလိုပေါ့။
အနောက်နိုင်ငံက အဖေကတစ်ခုလုပ်ရင် သားကတစ်ခုလုပ်တယ်။ သူတို့တွေက ရှယ်ယာစနစ် လုပ်တာများလို့ လုပ်ငန်းတစ်ခု စတော့ရှယ်ယာကြောင့် တိမ်းပါးရင် မိသားစုထဲ ကျန်ရှယ်ယာ လုပ်ငန်းကျန်တော့ အခြေမယိုင်သလို ပြီးတော့ စီးပွားလည်းနယ်ချဲ့လို့ရတာမို့လေ။
ကျွန်တော်တို့ မြန်မာမှ ကလေးကို ဆယ်တန်းထိ ကျောင်းပို့ကြို တတ်ကြတုန်း၊ အနောက်နိုင်ငံ မှာတော့ ကျောင်းနေအရွယ်ဆိုရင် ကိုယ်ဖာသာသွားဘဲ အဲဒီတော့ ငယ်လေးထဲက မိဘနဲ့တွဲ မှီခိုလိုစိတ်လဲ နည်းသွားတယ်ထင်မိတာပါဘဲဗျာ။
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:47 am
အော်ပြောဘို့ကျန်သွားလို့
ဘယ်ပုံစံ ဆိုတာ ထက် အဓိက ကျတာက
ဘယ်လိုလုပ်မယ် ဘယ်လိုသုံးမယ် ဘယ်လိုခွဲဝေယူကြမယ် ဆိုတဲ့ စည်းကမ်းက အဓိက ပါလို့ပြောချင်တာပါ။