သဒ္ဓါကို ပညာက စိန်ခေါ်ခြင်း
(၁)
သဒ္ဓါနဲ့ပညာ
ဗုဒ္ဓဘာသာကို ကိုးကွယ်ရာမှာ သဒ္ဓါ နဲ့ ပညာ အားကောင်းမျှတဖို့လိုတယ်လို့ ဆုံးမတာကြားဖူးပါတယ်.. သဒ္ဓါဆိုတာက ယုံကြည်တာ၊ ပညာဆိုတာက ဘာသာတရားရဲ့အဆုံးအမတွေ တရားဓမ္မတွေကို နားလည်သဘောပေါက်တာ၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်တတ်တာ ဖြစ်ပါတယ်.. သဒ္ဓါသက်သက်ပဲ ရှိပြီး ပညာဉာဏ်မပါဘူးဆိုရင် အနှစ်မပါတဲ့ကိုးကွယ်မှု၊ မျက်ကန်းယုံကြည်တာမျိုး၊ ကြောက်လို့ ကိုးကွယ်တာမျိုးဖြစ်ပါတယ်.. ဟိုးရှေးတုန်းက မီးကို ကိုးကွယ်ကြ၊ မြေကြီးကို ကိုးကွယ်ကြ တာနဲ့ သဘောခြင်းအတူတူပါပဲ.. ဗုဒ္ဓဘာသာမှာတော့ ဒီလို စဉ်းစားမှုမဲ့ ကိုးကွယ်တာမျိုးထက် ပညာဉာဏ်နဲ့ ယှဉ်တဲ့ ယုံကြည်မှုမျိုးမှသာ အဓိပါယ်ရှိပါတယ်.. ကိုယ်နိုင်ငံမှာ ဆုတောင်းပြည့် ဘုရားတွေ အများသားနဲ့ တိုင်းပြည်က ဆင်းရဲနေတာ၊ ကားဝယ်ရင် ဘုရားကို ဦးတိုက်၊ နတ်ပြတာတွေ လုပ်၊ ဘုရားပုံတွေလည်းကပ်ကြပါရဲ့ကားတိုက်မှုနှုန်းတွေက သူများနိုင်ငံ ထက်များနေတာ တွေက သဒ္ဓါစိတ်နဲ့ ကြည့်ရင်မမြင်ပေမယ့် ပညာဉာဏ်နဲ့ စဉ်းစားရင်တော့ အနှစ်မဟုတ် အကာတွေဖြစ်နေမှန်း သိနိုင်ပါတယ်.. ဒါကြောင့် အနှစ်ပိုင်း ဖြစ်တဲ့ တရားသဘောတွေ၊ ကိုယ်တိုင်ကျင့်ကြံ အားထုပ်မှုအပိုင်းတွေ သိဖို့ဆိုရင် ပညာဉာဏ် ကရေးကြီးပါတယ်.. ဒါပေမယ့် တရားဓမ္မ အကုန်လုံးကို ကိုယ်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်မှာ မဟုတ်တဲ့ အတွက် သဒ္ဓါဆိုတဲ့ ယုံကြည်မှုနဲ့ ဖြည့်တွေးရတာ၊ မှန်းကြည့်ရတာတွေ ရှိပါတယ်.. အဲ့လိုမဟုတ်ပဲ ကိုယ့်ပညာဉာဏ် နဲ့ချည်းပဲ ဆုံးဖြတ်မယ်ဆိုရင် နိဗ္ဗာန် ဆိုတာမျိုးက ယုတ္တိမရှိသလိုဖြစ်သွားပါလိမ့်မယ်.. အဲ့ဒါကြောင့် သဒ္ဓါကော ပညာကော အားကောင်းဖို့လိုပါတယ် လို့ပြောကြပါတယ်..
(၂)
ကမ္ဘာကိုကြည့်တဲ့အခါ
ဒါတွေက ဗုဒ္ဓဘာသာရဲ့ ဘောင်အတွင်းကပဲ စဉ်းစားထားတာဖြစ်ပါတယ်.. ဒီဘောင်ထဲက ထွက်ပြီးကြည့်လိုက်တော့ ကမ္ဘာတဝှမ်း သဒ္ဓါပိုင်းမှာ ဗုဒ္ဓဘာသာထက်ကို သဒ္ဓါတရားအားကောင်းတဲ့ ဘာသာအယူဝါဒတွေရှိတယ်.. ပညာပိုင်းမှာ တရှိန်ထိုး တိုးတက်နေတဲ့ လောကီပိုင်းပညာရပ်ကြီးရှိနေပါတယ်.. အပေါ်တပိုဒ်မှာ ရေးထားတဲ့ ပညာဆိုတာက ကိုယ့်ဗုဒ္ဓဘာသာကိုနားလည်နိုင်ဖို့ လိုအပ်တဲ့ ထိုးထွင်းဉာဏ်ပညာကိုပြောတာဖြစ်ပြီး အခုပြောတဲ့ လောကီပိုင်းပညာဆိုတာက လူသားတွေကို ကျောက်ခေတ်ကနေ အခု IT ခေတ်အထိဆွဲခေါ်မောင်းနှင်လာတဲ့ လူသားတွေရဲ့စဉ်းစားဉာဏ်ပညာ ကိုပြောချင်တာဖြစ်ပါတယ်.. ဒီစဉ်းစားဉာဏ်ပညာဟာ တရှိန်ထိုးတိုးတက်လာတာနဲ့အမျှ ဘာသာတရားအသီးသီးရဲ့ ယုံကြည်မှု သဒ္ဓါကို စိန်ခေါ်လာပါတယ်.. ဒီသဘောက အခုမှ စဖြစ်လာတာမဟုတ်ပဲ ဟိုးအရင် ဆိုခရေးတီး၊ ဂယ်လီလီယို တို့ ကတည်းကဖြစ်ခဲ့တာဖြစ်ပြီး အခု ပိုအားကောင်းလာတဲ့သဘောပဲဖြစ်ပါတယ်.. အသိသာဆုံးနေရာကိုပြောရရင် လောကီပညာအတိုးတက်ဆုံး ဖြစ်တဲ့ အနောက်တိုင်း ခရစ်ယာန် အသိုင်းအဝိုင်းမှာဖြစ်ပါတယ်..
ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် နဲ့ ဖန်ဆင်းရှင်ဝါဒ
Evolution အယူအဆ နဲ့ Creationism ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒ ထပ်တိုက်တွေ့နေတာ အနောက်ကမ္ဘာမှာ အတော်ကြာပြီဖြစ်ပါတယ်.. အဓိကလက်သည်ကတော့ နာမည်ကျော် ချားလ်စ်ဒါဝင် ပါ.. သူရဲ့ စာအုပ် On the Origin of the Species က ခရစ်ယာန် အသိုင်းအဝိုင်းကို လှုပ်ခပ်သွားစေပါတယ်.. သူ့ရဲ့ evolution အယူအဆတွေဖြစ်တဲ့ သက်ရှိအရာတွေ အကုန်လုံး မူလ ဘုံရင်းမြစ် common ancestors ကနေဆင်းသက်လာတဲ့ အယူအဆ၊ ပြောင်းလဲလာတဲ့ သဘာဝပါတ်ဝန်းကျင်အခြေအနေနဲ့ လိုက်ဖက်အောင်နေနိုင်တဲ့ မျိုးစိတ်တွေပဲ ရှင်သန်နိုင်နိုင်တဲ့ survival of the fittest၊ ဒီသဘောကြောင့် သဘာဝတရားကြီးနဲ့ အဆင်ပြေအောင်နေနိုင်တဲ့ မျိုးစိတ်တွေပဲ ကျန်ခဲ့တဲ့ natural selection သဘော၊ ဒီလိုသဘာဝကြီးနဲ့ အတူလိုက်ပြောင်းလဲရင်းနဲ့ မျိုးစိတ် အသစ်တွေ၊ မျိုးစိတ်အခွဲတွေ ဖြစ်ပေါ်လာတဲ့ Evolution ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် စတာတွေ ဟာ ခရစ်ယာန်ရဲ့ ကျမ်းစာမှာပါတဲ့ ထာဝရဘုရားသခင်က သတ္တဝါတွေအကုန်လုံးကိုဖန်ဆင်းတယ် ဆိုတဲ့ အယူအဆ၊ ကမ္ဘာသက်တမ်း အနှစ် ၆၀၀ဝ ဆိုတဲ့ အယူအဆ (evolution အလိုအရ သတ္တဝါတွေ အခုလို ဆင့်ကဲ ပြောင်းလဲလာဖို့ နှစ်သန်းပေါင်းချီ ကြာပါတယ်၊ ကမာ္ဘကြီးကို သိပ္ပံပညာနဲ့စမ်းတော့လည်း နှစ်သန်းချီကြာပြီလို အဖြေရပါတယ်)၊ လူသတ္တဝါကို တခြား တိရိစ္ဆာန်ထက်မြင့်တဲ့ higher being လို့သတ်မှတ်မှု (Evolution အလိုအရ လူဟာလည်း သတ္တဝါတွေထဲက မျိုးစိတ်တစ်ခုပါပဲ) စတာတွေ နဲ့ ဆန်ကျင်နေပါတယ်..
အဲ့ဒီတော့ အနောက်တိုင်းခရစ်ယာန်သိပ္ပံပညာရှင်တွေအနေနဲ့ တဖြည်းဖြည်း အထောက်အထားတွေများများလာတဲ့ Evolution အယူအဆကိုလက်ခံရင် Bible ကိုလွှတ်ချရမလိုဖြစ်နေပါတယ်.. တချိုကြတော့လည်း ရှဉ်လဲလျှောက် ပျားလဲစွဲ လို့ရမယ့် အယူအဆမျိုးကိုယူပါတယ်.. Evolution ဖြစ်စဉ်ဟာ ဘုရားသခင်က သတ္တဝါတွေကို ဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာမျိုး၊ ဘုရားသခင်က ကမာ္ဘကိုဖန်ဆင်းကတည်းက နှစ်ချီကြာပြီးအသွင်နဲ့ ဖန်ဆင်းခဲ့တယ် ဆိုတာမျိုးယူဆကြပါတယ်.. တချို့ကလည်း သိပ္ပံပညာကဘာတွေ တွေ့သည်ဖြစ်စေ ကိုယ်ရဲ့ဘုရားသခင်အပေါ် ယုံကြည်ချက် ကို မဖျက်ကြပါဘူး.. သိပ္ပံပညာတွေ ဘယ်လောက်ပဲတိုးတက်တယ် ဆိုဆို မဖြေရှင်းနိုင်သေးတဲ့ အဓိက အပိုင်းတွေအများကြီးရှိနေသေးတာအမှန်ပါ.. something from nothingness သဘောတွေဖြစ်တဲ့ အသက်ဇီဝရဲ့ အစ၊ စကြာဝဋ္ဌာရဲ့ အစတွေကို ရှင်းပြတဲ့နေရာမှာ သိပ္ပံပညာနဲ့ တိတိကျကျပြောဖို့ခက်နေဆဲပါပဲ.. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့ စဉ်းစားတတ်လာတဲ့ ပညာက ဘာသာတရားရဲ့ ယုံကြည်မှု ကို စိန်ခေါ်လာတာတော့ အမှန်ပါပဲ..
ပညာမျိုးဆက်
ဒီလိုစိန်ခေါ်လာမှုဟာ ထိပ်တန်းသိပ္ပံပညာရှင်များကြားမှာတင် မကတော့ပါဘူး.. ပညာအသားပေးတဲ့၊ လွတ်လပ်တဲ့ အနောက်နိုင်ငံတွေရဲ့ သာမန်လူတန်းစားတွေမှာပါ အတော်ကြီး စိမ့်ဝင်ပျံ့နှံနေတာတွေရပါတယ်.. Do you believe in God? လို့ လူငယ်ခြင်းမေးမြန်းမှုဟာ ကြောက်မက်ဖွယ် မေးခွန်းမျိုး မဟုတ်တော့ပါဘူး.. လွတ်လပ်စွာပဲ ယုံကြည်တဲ့လူက ယုံမယ်၊ မယုံတဲ့လူက မယုံဘူး ဆိုတဲ့သဘောမျိုးဖြစ်လာနေပြီ လို့ယူဆရပါတယ်..
(၃)
ကိုယ့်အလှည့်
သူများနိုင်ငံတွေမှာ ဖြစ်တဲ့ သူများဘာသာရေးကိစ္စ မို့ ကိုယ်နဲ့ မဆိုင်ဘူး လို့ တွေးကောင်းတွေးလို့ရပါတယ်.. ဒါပေမယ့် သူတို့ဆီမှာ Do you believe in God လို့မေးသလိုမျိုး နောင် ဗုဒ္ဓဘာသာမျိုးဆက်တွေမှာ “နိဗ္ဗာန် တကယ်ကော ရှိရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးတွေမေးလာကြမလား…
လက်ရှိအချိန်မှာတော့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းထဲမှာ ပညာက သဒ္ဓါကို စိန်ခေါ်တဲ့ အခြေအနေမျိုး၊ အနောက်နိုင်ငံတွေမှာလို အငြင်းပွားစရာအခြေအနေမျိုး သိပ်မတွေ့ရသေးပါဘူး.. ဒါကတော့ ငါတို့ဘာသာက အစစ်အမှန်မို့ ဆိုပြီး ကိုယ်ဖက်ကိုယက်ပြောရင် ဘက်လိုက်ရာရောက်ပါတယ်..မျှတအောင်ပြောရရင် ဘယ်ဘာသာတရားဖြစ်ဖြစ် ကိုယ့်ဘာသာကို ကိုယ် အစစ်အမှန်လို့ထင်ကြတာချင်းကလည်း အတူတူ၊ သိပ္ပံပညာနဲ့ လက်တွေ သက်သေပြလို့ မရသေးတာလဲ အတူတူပါပဲ.. ဒီတော့ တခြားဘယ်နေရာတွေကွာနေလို့ သူတို့ဆီမှာ ပြဿနာတွေ ဖြစ်ပြီး ကိုယ်ဆီမှာ မဖြစ်သေးတာလဲ..သူတို့ဆီမှာ သဒ္ဓါဆိုတဲ့ ယုံကြည်မှုနည်းလို့လား.. ဒါတော့ မဟုတ်ဘူးထင်ပါတယ်.. ယေဘူယျ ကြည့်ရင် ခရစ်ယာန်တွေ တနင်္ဂနွေ ဘုရားကျောင်းတက်သလောက် ဗုဒ္ဓဘာသာတွေ ဥပုသ် မစောင့်ဖြစ်ပါဘူး.. ခရစ်ယာန် တစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ရဲ့ ဘုရားသခင်ရှိသလိုမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ မရှိတတ်ပါဘူး.. ကိုယ့်ဘုရားစကားကိုယ် နားထောင်တဲ့နေရာမှာတော့ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေက နောက်ဆုံးကဖြစ်ပါလိမ်မယ်.. ဒီတော့ သူတို့ဆီမှာ အစိန်ခေါ်ခံရတဲ့ သဒ္ဓါကအားနည်းလို့ မဟုတ်ပဲ စိန်ခေါ်လာတဲ့ လောကီပညာ၊ စဉ်းစားဉာဏ်ပညာတွေ အားကောင်းလာလို့ပဲ ဖြစ်ပါတယ်.. ကိုယ်ဆီမှာ မဖြစ်သေးတာက သဒ္ဓါအားကောင်းလို့မဟုတ်ပဲ စိန်ခေါ်နိုင့်မယ့် စဉ်းစားဉာဏ်တွေ အားကောင်းမလာသေးလို့သာဖြစ်ပါတယ်..
စိန်ခေါ်လာမယ့် တစ်နေ့
ကမာ္ဘကြီးရဲ့ တိုးတက်မှုက အမြန်နှုန်း Speed တင်မက အရှိန်တင်နှုန်း Acceleration ပါမြန်လာတာပါ.. ဟိုးအရင် ကျောက်ခေတ်၊ သံခေတ်တွေမှာ လူသားတွေ တိုးတက်မှုတစ်ခု တစ်ခုဖြစ်ဖို့ နှစ်သိန်း၊ သန်းချီကြာတက်ပါတယ်.. နောက်ပိုင်း အလယ်ခေတ်တွေမှာ တီထွင်တွေ့ရှိမှု တစ်ခုကနေ နောက်တစ်ခုကို ရာစုနှစ်တစ်ခု လောက်ကြာတယ်ဆိုရင် အခုဒီဘက်ခေတ်မှာ ဆယ်စုနှစ်တစ်ခုလောက်ပဲ အချိန်ယူပါတော့မယ်.. သတင်းအချက်အလက်တွေ၊ ပညာဉာဏ်တွေဟာလည်း အရှိန်အဟုတ်နဲ့ ကူးသန်းသွားနေပါတယ်.. ဒီလိုမျိုး စဉ်းစားဉာဏ်တွေ၊ ကျိုးကြောင်းဆင်ခြင်မှု အလေ့အထတွေ ကမာ္ဘပတ်လာတဲ့ အခါမှာ ပညာတတ် ဗုဒ္ဓဘာသာလူငယ်တွေ ဆီမှာမေးခွန်းတွေရှိလာပါလိမ်မယ်.. ကိုယ့်ခေတ်တုန်းက ဘုန်းကြီးက “ယူဇနာ ရှစ်သောင်းလေးထောင် ရှိတယ် ဒကာတို့ရဲ့.. ဘယ်လောက်လဲ”.. “ယူဇနာ ရှစ်သောင်းလေးထောင်ပါ ဘုရား”.. ဆိုပြီး အဆင်ပြေနေပေမယ့် နောက်မျိုးဆက်မှာ ဘာလို့ ရှစ်သောင်းလေးထောက်ချည်းပဲ ကွက်တိဖြစ်ဖြစ်နေလဲ ဆိုတာမျိုး.. အနှစ်မဟုတ် အကာသားတွေထဲက ထောက်စရာတွေဖြစ်နေတဲ့ မြင့်မိုလ်တောင်ဆိုတာတွေ၊ စင်္ကြဝတေးမင်း စတာာတွေက မေးချင်စရာတွေဖြစ်လာပါလိမ်မယ်..
မှတ်ကျောက်တင်ခံမယ့် အနှစ်
ဘာသာရေးမှာ အနှစ်ပိုင်းကို အကာတွေနဲ့ မွမ်းမံကြတာ ဘာသာတိုင်းလိုလိုဖြစ်နေမလား ဆိုတာစဉ်းစားစရာပါ.. တချိုကြတော့လည်း ဘာသာရေးဟာ လူတွေရဲ့စိတ်နှလုံးညွတ်ရာဖြစ်လို့ ကိုယ်လိုရာအသုံးချဖို့ ပုံသွင်းကြတာတွေရှိပါတယ်.. တချိုကြတော့လည်း လူတွေပိုကြည်ညို သဒ္ဓါတရားထက်သန်အောင်လို့ ကွန့်ကြ ညွန့်ကြတာတွေလည်းရှိပါတယ်.. ဒါတွေအပြင် ဒေသခံလူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ပါ နှစ်ထောင် ချီရောထားလိုက်တယ်အခါ အခုချိန် ဘယ်ဟာအနှစ် ဘယ်ဟာအကာ ခွဲကြရင်ဖြင့် ဂိုဏ်းအမျိုးမျိုးကွဲကြဖို့ပဲရှိပါတယ်.. ဒါပေမယ့် နောက်မျိုးဆက်လက်ထဲ အနှစ်ကော အကာကော တလုံးထဲကြီးလက်ဆင့်ကမ်းပေးရင်လဲ ကောင်းကျိုးတော့မရှိပါဘူး.. အကာကိုမကြိုက်တာနဲ့ အနှစ်ပါ အပစ်ခံရမယ့်ကိန်းရှိပါတယ်.. အနှစ်သားကိုအလေးပေးပြီး အကုန်လက်ဆင့်ကမ်းပေးရင်သင့်တော်မလား စဉ်းစားမိပါတယ်.. သူတို့ရဲ့စဉ်စားဉာဏ်အားကောင်းလာလို့ ဘာသာတရားကို မှတ်ကျောက်တင်မယ်ဆိုရင် အကာသားကွာကျရင်တောင် အနှစ်သားကတော့ မှတ်ကျောက်တင်ခံ ကျန်ရစ်မယ်လို့ မျှော်လင့်ရပါတယ်..
အားရှိစရာ နဲ့ အားချည့်စရာ
ကိုယ်ရဲ့ဘာသာတရားမှာ ဒီလိုမှတ်ကျောက်တင်ခံမယ့် အနှစ်သားကျန်နေနိုင်တာကတော့ အားရှိစရာပါ.. သံသရာလွတ်ကြောင်းတရားတွေ၊ သစ္စာလေးပါးတရားတွေကို နက်နဲလွန်းတယ် ထင်ရင်တောင် လူမျိုး၊ ဘာသာမရွေး အတွက် ကျင့်သုံးနိုင်တဲ့ သီလ၊ ဗြဟ္မာစိုရ်တရားလေးပါး၊ နှလုံးသွင်းနိုင်တဲ့ လက္ခဏာရေးသုံးပါး စတာတွေဟာ လူသားတွေအတွက် အကျိုးမယုတ်တဲ့ တရားတွေဖြစ်တဲ့ အပြင် သိပ္ပံပညာရဲ့ တိုက်စားမှု ဒဏ်ကိုလည်း ခံနိုင်ပါလိမ့်မယ်..
အားချည့်စရာက ကိုယ့်လူမျိုးတွေဟာ အကာကို အနှစ်ထက် အရသာတွေ့တက်တာပါပဲ.. အဋ္ဌကထာ ဆရာတွေ ကွန့်ခဲ့ကြ ညွန့်ခဲ့ကြတယ်လို့ ယူဆရတဲ့ အကာသားတွေ အပြင် အနှစ်ကို ကိုယ်လိုရာစွဲသုံးတတ်လို့ တလွဲဆံပင်ကောင်းနေကြတာလည်းရှိပါတယ်.. ဥပမာ အားဖြင့် လူတွေရဲ့ အလှူအတန်း သဒ္ဓါအားကောင်းလာဖို့ ဟောကြတဲ့ ရေအကျိုးဘယ်နှစ်ပါး၊ ဘာလှူတဲ့အကျိုးဘယ်နှစ်ပါး စသည်ဖြင့်ပေါ့.. ဟောတာကတော့ သဒ္ဓါစိတ်အားကောင်းလာအောင်ဖြစ်ပေမယ့် ရလာဒ်ကတော့ အကျိုးမျှော်ပြီး လှူကြတန်းကြတာတွေဖြစ်ကုန်ပါတယ်.. အလှူခံပုဂ္ဂိုလ်ရဲ့သီလ၊ သမာဓိ ကောင်းခြင်း စသည်တို့ ကနေလည်း အကျိုးပေးပုံကွာတယ်လဲ ဆိုရော အလှူအတန်းတို့ရဲ့ ဦးတည်ရာဟာ ဘုရား၊ကျောင်း၊ကန်၊ ဘုန်းတန်းခိုးကြီးဆရာတော် တို့ဆီသာ ဦးတည်ပါတော့တယ်.. “လှူမယ့် လှူတော့…” ဆိုတာမျိုး စီးပွားတွက်တွက်ပြီးလှူသလို ဖြစ်နေကြတာထက် စာရင် ဘာသာမဲ့ တစ်ယောက်က လမ်းမှာတွေ့တဲ့ ဆင်းရဲတဲ့အဖွားအိုတစ်ယောက် ဖိနပ်မပါလို့ သူ့ဖိနပ် ချွတ်ပေးခဲ့၊ စားစရာပေးခဲ့တာမျိုးက ပိုဖြူစင်မလားလို့တွေးမိပါတယ်.. နောင်ဘဝ ဆိုတာမျိုးကို အယုံအကြည်မရှိတဲ့ ဘာသာခြားသူဌေးကြီးတွေရဲ့ သန်းချီတဲ့ အလှူကို တွေ့ရင်လည်း အပေး အယူမဆန်တဲ့ အလှူမို့လို မုဒိတာပွားမိပါတယ်..
ဒီလိုမျိုး အကာထူထူ အနှစ်ပါးပါး ကိစ္စတွေကို ကိုယ်ဘာသာဝင်တွေဆီမှာ စွဲမြဲနေတာတွေရပါတယ်.. ဘုရားရှစ်ခိုးနဲ့ ဆုတောင်းစာရှည် ကြီးတွေ၊ ဂါထာ မန္တန်တွေ၊ ရှင်ပြုမင်္ဂလာတွေ၊ အလှူအတန်း တွေမှာသာမက အပေါ်ယံအကာ အနည်းဆုံးဖြစ်သင့်တဲ့ ဘာဝနာ ကိစ္စမှာပါတွေ့နေရပါတယ်.. ငါ့ဘုန်းကြီး ငါ့တရားစခန်း နည်းက အမှန်ဆိုတာမျိုး၊ တရားကိုမမြင်ပဲ ခွက်တွေ စက်ဝိုင်းကြီးတွေသာ စွဲနေတာမျိုးတွေ တွေ့ရပါတယ်.. အဓိက ကတော့ သဒ္ဓါကဲ ပြီး ပညာနည်းနေတာပါပဲ..
(၄)
အကာထူထူ နဲ့ နောက်မျိုးဆက်အတွေ့
ကိုယ်ခေတ်မှာတော့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေ ကိုလည်းလက်ခံခဲ့တာပဲ.. ဘုရားရှင်ရဲ့ ဘုန်းတော်ဘွဲ့တွေ အောင်ခြင်း အမျိုးမျိုးတွေကိုလည်း ကြည်ညိုခဲ့ကြတာပဲ.. လေးသင်္ချေ ကမ္ဘာတသိန်းတို့၊ အကွာအဝေး ယူဇနာတို့၊ ကျွတ်တမ်းဝင်သွားတဲ့ လူပရိသတ် အရေအတွက်စတာတွေကိုလည်း ချဲ့ကားလွန်းသလားလို့ သံသယ မထားခဲ့ကြပါဘူး.. ဩကာသဘုရားရှစ်ခိုးပြီးလည်း နိဗ္ဗာန်ဆုတောင်းခဲ့ကြပါတယ်.. သံဗုဒ္ဓေဂါထာတော် ကိုလည်းအားကိုးတကြီးရွတ်ခဲ့ကြပါတယ်..
နောင်မျိုးဆက်တွေကို ကိုယ့်အတိုင်းလိုက်လုပ်ဖို့တော့ သိပ်မျှော်လင့်လို့မရပါဘူး.. သူတို့တွေ အနေနဲ့ ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာတွေ၊ ရှေ့နောက်ညီမညီဆိုတာတွေ၊ ယုတိ္တရှိမရှိဆိုတာတွေ စဉ်းစားလာပါလိမ်မယ်.. အဲ့ဒီအတွက် ဇွတ်လုပ်လို့လဲမရပါဘူး.. မင်းတို့ဒါတွေမယုံရင် ငရဲကြီးလိမ့်မယ် ဆိုလည်း ဘယ်မှာလဲ အဲ့ဒီငရဲ လို့ ပြန်မေးလာနိုင်ပါတယ်.. ငရဲဆိုတာဒါလို့ စာအုပ်ချပြလဲ မဖြုံလောက်တော့ပါဘူး.. သူတို့အတွေးတွေ၊ စဉ်းစားနိုင်မှုတွေကို တရားစာအုပ်တွေ၊ ဘုန်းကြီးတွေရဲ့ အဆုံးအမ အတွေနဲ့တင် ရပ်ထားလို့မရတော့ပါဘူး.. ကိုယ့်ခေတ်တုန်းက သဒ္ဓါကိုတိုးမပေါက်ခဲ့ပေမဲ့ သူတို့ခေတ်မှာတော့ ပညာက သဒ္ဓါကို စိန်ခေါ်လာမယ့်အခြေအနေပါ..
ပညာ နဲ့ ပညာ
ဒါပေမယ့် ဗုဒ္ဓဘာသာမှာ ယုံကြည်မှု သဒ္ဓါသက်သက်သာမဟုတ်ပဲ ပညာပိုင်း အဘိဓမ္မာတွေ၊ အနှစ်သားတွေ ကျန်နေပါသေးတယ်.. ဒီပညာပိုင်းကိုပဲ နောက်မျိုးဆက်ဆီကိုကောင်းကောင်း လက်ဆင့်ကမ်းလို့ရမယ်လို့ယူဆပါတယ်.. ကိုယ်ငယ်စဉ်တုန်းကတော့ ဒီဘာသာကို ကြည်ညိုလာဖို့ မိဘ ဆရာတွေက သဒ္ဓါစိတ်သန်လာမယ့် နည်းလမ်းတွေဖြစ်တဲ့ ကြည်ညိုစရာ ဘုန်းတော်ဘွဲ့တွေ၊ အတုခိုးစရာ ဇာတ်နိပါတ်တွေ၊ ရွတ်ဆိုရမယ့် ဘုရားရှစ်ခိုး ဂါထာတွေ စသည်ဖြင့် သင်ကြားလက်ဆင့်ကမ်းခဲ့ကြပါတယ်.. နောက်မျိုးဆက်တွေ အတွက်ဆိုရင်တော့ အဲ့ဒါတွေထက် လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ သီလ သမာဓိ ပညာ ဆိုတာ၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ၊ ဗြဟ္မာစိုရ် တရားတွေဆိုတာ၊ ဒါန သီလ ဘာဝနာ ဆိုတာ ဘာတွေဖြစ်တယ် စသည်ဖြင့် ရိုးရိုးလေးစပြီး သင်ကြားပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ စဉ်းစားဉာဏ်ပညာတွေ ဖွံဖြိုးလာတဲ့အချိန်မှာလဲ သံသယပွားစရာတွေ သိပ်မရှိနိုင်တော့ဘူးထင်ပါတယ်.. ဒီလိုမှ မဟုတ်ပဲ သဒ္ဓါသက်သက်ကိုးကွယ်မှုမျိုး၊ အပါ်ယံအကာများတဲ့ အယူအဆမျိုး တွေ ကိုလက်ဆင့်ကမ်းကြမယ် ဆိုရင်တော့ ကြာကြာမခံလောက်ဘူး လို့ ယူဆရပါတယ်..
(၅)
နိဂုံးချုပ်
ရေးထားတာတွေကို ပြန်အနှစ်ချုပ်ရရင်
– ဗုဒ္ဓဘာသာမှာ သဒ္ဓါကော ပညာကော အရေးကြီးပါတယ်.. ပညာမပါတဲ့ သဒ္ဓါသက်သက်ကဲလာတဲ့ အခါ အပေါ်ယံအကာတွေ၊ ယုတ္တိလွန် ယုံကြည်မှုတွေ၊ မျက်ကန်းကိုးကွယ်မှုတွေ ထူသတက်ထူလာပါတယ်..
– လူတွေရဲ့ အသိဉာဏ်ကောင်းလာ၊ စဉ်းစားတတ်လာတဲ့အခါမှာ ဒါတွေကို ပြန်ဆန်းစစ်လာကြပါတယ်..
– ဒါကိုတားဆီးလို့မရပါဘူး..
– အဲ့လိုဆန်းစစ်နိုင်လာလို့ အပေါ်ယံအကာတွေ ရဲ့ ယုတ္တိမရှိပုံတွေ၊ အဓိပါယ်မဲပုံတွေ တွေ့လာတဲ့ အခါ ဘာသာတရားကို စွန့်ပစ်ချင်လာတာမျိုးတွေ ဖြစ်လာမှာပါ.. အဲ့လိုမျိုး အကာ ရဲ့အားနည်းချက်ကြောင့် အတွင်းအနှစ်သာရပါ အပစ်ခံရမယ်ဆိုရင် နှမြှောစရာကောင်းပါတယ်..
– ဒါကြောင့် နောင်မျိုးဆက်တွေကို ဘာသာရေးလက်ဆင့်ကမ်းတဲ့နေရာမှာ ဘာတွေ အလေးထားပေးမလဲ.. ဘာတွေကို လျှောလျှောပေါ့ပေါ့ ချန်ထားခဲမလဲဆိုတာ စဉ်းစားဖို့ဖြစ်ပါတယ်..
Zaw Thant
.
.
.
မှတ်ချက်။ ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ စာစုဖြစ်တာကြောင့် အငြင်းပွားစရာ သိပ်မဖြစ်ရအောင် မှတ်ချက်လေးတွေ ထည့်ရေးလိုက်ပါတယ်..
၁။ ဘာသာရေးနဲ့ပါတ်သတ်လို့ ကျွမ်းကျင်နှံ့စပ်သူတစ်ဦး မဟုတ်တာကြောင့် အချက်အလက် အမှားတွေပါရင် ကိုယ့် အားနည်းချက်အဖြစ် ကြိုဝန်ခံပါတယ်။
၂။ ခရစ်ယာန် အယူဝါဒနဲ့ ပါတ်သတ်လို့ ဝေဖန်တိုက်ခိုက်ထားတာ မဟုတ်ပဲ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတစ်ခု အဖြစ် ဥပမာပေး ပြောပြထားတာသာဖြစ်ပါတယ်။ Evolution အယူအဆဟာလည်း ပြီးပြည့်စုံမှု မရှိသေးပါဘူး.. တဖက်နဲ့ တဖက် ထောက်ပြစရာ အငြင်းပွားစရာတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
၃။ မိမိတို့ ဗုဒ္ဓဘာသာအယူဝါဒ ထဲမှာလဲ ဒါကတော့ ဘုရားဟော မဟုတ်ဘူး၊ ဟိုဟာကတော့ ချဲ့ကားထားတာဖြစ်တဲ့ အတွက် အမှန်လို့ မယူဆဘူး စသည်ဖြင့် တပ်အပ်မပြောနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ အငြင်းပွားလိုခြင်းမရှိပါဘူး.. ဒါပေမယ့် နှစ် နှစ်ထောင်ကျော်အတွင်း လူတွေထပ်ဖြည့်တာတွေ၊ ချဲ့ကားတာတွေ၊ ယဉ်ကျေးမှု ဓလေ့ အယူအဆတွေ နဲ့ ရောနှောမှုတွေ ကတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။
၄။ အနှစ်လား အကာလား စဉ်းစားတဲ့ နေရာမှာ လက်တွေ့ကျ မကျ ယုတ္တိရှိမရှိ ဆိုတာတစ်ခုထဲ နဲ့ အမြဲတမ်းမဆုံးဖြတ်ချင်ပါဘူး။ အခုခေတ်မှာ ရောင်ခြည်တော် လွတ်တယ် ဆိုတာတွေ၊ ဂါထာရွတ်လို့ အန္တရာယ်ကင်းတယ် ဆိုတာတွေကြားရင် ယုတ္တိမရှိတဲ့ အကာတွေ အဖြစ်တွေးမိပေမယ့် နိဗ္ဗာန် ရှိတယ် ဆိုတာကတော့ အနှစ်ပိုင်း ဖြစ်လို့ လက်တွေ့မမြင်ရလည်း သဒ္ဓါစိတ်နဲ့ ဖြည့်ယုံကြည်ပါတယ်။
၅။ နောက်လာမယ့် မျိုးဆက်တစ်ခုအတွင်း ဒါကိစ္စတွေ သေချာပေါက်ဖြစ်မယ်လို့လဲ မဆိုလိုချင်ပါဘူး။ ဖြစ်လာနိုင်တဲ့ ကိစ္စတစ်ခု အဖြစ် အတွေးဆင့်ပွား ပြီးရေးလိုက် ခြင်းဖြစ်ပါတယ်။
48 comments
မင်းခန့်ကျော်
August 20, 2013 at 2:47 pm
သိပ္ပံပညာရှင်များဆိုလို့ သတိရတာလေးတခုပြောချင်ပါတယ်။
ဘာမှရည်ရွယ်ချက်မပါ ပါဘူး။
ဒီလိုဗျ
မန်းလေးတန်ပဝတီ(အသံထွက်အတိုင်း)မှာကျနော့်သငယ်ချင်း
တယောက်ရှိတယ်။သူတို့အိမ်ကဆင်ရုပ်ထုတယ်။
တနေ့ ရုရှား ၂ ယောက် (စုံတွဲ) အရုပ်တွေလာကြည့်တယ်။
နေပူထဲ အမိုးအကာမရှိတဲ့နေရာကဆင်ရုပ်ကို သဘောကျနေ
တယ်။ ဘယ်ခေတ်ကလက်ရာ နှစ်ဘယ်လောက်ရှိပြီ စတာတွေ
သူတို့စကားပြန်နဲ့ပြောပြီး ဒီဆင်ရုပ်ကိုစမ်းပါရစေ ။မှန်ကန်ရင်ဝယ်
ပါ့မယ်ပေါ့ ။ ဒါနဲ့ ပစ္စည်းအပေါင်အနေနဲ့ငွေအပြည့်ချေမယ်။မမှန်
ရင်ငွေပြန်တောင်းမယ်ပေါ့။ ဒါနဲ့ok ဆိုပြီး သူတို့ရုရှားကိုသယ်
သွားတယ်။ ကာဗွန်နည်းဆိုလားဘာလားစမ်းသပ်တယ်တဲ့ မှန်တယ်။
ရှေးလက်ရာပစ္စည်းဆိုပြီးစကားပြန်ကပြန်လာပြောတယ်။
ဒါနဲ့ကျနော်က “ဟေ့ယောင်မင်းဟာကတကယ်လား”ဆိုတော့
“ဘယ်ကလာ ကို့ကိုသားကို ဆင်ရုပ်ထု ပြီး ရေနံချေးသုတ်ထား
တာ။နောက်ရောင်းမထွက်လို့အပြင်မှာပစ်ထားတာ”
အဲဒါကြီးကြားကတည်းက သိတ်ပန် ပြင်ညာဆိုတာကြီးကို
သံသယရှိနေတယ်။
လပေါ်လူရောက်တယ်ဆိုတာတောင်ခုထိ အပိုင်မယုံရဲသေးဘူး
kai
August 20, 2013 at 3:22 pm
ကာဗွန်၁၄အကြောင်းနဲ့..တွက်နည်းလေးတွေအကြောင်းလေ့လာချင်လေ့လာနိုင်ဖို့ပါ..
အဲဒါကြီးကြားတယ်ဆိုတာမျိုးကိုသာ.. ချင့်ယုံစေချင်…။
http://www.answersingenesis.org/articles/nab/does-c14-disprove-the-bible
http://christiananswers.net/q-aig/aig-c007.html
how accurate are carbon-dating methods? All methods of radioactive dating rely on three assumptions that may not necessarily be true:
1. Rate of Decay
It is assumed that the rate of decay has remained constant over time. This assumption is backed by numerous scientific studies and is relatively sound. However, conditions may have been different in the past and could have influenced the rate of decay or formation of radioactive elements.
radiometric volcano
Evolutionists assume that the rate of cosmic bombardment of the atmosphere has always remained constant and that the rate of decay has remained constant. Scientists place great faith in this dating method, and yet more than 50% of radiocarbon dates from geological and archaeological samples of northeastern North America have been deemed unacceptable after investigation.i
While there is no proof that the rates were different in the past than they are today, there is also no proof that they were the same. Thus radioactive dating relies purely on assumptions. We could put forward the following counter arguments to the constancy of these assumptions:
a) The constancy of cosmic ray bombardment might be questioned. The current high rate of entry might be a consequence of a disturbed post-Flood environment that altered the carbon-14 to carbon-12 ratio. Pre-Flood dates would thus have to be discarded.
b) An increase in the magnetic field of the earth would have shielded the earth from cosmic rays. Some scientists argue that the magnetic field of the earth has declined over time.
c) Atmospheric carbon forms just 0.0005% of the current carbon reservoir—99.66% of the earth’s carbon exists in limestone, 0.31% in oil and gas, and 0.02% in coal. Carbon-14 comes from nitrogen and is independent of the carbon-12 reservoir. If even a small percentage of the limestone deposits were still in the form of living marine organisms at the time of the Flood, then the small amount of carbon-14 would have mixed with a much larger carbon-12 reservoir, thus resulting in a drastically reduced ratio. Specimens would then look much older than they actually are.
d) Even if the rate of decay is constant, without knowledge of the exact ratio of carbon-12 to carbon-14in the initial sample, the dating technique is subject to question.
Zaw Thant
August 20, 2013 at 3:30 pm
..ကျွန်တော်ရေးထားတာ font နဲနဲ ကြီးသွားတယ် သူကြီးရေ.. edit လုပ်ပေးလို့များရမလား
Zaw Thant
August 21, 2013 at 9:45 am
.. သိပ္ပံပညာက အမြဲတမ်းမှန်နေတဲ့သဘော၊ အပြည်အဝ ၁၀၀% မှန်တဲ့သဘော၊ အားနည်းချက်မရှိတဲ့ သဘောမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူးထင်တယ်ဗျ.. အရင်တုန်းက မှန်တယ်ထင်တာတွေလဲ ဒီနေမှာ မှားကြောင်းတွေ့နေရတာပဲ.. ဒီနေမှန်တယ် သက်မှတ်ထားတာလဲ နောက်ကျရင် ပြင်ရဦးမှာပဲ.. ဒါပေမယ့် သူ့အတိုင်းအတာနဲ့သူတော့ အသုံးဝင်နေတယ်လို့ထင်ပါတယ်..
Mr. MarGa
August 20, 2013 at 7:12 pm
မှတ်သား စရာတွေ မှတ်သား
တွေးစရာတွေ အတွေးပွား သွားသဗျာ
ဘာသာရေးနဲ့ ပတ်သက်ရင် နည်းနည်း ဝေးသလို ဖြစ်နေတာကြောင့် မဆွေးနွေးတော့ပါဘု
Zaw Thant
August 21, 2013 at 10:24 am
.. အတွေးပွားပြီး ပြောစရာလေးတွေ ရှိလာရင်တော့ ပြန်လာခဲ့ပါဦး..
အရီးခင်
August 20, 2013 at 10:36 pm
{ဗုဒ္ဓဘာသာမျိုးဆက်တွေမှာ “နိဗ္ဗာန် တကယ်ကော ရှိရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးတွေမေးလာကြမလား…}
မေးလာရင် ဖြေဖို့က –
နိဗ္ဗာန် ဆိုတာ နေရာမဟုတ်။
နိဗ္ဗာန် ဆိုတာ သေပြီးမှ ကူးသွားရမဲ့ နေရာမဟုတ်။
နိဗ္ဗာန် ဆိုတာ သံသရာကို ကူးစေတဲ့ မီးလေး ငြိမ်းသွားတာ လို့ အရီး တော့ သိတာဘဲ။
ဒီတော့ အဲဒီသံသရာကို ကူးစေတဲ့ မီးလေး ငြိမ်းသွားဖို့ က ကိုယ်ကိုယ်တိုင် ကျင့်ကြံမှ ရတာ မို့ သိချင်ရင် ကိုယ့်ဟာကို ကြိုးစားကျင့် ကြ လို့ သာ ဖြေလိုက်။
အဲဂလိုကျင့်ဖို့ အတ္တလေးတွေ လျှော့၊ မာန လေးတွေ လျှော့၊ အများအပေါ် မဟုတ် တောင် ကိုယ့်ဝန်းကျင်က လူတွေအပေါ် မေတ္တာစိတ် များအောင်ပွါး ရာက စရမယ် ထင်ရဲ့။
ဒီမှာ ငါ ဖြုတ် ရမှာမို့ ငါ့ဘာသာ၊ လူမျိုး ဆိုတာလဲ သတိလေးနဲ့ ဖြုတ် ဖို့ လိုမယ် ပြောလိုက် မိရင်ဖြင့် ….
ကဲ ဒေါသ ဖြစ်ပြီ မဟုတ်လား။ အဟိ။
(သိတဲ့ ဆာ တို့ လုပ်ပါဦး၊ အမှား အမှန်လေး)
😛
😉
Zaw Thant
August 21, 2013 at 10:02 am
.. ဝင်ရောက်အားဖြည့်ပေးတာ ကျေးဇူးပါ အရီးရေ.. ဒီလိုမျိုး ထိထိမိမိလေးရှင်းပြတာမျိုးက “နိဗ္ဗာန် ရွှေပြည်” ဘာညာ စတဲ့ တင်စား ညွှန်းဆိုချက်တွေ၊ အကွန့် အညွှန့်တွေထက် ပိုမိုထိရောက်ပါတယ်.. ကျွန်တော်ရေးချင်တာ ဒီသဘောပါပဲ..
.. ငါဖြုတ်ဖို့ လျော့ဖို့ ကတော့ ဘေးလူပြောလို့မရ၊ ကိုယ်တိုင်ကြိုးစားပါမှ ရမယ်ထင်ပါတယ်..
Ma Ma
August 21, 2013 at 10:05 am
အမ နဲ့ယှဉ်ပြီး အကြီးလားလို့ ထင်တတ်ကြတာကို ပြောရရင်
၁။ အမ က ပိုပြီး နုပျိုနေလို့လည်း ဖြစ်ရမယ်။
၂။ မောင်ဖြစ်သူက ဦးဏှောက်ပိုကြီးပြီး ရင့်ကျက်လို့လည်း ဖြစ်ရမယ်။ 🙂
Zaw Thant
August 21, 2013 at 10:11 am
.. နံပါတ် ၂။ ကတော့ မှန်ကြောင်း ဝန်ခံပါတယ်…. 😀
ဦးကျောက်ခဲ
August 21, 2013 at 11:06 am
ဟီ ဟိ အဲဒါတော့ မန့်တော့ဘူး…
မနေ့က “စ” လိုက်တာ ချိတ်ဆိုးသွားတယ်…
😀
Zaw Thant
August 21, 2013 at 12:04 pm
.. ဒါကြောင့်နေမယ်.. ရွာထဲမှာ မတွေ့တော့ဘူး..
garfield
August 21, 2013 at 1:02 pm
ဘာတွေ လျှောက် ပေါ နေကြတာဒုန်းးးး
တမီး စိုင်းစိုင်းနောက် လိုက်သွားတယ်မှတ်လို့လားးးး
မလိုက်နိုင်သေးပါဘူးးးး
😀
မိုက်ကယ်ဂျော်နီအောင်ပု
August 21, 2013 at 10:07 am
သဒ္ဓါ နဲ့ပညာမျှဘို့ဆိုတာရယ် အထူးသဖြင့်
နောက်မျိုးဆက်တွေ အတွက်ဆိုရင်တော့ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့
သီလ သမာဓိ ပညာ ဆိုတာ၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ၊ ဗြဟ္မာစိုရ် တရားတွေဆိုတာ၊
ဒါန သီလ ဘာဝနာ ဆိုတာ ဘာတွေဖြစ်တယ် စသည်ဖြင့် ရိုးရိုးလေးစပြီး
သင်ကြားပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ စဉ်းစားဉာဏ်ပညာတွေ ဖွံဖြိုးလာတဲ့အချိန်မှာလဲ
သံသယပွားစရာတွေ သိပ်မရှိနိုင်တော့ဘူးထင်ပါတယ်..
ဒီလိုမှ မဟုတ်ပဲ သဒ္ဓါသက်သက်ကိုးကွယ်မှုမျိုး၊ အပါ်ယံအကာများတဲ့ အယူအဆမျိုး တွေ ကိုလက်ဆင့်ကမ်းကြမယ် ဆိုရင်တော့ ကြာကြာမခံလောက်ဘူး လို့ ယူဆရပါတယ်..
………………………………………………
ဆိုတာကိုတော့ အလွန်နှစ်ခြိုက်မိပါတယ်
Zaw Thant
August 21, 2013 at 10:20 am
.. ကျေးဇူးတင်ပါတယ်.. 🙂
Ma Ma
August 21, 2013 at 3:56 pm
အပေါ်ကရေးသွားတာ ဘွပုမှ ဟုတ်ရဲ့လား။
တို့ရွာထဲမှာ ဘွပုအတု ပေါ်နေပြီလား။ :loll:
Wow
August 21, 2013 at 10:21 am
မနေ့ကထဲကပေါ့နော် ယောင်ပေပေနဲ့ ဝင်ဖတ်ပြီး ယောင်ပေပေနဲ့ပြန်ထွက်သွားဒါ….
ပြောရမယ်ဆိုရင်…
…..
အဟမ်း…
….
….
….
….
….
ဟီးးးးး ဘာပေါရမှန်းသိဝူးလို့
ဘာပေါရမှန်းမသိပေမဲ့ ပေါချင်တာက ဘယ်အရာမဆို အစွန်းရောက်လွန်းတာ မကောင်းပါဘူး။ ပစ်ယုံတာ မကောင်းသလို သံသယများလွန်းတာကလဲ ရောဂါလက္ခဏာတစ်ရပ်ပါပဲ… :kwi:
ကျောင်းတက်တုံးက ရူပဗေဒပုစ္ဆာတွေမှာ မှန်မှန်းသိတဲ့ အရာကို မှန်ကြောင်းသက်သေပြရတာ တစ်ခါတစ်လေ အီကွေးရှင်းတွေမေ့သွားရင် မှန်ကြောင်းသက်သေပြလို့မရတော့ပါဘူး…. အဲလော့ အလယ်အလတ်လမ်းကလေးပဲ ကောင်းပါဒယ် 🙂
Zaw Thant
August 21, 2013 at 10:41 am
.. အစွန်းမရောက် မျှတတာ ကောင်းကြောင်းထောက်ခံပါတယ်.. ဥပမာလေးလဲ သဘောကျပါတယ်.. 🙂
garfield
August 21, 2013 at 12:56 pm
😀
ဟီးဟီးးး
ခု နာ့ အဖြစ်က လအော့လအယ်ရယ်။
“ဆောင်ရမှာ က သတိ တစ်လုံး နဲ့ ကျင့်ကြံရမှာ က ဝိပဿနာတရားးး” မှာ ခု ကျန်တာတွေ ဘာမှ မလုပ်ဖြစ်တာပဲအဖတ်တင်တယ်။
သတိကလည်း မကြာခဏလွတ်တတ်သေးးး
တရားထိုင်ဖြစ်ဖို့တော့ ဝေလာဝေးဖြစ်နေလို့ ဘာသာရေးဆို စာသိလေးနဲ့တင် ဘာမှကို ဝင်မပြောရဲတာကြာပေါ့။
အရင်တုန်းကတည်းကလည်း ဇာတ်တော်တွေ သုတ္တန်တွေ ကို ယုတ္တိတန်မတန် မဆန်းစစ်ဖူးဘူးးး
ဒါပေမဲ့ ယုတ္တိမရှိဘူးလို့ သိလိုက်တဲ့ အသိတစ်ခုတည်းနဲ့လည်း ဘာသာကို မစော်ကားဖူးဘူးးး
(ခု က အဲလိုတွေ မြင်လာရလို့)
မိရိုးဖလာ လုပ်ရိုးလုပ်စဉ် ဘာသာရေးဆိုတာမျိုးလေးနဲ့ပဲ ဖြတ်သန်းလာခဲ့တာပဲဟာ။
ဒါပေမဲ့ အဲဒီတုန်းက တရားနာခိုင်းရင် မနာချင်။ စိတ်ထဲမှာတော့ ဘုန်းကြီးတွေ ပုံပြင်ပြောနေသလိုပဲ ခံစားရလို့။
၅၅ဝနိပတ်တွေ၊ ဇာတ်တော်တွေ ကလည်း ငယ် ကတည်းက ဖတ်ဖူးလွန်းလို့ ဘုန်းကြီး စ ဟောတာနဲ့တင် ဘာလာမယ်သိထားနေခဲ့တော့ တရားဟောမယ်ဆိုရင် ကို ပုံပြင်ပြောတာမျိုးပဲ သဘောထားဖြစ်နေတာ။
သီလရှင်ဝတ်နေရင်းမှ မိုးကုတ် ဝိပဿနာ တရား နာဖူးမှ၊ တရားနာရင်း တရားထိုင်ဖူးမှ ဒီလို တရားမျိုးလည်း ရှိပါလား ဆိုတာ သိတာ။
တရားနာရင်း တွေးရင်းနဲ့မှ ကိုယ်တွေမှာ တရား နာ နိုင် တဲ့ နား မျိုး ရှိဖို့ကလည်း အရေးကြီးပါလားလို့ သဘောပေါက်တယ်။ နို့မို့ တရားနာ ဟေ့ ဆို ပြေးကြတာ များနေတာကိုးးးး။
နောက်ပြီး ဗုဒ္ဓဘာသာမှာ ဘုရားဟော ဟုတ်/မဟုတ် မသေချာတာတွေ ကလည်း အများသားဆိုတော့ ထောက်စရာဖြစ်နေတယ်။
ကိုယ်တိုင် လက်တွေ့ မစဉ်းစား မဆင်ခြင်ပဲ စာအုပ်ထဲ ပါတာတွေ အပြစ်ရှာထောက်ပြီး ဘာသာကို အပြစ်ရှာတဲ့သူတွေရယ်။
မိရိုးဖလာ ဒါတွေ လုပ်ရမယ်ဆိုလို့ မဆန်းမစစ် လုပ်နေတဲ့ သူတွေရယ်
တို့ကတော့ တို့ကတော့ ဖရီးသင့်ကာပဲ လုပ်တော့မယ် ဆိုသူတွေရယ်
(နောက်ရှိသေးတယ်။) မအားသေးလို့ ဘာသာရေးမလုပ်နိုင်သေးဘူး ဆိုသူတွေရယ် (ဘာသာရေးဆိုတာ အားမှ သီးသန့်လုပ်ရတော့မဲ့ အတိုင်းးး)
ခု လုပ် စရာတွေနဲ့ တရားပေါက်လို့ မဖြစ်သေးဘူး ဆိုသူတွေရယ်။ (သူတို့ တရားထိုင်တာနဲ့ ချက်ချင်း ကို တရားထူးရတော့မဲ့ အတိုင်းးးးး) စတာတွေ ကို ရော ဘယ်သူ က ရှင်းပြနိုင်ပါ့မတုန်းးးး
သူတို့ ကိုယ်တိုင် ကိုယ့်ဘာသာတရား အနှစ်ချုပ်က ဘယ်ဟာမှန်းမသိသေးပဲ အငယ်တွေကိုရော ဘာတွေ ဘယ်လို လက်ဆင့်ကမ်းကြမတုန်းးးး
စောင့်ထိန်းရမဲ့ သီလကို ဘယ်၂ယောက်က ဘယ်၂ပါးလောက် ထိန်းနိုင်ပြီလဲ၊ (ဒါနဲ့တောင် မျိုးချစ်တို့က ဘာသာ/သာသနာ မထိနဲ့ အော်နေသေးးး)
သမ္မာဝါစာ ကနေ စလို့ သမ္မာသင်္ကပ အဆုံး အလွတ်ရွတ်ရင်သာရမယ်
ဘယ် အရာ မှန်ကန်ခြင်းလည်း တွေးမြင်သိနိုင်တဲ့ ပညာကရော သင်လို့ရမလားးး
အဲ့ ပညာမရှိရင် သေချာတယ် သမာဓိ ဆိုတာ အဝေးမှာ။
သီလ/သမာဓိ/ပညာ မရှိရင် ဘယ်မှာ သတိ တစ်လုံး အစဉ်သုံးနိုင်တော့မတုန်း ဟင်???
တစ်ယောက်တည်းသွားရတဲ့ လမ်းးးး
ဘယ်သူ့မှ ခေါ်လို့မရဘူးးးး (အဟွတ်)
အို တို့က တစ်ယောက်တည်း ကြောက်တတ်လို့ တစ်ယောက်တည်းသွားရမဲ့ လမ်းသွားဘူးးးး
အဖော်အပေါင်းနဲ့ တီထွေးကြီးဖြစ်ဖို့ပဲ စောင့်တော့မယ်။ အဟက်ဟက်။
Zaw Thant
August 21, 2013 at 1:28 pm
.. ဟုတ်ပ.. ဒါတွေက အကာမို့ ပယ်တယ်.. ဒီအနှစ်တွေက နောက်မှလုပ်မယ် နဲ့ ဘာမှမလုပ်ဖြစ်ဘူးဖြစ်ဖြစ်နေတယ်..
.. နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့ နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုယ်လွတ် ရုံးမယ် ဆိုရင်တောင် လွတ်ဖို့က မသေချာသေးပါဘူး.. 😀
kai
August 21, 2013 at 1:55 pm
သီရိလင်္ကာက.. ဒေါက်တာဘွဲ့ရတဲ့.. ရခိုင်ဆရာတော်နဲ့.. ၂နာရီကျော်၃နာရီလောက်.. စကားပြောတရားဆွေးနွေးဖြစ်တယ်…
ဗုဒ္ဓသာသနာအတွက်.. အားထားစရာရဟန်းပညာရှိတွေ.. ရှိပါသေးလားလို့ပဲ..တွေးမိ..သိမိဖြစ်သွားကြောင်း.. ပြောချင်ပါတယ်..
ဆိုတော့…
အမှန်ကို အမှန်အတိုင်းမသိသမျှ.. အမှန်တရား.. သစ္စာကိုလက်မခံနိုင်သမျှ.. သဒ္ဓါမကလို့.. သဒ္ဓါ့အဖေလာဦး… သောတာပန်အဆင့်တောင်… ဝေလာ့ဝေလာဝေးနေမှာပဲလို့.. ပါပဲ..။
ဆိုတော့…
ဝိပဿနာဆိုတဲ့စာသား..စကား.. ဘုရားမသုံးခဲ့ပါကြောင်း…
အဘိဓမ္မာ.. ဘုရားဟောမဟုတ်ပါကြောင်း…။
ပဿနာကို.. ဝိမလုပ်သင့်ပါကြောင်း…
ဓမ္မ..ဓမ္မာကို.. အဘိမလုပ်သင့်ကြပါကြောင်း..
ခုတော့.. ..အဲလောက်ပဲ..။
မိုက်ကယ်ဂျော်နီအောင်ပု
August 21, 2013 at 3:14 pm
သဒ္ဓါကိုဒီလိုကဲ့ရဲ့တန်းဆို
ပညာဆိုတာ တစ်ခါတစ်လေ ယုတ်မာတတ်တဲ့သဘောဆောင်တယ် ပြောရမှာဘဲ
( ဒီနေရာမှာ မှားတယ်မှန်တယ်ဆိုတာကတော့ သတ်သတ်ပေါ့ )
သူ့ဖါသာ သဒ္ဓါစိတ်ဝင်လို့ လှူနေတာကို
လုပ်မနေပါနဲ့ကွာ အုပ်ပုံကြီးပါ အရုပ်ကြီးပါ ဆိုပြီး
ပညာနယ်ထဲကနေ ကဲ့ရဲ့ရော
ပိုဆိုးတာက စာဖတ်တာနဲ့ ကျင့်စဉ်တွေမှာ ပိုဆိုးတယ်
သူ့ဖါသာ မျက်စေ့မှိတ်ပြီးငြိမ်ငြိမ်နေတာကို ငုတ်တုတ်ကြီးထိုင်နေတာပါပြောလိုပြော
သူ့ဖါသာ သံဝေဂရလို့ အသားမစားဘဲနေတာကို
ဒေဝဒတ်တောင်ဘုရားခွင့်ပြုတာမဟုတ်ဘူးပြောလိုပြော
သတိထားမိမလားတော့မသိ ( တစ်ဦးနှင့်တစ်ဦးတော့ ဖြစ်ပုံခြင်းတူမည်မထင် )
ပညာဆိုတာက ဘယ်လောက်ရှိရှိဘဲဖြစ်ပါစေ
စားဝတ်နေရေးလည်းမပူရ
မိသားစုဆွေမျိုးမပူလည်းမရှိတဲ့ ပညာရှိဟာ
အားအားနေ တဲ့အခါ ပျင်းလာရော
ဘာလုပ်လို့လုပ်ရမှန်းလည်း မသိ နေမထိထိုင်မသာဖြစ်နေရော
ဟိုသွားဒီသွားလို့ရတယ် ပြောလို့ရပေမယ့် အဆုံးတော့ ဘယ်မှလည်းမသွားခြင်
ဘာမှလည်း အလုပ်မရှိ
ခမျာ သဒ္ဓါကလည်း မရှိရှာလေတော့ ငြိမ်ငြိမ်ထိုင်ပြီးနေမနိုင်တော့
ဖဲဝိုင်းသွားပါလေရော
Zaw Thant
August 22, 2013 at 10:10 am
.. အဲ့လောက်နဲ့ မရပ်နဲ့ဦးလေ သူကြီးရဲ့.. သေသေချာချာလေးရှင်းပြမှ မှန်၏ မမှန်၏ စဉ်းစားခွင့်ရမှာပေါ့..
GARFIELD
August 21, 2013 at 4:24 pm
ကျွန်တော့်အမြင်တော့ အရေးကြီးတာ သက်သေပြနိုင်ခြင်း (Prove)ဗျ…
ဘယ်ဟာ မှန်တယ်… မှားတယ်ဆိုတာ သက်သေပြနိုင်မှ အမှန်အမှားကွဲပြားမှာကိုး…
အဲဒီတော့ သိပ္ပံပညာမှာ လတ်တလောအမှန်တရားတစ်ခုကို သက်သေပြနိုင်တယ်…
အဲဒီ သီအိုရီမှားရင်လဲ မှားတယ်ဆိုတဲ့အကြောင်း တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က
သက်သေပြချက်နဲ့ ရှင်းလင်းတယ်ပေါ့…
ဘာသာရေးမှာကျတော့ သက်သေပြနိုင်မှုနယ်ပယ်အားနည်းတယ်…
သက်ဝင်ယုံကြည်မှုတစ်ခုထည်းနဲ့ ထောက်ပံ့ထားတာမို့…
(Prove) ပြပါဆိုတဲ့အချိန်မှာ အခက်အခဲကို ရင်ဆိုင်ရတော့တာပဲ…
လွန်ခဲ့သော နှစ်ပေါင်းများစွာက အကြောင်းအရာတစ်ခုကို ဘယ်နည်းနဲ့သက်သေပြနိုင်မှာလား…
Time machine သုံးပြီး… အတိတ်ကိုပြန်သွား… ဒီနေရာမှာ ဒီလိုတကယ်ရှိခဲ့ပါကြောင်း…
မှတ်တမ်းမှတ်ရာနှင့်တကွ… သက်သေပြနိုင်ခဲ့ရင်…
အဲ့လိုမှမဟုတ်ရင်တော့… Prove ရှိမှယုံမယ်လို့ခံယူထားသူတွေအပေါ်မှာ လွှမ်းမိုးနိုင်မှုနဲပါလိမ့်မယ်…
ခင်မင်လျက်-
ဂါဂါးကြီး
Zaw Thant
August 21, 2013 at 4:52 pm
.. ဟုတ်တယ်ဗျ.. သိပ္ပံပညာက သက်သေပြနိုင်တာ နဲ့ အထောက်အထားတွေ ကိုအခြေခံထားတာပါပဲ.. လက်ရှိ အမှန်လိုယူဆထားတာတွေဟာတွေကိုလည်း until proven otherwise အဖြစ် လက်ခံထားကြတာပါ..
.. ဘာသာရေးမှာတော့ သက်သေပြဖို့က time machine နဲ့ အတိတ်ကို ပြန်သွားသက်သေပြနိုင်ရင်တောင် ထာဝရဘုရားဆိုတာတွေ၊ နောင်ဘဝ ဆိုတာတွေ၊ ကောင်းကင်ဘုံ၊ နိဗ္ဗာန်ဆိုတာတွေက သက်ဝင်ယုံကြည်မှုပါမှသာ လက်ခံလို့ရကြမှာပါပဲ..
.. ဗုဒ္ဓဘာသာမှာတော့ prove မဟုတ်တောင် ကိုယ်တိုင်စမ်းသပ် ကျင့်သုံးနိုင်ခွင့်ပေးထားတာကတော့ Evidence based science နဲ့ သက်ဝင်ယုံကြည်မှုဘာသာတရားကြားက အဆင့်တစ်ခုလို့များပြောလို့ရမလား စဉ်းစားမိပါတယ်..
GARFIELD
August 21, 2013 at 5:15 pm
ဒါကတော့ အစ်ကိုဇော်သန့်ရဲ့…
(အရသာရှိလိုက်တာ… ကိုယ့်ထက်ငယ်မှန်းသိရက်နဲ့ခေါ်ရတာ…)
ကိုယ်တိုင်စမ်းသပ်ရမှာပေါ့ဗျာ…ဟီး…
ဥပမာ… အိုင်းစတိုင်းသီအိုရီဘယ်လောက်မှန်မှန်…
ရူပဗေဒ မသိတဲ့လူက မှန်တယ်မမှတ်ဘူး ဘယ်သိလိမ့်မတုန်းဗျ…
အဲဒီတော့ ခက်ခဲသောတားဆီးမှုရှိလာပြန်ရော…
ဒါပေမယ့် အဲဒီသီအိုရီတွေကို အခြေခံပြီး E=MC2 (2 မဟုတ် စကွဲ) ကနေ
အတောမစ်ဗုံးဖြစ်လာတာ လူတွေမျက်မြင်… အဲဒီမှာ Prove ရပြီ…
တစ်ဆင့်တက်သွားတာ… လူအများရဲ့အမြင်မှာ ချပြနိုင်တဲ့ Prove…
ဘာသာတရားကျတော့အဲ့လိုမဟုတ်ပြန်ဘူး…
တစ်ယောက်ကလုပ်လို့အောင်မြင်ပေမယ့်… အများအလယ်မှာ ချပြလို့မရပြန်ဘူး…
ဥပမာဗျာ… ကျွန်တော်က ဗုဒ္ဓဘာသာအစွန်အဖျားမို့… နားလည်သလိုပြောပါ့မယ်…
ရဟန္တာဖြစ်အောင်ကျင့်ကြံအောင်မြင်ပေမယ့် ငါဟာရဟန္တာပါလို့ လူရှေ့သူရှေ့မှာ ချပြဖို့
မဖြစ်နိုင်ပြန်ဘူး…
အဲဒီကနေ ပြသနာက စတော့တာပဲ… ကျင့်လို့ရတာမှန်ချင်မှန်မယ်…
သဒ္ဒါတရားကြောင့်ဖြစ်ချင်ဖြစ်မယ်… ဒါပေမယ့် အများလက်ခံနိုင်အောင်ချပြဖို့ Prove မရှိပြန်ဘူး…
အဲဒီတော့ ဘာသာရေးက သပ်သပ်…
သိပ္ပံက သပ်သပ်…
ခွဲထားကြရင်ဖြင့် ပိုအဆင်ပြေမလားရယ်လို့ဗျာ…
ကွန်ပျူတာစကားအရပြောရရင်
ပရိုတိုကောမတူတဲ့ Network နှစ်ခုကို ဆွဲမညှိပဲ…
သပ်သပ်စီထားလိုက်… ဖီးလ်လာသူသုံးလိမ့်မယ်လို့ပဲ ကျွန်တော့စိတ်ထဲမှတ်ထားကြောင်းပါ…
ခင်မင်လျက်-
ဂါဂါးကြီး
တစ်ခါကဆွိရဲ့……..သူငယ်ချင်း
(အခုဆွိက ပျောက်နေတယ်….ဟိ)
အလင်းဆက်
August 21, 2013 at 5:41 pm
ဂါးဂါးကြီး ေနောက်က လိုက်ပါတယ်
🙂
kai
August 21, 2013 at 10:52 pm
ဘာလို့ အဲလိုလော့ဂျစ်မကျတာကြီး.. ပြောထားရေးထားကြလည်းသိလား…
အဲဒီလူ(တွေ).. တကယ်(တကယ်)ရဟန္တာမဟုတ်လို့ဗျ….
ခပ်တည်တည်နေလိုက်ယုံနဲ့.. လူတွေထင်ချင်သလိုထင်ပြီး.. လာကိုးကွယ်ဆည်းကပ်နေကြတာမျိုးလေးဖြစ်တော့.. ပိုကောင်းတယ်ပေါ့..
သာဓု….
Zaw Thant
August 22, 2013 at 10:04 am
.. ရပါတယ် ဦးဦးဂါးဖီးရယ် လေးစားသမှုနဲ့ခေါ်တာပဲ.. ကြိုက်သလိုခေါ်ပါ.. 😀
.. ဥပမာလေးလဲ ကြိုက်သဗျ.. အိုင်းစတိုင်း သီအိုရီ ဘယ်လောက်မှန်မှန် လူပိန်းနားလည် ဖို့ကတော့ အတော့မစ်ဗုံး လောက်နဲ့မှသိသာတာကိုး.. နဲနဲတော့ အီစိမ့်သွားတာပေါ့လေ..
.. ဘာသာရေးမှာတော့ evidence based သဘောမျိုး “တစ်နေ့ တစ်နာရီ တရားထိုင်ခြင်းအားဖြင့် ငရဲရောက်မည့် အခြေအနေမှ ၉၀% သက်သာစေမည်” ဆိုတာမျိုးတော့ မရှိဘူးပေါ့ဗျာ.. ဦးလေးပြောသလိုပဲ ရဟန္တာဖြစ်ရင်တောင် ဖြစ်ကြောင်းမပြောသာတော့ ဒီလိုနဲ့မသိလို်က်တာမျိုးလဲရှိမှာပဲ.. ဒါပေမယ့် သောတပန်လောက် ဖြစ်တယ်ဆိုရင်တော့ ပြောသင့်သလားလို့ဗျ.. ဒါမှပဲ နောက်လူတွေ အားရှိမှာကိုး.. အခုတော့ ဆုတ်ကပ်ကြီးမို့ သောတပန်မဖြစ်သလောက်ပဲရှားတာလား၊ ဘာလား ဆိုပြီး ဖြစ်နေနိုင်တာပေါ့..
.. ဘာသာရေးက သပ်သပ် သိပ္ပံက သက်သက်က ကြာရှည်ခွဲလို့ရမယ်လို့တော့ မထင်ဘူးဗျာ.. လူအများစု အနေနဲ့ကိုပြောတာပါ.. တစ်ဦးချင်းအနေနဲ့တော့ရပါတယ်.. ကျွန်တော်ရေးထားတဲ့ အထဲက evolution နဲ့ creationism တွေ့ကြသလိုပေါ့.. တချိန်ချိန်တော့ လက်တွေ့သိပ္ပံ နဲ့ ဘာသာရေး လာညှိကြမှာပဲ.. တစ်ဦးချင်းအနေနဲ့တော့ ခွဲထားလို့ရပါတယ်.. သိပ္ပံကိုလည်းလက်ခံ ဘာသာရေးကို လည်း အစဉ်အလာမပျက်ပေါ့ဗျာ..
Wow
August 22, 2013 at 11:11 am
ဆိုလိုတာကတော့ ရူပဗေဒသဘောအရ သဂျီးကို အတော့မစ်ဗုန်းနဲ့ ထုလိုက်ရင် သဂျီး အမြင်မှန်ရဘီပေါ့နော်…
ဘယ်အီကွေးရှင်း ဘယ်လောက်မေ့မေ့ E=MCsquare ကိုတော့ ဘယ်တော့မှ မမေ့ :kwi:
lele kyi
August 21, 2013 at 8:27 pm
ပို့စ်အတွက် အငြင်းပွားစရာမရှိတော့ အခုလိုတော်တဲ့မောင်လေးကို ရွာထဲအရောက်ခေါ်လာတဲ့ ခိုင်ဇာရဲ့ ဂေဇက်ကို တော်တော်သံယောဇဉ်ကြီးပုံကို လေးစားပါတယ်။
GARFIELD
August 22, 2013 at 10:40 am
ဒါမျိုးဆိုရင် သူကြီးက ပရောဂမှန်တော့တုန်ဆင်းလာသကိုး…
သူကြီးဆက်ဆွဲတော့ ကျွန်တော်လဲ ဆက်ဆွဲလိုက်ရရင်ဖြင့်…
ဒီလိုဗျ… အနောက်တိုင်းကလူတွေပျံသန်းဖို့ကြိုးစားနေချိန်မှာ…
အရှေ့တိုင်းမှာ ပျံသန်းဖို့ စိတ်ကူးယဉ်နေတယ်လို့ ကျွန်တော်ခံစားရတာရှိပါတယ်…
အနောက်တိုင်းမှာ လေထဲပျံသန်းလိုက်တဲ့အချိန်မှာ…
အရှေ့တိုင်းက တချို့တချို့သောဒေသမှာရှိတဲ့လူတွေက စိတ်ကူးယဉ်အိပ်မက်ကနေလန့်နိုးပြီး…
တစ်ချို့တစ်ချို့သောဒေသကလူတွေက ဆက်လက်စိတ်ကူးယဉ်နေတုန်းပါပဲ…
အချုပ်အားဖြင့်ဆိုရရင်…
စိတ်ကူးယဉ်အိပ်မက်ဟာ… လက်တွေ့မှာဖြစ်မလာတာပါပဲ…
(Dream may not come true.)
ဈာန်ရအောင်ကျင့်တယ်…
မြေလျှိုးတယ်… မိုးပျံတယ်…
စိတ်ကူးယဉ်နေချိန်မှာ…
လေယာဉ်ပျံတွေတည်ဆောက်ပြီးသွားပြီ…
မြေအောက်ရထားတွေ ဖောက်ပြီးပြီ…
ပင်လယ်ဖြတ်ပြီး သင်္ဘောတွေနဲ့သွားနေပြီးပြီ…
အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားမိတာတစ်ခုက…
အရှေ့တိုင်းမှာရှိခဲ့သော ကျွန်ုပ်တို့ မြတ်စွာဘုရားက မိုင် ၁၀၀ဝ လောက်အဝေးရှိတဲ့ အိန္ဒိယကနေ
မြန်မာနိုင်ငံကို သာသနာပြုရောက်ခဲ့တယ်ဆိုရင်…
ဘာ့ကြောင့် ဈာန်နဲ့ပျံပြီး… အနောက်တိုင်းမှာ သာသနာသွားမပြုခဲ့သလဲဆိုတာပါပဲ…
အဲဒီလိုဆိုရင် အမေရိကတိုက်ကိုတွေ့တာ ကိုလံဘတ်မဟုတ်ဘဲ…
ဂေါတမမြတ်စွာဘုရားဖြစ်ချင်ဖြစ်ခဲ့မှာပေါ့…
အဲဒီလိုပြောတော့ ကျွန်တော်က ကိုယ့်ကိုးကွယ်ရာဆိုတဲ့ ဘာသာတရားကို ထိခိုက်မိရရောက်ပါတယ်…
ဈာန်မရတဲ့ ခရစ်ယာန်ဘုန်းကြီးတွေတောင် အင်္ဂလန်ကနေ မြန်မာနိုင်ငံအထိသွားပြီး…
ဘာသာရေးမျိုးစေ့ချပေးထားခဲ့တာ လက်တွေ့ပါ…
ဒီဥပမာလေးကိုကြည့်ခြင်းအားဖြင့်…
ဘာသာရေးကို လက်တွေ့သိပ္ပံပညာနဲ့ မနှိုင်းယှဉ်တာ…
ကျွန်တော်ပြောလေ့မရှိတာပါ…
မသေခင်… မိမိလုပ်ချင်ရာလုပ်ကြ… (ခွက်ဒစ်တူ… မောင်ဂီ)
ခင်မင်လျက်-
ဂါဂါးကြီး
kai
August 22, 2013 at 1:36 pm
မြန်မာနိုင်ငံကို.. သာသနာပြုရောက်ခဲ့တယ်လို့.. ဘယ်နားလေးက..ဘာအထောက်အထားနဲ့ပြောတာလည်းဟင်င်..
ဟိုနားကခြေရာကြီးလား…။
ဒီနားကဦးခေါင်းအရွယ်ကျောက်တုံးကြီးအထဲ… ဆံတော်ပေးပြီးထည့်လိုက်တယ်ဆိုတာလား..
ဟို့ဟိုနားက.. ဆင်းတုထုအတတ်တွေ.. ကမ္ဘာ့အစောဆုံးတတ်နေသူတွေနား.. ရင်ငွေ့လှုံပေးတာကိုလား…
အဲ့.. အဲဒီနားမှာ..မိုးပေါ်ကပျံလာပြီး မြို့ဖြစ်လတံ့.. ဗျာဒိတ်ချပေးတဲ့နေရာလား…
အားလုံး… သဒ္ဓါလွန်အောင်.. ကွန့်လွန်းပြီး.. ကျွံပြောနေကြတာပါကွယ်…
အမှန်တရားကတော့.. ဂေါတမမြတ်စွာဘုရား.. ဖွားတော်မူဒေသကနေ.. အချင်းမိုင်၂၀ဝကျော်အဝန်းထက်ပိုပြီးလှည့်လည်သွားခဲ့ခြင်းမရှိပါကြောင်းရယ်ပါ..
http://www.pbs.org/thebuddha/timemap/section/events-buddhas-life/
အဲလိုဆိုလို့..
သစ္စာတန်ဖိုးလျှော့သွားစရာအကြောင်းမရှိသလို… ဗုဒ္ဓရဲ့(တကယ့်)တရားတွေအပေါ်မှာလည်း.. သံသယတစုံတစိမျှ.. ဖြစ်သွားစရာအကြောင်းမရှိ..
တိုးလို့သာကြည်ညို၏…. ကြည်ညိုမိ၏… :kwi:
ချွန်တွန်းကွန့်လွန်းသမားတွေကြောင့်သာ.. တကယ်ရှိခဲ့ဖြစ်ခဲ့တဲ့.. ဗုဒ္ဓပုံရိပ်နဲ့.. သာသနာထိခိုက်၏.. ထိခိုက်၏..။
Zaw Thant
August 22, 2013 at 2:08 pm
.. ဒါမျိုးတွေ ပြောချင်တာပါလေ.. သဒ္ဓါစိတ်သက်သက်နဲ့ ပုံအပ်ယုံတုန်းက ကိုယ်ဗုဒ္ဓဘုရားရှင် နတ်ပြည်ကျတော့ ၃ လလောက်သွားပြီး အနောက်တိုင်းကို ဘာလို့ မရောက်လဲ ဆိုလည်းမစဉ်းစားမိကြပါဘူး ၊ မြန်မာပြည်ရောက်ခဲ့တယ် ဆိုလည်း ရောက်ခဲ့တယ်ပဲပေါ့.. ဒါပေမယ့် အခုချိန်တွေးကြည့်တော့ စဉ်းစားမယ်ဆို စဉ်းစားစရာလေးတွေ ရှိလာတာပေါ့.. ဒါပေမယ့် ငြင်းနေလို့ အဖြေမထွက်တဲ့နောက် သေချာတဲ့ သစ္စာသဘော တကယ့်တရားသဘော လေးတွေကို ဦးစားပေးကြမလားလို့ပါ..
kai
August 22, 2013 at 2:35 pm
ငြင်းလို့အဖြေထွက်ပါတယ်ဗျ…
ကာဗွန်-၁၄သက်တမ်းတွက်စက်ကြီး.. မြန်မာပြည်ပို့.. ဘုရားသမိုင်း.. “ဟ”တာနဲ့.. အဲဒီကအုပ်စ..သစ်စယူပြီး.. စက်ထဲထည့်… သက်တမ်းတွက်ပြယုံ..
သဒ္ဓါလွန်နေသူတွေကို.. ဖြီးလုံးခြောက်လုံးတွေနဲ့.. ညာစားနေတဲ့.. ဘိုးတော်တွေတော့.. တော်တော်လျှော့သွားမယ်..
သာသနာ”သန့်”သွားမယ်ဆိုပါစို့…
ထင်တာ… :kwi:
=
RADIOCARBON DATING (test) PRICE and cost.
Radiocarbon dating price list (pricelist)
How expensive is carbon 14 dating?
Our base price for C-14 dating is 100 Euro per sample (1/08/2013)
Sample type Rate(Euro)
Wood & Charcoal 100
Peat 130
Bone 130
Humus & soil 130
shell ( carbonate) 130
Pottery (If sufficient Carbon mass) 150-200
An example of Radiocarbon dating price:
#1: Routine One ( separate) charcoal sample (5-10 g of Carbon or more) coming abroad costs: 100 Euro + 10 Euro for Customs formalities. When 10 similar samples – cost is 1000-10%Discount+10 Euro for Customs formalities all equals 910 Euro.
When High Precision – the base price should be multiplied to 1.5.
When Small Sample – the base price should be multiplied to 1.5.
http://c14.kiev.ua/c14cost.htm
Zaw Thant
August 22, 2013 at 3:14 pm
.. ဒါဖြင့်လည်း သူကြီးရဲ့ ကာဘွန်တွက်စက်ကြီး အတွက် အလှူလိုက်ခံရအောင်ဗျာ.. ဘယ်သူတာဝန်ခံမလဲ.. ကျွန်တော်နောက်ကွယ်ကနေ ဝန်းရံပါမယ်.. 😀
.. နောက်တာပါဗျာ.. တကယ်တော့ ဒီ ဖြီးလုံး ခြောက်လုံးတွေ ကြားက အစစ်ပိုင်းလေးတွေကို “သန့်” ယူဖို့ဆိုတာကတော့ ကောင်းပါတယ်.. ဒါပေသိ သူကြီးရဲ့ တခါမှ မမြင်ဘူးတဲ့ စက်ကြီးရဲ့ အဖြေက အစဉ်အဆက်ယုံခဲ့ကြတဲ့ ဘုရားသမိုင်း စေတီသမိုင်းတွေကို တိုးပေါက်ဖို့တော့ ခက်မှာပဲ (သဒ္ဓါကဲတဲ့ မျိုးဆက်ပေကိုး).. မာန်နတ် ရဲ့စက်ကြီး ဆိုပြီး နာမည်တွင်သွားမှ အခက်ပဲ..
မဟာရာဇာ အံစာတုံး
August 22, 2013 at 2:47 pm
နောက်ပိုင်း လူဒွေဟာ ဆိုရင် …
အပြင်ဘန်းကျိမယ်ဆိုရင် …
အသိဉာဏ်ဒွေ တိုးတက်လာဒလိုလို ချိဘေမယ့် ..
တကယ်တမ်း ပေါရရင် …
အ, အ လာဂျဒါ ….
အရင်ဒုန်းက ဟိုဟာဂ ဟိုလောက်ဟေ့ ဆိုရင် …
ဖြတ်ခနဲ ဘာဂျောင့်လဲ ဆိုဒါ သိလို့ ငြင်းဂျက်ဒွေ မထုတ်ဂျဘူး … (မှန်မှန်းသိလိုက်ဒါဂိုး)
အခု လူဒွေဂ .. (လာလိမ့်အုံးမယ် နောက်ပိုင်း မျိုးဆက်ဒွေ) …
သူဒို့ကိုယ် သူဒို့ ချရာဂျီးဒွေ လိုလို၊ ဘာလိုလို စတိုင်နဲ့ (ဒဂယ်ဒေါ့ ကို အ ဒါကို အ ဂျောင်း ထပေါနေဒါ) မရှင်းဒါဒွေဂို မေးလာဂျဒယ် ..
အိုက်ဒါ ဘာပုလို့ဒုန်း သိလား ..
အရင်လူဒွေလောက်တောင် မသိဂျလို့ …
ပိုပြီး အ, အ လာဂျလို့ ..
ဒကယ်လို့များ ရှေးပညာရှိတွေကသာ သမိုင်းဆိုဒါဂျီးကို အုတ်မြစ်မချဂဲ့ရင်
နှောင်းလူဒွေ ကန်းဘာ ကန်းလာဂျမှာ ……
ရှေးလူဒွေရဲ့ အမျှော်အမြင်ကြီးမှု၊ ဂရုဏာကြီးမှုတွေကြောင့် ထင်ဒလောက် အ, မသွားဂျဒါဘဲ ကံကောင်းဒယ် ပေါရမယ် ….
ဟိတ်လူဂျီး …
ကျုပ်က လျှောက်ပြောတွားဒါနော် .. ဂယ်မှတ်နေနဲ့အုံး … ဟီးးဟီးး
Zaw Thant
August 23, 2013 at 9:26 am
ဆြာအံပြောမှ အရင်တုန်းက စာသင်ခန်းထဲက ကျောင်းသားဘဝတွေကိုသွားသတိရတယ်.. ရှေ့ကဆရာက ခက်ခက်ခဲခဲ စာတွေသင် ပြီးလို့ ကျောင်းသားတွေကို ဘာမေးစရာရှိသေးလဲ၊ ဘာနားမလည်တာရှိသေးလဲဆို မရှိပါဘူးဖြေကြတာချည်းပဲ.. အဲ့လိုဆို ဆရာတွေက တယ်တော်တဲ့ တပည့်တွေပဲ အကုန်နားလည်တယ် ဆိုပြီး ငေါ့လေ့ရှိပါတယ်.. 🙂
ကိုရင်စည်သူ
August 22, 2013 at 4:17 pm
ကိုရင်ဇော်သန့်လို မပျော့မမာ အတွေးရှိတဲ့ စာရေးသူတွေရှိနေတာ..
ကံဂိုမယုံတဲ့ သဂျီးရွာအတွက် ကံကောင်းခြင်း တစ်မျိုးဘာဗျာ…
ဗုဒ္ဓဘာသာဟာ ကမာ္ဘမှာတစ်ခုတည်းတော့ ဖန်ဆင်းရှင်မဲ့တရားပါ။
နှစ် နှစ်ထောင်ကျော် လက်ဆင့်ကမ်းလာတဲ့ ဘာသာတရားတစ်ခုဟာ
အနည်းနဲ့အများတော့ အကာတွေ များလာတာလဲ အနိစ္စသဘောတစ်ခုပါ။
အကာတွေများလာတဲ့ အနှစ်ကို ဖယ်မယ်ဆိုလဲ သာမန်လူတွေ လေ့ကျင့် လေ့လာနိုင်တဲ့
ဉာဏ်မှီ ဦးမှကိုးး။ အထူးသဖြင့်တော့ လက်ရှိ ကျနော်ဒို့ မျိုးဆက်တွေရဲ့ ဉာဏ်ရည်
အသုံးချမှု အားနည်းလာတဲ့ ဆိုးပြစ်တွေဘာ။ သမိုင်းနဲ့ ချီပြောရင်လည်း ကိုယ်မှ
ပါဝင်ခဲ့ဖူးတာမဟုတ်တော့ လွန်ခဲ့တဲ့ ၁ဝနှစ်က သမိုင်းတော့ အမျိုးမျိုးပုံစံကွဲနေတော့
သမိုင်းဆိုတာချည်းကို စွတ်ယုံပီး တွန်းနေလဲ သစ္စာတရားကို တွေ့ဖို့ခက်လှသဗျာ..
ဒါကြောင့် (လူတစ်ယောက်ဟာ ဘဝတစ်ခုမှ သူရဲ့ ဉာဏ်ပညာကို ၁ဝပုံပုံရင် တစ်ပုံပဲ အသုံးချနိုင်ပါတယ်)
ထူးခြားပုဂိုလ်တွေက လွဲရင်ပေါ့ဗျာ…။ ၁ဝပုံပုံ ၃ ပုံအထိ အသုံးချလာနိုင်တဲ့နေ့တော့
သီလ၊ သဒ္ဓါ၊ ပညာ ပေါင်းရင် အနှစ်က ဘာ.. အကာက ဘာဆိုတာ ကိုယ်လည်း သိနိုင်ကောင်းပါရဲ့
ခုတော့ အကာလေးပြုတ်ရင်း အနှစ်လေးတော့ စပ်စုနေမိရဲ့…
ခင်တဲ့
အဝိဇ္ဖာနွံထဲက ကိုရင်စည်
Zaw Thant
August 22, 2013 at 4:53 pm
.. ဟုတ်ပါတယ်ဗျ.. ကျွန်တော်ရေးချင်တာရဲ့ အနှစ်ချုပ်သဘောလေးပါပဲ.. 🙂
ဦးကြောင်ကြီး
August 26, 2013 at 8:04 am
အနော်ငယ်ငယ်က ဘာသာရေးမဂ္ဂဇင်း ဓမ္မရံသီဆိုတာ နှစ်ပေါက်ချီ စွဲစွဲမြဲမြဲ ဖတ်ဖူးတယ်။ သူက ဂမ္ဘီရ၊ဝိဇ္ဖာလိုင်း ဆန့်ကျင်တဲ့စာစောင်ပါ။ ကိုဇော်သန့်ပြောသလို နတ်ကိုးကွယ်မှု ဘာညာစတာကို လက်မခံဘူး။ အနော်လည်း ဖတ်ရင်းသဘောကျလာတော့ တတ်နိုင်သလောက် သာသနာပြုမယ်ဆိုပြီး အဲဒီမဂ္ဂဇင်း အချို့ကိုဝယ် အိမ်နားကဘုရာတွေမှာ အများသူငှာဖတ်ဖို့ လိုက်လှူတယ်။ ထင်တာတော့ ကိုယ့်ကို်ယ်ကို ပညာပေါ့ဗျာ၊ အခုချိန်မှ ပြန်သုံးသပ်တော့ သဒ္ဓါဖြစ်နေတယ်။ ရုပ်၊နာမ် ကွဲကွဲပြားပြား မသိဘဲနဲ့ ဒါမှန်တယ် ဖြစ်သင့်တယ်ဆိုပြီး တွန်းလုပ်ခဲ့တာလေ… အဲဒါမျိုးကိုလည်း သဒ္ဓါထဲ ထည့်ရမယ်။ အချို့က စာအုပ်ကိုင်ပြီး စိနာ္တမယညဏ်သက်သက်ကို ပညာထင်နေကြတယ်။
ပြသနာက တွေးတော၊ စဉ်းစား၊ ဆင်ခြင်ကြတာ… ညဏ်စဉ်ထဲမှာလည်း သုံးသပ်ဆင်ခြင်ခြင်း သမ္မာသနညဏ်ရယ်လို့ ရှိလေတော့ မမှားဘူးထင်ဂျဒယ်… အဲဒီညဏ်အစစ်က ငါလွတ်နေချိန် သူ့အလိုအလျောက် လုပ်သွားတာ၊ ဒါကို ညဏ်တထွာတမိုက်နဲ့ တငါငါစွဲ ယူကြတော့ ပညာနဲ့သဒ္ဓါနဲ့မကွဲဖြစ်တာ။ သဒ္ဓါကတော့ရှင်းတယ် မြင်သာတယ်၊ ပညာက လျှို့ဝှက်နက်နဲတယ်.. ထုတ်ပြလို့ မရကောင်းဘူး။ အနှစ်သာရပိုင်း တူပေမဲ့ အပေါ်ယံကြောမှာ ခေတ်ကာလလိုက်လို့ ပြောင်းလဲမှုရှိတယ်။ လှည်းစီးတာနဲ့ မော်တော်ကားစီးတာ ဥပမာပေါ့ဗျာ။ ယာဉ်ခြင်းတူပေမဲ့ ခေတ်မတူတော့ တူတယ်ပြောရင် အတော်လက်ပေါက်ကတ်တယ်။ ဒီဥပမာကိုပဲ သဒ္ဓါဖက်ကကြည့်တော့ ယာဉ်ဖြစ်လို့ ဝိနည်းထိုရ်ရင် ဘုန်းကြီးတွေ မစီးသင့်ဘူး၊ အဲလိုမယူဘဲ ဟာ..ကွာ.. ဒီခေတ်ကြီးမှာ ရှောင်လို့ရပါ့မလား၊ ဇိမ်ခံချင်လို့ စီးတာမှ မဟုတ်တာဆိုပြီး စီးပြန်တော့လည်း ဖြစ်တာပဲ။ နှစ်ခုစလုံး သဒ္ဓါကို အခြေခံတယ်။ ပညာသမားက အထွန့်တက်မယ်…. ယာဉ်မစီးတာ ကိလေသာစိတ်ကိုပယ်တာ ပြောရင်ဂေါ ဘယ်သူငြင်းမလဲ၊ အဲလိုမဟုတ် ယာဉ်စီးတာ လောကီ၊လောကုတ်နှစ်ဖြာအကျိုး ဆောင်ရွက်ဖို့ ရုပ်၊နာမ် ဆင်ခြင်စီးတာဆိုရော ဒါလည်း ဟုတ်တာပဲ..။ စကားလုံး ပညတ်တွေဗျာ…. ပြောသူ၊ နာသူ ရှုဒေါင့် အမျိုးမျိုး ရတယ်။ တသမတ်ထဲ မရှိဘူး။ ဒါနဲ့ပဲ တခုထဲသော ဘုရားဟောတရား အမျိုးမျိုး ကွဲထွက်ကုန်တာနေမှာ…။
ပညာဆိုတာ ဗုဒ္ဓဘုရားဟောခဲ့တာ မဂ်ညဏ်ဖိုလ်ညဏ် သက်သက်ကိုပဲ ဆိုလိုတယ်။ “သက်သက်” ဆိုတာ လက်ဆုပ်လက်ကိုင် ပြမရခြင်းသဘော… ပြောရအောင်လို့သာ အမည်ပေးထားတာ။ သွားဆုပ်ကိုင်လိုက်တာနဲ့ ပညာမမည်တော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို တကိုယ်ရည်လွတ်မြောက်ခြင်း တရားရယ်လို့ သမုတ်တယ်။ သူများကို ရော့အင့်ဆိုပြီး ဒါန၊ သီလ၊ သမာဓိ တရားတွေလို ပေးလို့မရ၊ ဆုံးမလို့မရ၊ အကျိုးအပြစ် ဖန်ဆင်းပြလို့ မရဘူး။ ထိုက်သင့်တဲ့ ပါရမီဆုတောင်း ရှိရတယ်…။ ကိုယ့်ဟာကိုယ် လုပ်ယူရတယ်…။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီနည်းကို တကိုယ်ကောင်းဆန်တယ် သတ်မှတ်ပြီး ဘုရားလောင်း လမ်းစဉ်ရွေးတယ်။
ပြန်ချုပ်လိုက်ရင် ပညာ၊ပညာနဲ့ တကယ်တန်းမှာ သဒ္ဓါအဆင့်ပဲ ရှိတယ်။ ကတ်သတ်ပြောရင်တော့ ပညာရည်သန်တဲ့ သဒ္ဓါပေ့ါဗျာ.. မမှားပေမဲ့ တိုင်ပတ်နေတဲ့အခါ ပန်းတိုင်မရောက်တော့ဘူး။ ပညာဖြစ်ရင် မှားတာ၊မှန်တာသိတယ်၊ လုပ်ရ၊ မလုပ်ရမှာလည်း သိတယ်။ လုပ်နိုင်မလုပ်နိုင်တာက တပိုင်း…။ ရှေးနောက်ဘဝ သုံးဆဲ့တဘုံ စတာကို ပညာရှိလည်း အဘိညာဉ်မရှိရင် သဒ္ဓါနဲ့ ယုံရမှာပဲ… ဘယ်လိုယုံသလဲ… အရောင်ကာလာ မမြင်ဘူးသူသည် အရောင်တမျိုးမျိုး မြင်ဘူးသွားရင် အခြားအရောင်တွေရှိတယ်၊ အရောင်ဆိုတာဘာလဲ သိသွားသလိုမျိုးပဲ… လော့ဂျစ်ဆန်ဆန် တွေးကြည့်လို့ရပါတယ်။ ပရလောက တမျိုးမျိုး ကြုံဖူးသူသည် ၃၁ရှိမရှိ ခေါင်းမစားနေတော့ဘူး… လက်ခံနိုင်သွားပြီ။ ဆရာကောင်း တဦးဦး ကြုံဖူးလို့ ဓမ္မအပေါ် အမြင်ရှင်းသွားတဲ့အခါ သရဲတစ္ဆေ မြေလျှိုးမိုးပျံ မမြင်ဘူးရင်တောင် ဆရာအာမခံပြောတဲ့ မြင်အပ်၊မမြင်အပ် အခြင်းအရာတွေကို သံသယမဖြစ်ချင်တော့ဘူး။ ပညာအခြေခံထားလို့ ပညာမဟုတ်တာကို လိုက်ပွားမနေရကောင်းမှန်းသိတယ်။ အဲလိုမဟုတ် ဆရာကလည်း ပညာမဖြစ်၊ ကိုယ်တိုင်လည်း အဲဒါတွေမကြုံဘူး.. ဆရာစဉ်ဆက် နာယူလက်ခံလာတာ စေတနာအရင်းခံ ပြန်ပြောတာဆိုရင်တော့ သဒ္ဓါဖြစ်သွားပြီ။ သဒ္ဓါသမားကတော့ ရှင်းတယ်.. ပြောတဲ့အခါ ခံဖက်ကချည်းမို့ အထူးပြောစရာမလိုဘူး။
——————————————— ———————————————
ပညာ ပညာနဲ့ တညာထဲ ညာနေသူများ ကိုယ့်ကိုယ်ကို မညာမိစေဖို့ ညာသံပေးလိုက်တာပါ… အညာသားကြောင်ညာကြီး 😈
Zaw Thant
August 26, 2013 at 11:01 am
.. မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်.. ဒါပေမယ့် ဒုတိယတစ်ခေါက်ပြန်ဖတ်ကြည့်တော့ နားမလည်တာလေးတွေးလဲပြန်တွေ့ပါတယ်.. ကျွန်တော်ရေးချင်တာနဲ့ ဦးကြောင်ကြီး မြင်တာနဲ့လွဲသွားတာများလား.. ဒါမှမဟုတ် အခုဦးကြောင်ကြီးရေးထားတာကို ကျွန်တော်သဘောမပေါက်တာလားတော့မသိဘူး..
.. ဦးကြောင်ကြီးပြောထားတဲ့ “ပြောသူ၊ နာသူ ရှုဒေါင့် အမျိုးမျိုး ရတယ်။ တသမတ်ထဲ မရှိဘူး” ဆိုတာလိုပဲ ဒီမှာဆွေးနွေးနေကြတဲ့ ပညာ ဆိုတာကို သတ်မှတ်ချက် ရှူထောင့် အမျိုးမျိုးရှိမယ်ထင်ပါတယ်.. ကျွန်တော်ရေးချင်တဲ့ ပညာဆိုတာက ကို်ယ်တိုင် စဉ်းစားတတ်၊ နားလည်တတ်၊ ကျိုးကြောင်းဆင်ခြင်တတ် တာမျိုးကို ပြောချင်တာပါ.. ဦးကြောင်ကြီး ပြောတဲ့ ပညာကတော့ ပိုနက်နဲသိမ်မွေ့တဲ့ ပညာဖြစ်ပါလိမ့်မယ်.. ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ ပညာ အစစ်ပေါ့.. ဒါပေမယ့်လည်း ကျွန်တော်ရေးချင်တာက တရားသားအစစ်တွေမဟုတ်ပဲ လူ၊ ခေတ်ပညာ၊ ဘာသာရေး အပြန်အလှန်ဆက်စပ်မှုကို ရေးလိုက်တာဆိုတော့ ဘာသာရေးရှူထောင့်ကကြည့်ရင် ပေါ့ပျက်ပျက်တော့ ဖြစ်နေနိုင်တာပေါ့လေ.. ဒါဆိုရင်တော့ တောင်းပန်ပါတယ်..
.. နောက်ပြီး ဦးကြောင်ကြီးပြောထားတဲ့ ” ဗုဒ္ဓဘာသာကို တကိုယ်ရည်လွတ်မြောက်ခြင်း တရားရယ်လို့ သမုတ်တယ်” ဆိုတာလေးလဲ လက်ခံပါတယ်.. ကိုယ်ဘာသာ သံသရာလွတ်မြောက်ကြောင်းကို အာရုံစိုက်မှတော့ ကျွန်တော်ပြောထားတဲ့ ခေတ်ပညာတွေ၊ နောက်မျိုးဆက်လက်ဆင့်ကမ်းဖို့တွေ အရေးမကြီးတော့ပါဘူး.. ကိုယ်တိုင် မဂ်ဉာဏ် ဖိုဂ်ဉာဏ် ရဖို့သာ အရေးကြီးတာပါပဲ.. ဒီသဘောကို သဘောပေါက်ပေမယ့် လက်တွေ့တော့ မလုပ်နိုင်သေးတာအမှန်ဗျ.. ဒါကြောင့်ပဲ ဒီ ဂေဇက်မှာ လာပြီး ဟိုယောင်ယောင် ဒီယောင်ယောင်စာတွေ ရေးနေမိတာပဲ.. တကိုယ်ရည်လွတ်မြောက်မှုက တကယ်အရေးကြီးမှန်းသိတဲ့ တနေ့တော့ အခုလုပ်နေတာတွေ အကုန်ချပြီး ဦးကြောင်ကြီးပြောတဲ့ ပညာစစ်စစ်နောက်ကို လိုက်ရမှပေါ့ဗျာ.. အဲ့အချိန်ကျရင်တော့ နောက်မျိုးဆက်ဆိုတာတွေ၊ ပညာဘာလဲ အငြင်းအခုန်တွေ ကိုယ်နဲ့ မဆိုင်တော့ပါဘူး..
ဦးကြောင်ကြီး
August 27, 2013 at 10:07 am
တရားစာပေ ကိုးကားလွန်းတဲ့ ကွန်ဆာဗေးတစ်ဝါဒီတွေနဲ့ အစဉ်အလာ အားထုတ်မှုကနေ ခွဲထွက်စဉ်းစားချင်တဲ့ ပရိုဂရက်စစ်သမား နှစ်ယောက်စလုံးကို ဘုရားဟော ပညာရှုဒေါင့်ကနေ ပြောတာပါဗျာ..။ သိပ္ပံနည်းပညာခေတ်မှာ မျက်စေ့စုံမှိတ် ကိုးကွယ်မှုကို ဝေဖန်စောကြောခြင်းဓလေ့ ထွန်းကားလာတော့ တွေးတောကြံဆခြင်းကို အမှန်သစ္စာထင်သွား၊ အတုယူမှားကြမှာဆိုးလို့ စေတဏှာနဲ့ ပြောပါဒယ်…။ သတ်မှတ်ချက်အားလုံးကနေ လွတ်မြောက်မှသာ အမှန်သစ္စာထိုက် ပညာမည်တယ်… အဲဒီညဏ်ကိုပဲ အဆင့်ဆင့် ပညတ်တင်တဲ့အခါ မဂ်လေးတန် ဖိုလ်လေးပါး ဖြစ်ရတယ်…။ ဒါနဲ့ပဲ မဂ်ဖိုလ်နိဗ္ဗာန် ရှိမရှိ သံသရာလည်ရော…။ နိဗ္ဗာန် တကယ်ရှိသလား ရှိတယ်.. တကယ်ရောက်ဖူးတဲ့ ရဟနာ္တအရှင်မြတ်က ပြောရင်.. မရှိဘူး… တကယ်သိတဲ့ ရဟနာ္တမထေရ်မြတ်ကပဲ ပြောရင်… ပရမတ်သစ္စာကို ပညတ်တင်မှတော့ ပြောသူ၊နာသူ အသိညဏ်လိုက်လို့ အဓိပ္ပါယ် ကွာသွားပြီပေါ့…။ ဟောသည်မှာ နိဗ္ဗာတကယ်ရောက်ဖူးသူ သဲအင်းဂူဆရာတော်ကြီးဟောတဲ့ ရုပ်ထူး၊နာမ်ထူး တရားတော်.. http://dhammadownload.com/MP3Library/TheeInnGuSayadaw/MP3D06/007-D06-TheeInnGuSayadawUOakKaHta-YoakHtooNanHtoo.mp3
အလင်းဆက်
September 14, 2013 at 11:40 am
ကိုဇော်သန့်ရေ
ဒီပ်ိုစ့်က
ကိုဇော်သန့်အတွေးတွေလည်း ဂွတ်
ရွာသူားတွေရဲ့ commentတွေကလည်း ဂွတ် ဆိုတော့
တော်တော်လေး ကြိုက်မိတယ်။
18 ရက်နေ ့မှာ တက်လာမယ့်
ကျွန်တော့်ပိုစ့်တစ်ပုဒ်ထဲမှာ
ဒီပိုစ့်ရဲ့ လင်ခ့်လေး
ချိတ်ထားပါရစေ။
အဲဒါလေး လာခွင့်တောင်းတာပါ
လေးစားချစ်ခင်လျက်
Zaw Thant
September 18, 2013 at 1:40 pm
.. ရပါတယ်ဗျား.. အဆင်ပြေသလိုလုပ်ပါ.. 🙂
kthwinzayarmyo
September 14, 2013 at 12:10 pm
ပိုစ့် နဲ့ မဆိုင်ပေမဲ့
ဗုဒ္ဓဘာသာကို တကိုယ်ရည်လွတ်မြောက်ခြင်း တရားရယ်လို့ သမုတ်တယ်” ဆိုတာလေးလဲ ကန့်ကွက်ချင်လာတယ်
သံဃာ ကိုထားခဲ့တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်က တရားသင်. တရားကျင့် . တရားဖြန့်ဝေ ဆိုတာလူသားအားလုံးအတွက်ပါ
မဟာယာန ဗုဒ္ဓဘာသာမှာလည်း ဒီလို မဟုတ်ဘူးထင်တယ်
ဦးကြောင်ကြီး
September 18, 2013 at 8:03 am
မြတ်စွာဘုရားက မြှားဘယ်သူ ပစ်သလဲဆိုတာထက် မြှားဆိပ်တက်တာ အရင်ကုဖို့ မှာခဲ့သဗျာ..။ အဲဒီသဘော ကမ္မဌာန်းရှုတဲ့အခါမှ စက္ကန့်မလပ် အချိန်တိုင်း တန်ဖိုးရှိ အရေးကြီးပုံ သိရတယ်။ တတင်္ဂပေါင်းများစွာကြာမှ တခဏ၊ တခဏပေါင်းများစွာကြာမှ တဘဝ၊ ဘဝပေါင်းများစွာကြာမှ တကမာ္ဘ၊ ကမာ္ဘပေါင်းများစွာကြာမှ တသချေင်္၊ အသေချင်္အနန္တရှိမှ တသံသရာ ဖြစ်တာဗျို့…။ ဒါဆို မူလဇစ်မြစ် အရင်းခံ လက်ရှိပစ္စုပ္ပန်လေးကို ဖြတ်နိုင်မှ ဆုံးမယ်ဆိုတာ ရဲဘော်ပဲလှော် သိကောင်းပါရဲ့..။ တကိုယ်ရည် လွတ်မြောက်ခြင်း ရှုဒေါင့်ကနေ ကြည့်မယ်ဆို ဘာညာတွေ လျောက်ပွားမနေနဲ့၊ သူများကို တရားချဖို့ ကြိုးပမ်းမနေနဲ့.. ကိုယ်လုပ်မှ ကိုယ်စား.. ကိုယ်က လွတ်ပြီးနေမှ သူများ ကယ်တယ်ဆိုတာ အဓိပ္ပါယ်ရှိ ထိရောက်တာကလား…။ အခုပြောတာ စောဒက တက်လို့ရတယ်…ဘာလို့လဲဆိုတော့ ပရမတ်သစ္စာကို ပညတ် သတ်မှတ်ချက်ဘောင်ထဲ ဆွဲသွင်းပြောလိုက်လို့…. မူရင်း တန်ဖိုးကျသွားပြီ။ ပြောမှတော့ အမှန်သစ္စာ မထိုက်တော့ဘူး။
Wow
October 15, 2015 at 10:12 am
တူညားXပေးလို့ တညားဒါလေးလာတင်တာပါချင့်…
Wai Yan
October 7 at 12:42pm • Singapore, Singapore •
ငယ်ငယ်က မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲဟု ဆရာမကို မေးမိရာ ထိပ်ခေါက်ခံရသည်။ အဖြေကားမရ။
သားသားကြီးရင် ဘာလုပ်မလဲဟု အမေက မေးသောအခါ အာကာသယာဉ်မှူးလုပ်မည်ဟု ဖြေဖြစ်သည်။ နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။
အိမ်ရှေ့က အဝီစိတွင်းကြောင့် ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ အလျှံအပယ်ရှိလိမ့်မည်ဟု အယူမှားမိပြန်သည်။
အိမ်ကဘုရားစင်သည် ကျွန်တော့်မုန့်ဖိုးထက်ပို၍ အကုန်အကျများ၏။ အမေသည် ဘုန်းဘုန်းကြွလာသောအခါ နံနက်စောစောထ၍ ချက်ပြုတ်ထားသော ဆွမ်းကိုကပ်၏။ သီလရှင်များလာသောအခါ ကန်တော့ပါသေးရဲ့ဟု ဆို၏။ gender ခွဲကြောင်း ဝေဖန်မိ၍ အမေက မျက်စောင်းခဲ၏။
မနက်တိုင်း ကြေးစည်ထု၍ ဘုရားရှိခိုးသောအဘွားထံတွင် ဘုရားရှိခိုး ပါဠိစာသားများ၏ အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။ အဖွားက ကုသိုလ်ရတယ်လူလေးရဲ့ဟုသာ ပြောတတ်ရှာလေသည်။
ဘုရားဆွမ်းတော်ကို အမက သူစားချင်သောသစ်သီးများ ဝယ်၍ တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။ ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။ ဘုရားပန်းများကိုကား ရက်ခြားလွှင့်ပစ်ရသဖြင့် အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း တော်သေးတယ်။ အခုဟာက ဘုရားက ပန်လို့လားဟဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။
အဖေသည် တစ်ရက် ထူးထူးဆန်းဆန်းစကားကို ဆို၏။ ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။ ရှိစုမဲ့စု စုထားသော ငွေကလေးကို ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည်ဟု ထင်မှတ်မှားနေခဲ့ဖူးသည်။ ယခုမူ ဘုရားဖူးစရိတ်တဲ့။ အဖေ့သူငယ်ချင်းသည် အရက်ဆိုင်ဖွင့်ထားသည်။ ချဲဒိုင်လည်း ကိုင်သည်။ ဘုရားဖူးလုပ်ငန်းလည်း ကားတွေထောင်ထားပြီးလုပ်သည်။ ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ကျွန်တော်အဖေ့ကို မေးမိသည်။ အဖေ အိမ်ကဘုရားက ဖူးရတာ ရိုးသွားလို့လားဟု။
အဖေက အခုသွားဖူးမယ့် ဘုရားတွေက တန်ခိုးကြီး ဘုရားတွေ ဆုတောင်းပြည့်ဘုရားတွေတဲ့။
ဂေါဓမမြတ်စွာဘုရား၏ ဆင်းတုတော်တို့သည် အိမ်တွင်ထား၍ ကိုးကွယ်လျှင် တန်ခိုးအာနိသင်လျော့နည်းကြောင်း နှင့် ကြီးကြီးထုဆစ်ထားသော ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို ထိုစဉ်ကမှ ကျွန်တော်သိလိုက်ရသည်။ ဟုတ်ပေမည်။ အိမ်က ဆင်းတုတော်လေးသည် ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ မသုတ်သင်နိုင်ရှာတော့ပေ။ နောက်ပြီး သောက်တော်ရေနှင့် ဆွမ်းတော်လည်း နေ့တိုင်းကပ်လှူပသရသည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူပါလျက် စားခြင်းသောက်ခြင်းမကင်းနိုင်သေး။ အိမ်ဘုရားမဟုတ်ဘဲ အများကိုးကွယ်သည့် ဘုရားဆင်းတုကြီးကြီးများတွင်မူ ဆွမ်းစားရန်မလို။ စားခြင်း သောက်ခြင်းမရှိ။ တန်ခိုးကြီးလိုက်ပါပေ့။
အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည် အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။ အဖေ့ထံ ဒေါ်လေးသမီး ကျွန်တော့်အမဝမ်းကွဲက ငိုယို၍ ငွေကြေးအကူအညီလာတောင်းသည်။ အဖေက ဘုရားဖူးရန်စုထားသောပိုက်ဆံများ ပဲ့မည်ဆို၍ အထိမခံ။ ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။ တန်းခိုးကြီးဘုရားတွေမှာ ဒေါ်လေးအတွက်အလှူပြုကာ ဆုတောင်းပေးမည်ဖြစ်ကြောင်း ဖြောင့်ဖျပြောဆိုသဖြင့် အမဖြစ်သူသည် ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။
သို့နှင့် ကျွန်တော်လည်း ဘုရားဖူးလိုက်ပါခဲ့ရ၏။ မြန်မာပြည်တွင် တောင်းစားနေသော သူတောင်းစား ပေါများကြောင်းကို ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ ကျွန်တော်သိ၏။ ဘုရားတွင် ကပ်လှူထားသော ရွှေပြားများသည် ထိုသူတောင်းစား လူမွဲဖွပ်ဘိုးအေများကို လှောင်ပြနေသကဲ့သို့ဖြစ်၏။
ဘုရားသည် ရရက်သားသမီးများကို တစ်ပြိုင်နက်ဆုတောင်းပူဇော်ခြင်းမခံလိုပေ။ ကျွန်တော်၏ ကလေးအတွေးလည်း ဖြစ်ကောင်းဖြစ်မည်။ အဖေက သောကြာထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ အမေက အင်္ဂါထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ ဘုရားသည် အာရုံမများအောင် ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။
လူတချို့သည် မွေးနေ့အထူးအစီအစဉ်အဖြစ် ဘုရားရေသပ္ပာယ်နေကြ၏။ သက်စေ့ပူဇော်၏။ မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။ ချမ်းတုန်နေရော့မလားဟုလည်း ကျွန်တော်တွေးမိ၏။
ဤအဖြစ်ကို ရိပ်စားမိပုံရသော လူတစ်စုသည် ဘုရားအနီးတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အနွေးဓာတ်ပေး၏။
နောက်တော့ သူတို့သည်လည်း စေတနာကြောင့်ဟုတ်မတူဟု ကျွန်တော်တွေးမိသည်။ ယတြာအရ လာရောက်ပူဇော်စီရင်နေခြင်းဖြစ်ဟန် တူ၏။ အကြောင်းမှာ ဖယောင်းတိုင်ကို အရေအတွက်အတိအကျ ပူဇော်နေသောကြောင့် ဖြစ်သည်။ လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာ အာရုံရှိနေ၏။ အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။ ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့် ကျပ်တိုက်ခြင်းခံနေရရှာ၏။
ဘုရားစောင်းတန်းများတွင် ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။ ပန်းပုဆရာသည် သူ၏ပေါင်တွင်ဆင်းတုကို ညှပ်၍ထု၏။ ငရဲမကြီးဘူးလားဟု အဖေ့ကို ကျွန်တော်မေးကြည့်မိသောအခါအဖေက အနေကဇာမတင်ရသေးသဖြင့် ငရဲမကြီးကြောင်းဆိုသည်။ ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။ တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ ဤသို့သာ ကလေးအတွေးဖြင့် ကျွန်တော်မှတ်ထားလိုက်သည်။
ကျွန်တော်ဘဝင်မကျသည့်အချက်တစ်ခုရှိသေး သည်။ ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက် အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည် နှာခေါင်းချွန်၍ တရုတ်ပြည်မှဆင်းတုများသည် နှာခေါင်းပြားကာ ကျွန်တော်တို့ဆီတွင် ဗမာဆန်နေရတာပါလဲဟု အဖေ့ကို ကျွန်တော်မေးခဲ့သည်။
အဖေသည် ပါရမီရင့်သန်နေပုံရ၏။ ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။
အမေကတော့ တစ်မျိုးပြောသည်။
မိုးကြိုးပစ်မယ်သတိထားနေတဲ့။ မိုးကြိုးသည် ကျွန်တော့်အားမပစ်။ ရွာတောင်ပိုင်းက မိဘကိုလုပ်ကျွေးပြုစုနေရှာသော မောင်ကျော်ဆိုသည့် တရားသမားလေးအား ပစ်သွားသည်။ သိကြားမင်းသည် အိုပြီထင်၏။ လက်မတည့်ရှာတော့ပေ။