“တဟီတီ သွားရအောင် ´´
မင်္ဂလာပါ မန်းဂေဇက် ရွာသားများ။
ကျန်းမာတော်မူကြရဲ့နော်။
ဟိုးတလောက အဟောင်းတန်းမှာ စာအုပ်လေးတချ ို့ ဝယ်ခဲ့တဲ့ အထဲက ဖတ်စေချင်တာလေး ရှိလာပြန်တော့ မန်းဂေဇက်ရွာဆီ အလည်ပတ်ရောက်ခဲ့ပြန်တယ်။
အစားကောင်းမက်တဲ့ သူများ အစားကောင်းကောင်းစားရရင် ချစ်သူ ခင်သူတွေကို သတိရတတ်တယ်လို့ ဆိုသလို ကိုယ်နှစ်သက်တဲ့ စာတွေ ဖတ်မိတဲ့အခါ မန်းဂေဇက်ကို သတိတရနဲ့ ဝေငှချင်တဲ့ ဆန္ဒ ဖြစ်လာပါတယ်။
ကဗျာကို နှစ်သက်သူများ အတွက် အထူးရည်ရွယ်ပါတယ်။
ဆရာဒဂုန်တာရာရေးတဲ့ တဟီတီသွားရအောင် ဆိုတဲ့ ခေတ်ပေါ် ကဗျာကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မဂ္ဂဇင်းတခုထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ စကားလုံးအတိအကျ မမှတ်မိတော့ပေမယ့် ကာရံ က မမိ တမိ မြန်မာရှေ့ ကဗျာ တွေလို ဆိုလို့ မချော နားဝင်မချ ိုလို့ မှတ်မိနေတာရယ်၊ ကဗျာရေးတဲ့ သူက ဒဂုန်တာရာဖြစ်နေတာရယ်ကြောင့် ကောင်းကောင်းမှတ်မိနေခြင်းပါ။
ဝယ်ခဲ့တဲ့ စာအုပ်က ဆရာရန်အောင်နှင့် ဟာသ လက်တန်းကဗျာများ ဆိုတဲ့ လှတိုး (စိတ်ပညာ ) ရေးထားတဲ့ ဆရာရန်အောင် ဂုဏ်ပြု စာအုပ်လေးထဲမှာ အဲဒီ ကဗျာအကြောင်း ဆရာရန်အောင်ေ ပြာထားတာလေးတွေ့တော့ ခေတ်သစ်ကဗျာ ပြု ချင်သူနဲ့ ကဗျာ ပီပီသသ ဖြစ်ချင်သူတို့ အမြင်တွေ အသံတွေ ကို ကွဲကွဲပြားပြား သိမြင်နိုင်တာမို့ ခုလို လက်ဆင့်ကမ်းဖတ်စေချင်တဲ့ စေတနာဖြစ်ရပါတယ်။
ဒါကြောင့် လှတိုး(စိတ်ပညာ ) စာအုပ်ထဲမှာ ပါတဲ့ အတိုင်း စာရိုက်ပေးလိုက်ရကြောင်းပါ။
၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
ရှုမဝ မဂ္ဂဇင်းတိုုက်တွင် ဆရာငွေဥဒေါင်း အယ်ဒီတာလုပ်နေစဉ်ကဖြစ်၏။ ရှုမဝ အမှတ် ၂၆၊ဇူလိုင်လထုတ်တွင်ပါမည့် ဒဂုန်တာရာ၏ “တဟီတီသွားရအောင်“ ကဗျာပါဝင်သော စာဖောင် ကို ရိုက်နှိပ်နေခိုက် ဆရာရန်အောင် ရောက်လာသည်။ ဒဂုန်တာရာ၏ ကဗျာမှာ အောက်ပါအတိုင်းဖြစ်၏။
တဟီတီသွားရအောင်
သရက်ပွင့် တို့
နီကြင့်ဝါဝါ ၊ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အို…. ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်စွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ဖျန်းပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွဲ့။
လူ့ဘဝ၏
အပေါ်ယံလွှာ၊ ဝဲကာညြ်နူး
လုပ်ဇာတ်မြူး၏ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လဲ မရှိဘူး။
အဘွားလုပ်သူ
ငြူစူစောင်းမြောင်း ၊ ကြိမ်းမောင်း မာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ ၊ကျ ူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမည်။
ရေညှိအောက်မှ
မြွေဟောက် ဝါကျား၊ တို့ ကစားပြီး
စွန့်စားခန်းလဲ တွေ့နိုင်သေး။
ရှိန်ပိန်အရက်
မချက်လိုဘူး အုန်းရေ ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီ
သဲငွေသောင်မှာ အိပ်နိုင်သေး။
ဆာရင်လဲလေ
တွဲလဲငုံဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွတ်ကာ၊ အခွံနွာပြီး
ဗီတာမင်များ၊ဓါတ်အားကြွယ်လှ
ပလုတ်ပလောင်း၊စားနိုင်သေး။
ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အော်ကမှာ
နှစ်ယောက်ထည်းပဲ ၊လက်တွဲချင်တွဲ
မေလည်း သီချင်း ၊လွတ်လပ်ခြင်းနှင့်
ရှိုက်မျှင်းတေးကို ၊အော် ဆိုချင်ဆို
ပျက်ပြိုအက်ကွဲ ၊ ကြောင်သွားပစေ။
ဘာလိုသေးလဲ
ငြိမ့်အေး တိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ၊ ရူးနိုင်သေး။
ဘယ့်နှယ်လဲမေ
လူထဲ သူထဲ ၊ တန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထို ကျွန်းသာသို့
ဘယ်ခါ လိုက်မယ် ပြောစမ်းပါ။ ။
ဒဂုန်တာရာ။
ဆရာရန်အောင်သည် အထက်ပါကဗျာပါရှိသော ရိုက်နေဆဲ စာရွက်ကြီးတစ်ရွက်ကို ယူဖတ်ပြီးနောက်
“ ဒီလို ကာရန်ရော ၊ အစပ်အဟပ်ပါ မပီသ မခို်င်မြဲတဲ့ ကဗျာမျ ိုးကို ဒီပြင် တစ်ယောက်ယောက်က စပ်တယ်ဆိုရင်တော့ သူ့ခမျာ မစပ်တတ်ရှာလို့ပဲလို့ ခွင့်လွှတ်ဖို့အကြောင်းရှိသေးရဲ့။ တာရာ ဆိုတဲ့ လူကတော့ တမင့်ကို လုပ်နေတာနဲ့တူတယ်´´ ဟု တဟီတီကဗျာအပေါ်တွင် မကျေနပ်သံဖြင့် ဝေဖန်လိုက်သည်။
“တူတာ မဟုတ်ဖူးဆရာ။တမင်လုပ်နေတာမှ တမင်လုပ်တော အစစ်ပဲ။ သူကလည်း တမင်လုပ်ပါတယ်လို့ ဝန်ခံသံ ကြားရဖူးပါတယ်“ ဟု ငွေဥဒေါင်းက ချွန်၏။
“ တမင်လုပ်တာဆို ဘာဖြစ်လို့ ဖျက်ပစ်ချင်ကြတာဘာလိမ့်ဗျာ။ ကျ ုပ်တော့ နားမလည်ဘူး။“
“ ဖက်ရှင်ပေါ့ ဆရာရဲ့။ ခေတ်မီဖက်ရှင်ပေါ့။ ရှေးထုုံးတမ်းစဉ်လာတွေ ဆိုတာဟာ ရိုးတယ်။ ရိုးတာကို ဆန်းရော့ဆိုပြီးလုပ်တဲ့နည်းပေါ့။ သူတို့ ရည်ရွယ်ချက်ဟာ ဘယ်လောက်အောင်မြင်သလဲ ခု ကြည့်။ ဆရာတို့ ကျွန်တော်တို့ကိုယ်တိုင်ပဲ သူ့လက်ရာဆန်း မပီမသ ဆိုတာတွေ အပေါ်မှာ ဘယ်လောက် စိတ်ဝင်စားပြိး ဘယ်လောက်ဝေဖန်နေကြရပြီလဲ။ အခုခေတ်က ဆရာလည်း သိတဲ့ အတိုင်းပဲ။ မပီမသ ရေးတတ်မှ ၊ မပီမသ နားလည်ရမှ ဟုတ်လှပြီလို့ ထင်တဲ့ ခေတ် မဟုတ်လား“
“ဒါက ခင်ဗျားအထင်သာဖြစ်ပါလိမ့်မယ်။ ကဗျာဆိုတာ ဝတ္ထုတို့ ဘာတို့ဖတ်သလို စိတ်နဲ့သာဖတ်ရှုဖို့ သက်သက်မဟုတ်ဘူး။ နှုတ်နဲ့ ရွတ်ဆိုနိုင်တဲ့ ဘက်ကိုလည်း ငဲ့ ရသေးတယ်။ ကဗျာဆိုတာ အသံထွက် စာပေပဲ။ တကယ်ဆိုတော့ ကဗျာဆိုတာ ရွတ်ဆိုဖို့သာ အဓိက ဖြစ်တယ်။ ရွတ်ဆိုရတယ် ဆိုကတည်းက သုတိသာယာ နားဝင်ဖြောင့် ဖို့ လိုတာပေါ့။ အဲဒီ သုတိသာယာ နားဝင်ချ ိုဖို့အတါက်ပဲ သူ့နည်းနဲ့သူ ကာရန်နည်းစနစ်တွေ ထားခဲ့တာပေါ့. အခုတော့ သူတို့ကဗျာတွေက အသံထုတ်ဖတ်လို့မှ မရတော့ဘဲဟာ။“
“ ဒီလိုဆိုရင် ရွတ်ဆိုဖို့မဟုတ်ပဲ အတွေးအခေါ်ကို ဝတ္ထုတို့ ဆောင်းပါးတို့လို စိတ်နဲ့သာဖတ်ရမယ့် ကဗျာတစ်မျ ိုးဟာ စစ်ပြီးခေတ်မှာ ပေါ်ပေါက်လာပြီလို့မှတ်ကြဖို့ ရှိတော့တာပေါ့ဆရာ။ ပြိးတော့ သူတို့ကဗျာထဲမှာပါတတ်တဲ့ အတွေးအခေါ်ဆိုတာ တွေလည်း စိတ်နဲ့သာ ကူးပြီး စိတ်ထဲကသာ ဖတ်ရမယ့် အတွေးတွေလို့ ကျွန်တော် ထင်မိတယ်။ ဥပမာ အခု ဒဂုန်တာရာရဲ့ တဟီတီပဲ ဆိုပါတော့။ ဆရာပြောသလို အသံသာသာ ကာရန်ညီညီနဲ့ ပေါင်းစပ်မယ်ဆိုရင် သူ့ကဗျာရဲ့အတွေးအခေါ်တွေဟာ အဓိပါယ် ပျက်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အနည်းဆုံး သူ့အတွေးအခေါ်တွေ လျှော့ပါးကုန်လိမ့်မယ်လု့ိထင်တယ်။“
“ဒါကတော့ ခင်ဗျားကိုယ်တိုင် မှိုင်းမိပြီး မျက်စိလည်နေတဲ့အထင်ပါ။မူလ အတွေးအခေါ်သာ တကယ်ကောင်းလို့ အသံသာသာယာယာ ကာရန်ညီညီနဲ့ထပ်လောင်းလိုက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်ပြည့်စုံလာဖို့ ရှိတော့မပေါ့။“
“ကျွန်တော်လည်း အထင်နဲ့ပြောတာပါဆရာ။ လက်တွေ့သိရအောင် အဲဒီ တဟီတီ ကဗျာကို အသံသာသာ ကာရန်ညီညီနဲ့ပြင်ပြီးစပ်မပြနိုင်ဘူးလား“
“လွယ်ပါ့ဗျာ။ ကဲ.. ပြောနေကြာတယ်။ ပေးစမ်း စက္ကူတစ်ရွက်“ ဟုဆိုကာ ဆရာရန်အောင်သည် အထက်ပါ တဟီတီကဗျာကို အောက်ပါအတိုင်းချက်ခင်းပင် ပြင်ဆင်ရေးစပ်သည်။
တဟီတီ
သရက်ပွင့်ဝါ
နိတျာထိန်လဲ့၊ ရင့်ကြွေခဲ့၍
ထိမ်းမဲ့ပမာ၊ ကမ်းစပ်သာတွင်
ထပ်ကာနေတည်၊ ပင်လယ်ဆီဝယ်
တဟီတီ မည်ရ၊ ကျွန်းသာစွ။
ဘယ်ဝယ်မြောက်တောင်
ရှုတိုင်းပြောင်သည်၊ နေရောင်ပေါ်ထွက်
ပင်သရက်တို့၊ ထိယှက်တင့်ရွှန်း
နီရောင်စွန်းပြီ၊ ကြင့်ကြင့်ရီသည်
တဟီတီမည်ရ၊ ကျွန်းသာစွ။
ထိုသည့်ကျွန်းတွင်
မိန့်ခွန်းမြွက်ဟ၊ ဝိဝါဒနှင့်
အုံကြွပြည်ရေး၊ ဝေးကြီးဝေးခဲ့။
မနုဿတ္တ
လူ့လောက၏ ၊ပြင်ပအာရုံ
ဇာတ်စုံဝတ္ထု၊ ကြည့်ရှုရုပ်ရှင်
စင်ကြီးစင်၏။
ကြီးနိုင် ငယ်ညှဉ်း
စိုးမင်းတမှောင့်၊ စိတ်နှောင့်စရာ
စကားနာတို့၊ ကင်းကွာပြတ်စဲ
သိုက်မြုံထဲမှ ၊ နွဲ ငှက် ဖို မ
ခွန်းတ သံသာကြားရသည်။
ရေညှိအောင်တွင်
မြွေဟောက် ဝါကျား၊ ပေါက်ကစားသည်
ကြောက်ပါးလိဖွယ် မြင်ရသည်။
သုရာပါန
မသောက်ရပဲ၊ပင်လှစိမ်းစို
အုန်းရည်ချိုကို၊သောက်မျိုပြီးလျှင်
ငွေသဲပြင်တွင်
ကြည်ရွှင်အိပ်စက်နိုင်တော့သည်။
ဆာလောင်ကာလ
အိပ်ရာထ၍၊ ပင်လှငှက်ပျော
သီးချောဆွတ်ယူ၊ဝမ်းပူငြိမ်းရေး
ရသာပေး၍ ၊ ကြည်အေးအာသာ
တို့ဝမ်းစာ ၊ လွယ်ကာမတ္တရတော့သည်။
လူ၏ဆန္ဒ
ရှိသမျှတို့ လုးံဝ ပြည့်ညီ
တေးသီခွန်းချို၊ မ/ ဖို ယှဉ်တွဲ
ပျော်ပွဲ ခံရာ၊ ဝတိ ံသာ သို့
သုခါ သုခ၊ ရကြီးရသည်
ဌာန နိဗာန် ပေတကား။
ထို့ပြင်တဝ
ရိပ်သာလှတွင်၊ စိတ်ကရည်ကာ
ကဗျာသီချင်း၊ စောင်းညှင်းဂီတ
သိရရေးရန်၊ ကာရန်ကိုတွေး
လွန်စိတ်အေးသည်
ပဂေးခေါင်းချုပ်ပေတကား။
ချစ်သူမေခင် ၊ လှရွှေစင်ရယ်…
ငြိုငြင်စရာ၊ လူ့ရပ်ရွာမှ
ခွဲခွာတော့မည်၊ တဟီတီကို
ကေသီ ဘယ်တော့ လိုက်မည်နည်း။ ။
ရန်အောင်
မန်းဂေဇက်ရွာက စာချစ်သူများ ကဗျာချစ်သူများ ခံစား ကြည့်တော်မူကြပါ။
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့
ကြည်လွင်
၂၅.၁၀.၂၀၁၃
10 comments
KZ
October 26, 2013 at 10:19 am
မျှဝေတာကျေးဇူးပါ။
ဆရာ့ ဆရာကြီးများရဲ့ ပညာရည်ကို သိမြင်ရပါတယ်။
🙂
Kyi Lwin
October 28, 2013 at 2:34 pm
ဖတ်ရှုအားပေးတာကျေးဇူးတင်ပါရဲ့။
သို့သော်လည်း ဒီနေရာက ကဗျာရွာမဟုတ်တော့ စိတ်ဝင်စားသူ နဲ တယ်ထင်တယ်နော။
alinsett
October 28, 2013 at 2:45 pm
ဒါ ကဗျာနဲ့မကင်းတဲ့ ရွာပါ
နက်လိုင်းနှေးနေလို့ ဝင်မမန့်ဖြစ်ပေမယ့်
ဖတ်တဲ့သူတွေရှိပါတယ်
lele kyi
October 26, 2013 at 10:40 am
🙂 ခေါင်းစဉ်မြင်လိုက်တည်းက စဉ်းစားနေတာ ငါအဲ့ဒီ နာမည်နဲ့ ကဗျာလိုလို စာလိုလို ဖတ်ဖူးပါတယ်ပေါ့။ ဒါပေမဲ့ ဘယ်သူရေးမှန်း မကွဲပြားတော့ဘူး။ တော်တော်လေးကြာခဲ့ပြီဆိုတော့။ ဆြာကြီး ဒဂုန်တာရာ ရယ် ဆြာကြီးရန်အောင် ရဲ့ စာတွေ အခုအချိန်မှာ ပြန်ဖတ်ချင်သေးတယ်။လူ့စိတ်ကခက်တယ်..အပြင်စာအုပ်ဖတ်ရဖူးလို့ တားမြစ်ထားရင် အချိန်ပေးပြီးတော့ရအောင်ဖတ်တာ။ အခုတော့ စာဖတ်ရမှာနည်းနည်းပျင်းသွားပြီ။ ကျေးဇူးပါ အခုလို ရှယ်တာ။
Kyi Lwin
October 28, 2013 at 4:14 pm
ဖတ်ချင်တဲ့ သူများ ရှိနေသေးတာကိုပဲ ဝမ်းသာရပါတယ်။
နောင် အချိန်ရရင် ဆရာကြီး ရန်အောင်ရဲ့ လက်တန်း ကဗျာလေးတွေ ရေးတင်ပေးချင်ပါတယ်။
sorrow weaver
October 26, 2013 at 10:43 am
French Polynesia က Tahiti ကိုပြောတယ်မှတ်ပါတယ် ။ PAPEETE နိုင်ငံတကာလေဆိပ်ရှိပါတယ် ။
http://en.wikipedia.org/wiki/Tahiti
သွားချင်တဲ့လူများရှိရင် လမ်းကြောင်းလေးပြောပြတာပါ ။
RGN KUL 1215 1630 MH 741 ( Malaysia Airline )
KUL AKL 2150# 1305 MH 131
AKL PPT 1550- 2155 TN 102 ( Air Tahiti )
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ..နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကတဆင့်သွားရတဲ့လမ်းကြောင်းက အဆင်အပြေဆုံးလို့ပြောလို့ရပါတယ်….။
အဲဘတ်စ် 343 ကြီးဗျ…အဲတဟီတီက ….ခေသူတော့မဟုတ်…
ဒေါ်လှ 2100 လောက် ကျပါလိမ့်မယ်..သွားပြန်အတွက် ။ ဆန်ဖရန်ရယ်… လော့အိန်ဂျယ်လိရယ် ကိုသွားတဲ့ ကုန်ကျစရိတ်မှ 1800 …1900 လောက်ရှိတာရယ်….အဟိဟိ
kyeemite
October 26, 2013 at 1:51 pm
မျှဝေပေးတာကျေးဇူးပါဗျာ….
ကျုပ်အထင်တော့ ဆရာဒဂုန်တာရာက အဲဒီအချိန်ကတည်းက ရှေ့ပြေးနေခဲ့တာပါ…
ဆရာကြီးနှစ်ဦးစလုံး ချီးကျူးစရာပါပဲ 🙁
Kyi Lwin
October 28, 2013 at 1:18 pm
ဆရာဒဂုန်တာရာက စကားလုံးအဆန်းတွေ ထွင်သလို ပုံစံအသစ်အဆန်းတွေကိုလည်း အမြဲ တည်ထွင်နေတတ်တဲ့သူပါ။ ဒါကြောင့်မို့လည်း သူ တည်ထွင်ခဲ့တဲ့ စကားလုံးတွေထဲက ရွှေအိုရောင် ၊ ဝေါ့ဒစ္စနေ အပြာ ဆိုတာတွေက ၁၉၇ဝ ခုနှစ်လောက်မှာ စာပေနယ်ပယ်မှာ တော်တော်လေး ကျယ်ကျယ်လောင်လောင်မည် ခဲ့တဲ့အသံတွေပေါ့။
ကိုပေါက်(မန္တလေး)
October 28, 2013 at 4:43 pm
ဝစ်လစ်စလစ်လမ်းမ
အနုပညာ
လေနုအေး
ကိုပေါက်(မန္တလေး)
October 28, 2013 at 4:47 pm
အတော်ကိုတော်တဲ့ ဆရာကြီးပါ လေးစားစရာ။
ဒါပေမယ့် နွေနှောင်းရက်ကျန် သီချင်းကို သူနဲ့ကိုစောငြိမ်းဘယ်သူရေးတယ်ဆိုတာကိုတော့
ဘာမှပြောမသွားခဲ့ဘူး။