သက်သတ်လွတ်စားခြင်းနှင့်ဗုဒ္ဓဝါဒ Vegie
သက်သတ်လွတ်စားခြင်းနှင့်ဗုဒ္ဓဝါဒ
သက်သတ်လွတ် စားတာနဲ့ပတ်သက်လို့် နဲနဲလောက်ဖွချင်ပါတယ်။ အခြားဘာသာဝင် တွေအဖို့ ဘယ်လောက်ထိ ရှုတ်ထွေးဖွယ်ရာ ဖြစ်သလဲမသိပေမဲ့ ကျွန်တော်တို့် ဗုဒ္ဓဘာသာဝင်ေတွေ အဖို့တော့ အတိုင်းအတာ တစ်ခုအထိ အငြင်းပွားဖွယ် ဖြစ်နေဆဲပါပဲ။ သက်သတ်လွတ်စားတာ ကုသိုလ်ရသလား၊မရဘူးလား။ ဘုရားအလိုကျ ဟုတ်သလား၊ မဟုတ်ဘူးလား။ ဖွချင်တာကတော့ သက်သတ်လွတ် ဘာလို့စားသင့်သလဲ၊ ဘယ်လို အခြေအနေမျိုးမှာလဲ နဲ့ ဘာအကျိုးကျေးဇူးတွေ ရမှာလဲ တို့ပါ။
ကျွန်တော်က သက်သတ်လွတ် စားတာကို အရင်တုန်းက လက်မခံတဲ့ အထဲမှာပါခဲ့ ပါတယ်၊ ဒါပေမဲ့အခု သက်သတ်လွတ် စားနေတာနဲနဲ ကြာသွားပြီ။ တသက်လုံးစားဖို့ မဆုံးဖြတ် ရသေးပေမဲ့ အနဲဆုံးနှစ်ပေါက်စားဖို့ ရည်ရွယ်ထားပါတယ်။ တိတိကျကျကြီးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ကိတ်မုန့်လေးဘာလေး ကြုံရင်အုပ်တာပေါ့။ အသား၊ငါး၊ပင်လယ်စာနဲ့ ကြက်ဥအလုံးလိုက် တို့ကိုတော့ မစားပါဘူး။ တကယ်တမ်း စားကြည့်တော့ တော်တော်မလွယ်တာ တွေ့ရတယ်။ ပေးဆပ်ရမှုအပိုင်းမှာ သီးခံရခြင်းဖြစ်ပြီး၊ ပြန်လည်ရရှိမှု အပိုင်းမှာ ရောင့်ရဲတင်းတိမ်ခြင်း၊ ခြိုးခြံချွေတာခြင်း၊ ကရိကထနည်းခြင်း စတဲ့ စိတ်ပိုင်ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ရတယ်။
ဘုရားက သက်သတ်လွတ်စားခြင်း မစားခြင်း၊ အဘိညာဉ်တန်ခိုး ရှိ၊ မရှိခြင်းတို့သည် နိဗ္ဗာန်ရောက်ကြောင်းနှင့် မသက်ဆိုင်ကြောင်း အတိအလင်း ဟောခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်သည် ညဏ်နယ်ဖြစ်ပြီး မလွတ်မြောက်ခင် သက်တောင့် သက်သာစွာ နေထိုင်နိုင်ရေးသည် ကံနယ် ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာတို့မည်သည် လူ၊နတ်သတ္တဝါတို့ သံသရာမှလွတ်မြောက်ကြောင်း နိဗ္ဗာန်အလို့ငှာ ညဏ်နယ်အတွက် ပွင့်တော်မူလာခဲ့ခြင်းဖြစ်ပြီး ကံနယ်နှင့်ပက်သက်၍မူ အတတ်နိုင်ဆုံး အနည်းငယ်သာ ပညတ်ထားခဲ့ပါတယ်။ အကြောင်းမှာ လောကီရေးရာတို့၏ အမှန်တရားသည် အချိန်ကာလ အပိုင်းအခြားအလိုက် ပြောင်းလဲတတ်သောကြောင့်လို့ ထင်ပါတယ်။
သက်သတ်လွတ်ကို လက်မခံသူများက အစာစားစဉ် စိတ်ထားတတ်ဖို့သာလျှင် လိုတယ်၊ အသားစားခြင်း မစားခြင်းသည် အကြောင်းမဟုတ်ဟု ပြောလေ့ရှိကြပါတယ်။ မှန်ပါသည်။ ဗုဒ္ဓမြတ်စွာက အဟာရကို ငါဆိုသော အတ္တဖြင့်မစားဘဲ ရုပ်၊နာမ် နှစ်ပါးဆင်ခြင်ပြီး စားဖို့မှာခဲ့ပါသည်။ တဆက်ထဲ မေးခြင်တာက စိတ်ထားတတ်ဖို့သာ အဓိကဆိုသူများထဲက ဘယ်နှစ်ယောက်များ ဘုရားဟောအတိုင်း ဆင်ခြင်ပြီး စားနိုင်ကြပါသလဲ။ အပြင်လူများ မပြောနဲ့ တရားရိပ်သာဝင်သူ အတော်များများတောင် ရိပ်သာဝင်နေဆဲမှာ မစားနိိုင်ကြပါဘူး။ ဒါဆိုရင် တစ်ခုခုတော့လွဲနေပြီပေါ့။
ဘုရားဟောအတိုင်း ဆင်ခြင်ပြီး မစားနိုင်လျှင် သက်သတ်လွတ်စားခြင်းသည် ကံနယ်အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါသလား။ အကြောင်းအကျိုး စပ်ဆက်မှု သဘောအရ သူ့အသားကို စားခဲ့လျှင် သံသရာတွင် တချိန်၌ ပြန်အစားခံရမည်။ သူ့အသတ်ကိုသတ်ခဲ့လျှင် ပြန်အသတ်ခံရမည်။ စားသူရှိ၍ သတ်သူရှိပြီး သေကြရသည်မှာ ဓမ္မတာဖြစ်သည်။ ဒါကြောင့် ဘုရားက မဂ္ဂင်ရှစ်ပါး အကျင့်လမ်းကို မဆုံးနိုင်သော ကံဖြတ်ရန် ထားခဲ့ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကိုယ်လုပ်ချင်ရင်တော့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ကိုင်ပေါက်လေ့ရှိပြီး မအပ်စပ်တာ အေတော်များများကိုကြတော့ လောကီဆိုပြီး လက်ခံကြတယ်။ သက်သတ်လွတ်နဲ့ပတ်သက်လို့ ပရမတ်စကားတွေပြောကြပြီး လောကီ ဒါန သီလ သမထ အလုပ်တွေပဲလုပ်ကြတယ်။ သူတို့ကပဲ ဘုရားဟောအတိုင်း ကြင့်ကြံနေသလိုလို။ လူနဲ့သာသနာ့ဝန်ထမ်း အများစုသာ သူတို့ပြောသလို လုပ်ကြရင် မြန်မာပြည်ရဲ့ ဗုဒ္ဓသာသနာဟာ ရောင်ဝါနေသို့လင်းနေတာ ကြာပေါ့။
ဥပမာ – ငါတို့က သေပြီးသားအသား သာစားတာ လို့ဆင်ခြေပေးလေ့ရှိကြတယ်။ သားသတ်သမားက ဝယ်သူမရှိဘဲ သတ်ပါ့မလား။ ပံ့ဿကူသား ကဘယ်လောက်များ များလို့လဲ။ ကိုယ်တိုင်တော့ မခိုးဘဲ ခိုးရာပါပစ္စည်းကို နှစ်နှစ်ခြိုက်ခြုိုက်ဝယ်ရင် ဝယ်သူမှာကော အပြစ်တစုံတရာ မရှိတော့ဘူးလား။ ကယ်ရာမဲ့နေတဲ့ မိန်းခလေး တယောက်ကို ကိုယ်တိုင်တော့ မဖျက်ဆီးဘဲ ဖါခေါင်းလက်ကိုအပ်ပြီး ဝိနည်းလွတ် ဝယ်စားရင် ကာမေသုကံကနေ လွတ်ပါ့မလား။
ကျိုက်ထီးရိုးမှာ ဘုရားဖူးတွေ တွယ်လိုက်ကြတာ ရှိရှိသမျှ တောကောင်တွေ ဘုရားနားတဝိုက်တင် မကဘူး ကုန်တာပဲ။ သာမညတောင် ဘုရားဖူးကြတော့ အသားစားတာခွင့်မပြုလို့ တောကောင်တွေ ချမ်းသာရာရကြတယ်။ ဘယ်သူငြင်းမလဲ။ ပြောကြတာတော့ အသားစားတာ သဘာဝတဲ့၊ ဒါပေမဲ့ လိုတာထပ်ပိုပြီး သဘာဝလွန် ကိုယ်ချင်းမစာ စားသုုံးနေကြတာတော့ ဘာပြောမလဲ။
တဆက်တည်းမှာပဲ လူတွေကို သက်သတ်လွတ် (သို့) အသေသားပဲ စားရမယ်လို့ ပညတ်ခြင်းဟာလည်း အကြောင်းအကျိုး ဗုဒ္ဓဝါဒနဲ့ ဆန့်ကျင်ပြီး ပြောင်းလဲနေတဲ့ ခေတ်ကြီးနဲ့လည်း မကိုက်ညီပါဘူး။ ရှေးကနဲ့ယခုခေတ် အရိယာသူတော်ကောင်းကြီး အတော်များများလည်း သက်သတ်လွတ်သမားများ မဟုတ်ကြပါ။ ဒါပေမဲ့ ဘုရားရှင်လက်ထက်တော် တုုန်းကတော့ အခုခေတ်မှာလို ထမင်းစားရင် အသားပါမှဖြစ်မယ် ဆိုတာမျိုးရှိမယ် မထင်ဘူး။
သက်သတ်လွတ်ကို ဝေဖန်နေတဲ့သူတွေကိုမေးပါရစေ။ မိတ်ဆွေတို့ ကြိုးစားပြီး စားဖူးပါသလား။ မစားနိုင်လို့ပြောနေကြတာလား၊ မစားချင်လို့ပြောနေကြတာလား။ ကိုယ်အစားကြူးတိုင်း ဘုရားဟော ပရမတ်တရားတွေကိုဆွဲထည့် နေတာတွေကတော့ ရပ်သင့်ပါပြီလို့ ဆိုလိုက်ပါရစေ။
15 comments
maungmoenyo
August 15, 2010 at 2:00 am
အကျိုးအကြောင်းရှေ့နောက်ညီတဲ့ဝေဖန်မှုတခုပါ။ မှန်ပါတယ်၊ သက်သတ်လွတ်ဟာဗုဒ္ဓရဲ့နိဗ္ဗာန်ရောက်ကြောင်းနဲ့တလမ်းစီဖြစ်ပါတယ်။ fashion တခုအနေနဲ့ လူကြားကောင်းအောင်သက်သတ်လွတ်စားတယ်ဆိုတာအဖြစ်စကောင်းပါ။ ဗုဒ္ဓလက်ထက်က အဇာတသတ်ရဲ့ဆရာဖြစ်ခဲ့ဘူးတဲ့ဒေဝဒတ်ဟာ ဒီသက်သတ်လွတ်စားတဲ့အကျင့်ကိုကျင့်ကြံခဲ့သူပါ။ ဗုဒ္ဓကိုအသားစားတယ်ဆိုပြီးပြစ်တင်ဝေဖန်ခဲ့သူပါ။ ဗုဒ္ဓနိဗ္ဗာန်မပြုမှီ ‘စုန္ဒ’ဆိုတဲ့မုဆိုးဆက်ကပ်တဲ့ ဝက်ပျိုသားကိုစားမိလို့ ဝမ်းလျှောပြီးသေရပါတယ်။ အသားစားလို့သေရပါတယ်လို့ဝေဖန်ကြသူများပင်ရှိကြောင်းမှတ်သားမိပါတယ်။ “ကမ္မ”လို့ခေါ်တဲ့ကံရဲ့ဖြစ်ပျက်ကြောင်းကိုသာဟောတဲ့ဗုဒ္ဓဟာသူပြုခဲ့တဲ့အတိတ်ကံနဲ့သာဆိုင်ကြောင်း၊ မုဆိုးရဲ့အန္တိမလှူဒါန်းလိုသောစိတ်နဲ့မဆိုင်ကြောင်း ပိုင်းခြားပြခဲ့ပါတယ်။ မဟာယနဂိုဏ်းဝင်များရဲ့သက်သတ်လွတ်အကျင့် ဟာတင်းတိမ်ရောင့်ရဲမှုကျင့်စဉ်ကိုမူလကအခြေခံခဲ့ပေမဲ့၊ ခုချိန်မှာတော့ အသီးအနှံတွေကို ကြက်၊ဝက်၊ငါးဆိုတဲ့ရုပ်ပုံတွေဖန်တီးထုတ်လုပ်ပြီးစားကြတာကမ္ဘာ တွင်မကမြန်မာပြည်မှာပါခေတ်စားနေပါပြီ။ ဗုဒ္ဓဝါဒကိုဘယ်လို modify ကြတယ်တော့မသိပါ။ အဲ့ဒီလိုသားငါးပုံစံဖန်တီးထုတ်လုပ်တဲ့အစားအသောက်ကို စားသုံးခြင်းဟာ ကုသိုလ်ဖြစ်စေရေးမှာဘယ်လိုမှအကျိုးမဖြစ်စေတဲ့အပြင် “အကုသိုလ်စိတ်” ကိုတောင်ဖြစ်စေနိုင်ကြောင်းဖြည့်စွက်ပါရစေ။
Al Yin Htee
August 15, 2010 at 2:11 am
Absolutely agree with you.
winne
August 15, 2010 at 12:39 pm
စာရေးသူနဲ့ အပြင်း အထန် ငြင်းခုန်ရလောက်အောင်တော့ မဟုတ်ပေမဲ့ စာရေးသူ ရေးသားချက်တွေကို လုံးဝ မထောက်ခံတဲ့ အချက်တွေ ပါနေပါတယ် `ကယ်ရာမဲ့နေတဲ့ မိန်းခလေး တယောက်ကို ကိုယ်တိုင်တော့ မဖျက်ဆီးဘဲ ဖါခေါင်းလက်ကိုအပ်ပြီး ဝိနည်းလွတ် ဝယ်စားရင် ကာမေသုကံကနေ လွတ်ပါ့မလား။´ စာထဲမှာ လက်ထဲ ဆိုတာပါနေတယ်နော် လက်ဆိုမှတော့ ကိုယ်ထိလက်ရောက် ဖြစ်စေတဲ့ အကြောင်း တွေ ရှိလို့ ဒီကံ ထိုက်မယ်လို့ ပြောလို့ရပါတယ်။ `စားသူရှိ၍ သတ်သူရှိပြီး သေကြရသည်မှာ ဓမ္မတာဖြစ်သည်။ ´ အဲဒါကိုတော့ ထောက်ခံပါတယ် သေချာတာကတော့ သတ္တဝါတိုင်းက လောဘသားကောင်တွေပါဘဲ အစားအတွက်တင်မဟုတ်ပါဘူး တခြား ကိစ္စ အမျိုးမျိုးအတွက် လောဘအတွက် ရုန်းကန်နေရတာ ပိုက်ဆံရဖို့အတွက် သတ်ကြတာပါ။ အသားအတွက်တင်မဟုတ်ပါဘူး ဘယ်သူဝယ်မယ်မသိဘဲ စပါးကြီး သည်းခြေ ထုတ်ပြီး လိုက်ရောင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ မဝယ်ချင်ဘူးဆိုလည်း မရဘူး အတင်း ဝယ်ဖို့အတွက် ချော့မော့ ပြီး သနားအောင် ရောင်းတာမျိုးတွေ ကြုံဘူးပါတယ်။ သေချာတာကတော့ သူတို့ ဝမ်းရေးအတွက် ဘယ်သူမှ မခိုင်းဘဲ လောဘဆိုတဲ့ ဒါလေး သတ်ပြီးရင်တော့ ရမှာဘဲ ဆိုတဲ့ စိတ်လေးနဲ့ သတ်ကြတာပါ။ တချို့ကလည်း ဒီအလုပ်ဘဲ လုပ်တတ်လို့ လုပ်ရတယ်ဆိုတဲ့ လူမျိုးလည်း ရှိပါတယ်။ `အကြောင်းအကျိုး စပ်ဆက်မှု သဘောအရ သူ့အသားကို စားခဲ့လျှင် သံသရာတွင် တချိန်၌ ပြန်အစားခံရမည်။ သူ့အသတ်ကိုသတ်ခဲ့လျှင် ပြန်အသတ်ခံရမည်။´ ထိုစာသားမှာလည်း စာရေးသူ ပြောသလို အသားစားတိုင်း အသတ်ပြန်ခံရမည်ဆိုလျှင် မြတ်စွာဘုရား ဝက်ပျိုသား စားမိတာ နောက်တခါ ဝက်ကလေး သတ်တာ မခံရတော့ပါလားလို့ စကားများ ဆိုဖွယ်ရ ဖြစ်နိုင်ပေမည်။ သူအသတ်ကို သတ်သူနှင့် သတ်စေသူသာ ခံစားရမည် ဖြစ်သလို စားတဲ့ သူတိုင်းခံရမှာတော့ မဟုတ်ပါဘူး။ အသားမစားဘဲ အသက်သတ်တဲ့ သီလကိုစောင့်တယ်ဆိုတာတွေ ပြောနေမှာထက် အနီးစပ်ဆုံးဖြစ်တဲ့ လူကို ကိုက်တဲ့ ခြင်လေးတွေကို ဂရုဏာစိတ်ထားပြီး မသတ်ဘဲ နေနိုင်ဖို့ အရင်ကြိုးစားတာမှ ဟုတ်လိမ့်မည်ဟု ထင်ပါသည်။ ကုသိုလ်ဆိုတာ သေးသေးလေးကစပြီး ရအောင် လုပ်ပြီး အကုသိုလ်ဆိုတာ လည်း သေးသေးလေးက စပြီး မဖြစ်အောင်နေတာ နိဗ္ဗာန်သွားရာ လမ်း ဖြောင့်ဖြူးစေဖို့ အထောက်အပံကောင်း လို့ ယူဆပါတယ်။ စာရေးသူကို ကဲ့ရဲ့ လိုစိတ်နဲ့ ပြောတာမဟုတ်ပါ။ သေချာတာကတော့ လက်မခံနိုင်တဲ့ အယူတွေကို အပြန်အလှန်ဆွေးနွေးတယ်လို့ ယူဆပေးပါ။
bigcat
August 15, 2010 at 5:01 pm
ထောက်ပြဆွေးနွေးတာ ကျေးဇူးတင်ပါတယ်။ ကယ်ရာမဲ့နေတဲ့ မိန်းခလေးဥပမာဟာ ငါတို့ကသူ့အသက်တော့ မသတ်ဘူးဆိုပြီး ဈေးမှာဘယ်နေ့တော့ အလှူရှိတယ်၊ ငါးဘယ်နှစ်ပိဿာ၊ ကြက်ဘယ်နှစ်ပိဿာ၊ ဒန်ပေါက်ဘယ်နှစ်ပွဲဆိုပြီး အော်ဒါမှာသူများကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရား နဲ့ ဝက်ပျိုသား ကိစ္စမှာနားလည်မှုလွဲမှားခြင်း သာဖြစ်ပါတယ်။ ကံဖြတ်ပြီးသူ အရိယာပုဂ္ဂိုလ်များ အနေနဲ့ ပဉ္စာနန္တိယကံ မထိုက်ခဲ့ဘူးဆိုရင် ဘုံပြန်တလှည့် ငါးပြန်တလှည့် ဖြစ်ခြင်းပျက်ခြင်းတရားမှ လွတ်ကင်းပြီးသားဖြစ်သွားပါပြီ။ ဒီလိုကံဖြတ်ဖို့လည်း ဘုရားဆိုတာ ပွင့်တော်မူခဲ့ရတာပါ။ ဒါကြောင့် ဘုရားက မဂ္ဂင်ရှစ်ပါး အကျင့်လမ်းကို မဆုံးနိုင်သော ကံဖြတ်ရန် ထားခဲ့ခြင်းဖြစ်ပါတယ် လို့စာထဲမှာရေးခဲ့ပြီးဖြစ်ပါတယ်။ ထပ်ဆင့်ကျေးဇူးတင်ပါတယ်။
MandalayThar
August 15, 2010 at 1:14 pm
နည်းနည်း ဝင်ဆွေးနွေးကြည့်မယ်နော်.. ။
၁။ ကြက်ဥစားရင် သားသတ်မလွတ်ဘူးလား ဟင်။ ကြက်ဥ က အသက်မှ မရှိသေးတာ။ ဘာလို့စားလို့မရတာလဲ။
၂။ တချို့ဆို နွားနိ့ကိုလည်း မသောက်ကြတာ ရှိသေးတယ်။ နားမလည်ဘူး ဘာဖြစ်လို့လဲလို့။ (နည်းနည်း ပိုသွားပြီထင်တယ်)
၃။ “စားသူရှိ၍ သတ်သူရှိပြီး သေကြရသည်မှာ ဓမ္မတာဖြစ်သည်။ (မစားဘဲ သတ်သောသူမရှိဘဲ သေကြရသည်မှာ ဓမ္မတာက ပိုမှန်မယ်ထင်တယ်။) ကျွန်တော် စဉ်းစားကြည့်တာ ကမာပေါ်မှာ ရှိတဲ့ သတဝါတွေ သေကြတာဟာ သတ်လို့သေကြတာထက် သူတို့ ဘာသာသဘာဝ အရ သေကြတာက ပိုများတယ် မဟုတ်ဘူးလား ဟင်။
bigcat
August 15, 2010 at 5:28 pm
၁။ အမျိုးမျိုးတော့ပြောကြတာပဲ။ စားနည်းကလည်း အသွေးလွတ်တဲ့၊ အသားလွတ်တဲ့၊ မီးလွတ်တဲ့။ ထိုင်ဝမ်ကလူတချို့ဆို ကြက်သွန်ဖြူဆိုလား ကြက်သွန်မိတ်ဆိုလား မစားဘူးတဲ့။ ဘာလို့လဲဆိုတော့ အစို့က ထွက်ထွက်လာတာကိုး အသက်ရှိတယ်လို့ ယူဆတဲ့သဘောပေါ့။ ကြက်ဥမှာလည်း ဓါတ်ကြက်ဥ နဲ့ တောကြက်ဥ ဆိုပြီးရှိတယ်၊ ဓါတ်ကြက်ဥကတော့ အဖိုမဲ့ဖေါက်ထားလို့ အစကထဲက အသက်မရှိဘူးလို့ဆိုတယ်။ အသားလွတ်စားရင် နှစ်ခုစလုံး အကြုံးဝင်မှာပေါ့။
၂။နွားနိ့က အသွေးလွတ်ထဲ မှာပါပုံရတယ်။
၃။ ဘယ်လိုပဲသေသေ ကံကုန်လို့သေတာနဲ့ သူတပါးပယောဂကြောင် ့သေတာပါပဲ။ အဲဒီလိုသေလိုက်ရှင်လိုက်၊ သေလိုက်သတ်လိုက် ဖြစ်စဉ်ကိုသံသရာ သို့ ဖြစ်မြဲဓမ္မတာ လို့ဘုရားကဆိုပါတယ်။
kopauk mandalay
August 15, 2010 at 3:50 pm
သေသေချာချာစဥ်းစားကြည့်မယ်ဆိုရင် ကျနော်တို့လက်ခံကျင့်သုံးနေသော ကိုးကွယ်သောဗုဒ္ဓဘာသာ တရားသည် အစွန်းနှစ်ပါးနှင့်ကင်းဝေးအောင်ကျင့်ကြံသောအလယ်အလတ်လမ်းစဉ်ကို ဦးစားပေးသော တရားဖြစ်တယ်လို့ ယုံကြည်ပါတယ်။
လုံးဝအသားမစားဘူး လို့ငြင်းပယ်သူ(လူကြားကောင်းအောင်ပြောပြော။တကယ်ကို ကို်ယ်ခြင်းစာပြီးမစားဘူးပြောပြော၊ကိုယ်ပြန်ခံရမှာကြောက်လို့ပြောပြော)သည်လဲ အစွန်းရောက်သူလို့သတ်မှတ်နိုင်သလို၊
အသားမပါရင်ထမင်းစားမဝင်ဘူး လို့ သတ်မှတ်နေသူကလဲ(ကြိုက်လွန်းလို့ပြောပြော၊အရွဲ့တိုက်ပြီးဘဲပြောပြော၊ဝဋ်ဆိုတာကို မယုံကြည်ဘူးသေရင်ပြီးပြီလို့ထင်လို့ဘဲပြောပြော)အစွန်းရောက်သူပါဘဲ။
ကျနော်က တော့ သတ်သတ်လွတ်စားမယ်လို့ မကြွေးကြော်ရဲပါဘူး။
ထမင်းဖြစ်အောင်ဖန်တီးစဉ်ကတည်းကမမြင်နို်င်သောပိုးမွှားတွေသေကြေပြီးဖြစ်တယ်လို့ကြားဘူးလို့ပါ။
အသားမပါလို့ထမင်းမစားနိုင်ဘူးဆိုတာလဲ မရှိသလို အရှင်လတ်လတ်ကို သတ်တာမြင်ရင်ဖြစ်ဖြစ် ကြားရင်ဖြစ်ဖြစ်မစားပါဘူး။
ဈေးမှာရောင်းတဲ့အသားဆိုတာကလဲ ကိုယ်ကတမင်သတ်ခို်င်းတာမဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ယုံကြည်ပါတယ်။
အဲဒီလိုသာ ပြောကြေးဆိုရင် အလှူကို ကြက်သား ဝက်သားနဲ့လူတွေကို ကြွေးချင်လို့ ဆိုပြီး မှာရင်ရော ဒီအလှူမှာရော အကုသို်လ်တွေပါဝင်မနေဘူးလား။
အကုသို်လ်မြောက်တယ်ဆိုရင် အလှူလုပ်ရင် သတ်သတ်လွတ်ဘဲ လုပ်ပါ ရဟန်းတော်တွေကို ဆွမ်းကပ်မယ်ဆိုရင် သတ်သတ်လွတ်ဘဲလုပ်ပါလို့ ဘာလို့မသတ်မှတ်တာပါလဲ။
ပြောရရင် အများကြီး သဘောထားတွေကွဲလွဲ ကုန်နိုင်ပါတယ်။
အကောင်းဆုံးကတော့ အငြင်းမပွားဘဲ ကိုယ်ယုံကြည်တာကိုယ် အေးဆေးစွာကျင့်သုံးတာက အကောင်းဆုံးပါ။
ကျနော်ကတော့အလယ်အလတ်ပါဘဲ သတ်သတ်လွတ်စားချင်တဲ့အခါစားမယ် အသားစားချင်ရင်လဲစားမယ် ဒါက လောကမှာကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ယူဆလို့ပါ။
maungmoenyo
August 16, 2010 at 12:56 am
“ဓမ္မစက္ကပဝတ္တန”သုတ်မှာ သဗ္ဗညုဉဏ်တော်မရမှီနဲ့ရပြီးဗုဒ္ဓရဲ့ကွာခြားလှတဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့အင်္ဂရုပ်ကိုကောင်စွာမြင်လိုက်ကြတဲ့ ကောဋညအပါအဝင်နောက်လိုက်(၃)ဦးဟာ (ထိုအချိန်ကသံဃာဟူ၍မပေါ်ပေါက်သေးသည်ကိုသတိချပ်။)မူလကကတိကဝတ်ရှိကြတဲ့မမြင်ချင်ယောင်ဆောင် မယ်ဆိုတဲ့ကိစ္စတွေကိုမေ့ပြီး၊ သပိတ်ဆွဲသူကဆွဲ၊ သဃာန်းဆွဲသူတွေကဆွဲကြပါတယ်။ ဗုဒ္ဓဟာသာမာန်လူသားတဦးပင်ဖြစ်သော်လည်း၊ သာမာန်လူသားတို့ရတောင့်ရခဲတဲ့သဗ္ဗညုလို့ခေါ်တဲ့ရှေးနဲ့နောက်ဘဝအသချေင်္ကိုအနုလုံပဋိလုံပိုင်းခြားနိုင်သူမို့ “မဟာလူသား”လို့ဆိုရသူပါဘဲ။ ပွင်တော်မူသောဗုဒ္ဓတိုင်းဟာသံသရာမှလွတ်ကြောင်းကိုသာဟောပါတယ်၊ လည်ကြောင်းကိုမဟောပါ။ သက်ရှိနဲ့ရုပ်ပိုင်းတို့ရဲ့စက္ကန့်မလပ်ဖြစ်ပျက်မှုတိုင်းသည် မရပ်မနားတရစပ်ဖြစ်နေသောသင်္ခါရလို့ပြဆိုခဲ့ပါတယ်။ ဒါတွေအားလုံဟာအစိုးမရသော အနတ္တသဘောတွေလို့ပြောခဲ့ပါတယ်။ ဗုဒ္ဓဟောခဲ့သမျှတရားအား လုံးဟာလောကီမှာရှိတဲ့အရှိကိုအရှိအတိုင်းသာထားပြီးဟောပါတယ်၊ မရှိတာကိုအရှိလုပ်ပြီး (ဖန်တီးပြီး)မဟောပါ။ ရုပ်ရဲ့ဖေါက်ပြန်တတ်တဲ့သဘောကိုအဘိဓမ္မာမှာ (အသေးစိပ်လေ့လာလိုလျင်) scientifically ဆွေးနွေးထားပါတယ်။ (၄၅)ဝါလုံးဟောသမျှတရားအားလုံးကို သစ္စာ(၄)ပါးနဲ့ချုပ်ပါတယ်။
အသားစားခြင်းမစားခြင်းဟာသဿတနဲ့ဥစ္ဆေဒဆိုတဲ့ဒိတ္ထိတရားအစွန်း(၂)ပါးနဲ့ငြိစွမ်းနို်င်လို့၊ ရုပ်နဲ့နမ်(၂)ပါးတိုရဲ့ကံနဲ့ကံ၏အကျိုးဆက်တွေအနေနဲ့သီးသန့်ထားဘို့လိုပါတယ်။ ဗုဒ္ဓရဲ့မူရင်းရည်မှန်းချက်ကိုမျက်ချေမပြတ်ကြရင်ဘဲဗုဒ္ဓရဲ့အယူဝါဒီတွေအတွက်အမြတ်ထွက်စရာဖြစ်မှာပါ။
etone
August 16, 2010 at 9:47 am
သတ်သတ်လွတ်စားတဲ့လူတွေ ဘယ်လိုရည်ရွယ်ချက်နဲ့စားလဲမသိပေမဲ့ etone ကတော့ ဘာကုသိုလ်ညာကုသိုလ် ရပါစေဆိုပြီးစားတာမဟုတ်ဘူး ။ သတ္တဝါတွေ သေခါနီး အော် ဟစ်ညီးညူသံကိုကြားမိပြီးအသားစားချင်စိတ်မရှိတော့တာပါ ။ တစ်ချိုကလည်း ဝက်ဆိုရင်ဘယ်လိုသတ်တယ်။ နွားဆိုရင်ဘယ်လိုသတ်တယ်ပေါ့ … ဒါကိုမြင်ယောင်မိပြီးသနားတဲ့စိတ်နဲ့မစားဖြစ်တာ။ တစ်ခါတစ်လေကျတော့လည်း အဲ့ဒါတွေမတွေးပဲ မုန့်ဟင်းခါးဆိုင်ပြေးထိုင်ပြီးစားမိလိုက်တာပါပဲ ။ လူနဲ့ တိရစာ္ဆန်ကွာတဲ့အချက်က လူက အသားကိုကြော်လှောပြီးစားတယ်။ တိရိစာ္ဆန်တွေကတော့ အစိမ်းစားတယ်တတ်တယ် ဒါပါပဲ ။ ဖြစ်နိုင်ရင် သတ်သတ်လွတ်ပဲစားသင့်တယ်လို့ အကြံပေးပါရစေ ။ အမြဲတမ်းမဟုတ်တောင် တစ်ပတ် 3ရက်လောက်စားသင့်တယ် ။ သတ္တဝါတွေကိုသနားလို့ပဲဖြစ်ဖြစ် ၊ ကျန်းမာရေးရှူထောင့်က ဖြစ်ဖြစ် အသီးအရွက်စားသင့်တယ်လိုတော့ခံယူထားတာပဲ ။ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါရဲ့ ။
kai
August 16, 2010 at 10:11 am
အောက်က မျဉ်းအောက်က ကောမန့်ကို ပို့စ်တခုအောက်မှာရေးခဲ့ဖူးတယ်။
ဒီလိုအနုကြည့်မှန်ပြောင်းနဲ့ အရာဝတ်ထုတွေအဆရာ-ထောင်ချဲ့ကြည့်နိုင်တဲ့ခေတ်မှာ လူတွေရဲ့ဘေးပါတ်ဝန်းကျင်၊အစားအစာတွေ။ ခန္တာကိုယ်ပေါ်မှာပါ သက်ရှိသတ္တဝါ၊ တရိစ္ဆာန်တွေ ရှင်သန်တည်ရှိနေကြတာအားလုံးအသိဖြစ်မှာပါ။
အဲဒီတေ့ာ အဲဒီအကောင်ဘလောင်တွေကို မသတ်ပဲလူသားဟာ အသက်ရှင်ရပ်တည်ဖို့မဖြစ်နိုင်ပါဘူး၊
အသက်ရှုတိုင်း၊ လူကလှုပ်တိုင်းမှာ သတ္တဝါတွေ သောင်းသိန်းသန်းချီသေနေကြတာပေါ့။
ဆိုတော့..
သက်သတ်လွတ်(အသက်ကို သတ်ခြင်းမှကင်းလွတ်)ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို ဂေါတမဗုဒ္ဓသိတော်မူပါတယ်။
အဲဒါကြောင့် အသက်သတ်ခြင်းဆိုတာ ဘာလဲ-ဘယ်လဲသိရအောင်လည်း တိတိကျကျဟောထားပါတယ်။ အောက်က ကောမန့်မှာဆက်ဖတ်ကြည့်ပါ။
ဗုဒ္ဓဘုရားကိုယ်တော်တိုင်ကလည်း သက်သတ်လွတ်စားကြဖို့ ဝိနည်းအတင်းထုတ်ခိုင်းတဲ့ ဒေဝဒတ်ကိုလည်း သံဃာဂိုဏ်းအကွဲခံပြီးတော့ကို ငြင်းပါတယ်။
(အဲဒီခေတ်ကာလက ဟိန္ဒူ၊ဆာဒူးတွေက သက်သတ်လွတ်စားကြသူတွေပါ)
ပြောရရင် သက်သတ်လွတ်စားတာ ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်ကြောင်းလေးပါလို့..။
ဘုရားလည်း အသားစားတယ်။ သံဃာတွေ စားတာကိုလည်း မတားမြစ်ဘူး။ ( ဆောင်ရန်၊ရှောင်ရန် ဝိနည်းနည်းနည်းပညတ်ထားတာမှအပ)
ဗုဒ္ဓဘာသာဝင်တွေ ဂေါတမမြတ်စွာဘုရားကိုကျော်ပြီး ဒေဝဒတ်ဂိုဏ်းသားမလုပ်သင့်ဘူးထင်ပါတယ်ခင်ဗျား။
ထပ်ဆင့်ပြောရရင် ယနေ့သိပ်ပံဆေးပညာရဲ့တွေ့ရှိချက်အရ လူသားဟာ အသားစားကိုစားသင့်ပါတယ်။
လူသားဟာ မျောက်သတ္တဝါအနွယ်ကနေ အခုလောက်အထိ ကမ္ဘာကိုလွှမ်းမိုးကြီးစိုးလာနိုင်တာဟာ အသီးအရွက်စားတာကနေ…အသားကိုပါစားတတ်လာလို့ဖြစ်တယ်လို့ …ပညာရှင်တွေကလည်း တညီတညွတ်တည်းဆိုကြပါတယ်။
အသားစားမှ ဦးနှောက်ဖွံ ့ဖြိုးတာပါ။ ကလေးတွေကို အသားများများကျွေးသင့်ကြောင်းလဲ ဖွံ ့ဖြိုးတဲ့နိုင်ငံတိုင်းက တိုက်တွန်းလုပ်နေကြတာပါ။
လူကြီးတွေကတော့..ကိုလက်စတောတက်မယ်..ဘာဘာညာညာတွေနဲ့ မစားချင်မစားပါနဲ့။ (ဘာသာရေးနဲ့မဆိုင်တဲ့ ဆေးပညာရှုထောင့်အရ)
ကလေးတွေကိုတော့ ဦးနှောက်ကလေးတွေဖွံ ့ဖြိုးစေဖို့ သက်သတ်လွတ်တော့ မလုပ်ကြပါနဲ့လို့တိုက်တွန်းပါရစေ။
ုံး
(လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။)
======================
http://myanmargazette.net/?p=17527
ကလေးငယ်တွေဟာ အသားစားတာတွေများရင်၊ လက်မဆေးပဲ တွေ့တဲ့အစားအစာ ပါးစပ်ထဲထည့်ရင်..ဗိုက်ထဲသံကောင်ဥတွေရောက်ပြီး သံထတတ်ပါတယ်။
သံကောင်တွေဗိုက်ထဲမှာ ရောက်နေလို့ ဗိုက်ကလေးတွေပူနေတဲ့ ကလေးငယ်တွေ မြန်မာပြည်ကျေးလက်တွေမှာ တွေ့ဖုူးကြမှာပေါ့..။
အဲဒီသံကောင်တွေဟာ ကလေးကို ဝမ်းကိုက်ဗိုက်နာ စတဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အဲဒီသံကောင်တွေ ဦးနှောက်ထဲရောက်ပြီး အသက်ဆုံးတာလဲရှိပါတယ်။
အဲဒါနဲ့ ဗိုက်နာရောဂါ အပြင်းအထန် ခံစားနေရတဲ့ ကလေးလူနာကို ဆရာဝန်က ဆေးတိုက်၊ဆေးထိုးလုပ်ပြီး ကုသရာအဖြစ်အပျက်ကို စဉ်းစားကြည့်ကြပါစို့။
ဆရာဝန်က..
ကလေးဗိုက်ထဲကသံကောင်တွေသေအောင် သံချဆေးလည်းကျွေးပါတယ်။ ဝမ်းကိုက်နေရင် ပျောက်အောင် ဝမ်းကိုက်ပျောက်ဆေးလဲတိုက်ပါတယ်။
ဆရာဝန်အပါအဝင်..ကလေးမိဘတွေလည်း သံကောင်တွေ သေပါစေကြောင်း။ ဝမ်းကိုက်ပိုး သေပါစေကြောင်း ဆုတောင်းရင်း ကလေးဝမ်းသွားတဲ့အခါကို စောင့်ကြရတယ်ဆိုပါတော့..။
အင်း…ဝမ်းသွားပြီး…သံကောင်အသေလေးတွေများ ထွက်လာတဲ့မစင်ထဲမြင်ရရင် စိတ်ချမ်းသာကြတာပေါ့…။
..
အပေါ်ကသတင်းအရ လူတွေပျော်ချင်ကြည့်ချင်လို့..ကျားစာကျွေးခံရတဲ့နွားရယ်..။
လူတွေနေ့စဉ်လိုလို ပဋိဇီဝဆေးဝါးတွေသောက်ပြီး…ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတဲ့ ပိုးမွှားတိရိဆန်တွေရယ်။
လူတွေစားသောက်ဖို့ လှူဖို့၊ တန်းဖို့ ရည်ရွယ်ပြီး နေ့စဉ်အသတ်ခံရတဲ့ ကြက်၊ဝက် စတဲ့သတ္တဝါတွေရယ်..။
ပိုးထိုး၊ လောက်ကိုက် မရှိ…သန်စွမ်းတဲ့ အသီးအနှံ၊ အရွက်၊အမြစ်၊ သစ်ဥ၊သစ်ဖု ဖြစ်စေဖို့ ပက်ဖြန်းရတဲ့ ပိုးသတ်ဆေး ဖြန်းသူထုတ်သူ၊ဖြန့်သူ၊ သုံးသူတွေရယ်..။
အသားငါး အသီးအရွက်ဈေးဝယ်ထွက်သူ ယောက်ျား၊ မိန်းမ လူသတ္တဝါတွေရယ်..။
ပဋိဇီဝဆေးဝါးတွေထုတ်လုပ်တဲ့ လူသတ္တဝါတွေရယ်..။
–
ငါးပါးသီလထဲက ပါဏာတိပါတ-သူ့အသက်ကို သတ်ခြင်းမှာ မြန်မာထေရဝါဒဗုဒ်ဓဘာသာက ဒီလိုရှင်းပြထားပါတယ်..။
သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ (၅) ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တဝါဖြစ်ခြင်း၊
(၂) သတ္တဝါဟု အမှတ်ရှိခြင်း ( သိခြင်း ) ၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။
ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက်မျိုးလည်း ရှိ သေး၏။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲ ထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။ ဤ ပယောဂ (၆)မျိုးမှ တစ်နည်း နည်းနှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့် သေလျှင် ပါဏာ တိပါတကမ္မပထမြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟု ဆိုလိုခြင်းဖြစ်၏။
ဝေဖန်စဉ်းစား ဆက်လက်ဆွေးနွေးကြပါကုန်..။
weiwei
December 24, 2010 at 6:55 pm
ဒီပို့စ်မှာတော့ ကိုကြောင်ကြီးနဲ့ကျွန်မနဲ့ အတွေးအခေါ်တစ်ထပ်ထဲကျပါတယ် … ကျွန်မလဲ မကြာခဏ သတ်သတ်လွတ်စားပါတယ် … ရောင့်ရဲတင်းတိမ်တဲ့စိတ်ကို လေ့ကျင့်တဲ့သဘောလဲပါတယ် … မေတ္တာပို့တာ ပိုပြီးလေးနက်ချင်စိတ်လဲပါတယ် … အသွေးအသားထဲကို ပိုပြီးသန့်ရှင်းစေချင်တာလဲပါတာပေါ့ …
ကိုယ့်အတွေးနဲ့ကိုယ်စားတာပေါ့ … အရေးကြီးတာစိတ်ပဲ မဟုတ်လား …
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
December 24, 2010 at 7:47 pm
ပို့စ်ရော ကွန်မင့်တွေရော မြင့်လွန်းလို့ လိုက်မမီပါဘူး။ ဒါပေမယ့် ဘေးအိမ်က အဘွားကြီးပြောတဲ့စကားတစ်ခွန်းကိုတော့ ဝေမျှချင်ပါတယ်။ “သတ္တဝါတွေကျန်း မာပါစေ ချမ်းသာပါစေ အမျှဝေမနေနဲ့။ ကိုယ့်ဖာသာကိုုယ် သတ်သတ်လွတ်စား” တဲ့။
ashinindaka
December 25, 2010 at 4:45 am
ဒါလေးဖတ်ပြီး ဘုရားရှင် အမဲသား စား မစား ဆိုတာလေး ရေးဘူးတယ်။ အားမှ တင်လိုက်အုံးမယ်
Thint Aye Yeik
February 8, 2017 at 4:12 pm
အသားဆို… မြွေသား၊ ကြွက်သားနဲ့ ခွေးသားပဲ ရှောင်နိုင်တယ်။
အမဲသားတို့ ဝက်သားတို့များ စားနေရင်းနဲ့ဆို….တရား မှတ်နိုင်ဖို့ နေနေသာသာ နူးသလား… အရသာ ရှိသလားဆိုပြီး…
စားကောင်းဖို့အရေးပဲ အာသာငမ်းငမ်း စားနေမိတာ။
အင်းးးးးး
.လျှော့အုန်းမှ….
:k:
kai
February 10, 2017 at 2:28 pm
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ခေတ်မှာ.. လူသားဆိုတာ.. အိပ်၊စား၊လိင်ကာမ အဲဒီ၃ခုလောက်သာ.. လူသားဖြစ်ရင် တိုးတက်မွန်းမံပြီး.. ဇိမ်ခံဖို့ရှိတာ…။
စားတာကို အဲလိုကြီးလုပ်ခိုင်းမယ်လို့တော့.. တယ်မထင်..။ 🙂