Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တကယ် မသေပါနဲ့ – (ဦး)မင်းလူ

မြစပဲရိုးAugust 15, 20131min95425

ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး..။

ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။

ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။

အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး..။

ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်..။

စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။

ဒီလိုပဲ..
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။

မင်းလူ

25 comments

  • ချစ်လင်းအိမ်

    August 15, 2013 at 4:33 am

    အရသာရှိစွာဖြင့် ဖတ်ရှုသွားပါတယ်အရီးရေ။

  • Ma Ma

    August 15, 2013 at 7:34 am

    ဖေ့စ်ဘုတ်မှာ မင်းလူ၏ဝတ္ထုတိုများ လင့်ခ်ကို လိုက်ခ်လုပ်ပြီး ဆရာ့စာတွေ ဖတ်နေတာ။
    သာဓု မျိုးဆက်တွေရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုနဲ့ စာရေးတာတွေကို သဘောကျတယ်။
    သူ့စာတွေကနေ သူရဲ့ ဖြောင့်စင်းတဲ့ စိတ်ဓာတ်တွေကိုလည်း မြင်နေရလို့ လေးလည်းလေးစားမိတယ်။
    အင်မတန် နှမြောဖို့ ကောင်းပါတယ်။

  • Mr. MarGa

    August 15, 2013 at 8:52 am

    အွမ်
    ဒီကဗျာလေးကို ကျွန်တော် တင်မလို့ တေးထားတာ အရီးက ဦးသွားတယ်
    ကျွန်တော် အကြိုက်ဆုံး အလေးစားဆုံး စာရေးဆရာပါဗျာ
    သာဓုအုပ်စုရဲ့ နောက်ဆုံးလက်ကျန် ကြယ်တစ်ပွင့် ကြွေလွင့်ပြီပေါ့….. :byae:

  • ကိုသု

    August 15, 2013 at 9:26 am

    ဆရာမင်းလူတို့ညီအစ်ကိုတွေကဒီလောက်ပဲသက်တမ်းပါကြသလားမသိပါဘူး။ ဦးသုမောင် လဲ ဆရာမင်းလူ ဒီလိုအသက်လောက်မှာပဲကြွေသွားတယ်ထင်တယ်။

  • ဦးကျောက်ခဲ

    August 15, 2013 at 9:40 am

    ရှေ့ကမှော်ဆရာ ခေါင်းလောင်းမြည်ပြီးထွက်သွားတာ ၉နှစ်ပြည့်မို့ အလွမ်းမပြေသေးခင်…
    သဘာဝအုပ်စုညီအကိုတွေ တန်းစီချီတက်သွားလိုက်တာ အခုဆရာ့အလှည့်…
    ဘယ် ဝထ္ထုကိုအကြိုက်ဆုံးလဲ မေးရင်တောင် ဖြေရခက်အောင် စာရေးကောင်းသူမို့…
    ငြိမ်းချမ်းရာ အရပ်မှာ ညီအကိုတွေ ဆေးပေါ့လိပ်အတူဖွာရင်း…
    အနုပညာအကြောင်း ဆွေးနွေးနိုင်ပါစေလို့…
    🙁

  • kyeemite

    August 15, 2013 at 9:55 am

    “ပွဲသိမ်းခရာ မမှုတ်သေးခင်
    ရှုံးပြီလို့မပြောပါနဲ့ဦး..။”
    ဗိုလ်ချုပ်မိန့်ခွန်းထဲက လှေပြိုင်ပွဲအကြောင်းပြောသွားတာသတိရသွားတယ်
    ပန်းတိုင်မရောက်သေးခင်လက်မလျှော့ဖို့….ပေါ့
    ဆရာမင်းလူ၏ဝတ္ထုတွေကိုသိပ်ကြိုက်တယ်ဗျာ…
    သုမောင်လည်းစာရေးကောင်းတာပဲ…ဖအေတူသားတွေ..

  • kyeemite

    August 15, 2013 at 9:59 am

    ဖေ့ဘုတ်မှာ ဆရာအော်ပီကျယ်တင်ထားတဲ့အောက်ပါစာသားလေးတွေ့မှသိလိုက်တယ်..နှမြောစရာ
    “စာရေးဆရာ (ဦး) မင်းလူ (ကိုဉာဏ်)သည် (၁၄-၈-၁၃) ရက် ၊ ည (၁၁း၁၅) နာရီ၌ ကွယ်လွန်သွားကြောင်း ကြားသိရသည့် အတွက် အာရှအလင်းဂျာနယ်မှ မိသားစုနှင့် ထပ်မျှတူ ဝမ်းနည်းကြေကွဲရကြောင်းစာပေလောကအတွက်လည်း များစွာ နှမျောတသ ဖြစ်မိကြောင်း မှတ်တမ်းရေးထိုးအပ်ပါသည်။( အယ်ဒီတာ အဖွဲ့)” 😥

  • ရွှေမိုးတိမ်

    August 15, 2013 at 10:00 am

    ကျနော့ဆယ်ကျော်သက် ဘွ တစ်လျှောက်လုံး နှစ်နှစ်ခြိုက်ခြိုက်ဖတ်ခဲ့ရတာ ဆရာ့စာအုပ်တွေလဲအပါအဝင်ပေါ့ ။

  • kyeemite

    August 15, 2013 at 10:25 am

    ဒီမှာလည်း လက်ဖြားခါလောက်တဲ့ကဗျာတစ်ပုဒ်…ဖေ့ဘုတ်ကမလာတယ်…ရွာသူ ပုချ် ရှယ်ထားတာ…
    ယောကျာင်္းကလေးများအဖို့
    တစ်ထွာသော ဆံပင်သည်
    အရှည်ကြီးဖြစ်၏။

    မိန်းကလေးများအဖို့
    တစ်ထွာသောဆံပင်သည်
    တိုတိုကလေးဖြစ်၏။

    ဘတ်စ်ကားပေါ်မှ လူအဖို့
    အင်းစိန်နှင့် ရန်ကုန်ခရီးသည်
    အဝေးကြီး ဖြစ်၏။

    ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
    အင်းစိန်နှင့် ရန်ကုန်ခရီးသည်
    နီးနီးကလေးဖြစ်၏။

    တောင်အောက်မှ လူအဖို့
    ထိုလမ်းသည်
    အတက်ဖြစ်၏။

    တောင်ပေါ်မှ လူအဖို့
    ထိုလမ်းသည်
    အဆင်းဖြစ်၏။

    ညအဖို့
    ၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
    နေ့အဖို့
    ၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

    လူကြီးများအဖို့
    အချစ်သည် အတိတ်ဖြစ်၏။
    လူငယ်များအဖို့
    အချစ်သည် အနာဂတ်ဖြစ်၏။ ။

    မင်းလူ

  • Mahar Myanmar

    August 15, 2013 at 10:40 am

    သူ့ အစ်ကို ဒါရိုက်တာ မောင်ဝဏ္ဏပြောဘူး တယ်..
    ကတ္တီပါ ဘိနပ်စီး ရွှေထီးဆောင်း နဲ့ လျမ်းလျမ်း တောက် အောင်မြင်တုန်း က
    ည ဘက် ရန်ကုန် လမ်းဘေး သေးပန်း ဖို့ အမှောင် ခို တာ ရဲ က မသင်္ကာ လို့ တဲ့
    ဆွဲစိ သွား တာ… သူ က ဒါရို်က်တာ မောင်ဝဏ္ဏ ပါ ဆို တာ ကို ရဲ က မယုံ ဘူး လေ..
    ပုဆိုး တိုတို မျက်နှာ စုတ်ချွန်းချွန်း ဥပတိ ရုပ် နဲ့ လူ ကို ရဲ က ဘယ် ယုံ နိုင် မလဲ
    မနည်း ဖြေရှင်း ခဲ့ ရပါ တယ် တဲ့…
    ညီ အစ်ကို တွေ တော် ကြတယ်…

  • garfield

    August 15, 2013 at 10:51 am

    “ဘာတွေဖြစ်ကုန်ကြပြီလဲ”
    (၁)

    အော်…… ဒုက္ခ ဒုက္ခ
    သူတို့ကြီးစိုးတဲ့ခေတ်မှာ
    အာဇာနည်ဖြစ်ရတာ
    မစားသာပါလားနော်။
    တနှစ်တခါ
    ဝတ်ကျေတန်းကျေ အလေးပြုခံရ
    ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
    တလျှောက်လုံးအော်ခဲ့ပြီး
    မအောင်မြင်ပဲကျဆုံးတော့မှ
    ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
    လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
    သမီးအရင်းရင်း ခေါက်ခေါက်တောင်
    လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

    (၂)

    ရွှေတိဂုံစေတီတော် ဝတ္တကမြေထဲမှာ
    ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
    အာဇာနည်ဗိမာန်ကို
    လှိုင်သာယာ ပို့မပစ်တာပဲ
    ကျေးဇူးတင်ရမလိုလို
    တိုင်းပြည်ကို ချစ်သောတပ်မတော်
    မျိုးချစ်စိတ်ရှိသောတပ်မတော်
    ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
    ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
    သောက်ကျိုးနဲတော်တဲ့တပ်မတော်
    လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
    မြည်နေတဲ့တပ်မတော်
    အိမ်ယာမဲ့တွေကို
    ရေမီးအစုံနဲ့
    ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
    ဟုတ်တယ်လေ
    မိုးတွင်းမှာရေကြီးတယ်
    နွေမှာမီးလောင်တယ်
    ဒါကရေမီးအစုံမဟုတ်ဘူးလား

    (၃)

    ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
    သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
    ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
    ပြီးတော့သူတို့ပဲ
    ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
    နားမလည်နိုင်စရာ။
    စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
    ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
    ကြားဖူးပါတယ်အောက်မေ့နေ
    လက်စသတ်တော့
    စတားဝါး စီမံကိန်းကို
    ကာကွယ်ပြောကြားသွားတဲ့
    အမေရိကန် သမ္မတစကားနဲ့
    သွားတူနေတာပါကလား
    “ ရေဂင် ” အလုံးက
    သူ့ပါးစပ်ထဲရောက်နေတာကိုး။
    သတင်းစာဆရာကြီးများတဲ့အတိုင်း
    မိမိတို့အနေဖြင့်
    ဟဝှာပြုလျှင် ဟဝှာပြုမည်ဖြစ်ကြေင်း
    ဟဝှာမပြုလျှင် ဟဝှာမပြုမည်ဖြစ်ကြောင်း
    ထို့ကြောင့်
    ဟဝှာပြုစေလိုကြောင်း…..
    သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
    ရှင်းလင်းချက်ပေါ့
    ရှင်းပါတယ်နော်။

    (၄)
    ဟိုတယောက်လေ
    တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
    ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
    ဘာမှလည်းနားမလည်ဘဲနဲ့
    အဲဒါပေါ့
    လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
    လာပါပြီ…. လာပါပြီ….
    နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
    ဥက္ကဌတဲ့…..

    (၅)

    သူ့ရဲ့ အနှစ်ဆုံးဝါသနာက
    မိန့်ခွန်းပြောခြင်းပါတဲ့
    “ ကိုယ်မပြောချင်ဘူး
    ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
    အဲဒါကဘာလဲဆိုရင်
    ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
    မှတ်သားလောက်ပါပေရဲ့
    “ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
    ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
    ဟုတ်ကဲ့
    ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
    တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
    တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
    လုပ်ဆိုတဲ့အထဲမှာ
    အခြေခံဥပဒေနဲ့
    အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
    အခြေခံဥပဒေဆိုတာ
    မာရှယ်လောဥပဒေလို
    ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
    အာဏာလွှဲတယ်ဆိုတာ
    အာဏာသိမ်းသလို
    ပြီးစလွယ် လုပ်လို့မရဘူးတဲ့

    (၆)

    ဒါပေမယ့်
    လွှဲမှာပါ.. လွှဲမှာပါ..
    ပုခက်လွှဲသလို လွှဲမှာပါ
    ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
    ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
    တခါလာလဲ ဒေါက်တာမောင်မောင်
    တခါလာလဲ ဒေါက်တာမောင်မောင်
    စာအုပ်ကြော်ငြာပေးတာလား
    ဒါဆိုဒီလိုလုပ်လေ
    ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
    ဆရာမောင်ဆေးနီမှုန့်တထုပ်
    လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
    သိပ်ရောင်းကောင်းမယ်နော်။
    ဒါနဲ့နေစမ်းပါအုံး
    မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
    သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
    ရှေးက ကဗျာတပုဒ်ထဲက
    စာကြောင်းတကြောင်း သတိရမိတယ်
    “ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
    နိဂုံးချုပ်အားဖြင့်ပြောရရင်
    တပ်မတော်ရဲ့
    လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
    “ ဒို့အဖေကြီးမို့ကာကွယ်မလေ
    ဒို့အဖေကြီးမို့ကာကွယ်မလေ
    ဒို့အဖေကြီးမို့ကာကွယ်မလေ ”
    အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

    မင်းလူ(၁၉၈၉)

  • GARFIELD

    August 15, 2013 at 11:19 am

    တန်ဖိုးရှိတဲ့ စာရေးဆရာဆိုတာ
    အရက်ကောင်းတစ်ပုလင်းလိုပဲ
    ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
    ပြန်သောက်တိုင်း အရသာရှိတယ်လေ..။

    ခင်မင်လျက်-
    ဂါဂါးကြီး

  • GARFIELD

    August 15, 2013 at 11:27 am

    သေမင်းက ကျုပ်က သုမောင်ကို
    လက်ဖြန့်တောင်းသွားပြီးပြီ…
    ကိုတိုးကြီးကိုလဲ အလစ်သုတ်သွားတာ…
    ခပ်ဝေးဝေးရေမြေခြားမှာပေါ့…
    အခု မင်းလူကို လက်တို့ ယူသွားပြန်ပြီ…
    ညီထွဋ်ကြီးကိုတော့ ခဏလောက်ချန်ထားပေးပါဦး…

    ခင်မင်လျက်-
    ဂါဂါးကြီး

  • Min Zarni

    August 15, 2013 at 11:42 am

    ကိုရွှေဘုန်း ကိုရဲဝင်း တို့နဲ့ ခညား ဝိုင်းခြင်းသွားခတ်တာ ..
    ကနော် ငိုစရာလား ဦးလေးရယ်..

    • Min Zarni

      August 15, 2013 at 11:45 am

      ခင်ခိုင် ဆိုတဲ့ မိန်းမကို ကျုပ်တော့ သိပ် အကဲမရဘူးဗျ..။
      မြမြဖူး ကို အသည်း ယားတယ်..ဗျာ အဲ .. ဒါပေသိ ..
      လှထုံကိုတော့ သနားချစ် ချစ်မိပြန်တယ်.. ခင်လေးခင်က တော့ မြေသားပိုဆန်ချင် ဆန်မပေါ့ဗျာ ဒါပေသိ
      ကျုပ်ကို ဦးနှောက်နဲ့ ရွေးပါဆိုရင်တော့ တင်မေထွန်း ကို သဘောအကျဆုံးပဲဗျို့ ..။
      ဇင်ဇင် ကတော့ ဘယ်အချိန်ကြည့်ကြည့် ကျနော့်ထက် ငယ်မလိုပဲဗျာ..။ တခါတလေ ကျ ရင့်ကျက်တဲ့
      ကောင်မလေးငယ်ငယ်လေးတွေကို သဘောကျတတ်သေးတာကလား…။
      ဒီလိုပဲ .. ကျနော် အလှပဂေး အိအိချို ကိုလည်း မေ့မရဘူးရယ်။ ခေတ်ပြိုင်သာဖြစ်ကြည့် ကျုပ်ကိုလည်း
      သဗုံရုပ်ပေါက်နေလို့ ပြန်ကြိုက်အံ့မထင်။ သက်ထားကတော့ ထူးမခြားနားတဲ့ အိမ်ရှင်မတယောက် ထက်မပိုနိုင်ဘူးဗျ..။
      နို့ပေတဲ့ .. လှိုင်ထိပ်ထားဦး ကတော့ အဆိပ်ပြင်းမယ့်ပုံဗျ။ အေးအေးဝင်း နဲ့ နွေဦး ကျတော့ ကျနော် စိတ်မဝင်စားဘူးလေ..။
      ခင်ခင်ကြည် အကြောင်းတော့ ကျုပ် သိပ်မသိဘူးဗျ…အဲ့လိုနဲ့ပဲ …အော်..

  • အရီးခင်

    August 15, 2013 at 2:02 pm

    တကယ်ဘဲ ကျားသစ် ရဲ့အရေခွံ ကို ဆုတ်လိုက်ပြီပေါ့။
    (ဦး) မင်းလူ ကောင်းရာသုဂတိလားပါစေ။

    ဝင်ရောက် လွမ်းပေးကြတဲ့
    ချစ်လင်းအိမ်၊ ချစ်မမ၊ ဖိုးသိကြား၊ ကိုသု၊ ကိုကျောက်၊ ကကြီးမိုက်၊ ရွှေမိုးတိမ်၊ကိုမဟာ၊ ကေဇီလေး၊ ကြောင်ဝလေး၊ မောင်ဂီ တို့ကို ကျေးဇူးတင်ပါတယ်။

    ကျော်ကွန့်၊ လှထုံ၊ မောင်ဝ၊ ရွှေကြည်၊ ဖိုးနီ၊ ကိုကြီးငွေ၊ မသီး၊ ပွကြီး၊ ပတေး၊ ဘာနူး၊ ကိုစာကလေး၊ ဦးကုလား၊ ဒေါ်ခင်တီ၊ ဓာတ်ခဲ၊ ဉာဏ်စိန်၊ မလုံး ၊ ကိုပိန်၊ ဒေါမှိန်၊ ဦးရှင်ကြီးတင်သည့် ဦးဖိုးဗြော့၊
    မြို့မကျ၊ ရွာမက နေရာလေး မှာ နေသူ တွေ သူ့ ကို လွမ်း နေကြတော့မယ်။
    သူ့ဇာတ်ကောင် တွေကို အင်မတန် ချစ်ဖို့ ကောင်းအောင် ဖွဲ့ ပြတာ ကို ဖတ်ရင်း လူတိုင်း ဟာ ချစ်ဖို့ ကောင်း တာ ကို မြင်လာခဲ့တာ။

    ဂဇက် ရွာ ထဲ က ဇာတ်ကောင် တွေ လဲ လွမ်း နေကြပါတယ် ဦးမင်းလူ ရေ။
    သွားနှင့်ပေဦးပေါ့။

    😥

  • ကထူးဆန်း

    August 15, 2013 at 2:02 pm

    Face book ပေါ်မှကူးယူပါသည်။

    ……………………

    ဩဂုတ်လဆိုတာ…
    ကြယ်တွေကြွေတတ်တဲ့လလား…။

    အဖြစ်အပျက်တွေက
    အတွေးမှားချင်စရာ ၊

    ဒီ ဩဂုတ်လမှာ
    ထူးအိမ်သင် ဆုံးတယ်…
    ဒီ ဩဂုတ်လမှာ
    ဆရာမင်းသုဝဏ် ဆုံးတယ်…
    ဒီ ဩဂုတ်လမှာ
    တာရာမင်းဝေ ဆုံးတယ်
    ဒီ ဩဂုတ်လမှာ
    ဆရာနန္ဒာသိန်းဇံ ဆုံးတယ်
    ဒီ ဩဂုတ်လမှာ
    ဆရာမောင်ဝံသ ဆုံးတယ်…
    ခုကြည့်…
    ဒီ ဩဂုတ်လမှာပဲ
    ဆရာမင်းလူဆုံးပြန်ပြီ….၊

    ဩဂုတ်လရေ…
    ငါတို့ကြယ်တွေကို နှမြောလေသမျှ
    နင့်ကိုပဲ အပြစ်ပုံရတော့မှာလား…
    တိုက်ဆိုင်မှုတွေက
    ခါး…လိုက်…တာ….။

    လင်းအောင်ပြည့်
    ( ဩဂုတ်လအတွင်း ကြွေလွင့်သွားသော အဖိုးတန်ကြယ်ပွင့်များသို့ )
    14.8.2013

  • အလင်းဆက်

    August 15, 2013 at 4:04 pm

    မသေစေချင်သေးတဲ့ ချစ်တဲ့လူတွေ စာရင်းထဲ
    မင်းလူ လည်းပါနေတယ်

    မင်းလူရဲ ့အချစ်ဝတ္ထုတွေ
    သဘာဝကျကျ ဟာသတွေ
    အထေ့အငေါ့ စာသားတွေ
    ပြောင်မြောက်တဲ့ စာပေလက်ရာတွေ ကို
    တရှိုက်မက်မက် စွဲလမ်းဖူးတယ်

    မသေစေချင်သေးဘဘူး

    အရမ်းးးးးးးးးးးးးနှမြောတယ်

  • kai

    August 16, 2013 at 3:54 am


    လူတကာမင်းပြောင်းပြန်
    သူဟာ မင်း(ငါ)တို့အတွက်…
    “ဩဇာ”ရှိတဲ့.. စာရေးဆရာတယောက်ပေါ့…။
    ဩဇာသီးတွေကြွေနေတာ
    သဘာဝကျတဲ့… သဘာဝတရားတော့မဟုတ်
    တရားအမြင်နဲ့ကိုင်ကြည့်ရင်တောင်
    ယိုင်ယိုင်ကျနေတတ်တဲ့
    ဩဂတ်စ်လကို မုန်းမိတော့တယ်..။

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 9:39 am

    သူ …
    တကယ် မသေပါဘူး ..
    အခုတောင် ..
    ဒီစာမျက်နှာထက် ..
    သူ …
    အသက်ရှင်လျက် ရှိနေသေးတာပဲ ….။

  • မြစပဲရိုး

    August 14, 2015 at 1:44 am

    (ဦး) မင်းလူ တကယ်မသေပါ။ သူ့စာများ ရှင်သန် နေဆဲ။။
    +++++++++++++++++++++++++++++++++++++

    ကျွန်ုပ်တို့ဘက်မှ အကျအဆုံးများသည်
    (ပထမပိုင်း)
    ‘ဟေ့… ရပ်လိုက်၊ ဘယ်သူလဲ’
    ‘အချစ်ပါခင်ဗျာ’
    ‘ဘယ်ကအချစ်လဲ’
    ‘နှလုံးသားမြို့နယ်ကအချစ်ပါ’
    ‘မှတ်ပုံတင်ပါသလား’
    ‘မေတ္တာကောင်စီကထောက်ခံစာပါပါတယ်’
    ‘ဒါပေမယ့်… မင်းကိုရှာဖွေရဦးမယ်’
    ‘လက်နှက်ဆိုလို့ မဲ့ပြုံးလေးတစ်ခုတောင်
    မပါပါဘူးခင်ဗျာ’
    ‘ဘာကိစ္စလာတာလဲ’
    ‘လက်ဆောင်တွေလာပို့တာပါ’
    ‘ဘာလက်ဆောင်လဲ’
    ‘သစ္စာတရားနဲ့ယုယမှုတွေပါခင်ဗျာ’
    ‘ဒါဆိုရင်လည်းဝင်ခဲ့လေကွယ်’
    (ဒုတိယပိုင်း)
    ‘ဟေ့… ရပ်လိုက်၊ ဘယ်သူလဲ’
    ‘ငါ… အမုန်းကွ’
    ‘ဘယ်ကအမုန်းလဲ’
    ‘အစိမ်းရောင်နယ်မြေက’
    ‘မှတ်ပုံတင်ပါသလား’
    ‘မပါဘူး၊ ရက်စက်မှုနဲ့ မျက်စောင်းတစ်ခုပဲ ပါတယ်’
    ‘ဘာကိစ္စလဲ’
    ‘လက်ဆောင်ပေးမလို့’
    ‘ဘာလက်ဆောင်လဲ’
    ‘မျက်ရည်”အို…မလိုချင်ဘူး၊ သွား… သွား’
    ‘မလိုချင်လို့မရဘူး၊ မင်းကိုဝိုင်းမိထားပြီ၊
    လက်မြှောက်လိုက်’
    ‘ကျွန်တော့်ကိုချမ်းသာပေးပါခင်ဗျာ”မရဘူး၊ ဟေ့.. ဘာလို့ပြေးတာလဲ၊ ရပ်လိုက်’
    ‘… … …’
    ‘အမုန်းတဲ့ကွ… ပြေးနိုင်မှ လွတ်စေ့မနော်၊
    လိုက်ဟ… လိုက်ဟ’
    (ပြီးပါပြီ)
    မင်းလူ

    ++++++++++++++++++++++++++

    “တရားခံ”
    ======
    တကယ်လို့သာ
    ပန်းသီးတစ်လုံးဟာ
    ကြွေမကျခဲ့ဘူးဆိုရင်
    နျူတန်ကလည်း မမြင်လိုက်ဘူး (သို့မဟုတ်)
    အမှုမဲ့ အမှတ်မဲ့နေလိုက်မယ်ဆိုရင်
    ကမ္ဘာ့ဆွဲငင်အားလည်းဖြစ်လာမှာမဟုတ်
    ကျွန်တော်လည်း သစ်ပင်ပေါ်က
    ပြုတ်ကျမှမဟုတ်။
    တကယ်လို့သာ
    အက်ဒီဆင်သာ လူပျင်းတစ်ယောက်ဆိုရင်
    မြစ်ဆုံက တန်ဖဲရွာလည်း အေးဆေးပဲ
    မီတာထိန်းသိမ်းခလည်း ပေးရမှာမဟုတ်။
    တကယ်လို့သာ
    ဘေလ်ဂိတ်၊ စတိဂျော့၊ ဇက်ကာဘတ်တို့သာ
    ခြေဆော့လက်ဆော့မလုပ်ခဲ့ဘူးဆိုရင်
    နေဘုန်းလတ်လည်း ဘလော့ဂါဖြစ်မှာမဟုတ်
    သူ့မိဘတွေလည်း ဘားအံကိုရောက်ဖူးမှာမဟုတ်။
    တကယ်လို့သာ
    အာဒမ်တစ်ယောက်
    လူပျိုကြီးဘဝနဲ့ အရိုးထုတ်ချင်တဲ့စိတ်ပေါ်ခဲ့မယ်
    ဆိုရင်…. ။ ။
    – မင်းလူ
    ——————————-
    (“တစ်ကိုယ်တော်မဂ္ဂဇင်း”မှ…)

  • မြစပဲရိုး

    August 14, 2015 at 1:45 am

    အချစ်ကို ခံစားကြည့်စေဖို့ဆိုတာကလည်း ရုပ်မြင်သံကြားကနေကြော်ငြာပြီး ဆွဲဆောင်စည်းရုံးလို့
    ရနိုင်တာမျိုးမဟုတ်။ မန္တလေးက ထိုးမုန့်ဆိုင်တွေလို နည်းနည်းစီ နမူနာဝင်မြည်းကြည့်လို့ ရတာမျိုးလည်း
    မဟုတ်။ လက်ဆောင်ရသော ပက်ကင်ပိတ်သေတ္တာတစ်လုံးကဲ့သို့သာဖြစ်၏။ အထဲမှာဘာရှိမှန်း ကြိုတင်မသိနိုင်။
    ဖွင့်ကြည့်လိုက်တော့မှ အတွင်းမှာ ပန်းကလေးတစ်ပွင့် ဖြစ်ချင်ဖြစ်နေမည်။ တေးဆိုတတ်သော ငှက်ကလေး
    တစ်ကောင် ပါချင်ပါလာမည်။ ဓားတစ်လက် ခုန်ထွက်လာပြီး ရင်ကို ခွဲချင်ခွဲလိမ့်မည်။ တကယ်လို့
    စနက်တံဖြုတ်ပြီးသား လက်ပစ်ဗုံးတစ်လုံးကို တွေ့မြင်လိုက်ရရင်တောင် ဒါဟာ အချစ်ပဲဟု
    ကျေနပ်ကြည်ဖြူစွာ လက်ခံနိုင်ဖို့ လိုပါသည်။
    – မင်းလူ
    ———————–
    (“အော်ဆွေး” လုံးချင်းဝတ္ထုမှ…)

    ကိုယ်က ချစ်ရတာနဲ့ ညီမျှတဲ့ အချစ်ကိုမှ ပြန်လိုချင်တဲ့သူဟာ
    စိတ်ဆင်းရဲရတတ်တယ်ဆိုတဲ့ စကားဟာ သိပ်မှန်တာပဲ။ ဒါပေမယ့်
    အဲဒီအစွဲအလန်းကိုတော့ ကျွန်တော် မစွန့်လွှတ်နိုင်ဘူး။ ဒါကြောင့်
    တစ်ဖက်က တုံ့ပြန်နိုင်လောက်တဲ့ အတိုင်းအတာနဲ့ တန်းတူဖြစ်သွားအောင်
    ကျွန်တော့်အချစ်တွေကို သုညအထိ လျှော့ချလိုက်ဖို့ပဲ ရှိတော့တယ်။
    – မင်းလူ
    ————————————-
    (“အော်ဆွေး”လုံးချင်းဝတ္ထုမှ…)

    .ဒေါသဆိုတာမျိုးကလည်း ရက်ချိန်းအတိအကျ သတ်မှတ်လို့ရတာမျိုး မဟုတ်။
    .ရေဆူမှတ်လို ပြဌာန်းလို့ရတာလည်း မဟုတ်။ မည်သည့်ကိစ္စမျိုးတွင်သာ
    .ဒေါသဖြစ်ခွင့်ရှိသည်ဆိုပြီး ကန့်သတ်ထားလို့ ဖြစ်တာမျိုးလည်း မဟုတ်။
    .လူတစ်ယောက်နဲ့တစ်ယောက် ဒေါသဖြစ်ပုံချင်းလည်း မတူကြ။
    .အော်ဟစ်ဆဲဆိုနေတာကို ဂရုမစိုက်ပေမယ့် လှောင်ပြုံးလေးတစ်ခုကိုတော့
    .ဆတ်ဆတ်ခါအောင် နာတတ်သူမျိုး၊ တုတ်နဲ့ရိုက်တာကို ခွင့်လွှတ်နိုင်ပေမယ့်
    .ကလိထိုးတာကို သည်းမခံနိုင်တဲ့သူမျိုးတွေလည်း ရှိတတ်သည်။
    – မင်းလူ
    ————————————-
    (“အော်ဆွေး”လုံးချင်းဝတ္ထုမှ…)

  • မြစပဲရိုး

    August 14, 2015 at 1:48 am

    အတိတ်နှင့်အနာဂတ် မည်သည့်အရာကပို၍ရှည်လျားကြောင်းဘယ်သူမှမသိနိုင်။
    တကယ်တော့
    အနာဂတ်ဆိုသည်မှာ
    သူ ့ထံသို ့ဦးတည်ချဉ်းကပ်သွားနေပါလျက်တစ်စတစ်စ ဝေးကွာနေသောအရာဖြစ်ပြီး ..
    အတိတ်ဆိုသည်ကား
    သူ ့ထံမှတရွေ ့ရွေ ထွက်ခဲ့သော်လည်းလှည့်ကြည့်လိုက်သည်နှင့်
    တစ်ပြိုင်နက်နောက်မှာ ကပ်လျက်သားပါလာတတ်သော အရာပင်ဖြစ်လေ၏။
    – မင်းလူ

    +++++++++++++++++++++++++++++++++++++++++

    အိပ်မက်ဆိုသည်မှာ ကိုယ်မက်ချင်တိုင်း မက်လို့ရသည်မဟုတ်။
    ထို့အတူ မမက်ဘဲနေချင်လို့ရသည်လည်းမဟုတ်။ လူ့အခွင့်အရေးကို
    အဖောက်ဖျက် အစော်ကားဆုံးအရာကား အိပ်မက်ပင်ဖြစ်သည်။
    – မင်းလူ
    ——————————–
    (“သုံးနားညီ”လုံးချင်းဝတ္ထုမှ…)

    ++++++++++++++++++++++++++++++++++++++++++

    သံယောဇဉ် ဆိုသည်မှာ မမြင်ရသော
    ကြိုးတစ်ချောင်းပင်ဖြစ်သည်ဟု
    ဆိုကြသည်။ ကျွန်တော်ကတော့
    သံယောဇဉ်ကို လေနှင့်တူသည်ဟု
    ထင်၏။ အနီးအနားမှာ
    အမြဲရှိနေသည်မဟုတ်လား။
    – မင်းလူ
    —————————-
    (“အမှတ်တရမုန်တိုင်း”ဝတ္ထုတိုမှ…)

    +++++++++++++++++++++++++++++++++++++++++

    စာမေးပွဲဟူသည်
    ခွဲခွာခြင်း၏ အထိမ်းအမှတ်ဆိုပါလျှင်
    ငါသည် ထာဝရခွဲခွာခြင်းအတွက်
    စာမေးပွဲကို ဖြေခဲ့ပြီ။
    ကျန်းမာချမ်းသာစွာ နေရစ်ကြပါလေ။
    – မင်းလူ (“ဘွဲ့ရသွားသောနှလုံးသား” ကဗျာမှ)

  • မြစပဲရိုး

    August 14, 2015 at 1:49 am

    (ဦး) မင်းလူ တကယ်မသေပါ။ သူ့စာများ ရှင်သန် နေဆဲ။

    +++++++++++++++++++++++++++++++++++++++++++

    အမိန် ့စာပြန်ခြင်း
    ကွယ်လွန်သူ မောင်မင်းလူ နာခံလော့
    ကျွန်ုပ်၏ အပြုံး
    ကျွန်ုပ်၏ အမဲ ့
    ကျွန်ုပ်၏ အကြည့်
    ကျွန်ုပ်၏ မျက်စောင်း
    ကျွန်ုပ်၏ ဖိတ်ခေါ်မှု
    ကျွန်ုပ်၏ လမ်းခွဲမှု
    ကျွန်ုပ်၏ ယုယမှု
    ကျွန်ုပ်၏ ရက်စက်မှု
    စသည် … စသည်တို ့ကြောင့်
    သင်သည်
    စိတ္တဇဝေဒနာကို
    အလူးအလဲခံစားပြီးနောက်
    သင်၏နှလုံးသားသည်
    အတွင်းကြေကြေလျက်
    နာတာရှည်လူငယ်ရောဂါဖြင့်
    ကွယ်လွန်သွားခဲ့ပါသည်။
    ထို ့ကြောင့် ..ယနေ ့မှစ –
    သင့်အား …ဘေးမဲ့ပေးလိုက်သည်။
    သင်သွားလိုရာသို ့သွားနိုင်ပြီ။
    သင်ကောင်းရာသုဂတိလားပါစေသော်ဝ်။
    ပုံ – မမနွေမိုးဆောင်း
    မင်းလူ (1978)

    +++++++++++++++++++++++++++

    (ဦး) မင်းလူ တကယ်မသေပါ။ သူ့စာများ ရှင်သန် နေဆဲ။

    PS – ဤစာများ ကို မင်းလူ၏ဝတ္ထုတိုများ Facebook Page မှ ကူးယူဖော်ပြပါသည်။

  • ဟေသီ

    August 14, 2015 at 11:00 am

    (ဦး)မင်းလူစာတွေ ပြန်ဖတ်လိုက်ရလို့ ဒီနေ့အလုပ်မအားတဲ့ ကြားက ရွာထဲ ပြန်လာရတာ တန်သွားပြီဗျို့။

Leave a Reply