Forward မေးလေးကိုတင်ပေးလိုက်ပါတယ်

maypearlAugust 13, 20101min1502

တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို
ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ
စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့
သိပ်မကောင်းဘူး ခင်ဗျ။
သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့
ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ
တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။
အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု
တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို
သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ
ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ်
သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး
စကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့ ချက်တင်မှာ
သူငယ်ချင်းဖြစ်ပါတယ်။ အဲဒီလူက နယ်သာလန် ကလို့ သူ့ကိုယ်သူ ပြောပါတယ်။
ပထမပိုင်းမှာတော့ အဲဒီမိန်းကလေးကို သမရိုးကျ မိတ်ဆက်ပါတယ်။ သူ့အပေါ်မှာ
အထင်ကြီးအောင် စကားလှလှတွေကို ပြောပါတယ်။ ဒီလိုနဲ့ တစ်လနီးပါးကြာလာတဲ့
အချိန်မှာ အဲဒီမိန်ကလေးကို လက်ထပ်ခွင့် ဒါရိုက်တောင်းပါတယ်။ မိန်းကလေးက
သူမမှာ ချစ်သူရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် အဲဒီလူက သူ့ကိုယူရင်
နယ်သာလန်ကို ခေါ်မှာဖြစ်ကြောင်း၊ နိုင်ငံသားလည်း ရမှာဖြစ်ကြောင်း
စည်းရုံးပါတယ်။ နောက်ပြီး အဲဒီမိန်းကလေးရဲ့ လက်ရှိချစ်သူကိုလည်း
ဖြတ်ဖို့တိုက်တွန်းပါတယ်။ မိန်းကလေးကလည်း ပြောရတော်တော်ခက်ပါတယ်။ အဲဒီလူ
တိုက်တွန်းပြီး နောက်နေ့မှာပဲ သူ့ချစ်သူကို ….
အဲဒီမိန်းကလေးက ဖြတ်လိုက်ပါတယ်။ တဆက်တည်း အဲဒီလူရဲ့
လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ နယ်သာလန်က တော်တော်
ဆွဲဆောင်မှုရှိပါတယ်။ အထင်ကြီးစရာ စကားတွေနဲ့ ဆွဲဆောင်ရင်း
အဲဒီမိန်းကလေးကို အပျိုဟုတ်မဟုတ် မေးပါတယ်။ ကောင်မလေးကလည်း
အပျိုဟုတ်ကြောင်း၊ ကျွန်မတို့ မြန်မာပြည်မှာ စုံတွဲတွေဟာ မင်္ဂလာမဆောင်ခင်
ကျူးလွန်လေ့ မရှိကြောင်း ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ အဲဒီလူက မိန်းကလေးကို
ထိုင်းကို လာခဲ့ဖို့ ပြောပြီး သူ့မိတ်ဆွေ မိန်းကလေး တစ်ယောက်ရဲ့ လိပ်စာနဲ့
ဖုန်းနံပါတ်ကို ပေးပါတယ်။ ထိုင်းကို ရောက်ရင် အဲဒီမိတ်ဆွေက လာကြိုပြီး
သူ့အိမ်မှာပဲ နေစရိတ်၊ စားစရိတ်ငြိမ်း နေထိုင်နိုင်ကြောင်း ပြောပါတယ်။
အဲဒီနောက်မှာမှ သူက နယ်သာလန်ကို လာဖို့ လေယာဉ်လတ်မှတ်နဲ့
ဗီဇာကြေးပို့ပေးမှာ ဖြစ်ကြောင်း ထပ်ပြောပါတယ်။ အဲဒီ မိန်းကလေးကလည်း အဲဒီလူ
ပြောသမျှစကားတွေကို ယုံပြီး ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်၊ ထိုင်းကို
သွားလိုက်ပါတယ်။ သူသွားလိုက်တဲ့ နေ့က စလို့ အခုတစ်လကျော် ရှိသွားပါပြီ။
အဲဒီမိန်းကလေးရဲ့ သတင်းအစအနမကြားရတော့ပါဘူး။ သူမသွားခင် သူ့မေးလ်
အကောင့်ကို သူ့ညီမကို ပေးခဲ့ပါတယ်။ အခုသူ့မေးးလ်ကို ဖွင့်ကြည့်ရင်လည်း
အဲဒီလူရဲ့ အကောင့်က မရှိတော့ပါဘူး။ သူတို့လည်း အခုမှ ယူကြုံးမရ
ဖြစ်ရပါတယ်။ ဘာမှ လုပ်လို့မရတော့ပါဘူး။
အစမှာ ပြောခဲ့တဲ့ အန်တီကိုင်ထားတဲ့ စာရွက်တွေဆိုတာ အဲဒီမိန်းကလေးနဲ့
နယ်သာလန်က လူ စကားပြောခဲ့တဲ့ Gtalk အစအဆုံး ချက်စာရွက်တွေပါ။ အဲဒီလူ
ရေးသားတဲ့ အင်္ဂလိပ်စာ အရေးအသားဟာ မြန်မာနိုင်ငံက မူလတန်းကလေးရဲ့
အရေးအသားလောက်တောင် မရှိပါဘူး။ အဲဒါကိုတောင် အဲဒီမိန်းကလေးက နယ်သာလန်
ကလို့ ပြောတာကို ယုံကြည်ခဲ့တယ် ဆိုတာ အံ့ဩရပါတယ်။ ကျွန်တော်တို့
စုံစမ်းကြည့်ရသလောက် အဲဒီ မိန်းကလေးဟာ ထိုင်းက လူပွဲစားတစ်ယောက်ရဲ့
သွေးဆောင်ရောင်းစားခြင်းကို ခံလိုက်ရတာပါ။ စိတ်မကောင်းစရာပါ။ ကျွန်တော်
ဒီပို့စ်ကိုတင်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ချက်တင် မမ တွေ
စဉ်းစားဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံး အလည် မလွန်ကြဖို့
ဆုတောင်းလိုက်ပါတယ်။

အွန်လိုင်းကသူငယ်ချင်းတွေအတွက် ဒီမေးလ်လေးကို ဖတ်စေချင်လို့
ပို့ပေးလိုက်ပါတယ်။ အင်တာနက်အသုံးပြုတာခေတ်စားလာတဲ့

အလျှောက်
အင်တာနက်နဲ့တွဲပြီး
Chatting ထိုင်ဖြစ်တတ်ကြတယ်။ နည်းပညာတွေရဲ့ ကောင်းကျိုးကြောင့်
လူတွေအချင်းချင်း ဆက်သွယ်မှု ပိုကောင်းလာသလို တစ်ဆက်ထဲမှာပဲ နောက်ဆက်တွဲ
ဆိုးကျိုးတွေလည်း တွဲပါလာတတ်တာ မကြာခဏပါပဲ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ
တွေ့တိုင်းသူတိုင်းကိုတော့ သူငယ်ချင်းတို့ကို မယုံစေချင်ဘူး။ နောက်ပိုင်း
ရင်းနှီးသွားကြရင်တော့ တစ်မျိုးပေါ့။ သတိပြုတဲ့ သူငယ်ချင်းတွေရော..
သတိမပြုမိကြသေးတဲ့ သူငယ်ချင်းတွေရော ဖတ်စေချင်လို့ Forward
မေးလေးကိုတင်ပေးလိုက်ပါတယ်


ဖြိုးသူရ

2 comments

  • unclegyi1974

    August 13, 2010 at 3:37 pm

    အင်းခက်တော့ခက်ပြီ၊ ချက်တင်ထိုင်ရုံနဲ့တွေ့တဲ့လူပြောတာယုံတယ်ဆိုတော့
    ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး၊
    ချက်တာကလဲeng:လို၊
    ဒါဆိုပညာရေးအခြေခံကနဲလို့လဲပြောမရ၊
    ဟိုကလူကိုတောင်ဘယ်လိုအပြစ်တင်ရမှန်းတောင်မသိတော့ဘူး၊
    အားလုံးကြားကြားသမျှသင်ခန်းစာယူကြပါဗျို့လို့သာဟစ်လိုက်ပါရဲ့။

  • kopainglay

    August 14, 2010 at 5:21 am

    ခလေးအတွေးလေးနဲ့ဝင်ပြောလိုက်အုန်းမယ်ဗျာ ဒီလောက်လိမ်းညာနေကြတာကိုသိရဲ့သားနဲ့ ကိုယ့်ကိုယ်ကို မစဉ်းစားပဲ နယ်သာလန် ကြီးမှာ ချစ်သူကိုတောင်မတိုင်ပင်ပဲ အသာလေးလှန်ချင်နေလားမှမသိတာ အပြစ်ကတော့နှစ်ယောက်လုံးမှာရှိပါတယ် လောကမှာလိမ်နေကြတဲ့သူတွေကလဲအများကြီးလေ ငွေကိုအတိုင်းအတာတခုထိပဲမတ်ကြပေါ့ အတိုင်းအတာကျော်တော့ အခုလိုဖြစ်ပြီပေါ့ အမှန်တော့အဲကောင်မလေး အသိမိတ်ဆွေတွေနဲ့တိုင်ပင်သင့်တယ် မိန်ခလေးဆိုတော့လဲသနားစရာပါ (တခုတော့ရှိတယ် မိန်ခလေးတွေ ထက် ယောကျာင်္လေးတွေကဉာဏ်ပိုကောင်းတယ်ဗျ သူချစ်သူကိုသာတိုင်ပင်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး သူ့ချစ်သူကတော့ မေတ္တာပို့နေလောက်ပီးနော် ) ( ခလေးအတွေးပါ )

Leave a Reply