…The last day of Galon U Saw …( ပထမပိုင်း၏အဆက် )
ကြိုးစင်ရှိရာသို့ ထွက်ခွါလာကြရာ ဘုရားရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွါကြရာတွင် မြင်ရာလူကို လှမ်း၍ နှုတ်ဆက်သည်။ မမြင်ရာသူကို မေး၍ နှုတ်ဆက်လိုက်ကြောင်း မှာကြားသွားသည်။
အထူးခုံရုံးနာယက ဦးကျော်မြင့်နှင့်တကွ သူ့အပေါ် တာဝန်အရ ဆောင်ရွက်ရသည့်သူများကို အမုန်းထားမှု မရှိပါဟု ပြောကြားသွားခဲ့သည်။
ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။ ကြိုးစင်ပေါ်တွင် ဦးစောသည် သူ၏လည်ပင်းကို သူကိုယ်တိုင်ပင် ကြိုးကွင်းစွပ်လိုကြောင်း တောင်းဆိုခဲ့သည်။
သို့ရာတွင် ကြိုးစင်မှ တာဝန်ရှိသူတို့က ခွင့်မပြုခဲ့ပေ။ ထိုစဉ်က ကြိုးစင်အနီးတွင် မြန့်မာ့အလင်းအယ်ဒီတာချုပ် ဦးသန်းတင့်(ဓူဝံ) (၁၉၀၈-၁၉၈၉) လည်းရှိသည်။ ဆရာဦးသန်းတင့်သည် ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရရုပ်ရှင်နှင့်ပြဇာတ်ဌာန ညွှန်ကြားရေးဝန် အဖြစ် တာဝန် ထမ်းဆောင်နေ၏။ ဦးစောအား ကြိုးပေးသည့်သတင်းကို ရုပ်ရှင်ရိုက်ကူးရန် ဦးမျိုးမြင့် (နောင်ဗိုလ်မှူးမျိုးမြင့်) နှင့်အတူ အင်းစိန်ထောင်အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်ထောင်ကြီးအတွင်း၌ ကြိုးပေးခဲ့ကြသည့် စိန်ကြီးနှင့် ရန်ကြီးအောင် တို့ကိုလည်း အလားတူ ရုပ်ရှင်ရိုက်ကူးယူသည်။ ထိုရုပ်ရှင်ရို်က်ကူးသည့် အဖွဲထဲတွင် ဆရာဦးသန်းတင့်သည် မပါဝင်လို၍ အင်းစိန်ထောင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အကြောင်းကား စိန်ကြီးနှင့် ရန်ကြီးအောင်တို့နှစ်ဦးစလုံးသည် ဆရာဦးသန်းတင့်၏ လက်ပေါ်တွင် ကြီးပြင်းလာခဲ့ကြသူများ ဖြစ်နေသောကြောင့်ပင်။
ဂဠုန်ဦးစော၏ နောက်ဆုံးစာတစ်စောင်
ဂဠုန်ဦးစောအား ကြိုးဒဏ် အတည်ပြုပြီးနောက် ဦးစော၏ ဇနီးဒေါ်သန်းခင်က ၁၉၄၈ခု၊ ဧပြီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့နှင့် ဝန်ကြီးများထံသို့ ဦးစောအား ကြိုးဒဏ်ပေးပြီးနောက် ၎င်းရုပ်ကလာပ်ကို နေအိမ်သို့ ယူလိုပါသဖြင့် ခွင့်ပြုပါရန် လျှောက်ထားခဲ့သည်။
သို့သော် အစိုးရက ဦးစော၏ရုပ်ကလာပ်ကို ထောင်သင်္ချိုင်းမှ လွဲ၍ အခြားမည်သည့်သင်္ချိုင်းအတွင်းမှ မြှုပ်နှံခွင့် မရှိဟုဆိုသည်။ သရဏဂုံ တင်ခွင့်ကိုကား အစိုးရက ခွင့်ပြုခဲ့သည်။ ကြိုးတိုက်ထဲရောက်နေသော ဦးစောကလည်း ဇနီးဒေါ်သန်းခင်အား ပရိဒေဝမီး မတောက်လောင်စေရန် အောက်ပါအတိုင်း စာတစ်စောင်ကို ၁၉၄၈ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့က ပေးပို့လိုက်သည်။ စာပါအကြောင်းအရာမှာ-
မာမီခင်
ကျွန်တော့်အလောင်းကို အိမ်သို့မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရားနှင့်ဖြေပါ။ သတိသံဝေဂ ဖြစ်ပါ။ အနိစ္စတရားနှင့် အနတ္တတရားများကို ပွားများပါ။ သေပြီးဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီ(ဒေါ်သန်းခင်) တို့ ဒုက္ခမရှာပါနှင့်တော့။ သေသူကို ရည်ရွယ်၍ ပဉ္စင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကိုပြုပါက မာမီတို့မှာ ကုသိုလ်ရနိုင်ပါသည်။ ဤသို့သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။
(ပုံ) မောင်စော – ဟူ၍ဖြစ်သည်။
သာယာဝတီ ဦးသန်းမြင့်က (၁၅. ၇. ၇၁)နေ့ထုတ် အိုးဝေဂျာနယ်တွင် ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ခေါင်းစဉ်ဖြင့် ယခုလိုရေးသားခဲ့သည်။
ထိုနေ့ကား ၁၉၄၈ခု၊ မေလ(၈)ရက်နေ့ အရုဏ်ဦးပင်ဖြစ်သည်။ နံနက်ခင်း၏ ပူနွေးသောအရုဏ်ဦး၏ ရောင်ခြည်သည် ခင်ဆိုင်းဆိုင်း ခပ်မှိုင်းမှိုင်းဖြင့်ရှိစဉ် အင်းစိန်ထောင်ကြီး၏ဗူးဝတွင် တရားရေးရာဌာနအတွင်းဝန် ဦးစံညွန့်၊
အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ရဲချုပ်၊ ရဲမင်းကြီးများ၊ တရားသူကြီးများ၊ ဆရာဝန်များနှင့် ခွင့်ပြုချက်ဖြစ်ရောက်ရှိလာကြသော စစ်ဘက်၊ နယ်ဘက်မှ အရာရှိများသည် စုဝေးရောက်ရှိနေကြလေပြီ။
အင်းစိန်ထောင်မှ ထောင်ပိုင်ကြီးဦးတင်မောင်သည် ရောက်ရှိလာကြသော ဌာနဆိုင်ရာများအား ခရီးဦးကြိုပြုလျက် ထောင်ကြီးအတွင်းသို့ ၎င်းကပင် ေ့ရှဆောင်ခေါ်ယူသွားပြီး ယနေ့နံနက်နေမထွက်မီအပြီး ဆောင်ရွက်ရမည်ဖြစ်သော လုပ်ငန်းတစ်ခုအတွက် အမှားအယွင်း အတိမ်းအစောင်းမရှိအောင် ပိပိရိရိ ဆောင်ရွက်ထားပြီးသား ကိစ္စများကို ထပ်လောင်းစစ်ဆေးနိုင်ရန် တင်ပြနေသည်။
ယင်းကိစ္စကား အခြားမဟုတ်။ လုပ်ကြံမှုတရားခံ ဦးစောတို့အား အချိန်မီ ကြိုးမိန့်ပေးရန် အစီအစဉ်ပင်ဖြစ်ပေသည်။ ဦးစောသည် ၎င်း၏လွတ်မြောက်ရေးကို နည်းမျိုးစုံဖြင့် ကြိုးစားသေးသည်။ အယူခံများ၊ အသနားခံစာများ အဆင့်ဆင့်ဖြင့် တစ်မျိုး၊ ၎င်း၏အားကိုးရာ နိုင်ငံခြား သံရုံးတစ်ရုံးသို့ လျှို့ဝှက် အကူအညီ တောင်းခံသည်ကတစ်ဖုံ၊ နောက်ဆုံး ဦးစောသည် သူ့ကိုယ်သူ လုပ်ကြံရန်ပင် ကြံစည်ခဲ့သည်။
သို့သော် သူ၏ကြိုးစားမှုများမှာ အရာမထင်ခဲ့။ အထမမြောက်ခဲ့ပေ။ မျှော်လင့်ချက်ကုန်ဆုံးသည်နှင့် ဦးစောသည် သူလိုချင်သော အခွင်အရေးများကို တန်းစီတောင်းတော့သည်။ ၎င်းတို့မှာ သူ့အတွက် သေဒဏ်အတည်ဖြစ်လျှင် လက်ထိတ်မခပ်ဘဲ ကြိုးစင်သို့ တင်ရန်၊ ၎င်း၏ဘဝကူးကောင်းရန် သူ့အား ဘာမျှမပြောကြတော့ဘဲ ဆိတ်ငြိမ်စွာနေခွင့်ပြုရန်နှင့် လယ်တီဆရာတော်ကြီး
ရေးသားပြုစုထားသော တရားစာအုပ်များ၊ ဒီပနီများကို ဝယ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။
တစ်နေ့ – ဦးစောနှင့် ၎င်းအတွက် အထူးတာဝန်ချထားသူ ထောင်အရာရှိငယ် (ဒုထောင်မှူး) တစ်ဦးတို့ စကားစပ်မိကြသည်။ ဦးစောက တရားသံဝေဂသံပါပါနှင့် သွယ်ဝိုက်ဖြောင့်ချက်ပေးသကဲ့သို့ပြောခဲ့သည်မှာ-
ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား
“ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ တကယ်တော့ မည်ကာမတ္တ ဗုဒ္ဓဘာသာမျှသာ ဖြစ်ခဲ့တာကို ခုလို တရားစာပေလေ့လာမိမှ ပိုပြီး သိရတယ်။ ကျုပ်ဟာ လောကမှာရှိတဲ့ မကောင်းမှုမှန်သမျှ မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။ ကျုပ်ဟာ လောကရဲ့ခံစားရမယ့် အကောင်းဆုံးတွေကို လည်း မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” – ဟု ဖွင့်ဟဝန်ခံလျက်
“ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြ အဆောင်အယောင် တစ်ခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြန်ညကို ကျုပ်ကြိုက်တဲ့ပုံစံသွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်မထင်မိဘူးဟု ဖွင့်အံခဲ့သည်။
ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီး တစ်ခုကြောင့် သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။
“အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ ဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှားကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကို အောင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်”
(မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။
“ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင်မဟုတ်ဘဲ ကျုပ်ရဲ့အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ ဒါဟာ ကျုပ်ရဲ့ မဟာအမှားကြီးပါပဲ။ နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန်ခို်က်တယ် ဆိုတာသိရတော့ နောက်ကျသွားပြီ။”
“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသမားဖြစ်လိုက်၊ သေနက် ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံးခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။ နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင် တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်” ဟုဝမ်းနည်းစွာ ပြောခဲ့သည်။ ၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ ရေစက်ချသွားခဲ့သည်။
ကြိုးဒဏ်ပေးပုံ မြင်ကွင်းကျယ်
ကြိုးတိုက်ေ့ရှသို့ ကျွန်တော်တို့ အရောက်တွင် ဦးစောသည် အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်သည်။ ကြိုးတိုက်တွင်းရှိ ဦးစော၏ ဆင်းတုကလေးတွင် ဆီမီးပတ်လည်၊ ကော်ဖီဆွမ်း၊ မုန့်ဆွမ်းများဖြင့် ပန်းရေချမ်းများပါ ဝေဝေဆာဆာ ကပ်လှူထားသည်ကို တွေ့ရသည်။
ဦးစော၏ အစားအသောက်တာဝန်ကို ယူရသော အကျဉ်းသားကလေး မောင်စင်ကာပူမှာ ၎င်း၏ဆရာအတွက် နံနက်စာကို နံနက်သုံးနာရီကပင် အသင့်စီစဉ်ပေးသော်လည်း ဦးစောကား စားမသွားတော့ပေ။ ဦးစောသည် ၎င်း၏ကိုယ်တွင် သူ၏ဇနီး ဒေါ်သန်းခင် (မာမီကြီး) အကြိုက်ဟုပြောသော အဝါရောင် ပိုးရှမ်းဘောင်းဘီ၊ အပြာနုရောင် ပိုးရှပ်လက်တို၊ ရေညှိရောင် မော်လမြိုင် ရှေ့ထိုးဖိနပ်များဖြင့် သပ်ရပ်စွာ ဝတ်ဆင်လျက် အသင့်ရှိနေသည်။
ကျန်ခဲ့သော သူပိုင်ပစ္စည်းလေးများကို သူပေးလိုသူများ၏ အမည်ဖြင့် ယှဉ်လျက် သူ့ခုတင်ပေါ်တွင် တန်းစီတင်ခဲ့ပြီး ၎င်းနှင့် အတူရှိနေသော အရာရှိငယ်တစ်ဦးအား လွှဲအပ်ခဲ့သေးသည်။ ထောင်မှူးကြီးဦးစံတင်သည် ကြိုးကျ တရားခံများ ဝတ်စားရမြဲဖြစ်သည့် အင်္ကျီဖြူ အရှေ့ကျောကွဲ (ဝတ်ရုံဖြူ) ကို လက်တစ်ဖက်ပေါ် တင်လျှက် ကျန်လက်တစ်ဖက်မှ ဦးစော၏ ကြိုးတိုက်သံတံခါး သော့ကို ဖွင့်မည်ပြုစဉ် –
“ဒီဟာကြီးကို ဟိုပေါ်ရောက်မှ ဝတ်ပေးရင် မဖြစ်ဘူးလား” ဟု ဦးစောက ပြောလိုက်ရာ ထောင်မှူးးကြီး၏ တံခါးဖွင့်နေသောလက်သည် တန့်သွားပြီး သက်ဆိုင်ရာအရာရှိများ၏ မျက်နှာကို ဆင့်ကဲဆင့်ကဲ ကြည့်လိုက်သည်။ to be continue
4 comments
koyinmaung
August 24, 2011 at 10:21 pm
ဒီအကြောင်းအရာတွေသိချင်တာကြာပါပြီ..
ခုမှဘဲဖတ်ရတယ် ကျေးဇူးပါဘဲ….
ဆူး
August 24, 2011 at 11:38 pm
၂၀၁ဝ ကတည်းက တင်ထားတာပဲ အခုမှ မန်းတာ မြင်မှ သိတယ်။
ဒီရက်ပိုင်း တင်ထားတာ ထင်လို့ မတွေ့ဘူး ဆိုပြီး ကြည့်နေတာ..
ကြောင်ကြီး
August 25, 2011 at 7:49 am
မသိသေးသူများ ဖတ်နိုင်အောင် ကွန်းမန့်ဆက်ရှင်မှာ ပြန်တင်ပေးလိုက်ပါတယ်။ အပိုင်းတစ်နဲ့အပိုင်းသုံး ဇတ်သိမ်းကို ပို့စ်အောက်ခြေက related posts နေရာမှာ ရှာဖတ်နိုင်ပါတယ်။ ရွာထဲက ကျနော်တို့ ဇာတ်လိုက်ကြီး ဦးဖက်ရဲ့ လက်ရာပါ။ စကားမစပ်ပြောရရင် ဦးဖက်က မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လုပ်သူ ဒါရိုက်တာလုပ်ခဲ့ပါတယ်။ အရင်က တီဗွီမှာ အမြဲမြင်နေရတဲ့ ဒို့တာဝန်သုံးပါး စာတန်းကို သူစီစဉ်ခဲ့တာပါ။
fatty
August 25, 2011 at 8:33 pm
အခုတော့မမြင်ရအောင်ကျနော်ဘဲပြန်ဖျက်လိုက်တာပါ။ တလက်စထဲ သတင်းစာထဲက BBC VOA RFA
DVB တွေပါ အကုန်ဖျက်ခဲ့တယ် ..။