လူ ပြိန်း ကြိုက် သ တင်း ( ၆ )
သို့
အယ်ဒီတာ
တောသူတောင်သားတွေ၏ အသိဉာဏ်၊ အတွေးအခေါ်အမြင် နည်းပါးမှုကြောင့်လား၊ ဒါမှမဟုတ် စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် သူတို့ခံစားလာရသမျှကို ပြောဆိုကြတာလား ဆိုတာတော့ ကျွန်မမဝေခွဲနိုင်ပါ။ သိတတ်စအရွယ်ကတည်းက ခုချိန်ထိ အမြဲ ကြားနေရတဲ့ “ဘယ်သူတွေ ဘယ်လိုပြောင်းလဲနေပါစေ ဆင်းရဲသား ဟာ ဆင်းရဲသားပဲ” တဲ့။ အခုချိန်ထိတော့ အစဉ်အဆက် ကြားနေခဲ့ရ သော အဲဒီစကားသံတွေက မှန်သလိုလို၊ မှားသလိုလိုနဲ့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါဘူး။ နားလည်လာအောင်လည်း အချိန်တွေ နှစ်တွေ အများကြီးလိုအပ်နေမှာပါ။ အချိန်တွေလည်း စောင့်ရဦးမှာပါ။
ငယ်သေးတော့ နှစ်အတိအကျ မမှတ်မိတော့ပါဘူး။ ဝါ လာအပ်တဲ့ တောင်သူတွေဆိုရင် ဝါဒိုင်တွေက ဆပ်ပြာခဲ၊ သကြား ပိတ်စတွေ ထုတ်ပေးကြတယ်။ အဲဒီအချိန်တုန်းက တောင်သူတွေ ဝါတွေအများကြီး ထုတ်လုပ်နိုင်တဲ့အပြင် ပဲစိင်းငုံ၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပြောင်းဖူးအစရှိတဲ့ သီးထပ်သီးညှပ်တွေ နဲ့ အဆင်ပြေနေကြတာ တောင်သူခေတ်လို့တောင် ပြောလို့ရပါတယ်။
ဒါပေမဲ့ ဒီအရာအားလုံး ဟိုတစ်ချိန်က အတိတ်မှာ ကျန်ခဲ့ပြီး ခြေရာပါ ပျောက်လာခဲ့ပါပြီ။ ဒီမြေ ဒီရေပေါ်မှာ လုပ်စားရင်း ဘာကြောင့်များ အနုတ်လက္ခဏာထိ ဖြစ်သွားရတာလဲ။ ဘာတွေများ ကွာခြားရတာလဲ။ ဘယ်နေရာမှာ ပျောက်ဆုံးကုန်ရတာလဲ။ အဖြေလည်း မရှာတတ်တော့ပါဘူး။ နည်းလမ်းတွေလည်း မစဉ်းစားတတ် တော့ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် ဆုတ်ယုတ်လာခဲ့တာ ကျွန်မတို့ တောင်သူတွေ အခြေရှိ လက်မဲ့ဘဝတွေ ဖြစ်နေပါပြီ။
ပြန်ဆပ်နိုင်ရန် အခြေအနေမရှိတာကြောင့် အစိုးရချေးငွေ လည်း မထုတ်ရဲကြတော့ပါဘူး။ အပြင်အကြွေးက အတိုးကြီးပေမယ့် နှစ်ထိအချိန် ရွှေ့လို့ရသလို အစိုးရချေးငွေက တောင်းပန်လို့မရဘူး။ နှစ်ရွှေ့ဖို့အထိမပြောနဲ့ ရက်တောင် ရွှေ့လို့မရဘူးဖြစ်နေတယ်။
“ဘယ်သူတွေ ဘယ်လိုပြောင်းလဲနေပါစေ ဆင်းရဲသား ဟာ ဆင်းရဲသားပဲ” တဲ့ …
ကျွန်မတို့ဒေသတွေက မြေအောက်က ရေကိုလည်း အားကိုးလို့ မရ သလို ကောင်းကင်ကရေကလည်း ကျမလာပါဘူး။ မိုးရေရမှ သီးနှံ များ စိုက်ပျိုးရတဲ့ အလယ်ပိုင်း အပူပိုင်းဒေသတွေက တောင်သူတွေ ငုတ်တုတ်မေ့နေကြပါပြီ။ ဘာရေကိုမှ အားကိုးလို့မရချိန်မှာ နိုင်ငံတော် က ပြုပြင်ပြောင်းလဲပေမယ့် ရေကိုတော့ ကျွန်မတို့လို တောင်သူတွေ မျှော်နေကြပါပြီ။ ကောင်းကင်မှ လမင်း၏အလင်းထက် နိုင်ငံတော်၏ လျှပ်စစ်မီးဖြင့် နေထိုင်ချင်ပါသည်။
ရေငန်သောက် မြက်ခြောက်စားလို့ ပြောလို့မရအောင်ဘဲ မြက် ခြောက်တွေလည်း မမြင်ရတော့ပါဘူး။ မြက်ခြောက်စားတဲ့ တောင်သူ တွေရဲ့ နွားတွေလည်း မရှိတော့ပါဘူး။ ခိုင်းနွားတွေတောင် နောက်ဆုံး ရောင်းစားကြရတဲ့ ကျွန်မတို့တောင်သူတွေရဲ့ အခြေအနေပါ။ တိုးတက်မလာဘဲ ကြာလေကြာလေ ပိုဆိုးလာတဲ့ တောင်သူတွေ၊ ဆင်းရဲတဲ့တောင်သူတွေကို ထမင်းတစ်နပ် လျှော့စားခိုင်းတာ ကောင်းရဲ့လား။ ကိုယ်ကိုယ်တိုင်ရော ?
အမျိုးမျိုးပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အတူ အကြွေးတင်နေ တဲ့ တောင်သူတွေ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ထုတ်လုပ်မှု နှစ်ဆ တိုးနိုင်ပါတော့မလား။ အရှုံးပေါ်နေလို့ မစိုက်နိုင်တဲ့ တောင်သူတွေ တစ်ပုံကြီးပါ။ ကျွန်မတို့ တောင်သူတွေ ကြုံတွေ့နေရတဲ့ “ကပ်” ကိုလည်း အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းဥပဒေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ရန် လိုအပ်တဲ့ မြင်းခြံမြို့ ခြေးဆေးရွာမှ တောင်သူများကိုယ်စား ကျွန်မတောင်သူတစ်ဦးက ဒီမိုကရေစီ နိုင်ငံတော်ကြီးနှင့်အတူ တောင်သူများ ပြုံးပျော်နိုင်စေရန် ဆန္ဒပြုရင်း။
ကြယ်စင်သာ(မြင်းခြံ)
http://thevoicemyanmar.com/voice/%e1%80%b1%e1%80%81%e1%80%90%e1%80%b9%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%86%e1%80%ac/
4 comments
တိမ်မည်း
November 8, 2013 at 12:01 pm
ပို ့စ်ကိုတော် အသေချာ မမန် ့ချင်သေးပါဖူး… ဒါပေမယ့် စာရေးသူရဲ့ ဆောင်ပုဒ်လေးကိုတော့ မန် ့ချင်တယ်…
ဘာတဲ့ မီတာခ တယူနစ်တကျပ်ခေတ်ကိုမျှော်နေသည်တဲ့….
ကျွန်တော်ကတော့ မီတာခ တယူနစ် တထောင်ဖြစ်ရင်တောင် ပျော်ပျော်ကြီးပေးနိုင်တဲ့ လခ ရတဲ့သူ ဖြစ်ချင်တာပါပဲ……..
ကိုယ်တယောက်တည်း မကပါဖူး တတိုင်းပြည်လုံးကို အဲ့လို ပျော်ပျော်ကြီး ပေးနိုင်တဲ့ လခ ဝင်ငွေ ရှိစေချင်တာပါ……
လေးစားလျက်
တိမ်မည်း
Khant Khant
November 9, 2013 at 10:52 am
ဒါဆို ဆန္ဒတွေတူနေပြီ။ ယူ့အိုင်ဒီယာ မျော်လင့်ချက်က အိုင့် ထက်တောင်
ပိုကောင်းနေသေး။ အိုင့်ကိုလေးစားတာထက် နှစ်ဆ ယူ့ကိုပြန်လေးစားမိ
ပါတယ် ။
ကပ္ပိယ သာဒင်
November 9, 2013 at 2:37 pm
အိုင်ဆေး..
ယူဆေး…
ဆေးချင်တာနဲ့ဆေးကြပါ
ကပ္ပိယ လည်းဆေးချင်တယ်
ဘယ်လိုဆေးရမည်ကိုမိန့်ကြားပါလော့
Khant Khant
November 9, 2013 at 2:43 pm
အိုင်ဆေး ယူဆေး မှာ
ကပ္ပိယ လဲဆေးမယ်ဆိုတော့
ဝီးအား ဆေး ပေါ့