ရန်ကုန်
ရန်ကုန်
ဖျားနေတဲ့ မုတ်သုန်မြို့
ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ်
ဘုံဘဝ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို
အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့။
ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာဒေါ်လာ
၁၅ဝတန် ညအိပ်ခန်းတွေ ရှိသလို
ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။
တချိန်တုန်းကတော့ အတိတ်ပီပီ
ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။
ဒါပေမယ့် အဲဒီ ဈာပနက
အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာဆတွေးနိုင်တဲ့ အခြေအနေ။
တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTV လို့
အဲဒီမြို့သားတစ်ယောက်က
နာနာကျည်းကျည်း မှတ်ချက်ချတယ်။
အသက်အာမခံချက် မရှိသလို
ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။
အထူးယာဉ်တန်းတွေအတွက်
နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို
ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့
ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။
တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။
တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။
အခုတော့
ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို
ဘယ်သူမှ အဆက်အဆံမလုပ်ချင်တော့ဘူး။
ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းအထိ
ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင်
ဝလုံးလို့ လှောင်ပြောင် ခေါ်နေကြပြီ။
မြို့အင်္ဂါရပ်တွေထဲမှာ
လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊
ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း ဖြစ်ရမယ်
အဲဒိလို တစ်ယောက်ယောက်က ပြောခဲ့ရင်
သူဟာ မြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။
ဒါပေမယ့်
လူဦးရေ ခြောက်သန်းကျော်ဟာ
သူ့ရင်ဘတ်ထဲမှာ ရှင်သန် နေထိုင်တုန်းပါ။
သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို
တစ်ယောက် ကိုယ်ငွေ့ တစ်ယောက် ပြန်ချုံလို့ ရတဲ့
မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို
ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့
ပလတ်စတစ်ရွက်ဖျင်စတွေလည်း
လွယ်လွယ်ကူကူ ဝယ်လို့ရတယ်လေ။
ရာသီဥတု သာတောင့်သာယာ ဆိုပေမယ့်
ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင်
ရန်ကုန်သားတွေကလေဆိုပြီး
ပုံပြင်တွေအမျိုးမျိုး ကြားရတတ်တဲ့မြို့။
အခုတော့
ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို
ဘာလက်ဆောင်ပါသလဲလို့
စီးစီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို
မှန်ပြောင်းနဲ့ လှမ်းကြည့်လု့ိ ရသလို
အဝီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး
အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက်
တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။
ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက်
ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ
ဝါရှင်တန်မြို့သားတွေ သူ့မြို့ကို
ကိုယ်တိုင် ထွက်ကာကွယ်ရသလို
ဗိုလ်စိန်မှန်တစ်ယောက်
တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊တက္ကသိုလ်ကျောင်းသားတပ်တွေနဲ့
အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်းခုခံခဲ့ရတဲ့မြို့။
အဲဒီအချိန်ကလည်း တချို့တွေက
ရန်ကုန်ကိုဟားတိုက်ခဲ့တာပဲ။
ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို
ဖောက်ပြန်တဲ့ အတွေးမျိုးတော့
ရန်ကုန်ကမတွေးခဲ့ရိုးအမှန်ပါ။
ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင်
အပြောင်းအလဲကို ညနေစာငတ်သူတစ်ယောက်လို
သူ ဆာလောင်တတ်ခဲ့တယ်။
မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင်
မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ
သူသံဝေဂယူလို့ မရဘူး။
သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို
သနားတဲ့အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကို်ယ်တိုင်
ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို
မုဆိုးမ၊ တစ်ခုလပ်နဲ့ကလေးငယ်တွေ သိပ်များနေတဲ့မြို့။
အဝေးရောက် လင်သားတွေ
အလုပ်အကိုင် အဆင်ပြေပါစေ
ဆုတောင်းနေရတဲ့မြို့။
လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့
သူ့မြို့ခံတွေကိုနေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။
အချက်အချာ မြို့လယ်ခေါင်
တိုင်းတပါးသား လက်အောက်တွေ ကျရောက်နေလို့။
သူက တစ်ခါတစ်ခါ
မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတတ်ခဲ့´။
အခုတော့ ခေတ်နဲ့အညီ
သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့
အရင်ကတည်းက မှိုလိုပွနေတာမို့
သူ့အတွက် သိပ်အရေးမကြီး။
ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ
ခေါင်းစားအောင် ပြဿနာရှာပေးတတ်ပြီ။
ကူးစက်ရောဂါတွေကိုလည်း
ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာစိတ်မပူတတ်တော့ဘူး။
မနက်ဆိုရင်
ပါးစပ်ပေါက်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့်
ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။
လူ့ဘဝစည်းစိမ်မှာ
အဆိုး လောကဓံ လေးပါးကို ထိန်ချန်လို့ မရဘူး။
အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလိုငကြောင်လိုုလိုနဲ့
မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့
ရတနာတွေ ရှိရာဆီ သွားမယ်လို့
အရူးတွေ ဆော်ဩပြီးနောက်ဖေးပေါက်က ပြန်တက်၊
သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့
အရူးတွေ ရှိနေတတ်တဲ့မြို့။
မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ
မိန်းမပျက်အကြောင်းတွေပါရင်
Grade(A)ရနိုင်မယ့်မြို့လေ။
အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့
ခင်ဗျား မြင်မြင်သမျှ
အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊
ကားအတု၊ တိုက်အတု၊ လက်ကို်င်ဖုန်းအတု၊
ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊
ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ
အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊
ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊
အသက်ရှူကျပ်ရင်
ကင်းမြီးကောက် ထောင်ပြီး နေထိုင်ပါ၊
မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊
ဒါဟာ အခွင့်အရေးတစ်ရပ်။
အဲဒီလို မြင်တတ်ဖို့
မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း
တစ်ယောက် လက်ဖက်ရည် တစ်ယောက်
မျှသောက်တတ်တဲ့ ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။
ညအိပ်စရာ ခက်တဲ့အတွက်
မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။
____________________________________________
credit ပေးတယ်ဗျာ ကြိုက်လို့တင်လိုက်တယ်
”ဘီးလူး”ကို ခွင့်လွှတ်ကြလေကုန်လော့
All the best!
—
Thein Win
18 comments
ခင်ဇော်
December 3, 2014 at 10:59 am
ကောင်းလိုက်တဲ့ ကဗျာ ဗျို့။
ရှယ်တဲ့ အတွက် ကျေးကျေးပါဗျာ။
🙂
kyeemite
December 3, 2014 at 11:27 am
.ရေးသူကိုလက်ဖျားခါတယိဗျာ..ပြည့်စုံအောင် တွေး..ရေးတတ်လွန်းလို့ :n:
surmi
December 3, 2014 at 11:39 am
ဒါဆို ဘီလူးပြန်လာတော့မှာပေါ့
ကောင်းလေစွကိုဘီလူးရေ
ရွာမှာလဲ အရင်အတိုင်းပါဘဲ
Wow
December 3, 2014 at 11:58 am
တစ်ခုမလဲကောင်းတာမပါပါလားငင်င် :hee:
“ဘီလူးကြီး”ogre
December 3, 2014 at 12:01 pm
ဘီလူးပြန်လာပါပြီခင်ဗျ
သကြီးခုထဲကတောင်းပန်ထားမယ် 🙂
တောတွင်းပျော်
December 3, 2014 at 1:18 pm
ပါတ်ပို ့စ်အနီတွေထုတ်ထုတ်ပေးတတ်ပြီး ပြန်လာသူကို
ဘာလက်ဆောင်ပါလာသလဲ စီးစီးမေးတတ်တဲ ့မြို ့။
ဟုတ်လိုက်လေခြင်း..
တစ်နှစ်နေရင်ဘယ်လောက်
နှစ် နှစ်နေရင်ဘယ်လောက်ကလည်း ရှိသေး။
မြန်မာပြည်ကို ပြန်ရင် ရောက်ရောက်ခြင်း ကြုံရတာက
လဝက မဟုတ်။
အကျီင်္ င်္ဖြူဖြူဝတ်ထားတဲ ့ ÷÷÷÷
အလင်းဆက်@မောင်သူရ
December 3, 2014 at 5:19 pm
ခုတလော
ဂဇက်မှာ ကဗျာနှင်းတွေ ကျနေတယ်
ပျော်တယ်ဗျာ
ကဗျာတွေ မြင်ရတာ. . .
😆
padonmar
December 4, 2014 at 10:01 pm
ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက်
ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
အဲဒါလေ..သီပေါမင်းမဟုတ်ဖူးလားလို့၊
တပင်ရွှေထီး နားထွင်းတာမလား။
kai
December 5, 2014 at 1:07 am
အင်းနော…
အမှတ်မမှားရင်.. သီပေါမင်းရန်ကုန်မရောက်ခဲ့ဖူး…။
တပင်ရွှေထီးကတော့.. အဲဒီခေတ်က.. တိုင်းခြားပြည်ခြား.. ရန်သူဖြစ်နေတဲ့…မွန်နယ်မြေထဲက.. ပဲခူးရွှေမောဓောဘုရားမှာ နားထွင်းမင်္ဂလာပွဲလုပ်ခဲ့ဖူးတယ်..။
ကန္နားစီး မိဂီ
December 5, 2014 at 5:11 am
အာ့ပြောတာပေါ့ ….
မွန်တေကို အထင်စမောထှာအေ…..
ရွှေမောဓောလည်း ဆံတော်ရှင်ပါ..
ဘုရားချင်းချင်း ဒစ်စခရင်မီနိပ် သိပ်လုပ်တာပဲ..
အဲ ..ရွှေတိဂုံမှာတောင် မွန်လက်ရာတေ နိုင်းချင်း နော…
ဟွန့် ဟွန့်….
လောင်းလစ်ဗ်သည် ရာမည…
😛
kai
December 5, 2014 at 6:50 am
ဒေါက်တာသန်းထွန်းစာအရကောက်ပြောရရင်တော့.. ဗမာနဲ့မွန်..ရခိုင်တွေဖြစ်တာ..” လေအားဖြင့်”တောင်ဖြစ်သတဲ့..။
ဗမာက.. ရွေတိဂုံကို.. ဂေါတမဘုရားလက်ထက်က.. ညီနောင်၂ပါးဆီကဆံတော်နဲ့တည်တယ်ဆိုတော့.. မွန်က.. ကျိုက်ထီးရိုးကို.. ဘုရားအရှင်လိုက်ကိုယ်တော်တိုင်ကြီးကြွပြီး.. ဆံတော်ပေးတယ်လုပ်ပလိုက်တယ်..။
ဘာရမလည်း..
ဗမာက..ရွှေစက်တော်မှာ ခြေရာချန်တာရော.. မန္တလေးတောင်ပေါ်ကနေ.. ဤနေရာတွင် မင်းနေပြည်တော်ဖြစ်လတံ့ဗျာဒိတ်ပေးတာရော.. လုပ်ပြန်ရော..။
ရခိုင်ကတော့ပိုစွမ်းသပ…
မဟာမုနိဘုရားကြီးကို.. မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်.. ဘုရားလုံးပြကြွလာပြီး.. ရင်ငွေ့ပေးလှုံလို့.. ပွားယူထုယူတယ်.. လုပ်တာပေါ့….
အသိမမှားရင်.. ဗမာက.. လေးဆူဓါတ်ပုံဆိုပြီး.. ကုဋေကဋာရေလို့မရတဲ့နှစ်က.. ဘုရား၃ဆူရဲ့.. အမွေတေ်ာတွေပါ.. ရွေတိဂုံမှာဌာပနာလို့ထားရှိတယ်လို့.. ဆိုသပေါ့..။
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…။ :k:
ကန္နားစီး မိဂီ
December 5, 2014 at 7:07 am
အူးလေးရာ … တိတိယီးနဲ့ ပလီပြန်ဘီ..
အာ့တေ တခုမှ မယုံရဝူး ဆိုတာ အူးလေး သိယက်နဲ့….
သခင်မျိုးဟေ့ ဒို့ဘာမန်…
နေပြည်တော်က ရွှေဒဂုံ အတုယီးက ဒို့ဘာမန်တွေ ဂုန်ယူစရာ တည်ထားတာဟေ့…
အာဝူး…
ဗုဒ်ဒဂါယာအတုယီးတောင် ရှိသေး…
ဒချိ …..
kai
December 5, 2014 at 7:19 am
ဘုရားက ဒိဌိလို့ပြောတဲ့သူတွေရဲ့အယူဝါဒတွေကို.. မြန်မာပြည်ထဲယူ.. ယူနီဖောင်းတွေပြောင်း.. ကိုးကွယ်ဆည်းကပ်ကြရင်း.. ဘာသာရေးပါအတုမိနေမှတော့.. “ရန်ကုန်.. အတုများမြို့တော်”… လို့.. :k:
(မှတ်ချက်။ ။ ဟိန္ဒူဘာသာသာသနာကို စော်ကားလိုရင်းမရှိ။ ခေါင်းစဉ်ပြတ်ပြတ်သားသားဖြစ်လိုရင်း… သာ)
uncle gyi
December 4, 2014 at 10:21 pm
တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTV
ဘီယာနဲ့ကွမ်းယာဆိုင်
လမ်းဘေးဈေးသည်လည်းမချန်နဲ့
အကုန်ထည့်ရေးအုန်းလေ
ဘီလူးရဲ့
ပြောမဲ့သာပြောတာ
ကိုယ်ရေးမယ်ဆိုမရေးနိုင်တဲ့
ကဗျာရှည်
အတွေးစုံအရေးစုံ
မှတ်ချက်ပေးဆို
ကြယ်အပြည့်
“ဘီလူးကြီး”ogre
December 5, 2014 at 9:50 am
ဒါပေသိ့ တဂျီးရယ်
ရာဇဝင်အကြောင်းပြောရင်း ဘာဒဲ့ ဓါးထမ်းပြောရဆိုလားဘဲ
ဘယ်ရာဇဝင်ထဲဘာပြောပြောပေါ့
သက်ဝင်ယုံကြည်မှုသာလျှင် အဓိကပါပဲ
မိမိယုံကြည်မှုကတော့ ”အတု” မဖြစ်ဘို့သာ အရေးကြီးပါကြောင်း
CharTooLan
December 5, 2014 at 10:55 am
ဘဠူးယီး ခညားနိုင်ဂံဂျားက ပြန်လာတာလား
နိုင်ဂံဂျားကပြန်လာတဲ့လူတော်တော်များများက ရန်ကုံကိုအိုက်လိုပြောဒယ်ဂျ
ဟိုတလောက မြန်မာနိုင်ငံထဲ ချင်းပြည်နယ် ပလက်ဝမျို့
အနောက်ဂွန်းဘုတ်ရွာက ကလေးမလေး စင်္ကာပူကပြန်လာတော့
ရန်ကုန်က ကားတွေကလဲစုတ်ပြတ်နေတာပဲ တဲ့
ဪ… ပြန်တွေးကြည့်တော့
သူ့ရွာထဲမယ် အခုထိတောင်ကားလမ်းမပေါက် ကားမရောက်သေးဘူးထင့် 🙁
ဆိုတော့ ပြန်လာတာကို ကြိုဆိုဘာဒယ် 🙂
“ဘီလူးကြီး”ogre
December 5, 2014 at 11:13 am
ချာတူးလန်းရယ်
တုခညာ ရွာထဲသာ လမ်းမပေါက်ထှာရယ်
ရောက်ခဲ့ဒဲ့နေရာက အတော်ဟန်ကျ ခေတ်မှီလှလေတော့
ရွာလမ်းမပေါက် ကားမရောက်ပေမယ့်
အရှိကိုအရှိအတိုင်း မြင်သမျှ အမှန် စိတ်ရင်မှန်နဲ့ ပြောတယ်ထင်ပါ့
ကျူပ်တော့ဖြင့် လက်ခံသဗျ အမှန်လဲ စုတ်ခြာ လှသကို
မြစပဲရိုး
December 6, 2014 at 10:54 pm
ဒီလောက် ရှည်တဲ့ ကဗျာကြီး နဲ့ ဦးနှောက် လာစား နေတာ လား အော်ဂရီ ဘီလူးကြီး ရယ်။
အရင်က အမာခံ လူ ဟောင်းကြီး လို့ ကြားဖူးပါတယ် ရှင်။
နာမယ်ကြားရုံ နဲ့ ခင်မင်စိတ်များ ပေါပေါက်ပါတယ်။ (ဖားတာ) 😉
ပြန်လာပြီး ပူးပေါင်းပါလို့ လဲ ပန်ကြားချင်ပါရဲ့။
:))