အရိုက်ခံချင်တဲ့ ဦးပေါ်ဦး..။
မင်္ဂလာပါ ။
မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။
ရုံးပိတ်ရက်မှာ ဆရာအောင်သင်းရေးတဲ့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ဆိုတဲ့ ဖတ်ရင်း အဲဒီစာအုပ်ထဲက အကြောင်းအရာတစ်ခုကို ဖေါက်သည်ချ ချင် စိတ်ဖြစ်မိတယ်။ ဒီနေရာမှာ ဆရာအောင်သင်း စာအုပ်ထဲကနေ ကူးရေးပေး တဲ့ အတွက်တော့ စိတ်ရှိတောမ မူကြပါနဲ့…။
မဖတ်ရသေးတဲ့ သူများရှိရင် ဖတ်စေချင်တာကြောင့် လက်ညောင်းခံပြီး ဆရာ့အလစ်မှာ ရေးပေးလိုက်ရတာပါပဲ။ ဖတ်ပြီးသား သူများအတွက်တော့ သည်းခံတော်မူကြပါလို့….။
မြန်မာရာဇဝင်မှာ ဘိုးတော်ဦးဝိုင်းလို့ သိကြတဲ့ ဘိုးတော်ဘုရားရဲ့ အမတ်ကြီး ဦးပေါ်ဦး ဟာ ငယ်ပေါင်းရောင်းရင်းလိုူ ဖြစ်နေလေတော့ ဘုရင်ကို မကြောက် မလန့် ပြန်ပြောလား၊ ပြောရဲ့ ။ ကတ်ဖိုး ကတ်ဖဲ့နဲ့ စကားနိုင်လုလား ၊ လု ရဲ့။ ဖြတ်ထိုးဉာဏ်ကလည်း အင်မတန်မြန်တယ် ။ ဆင်ခြေပေးတဲ့ နေရာမှာလည်း တစ်ဖက်သား စကားမပေါက်အောင်ကို တော် ။ ဟာသ မြောက်တဲ့ စကားများလည်း ကြွယ်ဝ တဲ့ သူ ဆိုတာ ဖတ်ဖူးသူတိုင်းသိတော်မူကြပါတယ်။
မင်းကွန်း ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ကို ကဲ့ရဲ့တာ။ ဧရာဝတီမြစ်ကို ဖြတ်ကူးခိုင်း တော့ မြစ်ကမ်းနားတစ်လျှောက် ဟိုပြေး ဒီပြေးနဲ့ ဘုရင်ကို ပြန်ချေပတာ ။ စကား ကတ်လွန်းလို့ ဘိုးတော်ဦးဝိုင်းက ဦးပေါ်ဦး အိမ်ဝန်းထဲ လူလွှတ်ပြီး ကျင်ကြီးစွန့်ခိုင်းတာကို မင်းတို့ ဘုရင်ခိုင်းလို့ ကျင်ကြီးစွန့် ချင် စွန့် ဒါပမေယ့် ကျင်ငယ်တော့ မပါစေနဲ့ လို့ ပြန်ပြောတာတွေ ဖတ်ဖူးခဲ့ပါတယ်။ ဖတ်ရင်းလည်း ပြုံးမိတယ်။ ချောင်ပိတ်ပြောတဲ့ စကားတွေကို တောင် ရုတ်ချည်း ချက်ချင်း ပြန်ဖြေနိုင်စွမ်းရှိတာ၊ ပြန် ဖြည် နိုင်စွမ်းရှိတာကို သဘောကျမိတာပါပဲ။
ခုလည်း ဦးပေါ်ဦးနဲ့ ဘိုးတော် ဘုရားတို့ အချီအချစကား ပြောပုံ တစ်ခုကို ဆရာအောင်သင်းရဲ့ စာထဲမှာ ဖတ်လိုက်ရတော့ မဖတ်ဖူး၊ မသိသေးတဲ့ သူများ ကို ဖတ်စေချင် သိစေချင်တာကြောင့် ရေးလိုက်ရကြောင်းပါ။
ဆရာ့ စာရဲ့ အကြောင်းအရာကတော့ ၁၂ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က သူ့မိဘ ပတ်ဝန်းကျင်မှာ သူခံစားရတာတွေကို နားလည်မှုမပေးလို့ ဆရာအောင်သင်းကို ရင်ဖွင့်တဲံ စာ ကို ဆရာက ပြန်ရေးပေးလိုက်တဲ့အထဲက လူကြီး လူငယ် သဘောကို ပြောလိုက်ချင်တာပါ ဆိုတဲ့ နေရာက စ ကူးရေးပေးလိုက်ပါတယ်။
“လူကြီး လူငယ် သဘောကို ပြောလိုက်ချင်တာပါ။ ငါ ကြားဖူးတာလေးတခုပြောလိုက်ချင်သေးတယ်။ စာထဲ ပေထဲမှာ တွေ့မိ ဖတ်မိတာမဟုတ်ဘူးနော်။ လူကြီးတွေပြောတာကို မှတ်မိနေတာပါ။
တနေ့မှာ ဘိုးတော်ဘုရားက တိုင်းခန်းလှည့်သတဲ့။ အဲဒီအခါမှာ မိန်းမ တစ်ယောက်က သူ့ကလေးကို ရိုက်နေသတဲ့။ ဒီတော့ ဘိုးတော်ဘုရားက ကလေးကို သူလိုချင်တာ ချော့မော့ပြီးပေးရင် ၊ ချော့ရင် ဖြစ်ပါလျှက်နဲ့ ရိုက်ရမလားဆိုပြီး အဲဒီမိန်းမကို ကြိမ် နဲ့ အရိုက်ခိုင်းသတဲ့။ ဒါနဲ့ နန်းတော်ကို ပြန်ရောက်ကြတော့ ဦးပေါ်ဦးက ကလေးဆိုတာ ရိုက်သင့်တဲ့အခါ ရိုက်ရကြောင်း ၊ သူတို့ ပူဆာတိုင်းလုပ်လို့အဖြစ်နိုင်ကြောင်းပြောပြီး ရှင်ဘုရင်ကိုဝေဖန်တာပေါ့လေ။
ရှင်ဘုရင်ကလည်း “ဘာကြောင့်မပေးနိုင်ရမှာလဲ။နင်ပဲ ငါ့ကိုကလေးလိုပူဆာစမ်း “ဆိုတော့..။
ဦးပေါ်ဦးက “ ဆင်ကြီးလိုချင်တယ် ဘုရား ´´ ပေါ့။
ဘိုးတော် ကလည်း “ ပေးနိုင်တယ် ကွာ“ ပေါ့။
ဦးပေါ်ဦးက “ ရွှေအိုးပုတ်လေးလိုချင်တယ်။“ ဆက်ပူဆာတော့ ..။
ရှင်ဘုရင် က “ ပေးနိုင်တယ်“ ပေါ့။
ဒီတော့ ဦးပေါ်ဦး က “ ဆင်ကြီးကို ရွှေအိုးပုတ်ထဲ ထည့်ပေးပါဘုရား။ “ လို့ ဆက်ပြီးလျှောက်တော့ ဘိုးတော်ဘုရားက ဟက်ဟက် ပက်ပက် ရယ်မောတော်မူပြီး ..။
“ ပေါ်ဦး အရိုက်ခံချင်ပြီမှတ်တယ်။“ တဲ့။
ဒါလေးကိုဖတ်ပြီး သက်ဦးဆံပိုင် ဘုရင်ကို ဝေဖန်ရဲ တဲ့ သတ္တိ နဲ့ ချက်ချင်း ချက်ကျ လက်ကျ ပြန်ပြောနိုင်တဲ့ ဦးပေါ်ဦးရဲ့ ဉာဏ်စွမ်းကို လေးစားနှစ်သက်မိလို့ ကူးယူ ဖေါ်ပြလိုက်ရကြောင်းပါ။
ဖတ်ပြီး ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။
ကြည်ကြည်လွင်
ရန်ကုန်မြို့။
၄. ၁၁. ၂၀၁၃