သူငယ်ချင်း ဒေါက်တာ အောင်ခင်ကို နှုတ်ဆက်ခြင်း – မောင်စွမ်းရည်

kaiJanuary 17, 20151min2002

DASSKLA-1250သွားနှင့်ပေဦးတော့ သူငယ်ချင်းရေလို့ပဲ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်။
ဒေါက်တာအောင်ခင်နဲ့ကျနော် (မောင်စွမ်းရည်)တို့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့ကြတာဟာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပါပြီ။  ၁၉၅၃ ခုနှစ်က ၂၀၁၅ အထိ။ မန္တလေးမြို့ ၊ အမှတ်(၁) အစိုးရ အထက်တန်းကျောင်းမှာ စတင်ပြီး တွေ့ဆုံရင်းနှီးခဲ့ကြပါတယ်။ အတူတတန်းတည်း စာသင်ရုံမျှမက ကျောင်းသားဆောင်တခုမှာလည်း အတူနေခဲ့ကြဖူးပါတယ်။
ကျနော်တို့ အတူ စာသင်ခဲ့ကြရတဲ့အတန်းက ရှစ်တန်း(အဌမတန်း)ပါ။ သတ္တမတန်းအောင်ပြီးမှ တက်ရလို့ အဌမတန်းလို့ ခေါ်ရပေမယ့် တကယ်က အကြို ဆယ်တန်းပထမနှစ်ပါ။ ပထမနှစ်နဲ့ ဒုတိယနှစ် ၊ ပေါင်း ၂ နှစ်တက်ပြီးလို့ အောင်ရင် ဆေးတက္ကသိုလ် ပထမနှစ်ကို ကျော်ပြီး ဒုတိယနှစ်က အစပြုတက်ရပါတယ်။
အဲဒီ သင်တန်းမှာ ဇီဝဗေဒ ၊ ဓါတုဗေဒ ၊ ရူပဗေဒ ၊ အပိုသချင်္ာတို့ကို ယူရပါတယ်။ သာမန် အဌမတန်း ၊ နဝမတန်းတို့မှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မြန်မာစာကိုတော့ ရိုးရိုးကျောင်းသားတွေလိုပဲ သင်ရပါတယ်။  အဲဒီတုန်းက အဌမတန်းကို Pre-Medical, နဝမတန်းကို Matriculate Lation တက္ကသိုလ်ဝင်တန်းလို့ပဲ ခေါ်ပါတယ်။
တက္ကသိုလ်ဝင်တန်းဟာ ကိုးတန်းနဲ့ ဆယ်တန်းပေါင်းထားသလိုပါပဲ။ အဲဒီလိုပဲ စာတွေက ပထမနှစ်နဲ့ ဒုတိယနှစ် ပေါင်းရင် ဆေးတက္ကသိုလ် ပထမနှစ် သင်ရိုးအတူတူပါပဲ။ ဒါကြောင့် ဆေးတက္ကသိုလ်ကို တနှစ်ကျော်သွားလိုက်တော့ ဆရာဝန်ဖြစ်တာ တနှစ်စောသွားပါတယ်။ အရည်အချင်းလဲ တူရမယ်။ တနှစ်လဲ စောရမယ်ဆိုတဲ့ စီမံကိန်းပါ။ အိန္ဒိယက ဆရာဝန်တွေ မငှားရအောင် လုပ်တာပါ။
ဒီစီမံကိန်းကို ပညာရေးဝန်ကြီးဌာန ၊ ဦးဘိုးတို့နဲ့ ကာနယ်မင်းစိန် ပူးပေါင်း ကြံစည်ရေးဆွဲခဲ့တယ်လို့ (ဒေါက်တာ မောင်မောင်ညိုရေး”ကျွန်တော်ပါမောက္ခ”စာအုပ်မှာ) ဆိုပါတယ်။ သတ္တမတန်း အစိုးရစစ်အောင်တဲ့အထဲက သချာင်္၊ သိပ္ပံနဲ့ အင်္ဂလိပ်စာ အမှတ်ကောင်းသူတွေကို ထောက်ပံ့ကြေးနဲ့ ပညာသင်ဆု( စတိုင်ပင်နဲ့စကောလားရှစ်) ပေးပြီး ရွေးချယ်ခေါ်ယူတယ်လို့ ဆိုပါတယ်။
တချို့က နှစ်ခုလုံးရပြီး တချို့ကတော့ စကောလားရှစ် မပါ ။ စတိုင်ပင်ပဲ ရပါတယ်။ မန္တလေး ၊ ရန်ကုန် အဓိကထားပြီး မော်လမြိုင်၊ ပုသိမ်၊ စစ်တွေတို့မှာလဲ ခေါ်သလိုလို ကြားဖူးပါတယ်။ မန္တလေးအမှတ်(၁) အထက မှာ ဖွင့်တဲ့ အကြို ဆေးသင်တန်းမှာ ကျောင်းသားကျောင်းသူ ၄၅ ယောက်ပဲ ရွေးပါတယ်။ အထက်ဗမာနိုင်ငံကို ကိုယ်စားပြုတယ်။ အင်္ဂလိပ်လို Pre-Medical Class လို့လဲ ခေါ်တယ်။ Pre-Paratory Class လို့လဲ  ခေါ်ပါတယ်။ ပန်းချီဝင်းဖေ၊ ပေါ်ဦးသက်၊ ချစ်ဦးညိုတို့နဲ့ တကျောင်းတည်းပါ။ သင်ရိုးမတူတာပါပဲ။
အကြို ဆေးသင်တန်းမှာ ကိုအောင်ခင်က ဒုတိယအသုတ်ပါ။ ခု မလေးရှားမှာ ရောက်ရှိနေထိုင်တဲ့ ဆရာဝန် စာရေးဆရာ မောင်မောင်ညို၊ မြန်မာပြည် ဆေးကျန်းမာရေး ပညာပေး ဌာန(ထင်ပါရဲ့)မှာ ညွှန်ကြားရေးမှူးအဖြစ်က အငြိမ်းစားယူသွားတဲ့ ဒေါက်တာ သိန်းဖေမြင့်(ရှစ်လေးလုံးအရေးတော်ပုံမှာ ကျနော်နဲ့အတူတူ လက်သီးမြှောက်ခဲ့သူ) ၊  မန္တလေး နန်းရှေ့က ဆရာဝန် ဒေါက်တာဖေသောင်း ၊ ဒေါ်ဝင်းမေတို့ပဲ ကျနော် မှတ်မိတော့တယ်။ ကျနော်က သူတို့နဲ့ အတူ သင်တန်းတက်ခဲ့ရာမှာ ပထမနှစ်က ဝမ်းရောဂါ၊ တတိယနှစ်က အူရောင်ငမ်းဖျား ဖြစ်ပြီး စာမေးပွဲ မဖြေနိုင်လိုက်လို့ နောက်မှ ပြန်ဖြေရတော့ တက္ကသိုလ်ရောက်တာ တနှစ်နောက်ကျသွားပါတယ်။ ဒေါက်တာ အောင်ခင် ဘယ်လိုဆရာဝန်ဖြစ်လာသလဲ သိစေလို့ပါ။
ကျနော် ပြည်ပရောက်လာတော့ အဆက်အသွယ်ရှိတာ  ဒေါက်တာအောင်ခင်နဲ့ ဒေါက်တာမောင်မောင်ညို- နှစ်ဦးတည်းပါ။
ဒီနှစ်ယောက်နဲ့ ကျနော်က ရေစက်နီးပါတယ်။ အကြိုဆေးသင်တန်းမှာ အဆောင်အတူနေကြဖူးတဲ့အပြင် ”ဆရာဝန်ပါပဲ”ပြဇာတ်တိုလေးကိုလဲ သုံးယောက်တွဲ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ညွှန်ကြားသူက အင်္ဂလိပ်စာဆရာ ဦးစိုးမင်း၊ ဘော်ဒါအုပ်လဲ လုပ်တယ်။ ဆရာက နောင်အခါ
တက္ကသိုလ်ရောက်သွားတော့ သမိုင်းဌာနမှာ ဆရာလုပ်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။
ကျောင်းမှာ မောင်မောင်ညိုက အားကစား ၊ စာပေ စသဖြင့် နေရာတကာ စပ်စပ်၊ စပ်စပ်နဲ့ ပါတယ်။ ကိုအောင်ခင်က စာပေဝါသနာ မပါဘူး ။ ကျနော် စာရေးဆရာ ဖြစ်နေတောင် သိတာမဟုတ်ဘူး ။ သူ ဝါသနာပါတာက ကစား ခုန်စားတွေလို့ ပြောလို့ မရဘူး ။
အလေးမတာနဲ့ ရှမ်းသိုင်းကစားတာပဲ ဝါသနာပါတယ်။ သူ မန္တလေးဆေးတက္ကသိုလ် တက်တော့ ကျနော်က ပင်မတက္ကသိုလ်မှာ ဘာသာတွဲပြောင်းပြီး တက်နေပါတယ်။ ကျနော်က ဆေးပညာ ဝါသနာပါပေမဲ့ အကောင်ပလောင်ခွဲရ စိတ်ရတာရယ် ၊ တွက်ရချက်ရတာရတာတွေကို ဝါသနာမပါဘူးလေ ။ သူတို့ကျောင်းကိုတော့ ခဏခဏရောက်ပါတယ်။ ညီအကို ဝမ်းကွဲတော်သူ ကျောင်းသားတယောက်လည်း ရှိတယ်။
ကိုအောင်ခင်နဲ့ တွဲတာက ကိုကျော်ခင်တဲ့ ။ နှစ်ယောက်လုံး ရှမ်းကချင်စပ်ပုံ ရပါတယ်။ ကိုအောင်ခင်က ကသာက လာတာ၊ သေချာတယ်။ ကိုကျော်ခင်က မြစ်ကြီးနားက ထင်တယ်။ သူတို့က ဝါသနာတူတယ်။ အလေးမတာ တူတယ်။ ကျောင်းထဲမှာ မွေးထားတဲ့ ဆိတ်သိုးထွားထွားကြီး တကောင်နဲ့ သူတို့နပမ်းလုံး ကစားကြတာ မကြာခဏတွေ့ရပါတယ်။ ကျနော်က ကျောင်းသားသမဂ္ဂအမှုဆောင်အရွေးခံသူဆိုတော့ တခါတရံ မဲဆွယ်ဖို့လဲ ရောက်သွားတတ်ပါတယ်။
ကိုအောင်ခင်ကြီးက အလေးမတာ မှန်မှန်လုပ်တယ်။ စာမှန်မှန်ကျက်တယ်။ ဆရာဝန် ချောချောမောမော ဖြစ်သွားခဲ့ပါတယ်။
သူ့အတွဲ ဒေါက်တာကျော်ခင်ကတော့ ရန်ကုန်မှာ ဆေးခန်းဖွင့်ပြီး လုပ်ကိုင်နေရင်း ကွယ်လွန်ခဲ့ရှာပြီ။
သူတို့ ဗလမောင်နှစ်ဦးဟာ လူတိုင်းနဲ့ ခင်ပါတယ်။ ကိုအောင်ခင်က ပြုံးပြဲူးနဲ့ လူတိုင်းကို ကူညီတတ်တယ်။ မတရားရင် မခံဘူးဆိုတဲ့ စိတ်ရှိပြီး ကိုယ်ခံပညာ(သိုင်းပညာ)တတ်ထားလို့ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိတယ် ထင်ပါတယ်။
ကျနော် ၁၉၇ဝ ကျော်မှာ ရန်ကုန် ဆင်းလာချိန် သူလည်း အမေရိကားကို ထွက်သွားတယ် ကြားပါတယ်။ သူနဲ့ ဒေါက်တာတင်သန်းမြင့်ရော ၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေ လုပ်နေကြတယ်လို့ ကြားရတယ်။ တင်သန်းမြင့်တို့ ဇနီးမောင်နှံ ကားမောင်းရင်း မတော်တဆဖြစ်လို့ ကွယ်လွန်သွားတယ် ကြားလိုက်ရပါတယ်။ (သူကတော့ ဆရာကြီး ဒေါက်တာ ဘသန်းနဲ့ မန္တလေး ကို ပါလာတဲ့ ရန်ကုန်ဆေးကျောင်းသားလေ ၊ အတီးအမှုတ်ဝါသနာ ၊ စာပေဝါသနာပါလို့ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းပါ။)
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပြီးတော့ စစ်အစိုးရက ”ပါပီမ”ဆိုတဲ့  ဝါဒဖြန့် ရုပ်ရှင်ပြတယ်။ ထိုင်း ဗမာနယ်စပ်က ကျောင်းသားတွေရဲ့ နေထိုင်စားသောက်ကြပုံကို တကယ့်ဖြစ်ရပ်မှန် မြင်ကွင်းတွေကိုလည်း ထည့်သွင်းပြသပါတယ်။ အဲဒီထဲမှာ ဒေါက်တာအောင်ခင်ကို တွေ့လိုက်ရတော့ အံ့ဩသွားပါတယ်။ သူဟာ မတရားတာကို မကြိုက်ဘူး ။မဟုတ်မခံစိတ် ရှိပါတယ်။
နိုင်ငံရေးစကားပြောလေ့ မရှိပါဘူး ။ ခုလည်း သူများ တောခိုလာသလား ထင်မိပေမဲ့ မဟုတ်ဘူး ။ သူက အမေရိကားကနေ လာပြီး ကျောင်းသားတွေကို ထောက်ခံအားပေးတာပါ။ ကျောင်းသားတွေကို သူက သိုင်းကစားပြနေပုံ ပါလာတာပါ။ နောက်ကျမှ သိရတာက သူဟာ ကျောင်းသားတွေကို ကိုယ်တိုင်လာရောက် အားပေးရင်း တနှစ်လျှင် ဒေါ်လာငွေ ၂၀၀၀ဝ (နှစ်သောင်း အနည်းဆုံး) လှူမယ်လို့ ကတိပေးခဲ့သတဲ့ ။ သူက အလှူအတန်း အပေးအကမ်းလည်း ရက်ရောပါတယ်။
ကျနော် အမေရိကားကို ရောက်တော့ သူငယ်ချင်း ကဗျာဆရာ တင်မိုး ရှိရာ လော့စ်အိန်ဂျဲလိစ်မြို့ကို စာပေဟောပြောပွဲ သွားပါတယ်။ ဒေါက်တာ အောာင်ခင်နဲ့ဒီမြို့မှာ ပြန်ဆုံရတော့ ဖက်လှဲတကင်း ကြိုဆိုတယ်။ ကျနော်နဲ့ တင်မိုးကို တရုတ်စားသောက်ဆိုင်တခုမှာ ထမင်းဖိတ်ကျွေးရင်း သူ့အကြောင်းကိုယ့်အကြောင်းတွေ အပြန်အလှန်ပြောကြရပါတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ မကုန်တော့ ဘေးက ကဗျာဆရာကြီးတောင်  တရေးတမော တခေါခေါ ဖြစ်သွားပါသေးတယ်။
ဟိုတုန်းက သူငယ်ချင်းတွေ ဘယ်သူ ဘယ်ရောက်နေကြသလဲဆိုတာတွေရောပေါ့ ။ သူငယ်ချင်းသုံးယောက် ပြဇာတ်ကခဲ့ကြပုံ ပြောတော့ သူက အကုန်မှတ်မိပါတယ်။
သူက အမေရိကပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမှာ ဖွဲ့စည်းထားတဲ့ ” ဗ.ဒ”ခေါ် ”BURMESE AMERICAN DEMOCRATIC ALLIANCE ” ဗမာ အမေရိကန် ဒီမိုကရေစီ မဟာမိတ်အဖွဲ့မှာ အမြဲတမ်း အမှူဆောင် တဦးပါ။
အလှည့်ကျဥက္ကဌလည်း လုပ်ခဲ့ပြီးပါပြီ။ ရန်ပုံငွေကတော့ သူက အမာခံပါပဲ။
ကျနော် စာပေဟောပြောပွဲသွားရင် ကယ်လီဖိုးနီးယားဘက်မှာ ဘယ်မြို့ဖြစ်ဖြစ် လာနားထောင်ပြီး ”ဗ.ဒ”အဖွဲ့ကိုယ်စားဖြစ်ဖြစ် သူ့အနေနဲ့ဖြစ်ဖြစ် ဂုဏ်ပြုချီးမြှင့်ငွေ ပေးလေ့ရှိပါတယ်။ မနှစ်က ကျနော် မသွားဘဲ မောင်ကောင်းမြင့် ၊ ဆောင်းဝင်းလတ်နဲ့ မောင်စိုးချိန်တို့ သွားတော့ ဒေါက်တာအောင်ခင် ခါတိုင်းနှစ်တွေလိုပဲ တက်ရောက်လာခဲ့တယ်လို့ မောင်ကောင်းမြင့်က ကျနော့်ကို ပြန်ပြောပါတယ်။
ဒီနှစ် ၂၀၁၄ စာပေဟောပြောပွဲကို ဆန်ဖရန်စစ္စကိုမှာ လုပ်တော့ ကျနော်က ဒေါက်တာကျော်တင့် ၊ မဌေးဌေးကြူ (မေနှင်းလဲ့မွန်)တို့ အိမ်မှာ သူတို့လက်ထပ်မင်္ဂလာ ငွေရတုပွဲရှိလို့ ကြိုရောက်နှင့်နေတယ်။ ဒေါက်တာကျော်တင့်က ”ဒေါက်တာအောင်ခင် အတော်မကျန်းမမာဖြစ်နေတယ် ။ ကျနော်နဲ့ ဆရာ သွားမေးရအောင်”လို့ ပြောလာပါတယ်။ ဒါပေမဲ့ ”ဗ.ဒ” ဦးစိန်ထွန်းက ”ဆေးရုံပေါ် ရောက်လို့ စကားမေး မရတော့ဘူး”ဆိုတာနဲ့ မသွားဖြစ်တော့ပါ။
ဆေးရုံပေါ်က သတင်းကိုတော့ ဦးစိန်ထွန်းကတဆင့် အဆက်မပြတ်သိနေရပါတယ်။ လည်ပင်းမှာ ဖေါက်သွားတဲ့ ဓါတ်ပုံကိုလည်း တယ်လီဖုံး ကင်မရာထဲက ဖွင့်ပြတယ်။ ကျနော် နယူးယောက်ကို ပြန်ရောက်တော့လည်း ဦးစိန်ထွန်းက အဆက်မပြတ်သတင်းပို့ပါတယ်။
နောက်ဆုံး.. ကွယ်လွန်သည် အထိပေါ့.. ။ ဇန်နဝါရီလ ၅ရက်နေ့မှာဆုံးရှာပါတယ်။

ဈာပနအခမ်းအနားအပြီး မြေမြုတ်သဂြိုလ်စဉ်
ဈာပနအခမ်းအနားအပြီး မြေမြုတ်သဂြိုလ်စဉ်

သူ့အသက်က ၇၉ နှစ်တဲ့ ။ သားသမီး ၅ ယောက် ကျန်ခဲ့သတဲ့ ။ ဗမာပြည်မှာတော့ ဘယ်သူတွေ ဘယ်လိုကျန်ရစ်တယ် မသိပါ။
ကျောင်းနေဖက်သူငယ်ချင်း ဒေါက်တာ မောင်မောင်ညိုဆီကိုတော့ သတင်းပို့လိုက်ပါတယ်။
ဒေါက်တာအောင်ခင်ဟာ သဘောသကာယ ကောင်းပြီး လူတိုင်းကို ကူညီတတ်သူ ၊ သူများရဲ့ အသက်ကို ကယ်ဆယ်သူ ဆရာဝန်ကြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့ ဗမာပြည်မှာ လူပြန်ဖြစ်ပြီး အများအကျိုး ဆောင်ရွက်သူတဦး  ဖြစ်ပါစေသတည်းလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
(ဒေါက်တာအောင်ခင်ရဲ့ သူငယ်ချင်း)
နယူးယောက်
၂၀၁၅ ၊ ဇန္နဝါရီ ၊ ၈

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၅ ဖေဖော်ဝါရီလထုတ်တွင် ပုံနှိပ်ဖော်ပြပြီးဖြစ်သည်။

2 comments

  • မြစပဲရိုး

    January 17, 2015 at 5:35 pm

    ဒေါက်တာအောင်ခင် ဆိုတဲ့ နာမည် ကို တော်တော်လေး ကျွမ်းကျွမ်းဝင်ဝင် သိပါတယ်။
    ဆရာကြီး ဆုံး သွားတာတော့ အခုမှ သိတယ်။
    Rest In Peace Uncle!

    မြန်မာပြည် က သူတို့ အသက်အရွယ် ပိုင်း အတော်ဆုံး ထဲ က အများစု တွေ ပြည်ပ မှာ။
    ဒီမှာလဲ ဆရာဝန်ကြီး တွေ အများကြီးဘဲ။
    သူတို့ အလိုကျ မလိုက်တဲ့ ပညာတတ်တွေ မရှိလေ ကောင်းလေလို့ သတ်မှတ်ထား တဲ့ မြေ မှာ ဒီလို ဖြစ် နေတာတော့ မဆန်း။

    ဆောင်းပါး လေး မျှပေးတဲ့ အတွက် ကျေးဇူး ပါ ဗာဂျီးနီးယား။ lol:-)))

  • အလင်းဆက်

    January 18, 2015 at 7:00 am

    Oo Aung Khin အကြောင်း ပိုစ့်မှာ..သတိရသွားတာက…ကိုရာပြည့်…

    ဒါနဲ့… ကျနော်တို့… ဂဇက်တွေ့ဆုံပွဲမှာ..ဆုံတွေ့နေတဲ့နေ့က…
    သူကြီး…တယောက် ကိုရာပြည့်ကို လိုက် ”ပို့”နေတယ်ထင်ပါ့…

Leave a Reply