Strategic Interaction – ခင်မမမျိုး
အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီသည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များ ကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။
အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါအဝင် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် ဘက်ဟု သတ်မှတ်စရာ မလိုဟုဆိုတတ်ကြသည်။ သို့ပေမယ့် လူထုနှင့် တော်လှန်ရေး တသားတည်း ရှိရန် ကနဦးစည်းရုံးမှုများ ပြုလုပ်ထားရသည်ကို အမှတ်တမဲ့ နေမိတတ်ရာ လှုပ်ရှားမှုများပေါ်ထွက်လာချိန်တွင်မှ တော်လှန်ရေးသမားများကသာ ရှေ့ကျွံပြီး လိုအပ်သည်ထက် ပိုမိုဆုံးရှုံးနစ်နာ မှုများ ဖြစ်လာတတ်လေသည်။
ခေါင်းဆောင်များသည် တော်လှန်ရေး သဘောသဘာဝ၊ ရန်သူ့အင်အား၊ မိမိအင်အား၊ ရန်သူ့ပရိယာယ်၊ မိမိပရိယာယ် များကို ထည့်သွင်းစဉ်းစားကာ၊ အခြေအနေနှင့် အချိန်အခါ၊ လူထု၏ တော်လှန်ရေး ရေချိန် အနိမ့်အမြင့်ကို သုံးသပ်နိုင်သူများ ဖြစ်မှသာ အောင်မြင်သော တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများ၊ မြေပေါ်မြေအောက်လှုပ်ရှားမှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာတွင် အင်အားကြီး သူများနှင့် အင်အားနည်းသူများအကြားမှ Strategic Interaction များကို ဖော်ထုတ်နိုင်ခဲ့ကြပြီး၊ အရေးပါသော hypothesis များ ထွက်ပေါ်လာခဲ့ပါသည်။
လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ မည်သည့်သဏ္ဍာန်ကိုမဆို အသွင်ဆောင်ထားသော တော်လှန်ရေး လှုပ်ရှားမှုများ၏ အရေးပါသော သော့ချက်သည် ချမှတ်ထားသော ဗျူဟာမှန်ကန်မှုဖြစ်သည်။ ဗျူဟာများတွင် တိုက်ရိုက်ဗျူဟာများနှင့် သွယ်ဝိုက်ဗျူဟာများ ဟူ၍ ရှိသည်။ အင်အားကြီးသော အာဏာရှင်များနှင့် ကျူးကျော်သူများ (strong actors) ကို တော်လှန်သော တော်လှန်ရေးများတွင် တော်လှန်ရေးသမားများသည် weak actors များဖြစ်သည်ဆိုသည့် တော်လှန်ရေးသဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့မရ။ တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပေသည်။ အဆိုပါ အင်အားကြီးသူနှင့် အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာတွင် ပေါ်ထွက်လာနိုင်သည့် Strategic interaction လေးမျိုးရှိတတ်သည်။
(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
အာဏာရှင်မှ တော်လှန်ရေးကို ချေမှုန်းရာတွင် တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး တော်လှန်ရေးသမားများ ဘက်မှ တိုက်ရိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းပြီး ဆင်နွှဲသည့် တော်လှန်ရေးတွင် နှစ်ဘက်စလုံး အကျအရှုံးများသည်။ တော်လှန်ရေးသမားများဘက်မှ ခြေကုပ်ယူ စခန်းများ တခုပြီးတခု ကျဆုံးတတ်သည်။ ကျေးလက်မြို့ပြများတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက်ရင်ဆိုင်သည့် တော်လှန်ရေးတွင်မူ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေခံရတတ်လေ့ရှိသည်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲ၏ အဆုံးအဖြတ်မှာ လူထုတော်လှန်ရေး ရေချိန်အပေါ်တွင် မူတည်သည်။ တော်လှန်ရေးသမားများ အနေဖြင့် လူထုနှင့်တသားတည်း မဖြစ်သေးပဲ ဤ strategic interaction ကို ရွေးချယ်ပါက တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည်တည်ဆောက်ယူရတတ်သည်။
Hypothesis: အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်သည်။
(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
အင်အားကြီးသောဘက်မှ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ သွယ်ဝိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ သွယ်ဝိုက်ခံစစ်ဆိုသည်မှာ မြေအောက်လှုပ်ရှားမှု အသွင်သဏ္ဍာန်ဆောင်သည်။ မြေအောက် လှုပ်ရှားမှု (UG) ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေး A/S နှင့် ရောထွေးပြောနေတတ်ကြသည်။ မြေအောက်ဆိုသည်မှာ လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများ အပေါ်တွင် အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်သည်။ အဆိုပါမြေအောက် လှုပ်ရှားမှုတွင် လူထုအားလျှို့ဝှက် စည်းရုံးရေး၊ ဝါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျားလူထုတိုက်ပွဲများ အကောင်အထည်ဖော်ရေး စသည်များ ပါဝင်သည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စသည့် အမာလိုင်းလုပ်ငန်းများလဲ ပါဝင်မည်ဖြစ်သည်။ Non-violent resistance ဖြစ်ပါက လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်မဟုတ်။ သို့ဖြစ်ရာ မြေအောက်ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိစေရန် အရေးကြီးသည်။ သွယ်ဝိုက်ခံစစ်သည် လူထုထဲတွင် အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်သည့်အတွက် အထိအရှိ၊ အဖမ်းအဆီးကြုံရမှုနည်းသည်။ လူထုနှင့် ထိတွေ့မှုပိုများသည်။ လိုအပ်သော sanctuary support နှင့် social support ကိုသာ ရရှိပါက လူထုတိုက်ပွဲများ ဖော်ဆောင်နိ်ုင်ရေးအတွက် အသင့်တော်ဆုံး ဗျူဟာဖြစ်သည်။
Hypothesis: အင်အားကြီးသူမှ အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်ဖြင့် တိုက်ခိုက်သည့်အခါတွင် အင်အားနည်းသူက လူထုထဲတွင် တပ်ဖျောက်ပြီး မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပါက လူထုကလဲ ထောက်ခံမည်ဆိုလျှင် အင်အားနည်းသူများဘက်မှ အနိုင်ရသည်။ သို့ဖြစ်ရာ အာဏာရှင်အစိုးရများသည် မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီးကြောက်လေ့ ရှိကြသည်။
(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုခြင်းဖြစ်သည်။ အင်အားနည်းသူများကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် ရန်တိုက်ပေးခြင်း စသည် များဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွငက် ဝါဒဖြန့်ချိရေးမှာ အသက် သွေးကြောဖြစ်သည်။ အင်အားနည်းသူများ ဘက်မှ အဆိုပါဝါဒဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရမည်။
Hypothesis: အားနည်းသူများဘက်မှ တိုက်ရိုက်ခံစစ် သုံးနေချိန်သည် အားကြီးသူများအတွက် အခါကောင်း အခွင့်ကောင်း အချိန်ဖြစ်သည်။ အဆိုပါအခြေအနေတွင် တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာ အချိန်ဖြုန်းနေပါက အားကြီးသူများဘက်မှ ရှုံးတတ်လေ့ရှိသည်။
(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
Hypothesis: အားကြီးသူများဘက်တွင် လူအင်အား၊ ငွေအင်အား၊ နည်းပညာအားများ အစစအရာရာ သာလွန်တတ်သည်ဖြစ်ရာ ရေရှည်တွင်အားကြီးသူများဘက်မှ အနိုင်ရလေ့ရှိသည်။
နိဂုံး
မည်သည့်ပဋိပက္ခများတွင်မဆို နှစ်ဘက်စလုံးတွင် စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိသည်။ အင်အားကြီးသူနှင့်အင်အားနည်းသူတို့အကြားမှ ယှဉ်ပြိုင်မှုများတွင် လူအင်အား၊ ငွေအင်အားသာလွန်သည့်ဘက်မှ အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြသည်။ သို့ရာတွင် အနိုင်အရှုံးမှာ နှစ်ဘက်စလုံးမှ ချမှတ်သော မဟာဗျူဟာများ၏ strategic interaction များအပေါ်တွင် မူတည်နေကြောင်းကို ကမ္ဘာတဝှမ်း တော်လှန်ရေးများမှ ထုတ်နှုတ်ထားသော Hypotheses များမှ သက်သေခံနေလျက်ရှိပါကြောင်း တင်ပြလိုက်ရပေသည်။
ခင်မမမျိုး
9 comments
မြစပဲရိုး
January 18, 2015 at 7:23 pm
အနှစ်ချုပ်ပြီး လိုရင်း ကို ထောက်ပြပေးထား တဲ့ ဆောင်းပါးလေး အတွက် ဆရာမ မမျိုး ကိုရော မျှပေးသူ သူကြီးမင်း ကိုပါ ကျေးဇူးပါ။
ဖတ်ပြီး ကွကိုယ် ချိန်ထိုး ကြည့်နေမိတယ်။
ကျွန်မ ရဲ့ လူပြိန်း အသိ နဲ့ စမ်းစစ်မှု မို့ အမှားပါရင် တောင်းပန်ပါတယ်။
(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
မြန်မာပြည် မှာ တစ်ခါက ၁၉၄၈ အပြီး ဝန်းကျင် ကနေ ၁၉၇ဝ လောက်ကြား ဖြစ်ဖူးခဲ့ ပါတယ် ထင်ရဲ့။
အလံ ရောင်စုံ အမည်လား ကွန်မြူနစ်ပါတီလား အစိုးရ ကို တိုက်ရိုက်တိုက်ကြပြီး နောက်ဆုံး အားနည်းသူလို့ ခေါ်နိုင်တဲ့ သူတို့ ပြန်ပြီး နလန်မထူ မလှန်နိုင်အောင် ဖြစ်သွားခဲ့သလားဘဲ။
ဆရာမ ရဲ့ Hypothesis နဲ့ ကိုက်ပါတယ်။
(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
ဒါကတော့ ၁၉၈၈ အလွန်မှာ ဖြစ်ခဲ့တယ်လို့ခေါ်လို့ရမလား။
ဆရာမ ရဲ့ Hypothesis အရ ဆို မြေအောက်လှုပ်ရှားမှု နည်းဗျုဟာကဘဲ အားနည်းသလား၊ လူထုအားပေးမှု ကဘဲ မထိရောက်သလား။
အေးချမ်းမေ သီချင်းလို တစ်စစီကွဲကြေ သွားတာဘဲ။
(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
အခုလက်ရှိ အစိုးရလက်ကိုင် သုံးနေတဲ့ ဘာသာရေးသွေးထိုးမှု တွေ၊ လူမျိုးရေး သွေးခွဲမှု တွေ က အထင်အရှား သာဓက ပါဘဲ။
အားတက်ဖို့ကောင်းတာက ဒီနည်းတွေ ကဘဲ သုံးတာ များလာတာတော့ လူထု ကလဲ ပါးလာပြီ။
အချင်းချင်း အပြန်အလှန် သတိပေးရင်း တစ်ချို့ အခြေအနေ ကနေ ရုန်းထွက်နိုင် နေဆဲလို့ ထင်ပါတယ်။
ဆရာမ ရဲ့ Hypothesis လို သူတို့ ဘက်ကလဲ ရိပ်မိလောက်ပြီး နည်းဗျူဟာ ပြောင်းသင့်သပေါ့။
(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
ဒီ နည်း က တော့ လက်ရှိ ကျွန်မတို့ ရင်ဆိုင် နေရ တဲ့ အကြောင်း ပါဘဲ။
ဒီမှာ ပြသနာက ကျွန်မ အထင်ပေါ့။
တစ်ဖက် မှာ ထမင်းရည်သောက်ပြီး အရိုးအရင်းကိုက်နေရတာတောင် ငါတို့ အဖွဲ့အစည်း ကို အသက်ပေးကာကွယ်မဟေ့ ဆိုတဲ့ သူတွေ အပြည့်ဖြစ်နေအောင် ဘရိန်းဆေးကြော ထားနိုင်တာလေ။
ကျွန်မတို့ အတိုက်အခံ ကိုယ့်အချင်းချင်း ကြားမှာ
သွေးစည်းမှု မရှိဘဲ တွဲ လိုက်ပြီ ဆို ကွဲဖို့ဘဲ တွေ၊
ကိုယ့်ဟာကို အဟုတ်ကြီးလုပ် ကိုယ်ထင်ရာ ရမ်းတီးချင်သူတွေ၊
မင်းသားကြီး မလုပ်ရ ပတ်မကြီး ဖောက်ချင်သူ တွေ၊
ထစ် ကနဲ ဆို အသဲငယ်ပြီး စိတ်ကောက် ထွက်လိုက်မဲ့ သူ တွေ နဲ့ ပြည့် နေတဲ့ ….
ကျွန်မ တို့ လူထု ရဲ့ အခြေအနေ ကိုလဲ
ဘယ်လို ထိန်းသင့် တယ် ဆိုတာ အကြံပြု ပေးပါလား။
kai
January 21, 2015 at 7:32 am
စနစ်ကြောင့်မဟုတ်..
အတွေးအခေါ်…။ အကျင့်…။ စရိုက်..။
အတွေးအခေါ်တို့၏… အမြုတေသည်..ဘာသာရေး..။ :k:
Ma Ma
January 22, 2015 at 7:58 am
နိုင်ငံတွေမှာ ချမှတ်တဲ့ စည်းမျဉ်းဥပဒေတွေ (စနစ်)က လူတွေရဲ့ အတွေးအခေါ် အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပေးဖို့၊ တည့်မတ်ပေးဖို့ မဟုတ်ဘူးလား။
Mike
January 19, 2015 at 11:52 am
.ဗဟုသုတ ရပါတယ်…အပေါ်က စာကလေး ပြောသွားတဲ့အတိုင်းပါပဲ :))
ဖားသက်ပြင်း
January 19, 2015 at 12:22 pm
သခင်မျိုးဟေ့းး ဒို့ဘာမန်
အာဝူးးး
Ma Ma
January 20, 2015 at 6:39 pm
ကြောင်ကြီးစာကို ဖတ်ပြီးမှ ဒီစာကို ဖတ်ဖြစ်တယ်။
ကြောင်ကြီးစာက ဒီစာကို ကိုယ်လိုလူပြိန်းအတွက် ဘာသာပြန်ပေးလိုက်တာလို့ ထင်မိတယ်။
Mr. MarGa
January 21, 2015 at 11:44 am
အန်တီမမနောက်က လိုက်ပါသည် :mrgreenn:
Shwe Ei
January 21, 2015 at 1:26 pm
-ခေတ်အဆက်ဆက် အားနည်းလာခဲ့တဲ့..
.ခံစစ် စထွာတဂျီကို အခုထိလဲ မော်ဒဖိုင်း မလုပ်ကြသေးပါဝူး (စနစ်ကျောင့် မဟုတ်)
အလင်းဆက်
January 21, 2015 at 3:42 pm
ဘာပဲ ဖြစ်ဖြစ်..တစ်ဖက်က အနိုင်ဆိုရင်..တစ်ဖက်ကအရှုံးပဲ..
အဲ..တစ်ဖက်ဖက် နိုင်တာထက်..နှစ်ဖက်လုံးမရှုံးကြဖို့တော့လိုတယ်..