ကျွန်မနှင့် စာတမ်းဖတ်ပွဲတစ်ခု
ကျွန်မနှင့် စာတမ်းဖတ်ပွဲတစ်ခု
ကျွန်မ ရွာထဲမှာ ပျောက်နေတဲ့ အကြောင်းရင်းတွေထဲမှာ စာတမ်းဖတ်ပွဲတွေလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိတ်ဝင်စားလွန်းလို့မဟုတ်ပဲ တာဝန်အရ နားထောင်ခဲ့ရတဲ့ အများကြီးထဲမှာမှ မှတ်မှတ်ရရဖြစ်နေခဲ့တဲ့ တစ်ခုကို ပြန်လည်မျှဝေလိုက်ချင်ပါတယ်။
ရွာသူားတွေကို ပြန်လည်မျှဝေပေးချင်တဲ့ စိတ်နဲ့ (အိပ်မငိုက်အောင်ကြိုးစားပြီး) သေချာနားထောင်ဖြစ်ခဲ့ပေမယ့် ပြန်ပြောရလောက်အောင် စိတ်ဝင်စားရတဲ့အကြောင်းအရာက တော်တော်ရှားပါတယ်။ ထုံးစံအတိုင်း စာတမ်းဖတ်သူက စင်ပေါ်တက်ပြီးဖတ်၊ နားထောင်တဲ့သူတွေက မေးချင်တာမေး၊ ဖြေတဲ့သူကလဲ ဖြေချင်ရာဖြေပြီး နောက်ဆုံးမှာ မရေမရာနဲ့ပဲ အဆုံးသတ်သွားတာများပါတယ်။
ဒါပေမယ့် လုံးဝထင်မှတ်မထားတဲ့ ခေါင်းစဉ်တစ်ခုမှာတော့ ကျွန်မ အရမ်းကို ကျေနပ်ပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ယခုခေတ်နဲ့လဲ ကိုက်ညီတဲ့စာတမ်းတစ်ခုကို ဖတ်သွားခဲ့တဲ့ ဥပဒေဝန်ထမ်းတစ်ဦးကို စိတ်ထဲမှာ စွဲနေခဲ့တယ်။ ကျွန်မက တစ်ဆင့်ပြန်လည်ရေးပြတာဖြစ်လို့ အချိန်အားဖြင့်လဲ တစ်လနီးပါးကြာခဲ့ပြီဖြစ်တဲ့အတွက် အသေးစိတ် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စာဖတ်သူတွေအားလုံး နားလည်အောင် ကျွန်မအနေနဲ့ ကြိုးစားပြီး ရေးပြသွားမှာ ဖြစ်ပါတယ်။
ခေါင်းစဉ်နံမည်က လောလောဆယ်ခေတ်စားနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက် တဲ့ …
စာတမ်းဖတ်သူက ဥပဒေအရာရှိတစ်ယောက်ပါ။ (နံမည်ချန်ထားခွင့်ပြုပါ)
ပုံမှန်အားဖြင့် ဒီလိုခေါင်းစဉ်ကို စိတ်ဝင်စားအောင် တင်ပြဖို့ အရမ်းခက်ပါတယ်။ ဘယ်လိုများတင်ပြမှာလဲလို့ အားလုံးက စိတ်ဝင်စားနေခဲ့တယ်။ သတင်းစာထဲမှာပါတဲ့ ဥပဒေကို အသေးစိတ်ဖတ်ပြရင် ဒုက္ခပဲလို့တောင် တွေးနေခဲ့ကြတယ်။
အားလုံးလဲ သိကြမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရ ရက်နေ့ကမှ အာဏာတည်သွားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစီမံချက်ကို ဩဂုတ်လကထဲက လွှတ်တော်မှာ တင်ပြထားပြီးဖြစ်ပါတယ်။ အဲဒီဥပဒေရဲ့ အရှေ့မှာ ၁၉၄၈ ခုနှစ်က နိုဝင်ဘာ (၈) ရက်မှာ ပြဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ (၆၇/၁၉၄၈) ရှိခဲ့ပါတယ်။ ၂၀၁၃ စက်တင်ဘာ ၁ရ ရက် မတိုင်ခင်အထိ ယခင်ရှိခဲ့တဲ့ ၁၉၄၈ ဥပဒေနဲ့ပဲ အရေးယူခဲ့ကြပါတယ်။
ပထမဆုံး စာတမ်းဖတ်သူက သူ့ကိုယ်သူ မိတ်ဆက်ပေးပြီး သူ့ရဲ့လုပ်သက်တစ်လျှောက်မှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်တန်းခဲ့တဲ့အမှု၊ ဥပဒေဝန်ထမ်းတွေအနေနဲ့လဲ ဖြေရှင်းပေးခဲ့ရတဲ့အမှု မရှိခဲ့လို့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုကင်းစင်နေတယ်လို့ ယူဆမိပါတယ်လို့ ပြောပြီး စလိုက်ပါတယ်။ အားလုံးပြုံးပြီး အိပ်ငိုက်ပြေသွားကြတယ်။
နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားမှုဖြစ်ရခြင်းအကြောင်းရင်းတွေရှင်းပြပါတယ်။ အတိုချုပ်ပြီး ပြောပြရရင်တော့ လုပ်ငန်းတစ်ခု အဆင်ပြေချင်လို့ ပေးတဲ့သူက ပေးပါတယ်။ အဲဒါကို ယူတဲ့သူကလဲ ယူပါတယ်။ နှစ်ဦး ပြေလည်နေချိန်မှာ ဘာပြသနာမှမပေါ်ပါဘူး။ ပေးတဲ့သူက မကျေနပ်တဲ့အခါမှာတော့ ပြသနာတက်လာမယ်။ ဘာကြောင့် ပေးတဲ့သူတွေရှိရလဲဆိုတာကတော့ မရှင်းမလင်းတဲ့ဥပဒေတွေ၊ လုပ်ပိုင်ခွင့်များလွန်းတာတွေ၊ စီမံခန့်ခွဲမှု ညံ့တာတွေကြောင့်ဖြစ်ကြတာများပါတယ်။
စာတမ်းဖတ်သူက ဥပဒေနဲ့ ပြစ်ဒါဏ်တွေကို ဆက်လက်ရှင်းပြပါတယ်။ အင်တာနက်မှာ ရှာဖတ်ကြည့်လို့ရတာမို့လို့ ကျော်လိုက်အုန်းမယ်။ စာတမ်းဖတ်သူ ဆိုလိုချင်တာက ဥပဒေတွေ ဘယ်လိုပဲထုတ်ထုတ် လူတစ်ဦးချင်းစီက မလိုက်နာပဲ ချိုးဖောက်နေရင် ဘာမှ မတတ်နိုင်ဘူးလို့ အဓိပါယ်သက်ရောက်အောင်ပြောသွားပါတယ်။
အဲဒီမှာ သူ့ဘဝအကြောင်းကို ထည့်ပြောသွားတာလေးက အဓိကဖြစ်လို့ အဲဒီအကြောင်းတွေကို first speaker နေရာကနေပြီး ပြန်ရေးပေးလိုက်ပါတယ်။
ကျွန်မငယ်ငယ်တုန်းက ခိုးရာပါပစ္စည်းကို လက်ဝယ်ထားမိတဲ့အမှုနဲ့ အပြစ်ပေးခြင်း ခံခဲ့ရဖူးပါတယ်။ ကျွန်မအဖေက မြို့နယ်တစ်ခုရဲ့ သမဝါယမအသင်းမှာ အလုပ်လုပ်တဲ့အတွက် ကျွန်မတို့မိသားစုအားလုံး သမဝါယမဆိုင်အနောက်မှာ အိမ်သေးသေးလေးတစ်လုံးနဲ့ နေခဲ့ရပါတယ်။ မောင်နှမ ၄ ယောက်ရှိပါတယ်။ ခြံဝင်းထဲမှာ သီးပင် စားပင်တွေလဲရှိပါတယ်။ ဝန်ထမ်းတွေပဲဖြစ်ဖြစ် ရပ်ကွက်ထဲကပဲဖြစ်ဖြစ် ခူးချင်တဲ့သူခူးနေကြတာ မြင်တွေ့နေရပါတယ်။ တစ်နေ့မှာ ကျွန်မ မောင်လေးရဲ့ သူငယ်ချင်းက အုန်းပင်ပေါ်က အုန်းသီးကို ခူးပြီး ကျွန်မတို့အိမ်ထဲမှာ လာထားပါတယ်။ ကျွန်မကိုလဲ သူအုန်းသီးထားပြီး မနက်ဖြန်မှ လာယူမယ်လို့ ပြောပြီးအပ်သွားပါတယ်။ ကျွန်မကလဲ အင်း လို့ပဲပြောပြီး ဒီအတိုင်းထားလိုက်တာပေါ့ ..
နောက်တစ်နေ့မနက် ကျောင်းမသွားခင် အဖေက အုန်းသီးတွေကို တွေ့သွားပြီး သေချာစစ်ဆေးမေးမြန်းပါတော့တယ်။ အကြောင်းစုံကို သိသွားတဲ့အခါမှာတော့ ကျွန်မကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရပိုင်ပစ္စည်း ခိုးထားတာကို လက်ခံထားတဲ့အတွက် ကြံရာပါအနေနဲ့ အပြစ်ရှိတာ ထင်ရှားတဲ့အတွက် အပြစ်ပေးရမယ်လို့ ပြောပါတယ်။ အဖေက အရမ်း စည်းစနစ်ကြီးပါတယ်။ အပြစ်ရှိရင် အပြစ်ပေးရမှ ကျေနပ်တဲ့သူဖြစ်ပါတယ်။ ကျွန်မကို ထိုက်သင့်တဲ့ပြစ်ဒါဏ်ခံဖို့ ခဏစောင့်လို့ပြောပြီး ဝါးခြမ်းပြားတစ်ခုကို အနားသတ်ပါတယ်။ ပြီးတော့ လက်ဝါးဖြန့်ဆိုပြီး လက်ဝါးကို သုံးချက် ရိုက်ပြီး အပြစ်ပေးခဲ့ပါတယ်။
အလွန်သမာသမတ်ရှိတဲ့ အစိုးရဝန်ထမ်းအဖေ့ကြောင့် ကျွန်မတို့ မောင်နှမ ၄ ယောက်မှာ တော်တော်ဆင်းရဲစွာနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ ၂ ယောက်ပေါင်း ထီးတစ်ချေင်းနဲ့ ထမင်းချိုင့်တစ်ချိုင့်သာ ရပါတယ်။ ထမင်းစားလွွှတ်ချိန်မှာ တစ်ယောက်ကထမင်းစားရင် တစ်ယောက်က ထိုင်စောင့်နေရတယ်။ ထမင်းချိုင့်ကလဲ ဥတစ်လုံးချိုင့် ဒန်ချိုင့်အဟောင်းလေးပဲဖြစ်ပါတယ်။ ဘဲဥဟင်း တစ်ယောက်ကို တစ်ခြမ်းပဲ စားရပါတယ်။ အဲဒီတုန်းက ကလေးစိတ်နဲ့ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့ဖူးတယ်။ ငါသာကြီးလာပြီး ပိုက်ဆံရှာနိုင်ရင် ဘဲဥတွေ အများကြီးဝယ်ပြီး ဟင်းချက်စားပစ်လိုက်မယ်လို့ … တကယ့်တကယ်မှာတော့ ၂ လုံးထက် ပိုမစားနိုင်ပါဘူး။
ဒါပေမယ့် ကျွန်မတို့မောင်နှမတွေ စိတ်ဓါတ်မကျပါဘူး။ အားလုံးပျော်ရွှင်ကြပါတယ်။ မြို့ရွာထဲမှာ ခေါင်းမော့ပြီး သွားလာနိုင်ပါတယ်။ ဦး… ရဲ့ သားသမီးတွေ တော်လိုက်ကြတာ။ သူတို့အဖေက အရမ်းစိတ်ထားကောင်းတာ၊ ရိုးသားတာ၊ ကြိုးစားတာ စသဖြင့် အဖေ့ရဲ့ ဂုဏ်တွေကြောင့် ကျွန်မတို့တွေလဲ ဂုဏ်တက်ခဲ့ရပါတယ်။
ငယ်ငယ်ကထဲက ကျွန်မ ကြီးလာရင် အဖေ့လိုပဲ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင်လုပ်မယ်။ အဖေ့ကြောင့် ကျွန်မတို့မောင်နှမတွေ ဂုဏ်တက်ရသလို ကျွန်မရဲ့ သားသမီးတွေကိုလဲ ကျွန်မကြောင့် ဂုဏ်တက်စေရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ကျွန်မမှာ သားလေးတစ်ယောက်ရှိပါတယ်။ သားလေးအတွက် ကျွန်မ ကြိုးစားကြီးနေထိုင်ပါတယ်။ ကျွန်မ မချမ်းသာပါဘူး။ ဒါပေမယ့် အားမငယ်ပါဘူး။ စိတ်ဓါတ်လဲမကျပါဘူး။ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင်၊ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး နေပါတယ်။
အဲဒီလိုနဲ့ စာတမ်းဖတ်သူက အားလုံးကို စွဲခေါ်သွားနိုင်ခဲ့ပါတယ်။ နားထောင်တဲ့သူတွေရင်ထဲကို ရိုးသားခြင်းဟာ အရေးပါကြောင်း အသိတရားရအောင် ပြောပြသွားခဲ့တယ်။ သွယ်ဝိုက်သောနည်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဓိက အရေးကြီးတာ ဘာလဲဆိုတာကိုလဲ ပြသွားနိုင်ခဲ့ပါတယ်။
စာတမ်းဖတ်ပွဲပြီးလို့ အားလုံးထမင်းအတူစားချိန်မှာ ကျွန်မဘေးမှာ ထိုင်စားတဲ့တစ်ယောက်က သူသာဆိုရင် အဲဒီလို ပြောနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ အဂတိလိုက်စားမှု အနဲနဲ့အများတော့ သူ့မှာရှိနေတဲ့အတွက် ဒီလိုစာတမ်းမျိုးကို မပြောရဲပါဘူးတဲ့။
ကျွန်မက ယုံကြည်မှုအပြည့်ရှိတဲ့လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။ ကျွန်မကတော့ ပြောရဲပါတယ်လို့ …….
19 comments
weiwei
September 25, 2013 at 8:20 pm
ဦးကြီးမိုက်အသံကြားလို့ ကြိုးစားပမ်းစားရေးပြီး ပို့စ်တင်ဖို့ကြိုးစားတာ တစ်နေကုန် ဘာအလုပ်မှမလုပ်လိုက်ရဘူး … တော်ရုံတန်ရုံ စိတ်ရှည်ရုံနဲ့ ပို့စ်တင်ဖို့မပြောနဲ့ ကွန်မန့်တစ်ခုပေးဖို့တောင် အရမ်းခက်တဲ့ ကော်နက်ရှင်ပဲ …
kyeemite
September 26, 2013 at 10:10 am
ကျုပ်အသံ ကြားတယ်ဆိုလို့ ဝမ်းသာပါတယ်မဝေရေ..
မဝေမျှဝေတဲ့ အတွေ့အကြုံလေးလည်းကောင်ပါရဲ့…
အကြိုက်ဆုံးကတော့…
“ကျွန်မက ယုံကြည်မှုအပြည့်ရှိတဲ့လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။ ကျွန်မကတော့ ပြောရဲပါတယ်လို့ ……. ”
ရွာသူား တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်ဗျို့…ဗရာဗိုးးးးး 🙂
weiwei
September 26, 2013 at 7:49 pm
ရွာသူတစ်ယောက်အနေနဲ့ ဝင်အားပေးနေတယ်ဆိုတာ သက်သေပြချင်လို့ပါ ဦးကြီးမိုက်ရေ …
ရွာကို သံယောဇဉ်ရှိပေမယ့် ဝင်ရခက်လွန်းတာက အကြောင်းရင်းတစ်ခု … အချိန်မအားတာက နောက်တစ်ကြောင်း … စိတ်အနှောင့်အယှက် အဖြစ်မခံချင်တာလဲတစ်ကြောင်း …
လုံမလေးမွန်မွန်
September 25, 2013 at 8:29 pm
ဒီခေတ်ထဲမှာ ဒီလိုလူမျိုး အတော်ရှားသွားပါပြီ။ မျှဝေပေးတဲ့ အန်တီဝေကိုလည်း ကျေးဇူးတင်ပါတ
ိ။ ကျွန်မကတော့ ပြောရဲပါတယ်လို့ ဆိုတာကိုလည်း တကယ်လေးစားမိပါတယ်။
တကယ်တော့ သူပြောသွားသလိုပဲ အဂတိဆိုတာ အပြန်အလှန် အဆင်ပြေမှုကနေ လာတာပါ။ နောက် မြန်မာလူမျိုးဆိုတာကလည်း သိပ်ကျေးဇူးတင်တတ်တဲ့သူမျိုးကိုး။ အားကလည်း နာတတ်သေး။ ကိစ္စတစ်ခုများ အဆင်ပြေရင် ကျေးဇူးတွေတင်ပြီး သိပ်ကျေးဇူးဆပ်ချင်ကြတာ။ စိတ်မခိုင်တဲ့သူမျိုးကျတော့ အဲဒီမှာစတွေ့တော့တာပဲ။ ဒီခေတ်ကြီးထဲမှာတော့ အဂတိလိုက်စားမှု လုံးဝပျောက်မယ်လို့မထင်မိဘူး 🙂
အလင်းဆက်
September 25, 2013 at 8:38 pm
အန်တီဝေရေ..
စိတ်ရှည်လက်ရှည် တင်ပြပေးလို ့..ကျေးဇူးပါနော် ။
အင်တာနက်လိုင်းနှေးတဲ ့အချိန်..ပိုစ့်တင်ရတာ..ဒုက္ခတော်တော်ရောက်တာ… ကိုယ်တွေ ့တွေမို ့..။
ဦးကျောက်ခဲ
September 26, 2013 at 8:52 am
မဝေရေ… မျှပေးတာလည်း ကျေးဇူး… အရင်လို စာတွေ၊ ဓာတ်ပုံတွေလည်း တင်ပါဦးလို့…
မြန်မာပြည်နဲ့ အဂတိလိုက်စားမှုကတော့ လွယ်လွယ်နဲ့ ကုစားလို့ရမယ် မထင်…
သီတင်းကျွတ်ရင် လူကြီးတွေကို ဂါရဝပြုရတယ် ဆိုတာက စ မှားနေတာ…
တရားဝင် လာဘ်ပေးလာဘ်ယူပွဲကြီးကို ဖြစ်လို့…
😀
KZ
September 26, 2013 at 9:01 am
အဂတိလိုက်စားမှု။
လာဘ်ပေး လာဘ် ယူမှု ဆိုတာ ယူတဲ့သူ နဲ့ ပေးတဲ့သူ ဘယ်သူက စ ရပ်ရမတုန်း ကြက်ဥ ကြက်မ အစရှာရခက်သလိုပါပဲ ဝေရယ်။
ပေးတဲ့သူ ရှိလို့ ယူတဲ့သူတွေ ပေါ်လာသလို
ယူ/တောင်းတဲ့သူတွေ ရှိတော့ ပေးကြတာ။
အဲတော့ ဘယ်သူပေးပေး ဘယ်သူ ယူယူ
ကျနော်ကတော့ ကိုယ့်တစ်ကိုယ်စာ
ဘယ်တော့မှ မပေးဘူး၊ လာဘ်ပေးသူ မဖြစ်စေရ လို့ ဆုံးဖြတ်ထားတယ်။ 🙁
လေဆိပ်မှာ တောင်းတာတွေက အစပေါ့။
ဦးကြောင်ကြီး
September 26, 2013 at 9:06 am
အနော်လည်း လက်အစားဗူး.. တဂိုလုံးစားမှာ… လက်လေးကိုင်ရယုန်နဲ့ နွားဂျီး အပြောခံဗူး….. ကျားကိုစီးအားဆောင်ဒဲ့ နွားသိုးဂျီးကွ.. ဘွတ်အဲ…..
blue lady
September 26, 2013 at 9:53 am
မဝေရဲ့စာတွေ မတွေ့တာ တော်တော်ကို ကြာသွားပြီနော်…။ ဂဇက် ကို စဖတ်ချိန်က မဝေရဲ့ ခရီးသွား ဆောင်းပါးတွေ ဖတ်ပြီး နှစ်သက်ခဲ့ပါတယ်…။ မဝေ တို့ ဆူးတို့ etone တို့ ကိုကြောင်ကြီးတို့ ဆိုတာ အဲဒီတုန်းကတည်းက ဂဇက်ရဲ့ တကယ့် အမာခံတွေပါ…။ တခြားသူတွေလဲ ရှိပါတယ်…။ မဝေတို့ ရေးတဲ့ post တွေ အကုန်နီးပါးလဲ ကြိုက်နှစ်သက်ခဲ့ဖူးပါတယ်…။ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လာရင် ထက်ထက်မြက်မြက် ထဲထဲဝင်ဝင်ရေးသားနိုင်တဲ့ ကိုကြောင်ကြီးရဲ့ လက်ရာတွေကိုလည်း သတိရမိပါတယ်…။ နောင်လည်းဆက်ရေးစေချင်ပါတယ်…။
ဦးကြောင်ကြီး
September 26, 2013 at 10:01 am
ဘလူးလေဒီဂို ကြောင်ကြီး ဗူးပါရစေ… 😳
ဦးဦးပါလေရာ
September 26, 2013 at 4:00 pm
အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ
အရေးကြီးတဲ့အချက် ၂ချက် ရှိပါတယ်
အဂတိလိုက်စားဖို့ လွယ်ကူဘေးကင်းတာရယ်
အဂတိလိုက်စားဘို့ တွန်းအားပေးလှုံ့ဆော်တဲ့
ပတ်ဝန်းကျင်အခြေအနေရယ် ပေါ့
တကယ်ပြင်ချင်ရင် အဲဒါတွေအရင်ပြင်ရမယ်
lele kyi
September 26, 2013 at 4:44 pm
မမဝေရဲ့ အီးဇီးကွတ် ပရိတ်သတ်ပါ. 🙂
ကြက်ဥကို မိုက်ခရိုဝေ့ နဲ့ကြော်တတ်သွားပြီ။
အဂတိလိုက်စားတဲ့သူတွေကိုအရမ်းမုန်းတယ်။ အကျင့်စာရိတ်တကိုငွေနဲ့ လဲပြီး ဘာလို့ စိတ်မလုံခြုံမှု ကို ဆုပ်ကိုင်ကိုင်ချင်ကြသလဲနားမလည်ပါဘူး။ ရှက်စရာကောင်းပြီးမလုပ်သင့်တဲ့အရာလို့သတ်မှတ်ပါတယ်။ကျမရဲ့ အသိုင်းအဝိုင်းမှာ အဲ့လိုလူတွေ မရှိတဲ့ အတွက် ကံကောင်းတယ်။
kolumbus
September 26, 2013 at 9:54 pm
အန်တီဝေ ပြောရဲတာကို ယုံပါတယ်လို့ ပြောရဲပါတယ်။ စာတွေပြန်ရေးပါ၊ စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး… ကျနော့ကြောင့်။
padonmar
September 26, 2013 at 11:14 pm
အေတီဝမ်ရေ
ကျမကတော့ ပြောရဲပါတယ်ဆိုတဲ့ အပိတ်ကလေးက အလှဆုံးပါပဲ။
kai
September 27, 2013 at 12:19 am
ယူအက်စ်မှာတော့ ကလေးဝါးခြမ်းပြားနဲ့ဆော်ရင်.. နည်းနည်းနောနောအမှုမကဖြစ်သွားနိုင်သပေါ့…။ သူ့ဇာတိနဲ့..သူ့ဇတ်ပေါ့လေ..။
ပြောကြည့်ရရင်တော့…
အဂတိလိုက်စားတာကို.. လူသားရဲ့သိက္ခာ၊သမာဓိ၊ဘာသာရေးတွေနဲ့ ထိမ်းလို့ရတယ်မထင်မိပါဘူး..။ ဥပဒေနဲ့ထိမ်းမှဖြစ်မှာပါ..။ ဥပဒေ တိတိကျကျ.. အမြန်ဆုံးသက်ရောက်အောင်.. အဓိကထားလုပ်ကြရမယ်ထင်ကြောင်း..။ :kwi:
အရီးခင်
September 27, 2013 at 3:50 am
ဝေဝေရေ
မအားတဲ့ကြားက ကကြီးမိုက် အော်သံနဲ့ အသံလေးလာပြ ပေးနေရတော့တာပေါ့လေ။
တစ်နေ့ ဇာတ်သိမ်းရမဲ့ လောကဇာတ်ခုံ ပေါ်မှာ ငွေ နောက် ကို လိုက်ရင်း လောဘ၊ မောဟ နဲ့ ကြောင့်ကျစိုးရိမ်မှုတွေ က အမြဲလွှမ်းနေ မယ်ဆို နေရတဲ့ ဘဝ မတန် တာအမှန်ပါ။
အဲဒါကို သိသိကြီး နဲ့ ဆားငံရည် သောက်နေမိကြတာ။
ညစ်ပတ်တဲ့နေရာမှာ နေသားကျနေသူတွေကတော့ သန့်သန့်ရှင်းရှင်း နေရတဲ့ အရသာကို မသိနိုင်ကြတော့ဘူး ထင်ရဲ့။
နောက်တစ်ချက်က အူမမတောင့်တော့ တော်ရုံသီလ စောင့်လိုသူတွေတောင် ပျက်နေရတဲ့ ဘဝ တွေပါ။
အဲဒီစာတန်းဖတ်ပြတဲ့ သူ ကို လေးစားသူတွေ ရှိသလို ငကြောင် လို့ ပြောမဲ့သူတွေလဲ အပြည့်။
အရီး ကတော့ လေးစားရုံမက ဦးညွတ်ပါတယ်။
ဝေဝေရဲ့ “ဒီလိုစာတမ်းမျိုးကို ပြောရဲတယ်” ဆိုတဲ့ စကား ကိုလဲ အကြွင်းမဲ့ ယုံပါတယ်။
ပိုပြီးလဲ လေးစားသွားပါတယ် ညီမရေ။
အရင်ကလို စာလေးတွေ နဲ့ အားဖြည့်ပါဦး။
Ma Ma
September 27, 2013 at 6:22 am
မနေ့ကပဲ ဒေါ်စု စင်္ကာပူမှာ မြန်မာတွေနဲ့တွေ့ဆုံမေးမြန်းပွဲမှာ လာဘ်ပေးလာဘ်ယူတာနဲ့ ပတ်သက်ပြီး ပြောသွားတာလေးကို သဘောကျနေတာ။
နားလည်သလို ပြန်ပြောပြရမယ်ဆိုရင်တော့…….
လာဘ်ပေးသူက ကိုယ့်ကိစ္စအဆင်ပြေအောင် (ဥပမာ-တန်းမစီချင်လို့) ပေးတယ်။
လာဘ်ယူသူဘက်ကလည်း ပေးသူရှိလို့ ယူတယ်။ ပေးတဲ့သူဦးစားပေးတယ်။
လူဆိုတာ အကျင့်ဖြစ်တယ်။
ယူနေတာ အကျင့်ဖြစ်တော့ လိုချင်တဲ့စိတ်နဲ့ မပေးတဲ့သူကို ညစ်တယ်။
နောက်တစ်ခုက ဝန်ထမ်းလစာတွေ မလုံလောက်တာကလည်း လာဘ်ပေးလာဘ်ယူအတွက် အကြောင်းအရင်းတစ်ခုပဲ။
ဒါပေမယ့် လာဘ်ယူတာ အကျင့်ဖြစ်လာတော့ နောက်ပိုင်း လစာကိုလည်း မမက်မောတော့ပဲ လာဘ်ရဖို့အရေးပဲ ဦးစားပေးတော့တယ်။
သိက္ခာဆိုတာကို ထည့်မတွက်တော့ဘူး။
အခုလို မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူကိစ္စကို လူအတော်များများပြောလာကြတာဟာ ရှက်စရာလို့မြင်နေကြသေးတာမို့ တော်သေးတယ်တဲ့လေ။
တို့ရွာထဲမှာ ရေးနေပြောနေကြတာ လေသိုင်းမဟုတ်ဘူးဆိုတာကို သက်သေပြလိုက်သလို………
ဝေဝေရဲ့ ယုံကြည်မှုအပြည့်နဲ့ပြောနိုင်တယ် ဆိုတာကို သဘောအကျဆုံးပဲ။ 🙂
Ma Ma
September 27, 2013 at 3:50 pm
ဖေ့စ်ဘုတ်မှာ တွေ့တဲ့ စာကလေး သဘောကျလို့ ဒီမှာရေးပြီး မှတ်တမ်းတင်လိုက်မယ်။
*(ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။ သို့သော် တစ်သက်လုံးကား လိပ်ပြာလုံစေတော့၏။)*
TNA
September 29, 2013 at 6:56 pm
ထူးခြားတဲ့ပိုစ့်ကလေးပါမဝေရေ။ ပြန်လည်ဝေမျှတာလဲကျေးဇူးပါ။ မကြာမကြာလဲပြန်လာပါရွာထဲကို