လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

Yin Nyine NwayAugust 15, 20101min1314

တစ်ခါက ဤမဟာဘဒ္ဒကမ ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့…
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘဝမှာ
အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး
အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီဖေဖေရယ်။ တိုက်ရခိုက်ရတာ၊
ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ၊ ပန်းလှပါရှင်။ ပြဿနာတစ်ခု
ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ပြဿနာတစ်ခု က ထပ်တက်လာနဲ့ ဘဝဆိုတာ
ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်၊
လူတောင်ဆက်မလုပ်ချင်တော့ဘူး၊ ဘာညာ စသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီကိုလက်ဆွဲပြီး
မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး
မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေက ပြင်းတော့
သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို
ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို ဒီတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း
စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့
ဖအေ့အကြောင်းကိုသိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ
စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး
ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်းဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်

။ နောက်ဆုံးအိုးထဲက
လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက်
လှည့်ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ” သမီးက
အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို
စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို
ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ…”

လို့ပြောလိုက်တယ်။

ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကိုယူပြီး သမီးကို
ခွဲခိုင်းပြန်တယ်။ အပေါ်က အကာကို ခွာလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေကခိုင်းလိုက်ပြန်တယ်။
သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့
မြည်းလိုက်ရပါတယ်။ အင်မတန် မွှေးပျံ့ပြီး အရသာရှိတဲ့
လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကိုပြောချင်တာလဲဟင်…”
လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သမီးက မအောင့်နိုင်တော့ဘဲ မေးလိုက်မိရပါတော့တယ်။
ဖအေကရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ
တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း
ထည့်ပြုတ်ခံရတာချင်းတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။ မုံလာဥဟာ
ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်။
အဲ… ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး
ချိနဲ့သွားတော့တာပဲ… ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး၊
ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက
အရည်ကြည်ပျော့ဖတ်ဖတ်လေးကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့်
ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲဒီ့ ပျော့အိအိအတွင်းသားတွေ
အားလုံးမာကုန်တာပဲ မဟုတ်လား သမီးရဲ့။ အေး… လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။
ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီ့ပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်
ပြောင်းလဲပစ်လိုက်တယ်… ကဲ…အဖေ့သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊
လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်း ရင်ဆိုင်ကြရတာပဲ သမီး။ အဲဒီ့
လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက
ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊
လက်ဖက်ခြောက်လိုတုံ့ပြန်မလား၊ သမီးဘာသာ စဉ်းစားပေတော့ကွယ်…”

ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ လူကြီးမင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့၊
တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေ နွမ်းရိပြီး အားကုန်သွားမယ့်
လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်း
ပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ချွတ်ခြုံကျတာကို ကြမ္မာဆိုးတစ်ခုခုကို
အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့… လောကဓံဆိုတဲ့စိတ်ဓာတ်၊
ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီးဖြစ်သွားမယ့်
လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာ
သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများ
ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူမျိုးလား။ ရေပူကိုပေမယ့်
အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊
ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း
ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ၊ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး
ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူ
ဖြစ်နေပါလိမ့်မယ်။
ကဲ…စာဖတ်သူလူကြီးမင်း၊ လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
စာဖတ်သူဟာ လူမုံလာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား?
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြပါဦး။

4 comments

  • laaminnthar

    August 15, 2010 at 12:43 pm

    ကျွန်တော်ကတော့ လက်ဖက်ခြောက်ပဲ
    ဖြစ်ချင်တယ် ဒါပေမယ့်အဲဒါက သိပ်မလွယ်ဘူးထင်တယ်နော်။

  • alfred

    August 15, 2010 at 5:55 pm

    တော်တော်ကောင်းတဲ့ ပိုစ့်ပါ။ ကျွန်တော်လည်း လက်ဖက်ခြောက်လိုလူပဲဖြစ်ချင်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်ရှိလူတွေကို လွှမ်းမိုးနိုင်ပြီး အရာအားလုံးကို ရင်ဆိုင်နိုင်ပြီး ပြောင်းလဲနိုင်တဲ့လူဖြစ်ချင်ပါတယ်။ မလွယ်မှန်းသိပေမယ့် ကြိုးစားပြီးလုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ မရတော့လည်းဘာဖြစ်လည်း ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တာပဲ မဟုတ်လား။

  • Zaw Min Kha

    August 16, 2010 at 4:44 am

    အလွန်ကောင်းတဲ ့ပိုစ့်ပါပဲ
    လူတိုင်းသာ လက်ဖက်ခြောက်လိုမျိုးနေနိုင်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ

  • wunnakoko

    August 16, 2010 at 5:18 am

    ကောင်းပါတယ်ဗျာ။ လက်ဖက်ခြောက်လို လူဖြစ်အောင် ကြိုးစားရမှာပေါ့။

Leave a Reply