Dr. Anthony Lee အမှတ်တရ – 2014 June/July Myanmar Gazette Interview

kaiFebruary 4, 20152min3374

၂၀၁၄၊ မေလ၃၁ရက်က Burmese American Medical Association မှာ ဆရာဒေါက်တာ Anthony Lee က အန်ကယ်ဦး Mikeအေးမြင့်နဲ့လူရွှင်တော်အဖြစ်တွဲဖက်ပြီး မင်းသမီးအဖြစ်  မသန်းသန်းရီနဲ့ အငြိမ့်ကပါတယ်။ အန်ကယ် Mike အေးမြင့်နဲ့ မန္တလေးဂဇက်မှာလွန်ခဲ့တဲ့၄နှစ်လောက်က အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ ယခုလမြန်မာ့ဂဇက်အတွက်တော့ ဒေါက်တာ Anthony Lee နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

DSC_0561
BAMA မှာ အန်ကယ်ဦး Mikeအေးမြင့်နဲ့ဆရာဒေါက်တာ Anthony Lee တို့ လူရွှင်တော်အဖြစ်ဖျော်ဖြေကြစဉ် (မေ ၃၁ ၂၀၁၄)

 

# ဆရာ့မိသားစုနဲ့ ကိုယ်ရေးအကျဉ်းပြောပြပါဦး။
ကျနော်က ဗန်းမော်ဇာတိ။ မြန်မာနာမည်က တင်မောင်ထွန်း။ အဖေဦးရွှေ၊ အမေဒေါ်ကင်း တို့က တရုတ်ပြည်၊ ကန်တုံက မြန်မာပြည်ကို ၁၉၄ဝမှာ ပြောင်းရွှေ့အခြေချတယ်။မိဘတွေက အင်္ဂလိပ်ခေတ်က အပေါင်ဆိုင်၊ နိုင်ငံခြားအရက်တွေလေလံဆွဲတယ်။ နောက်ပြီး ခေါက်ဆွဲ ဆိုင်ဖွင့်တယ်။ မောင်နှမ၁၂ယောက်(ယောက်ျားလေး ၆ယောက်၊ မိန်းကလေးရယောက်ရှိတယ်။) ဆေးတက္ကသိုလ်၁က ၁၉၆၆မှာ ဆရာဝန်ဘွဲ့ရတယ်။ နောက်တော့US ကိုပြောင်းလာတယ်။ ဇနီးက Naw Mu Sheila ဖြစ်ပြီး သားတယောက်၊ သမီးတယောက်ရှိပါတယ်။
နှစ်ခြင်းခရစ်ယာန်ဘာသာကိုကိုးကွယ်ပါတယ်။
#  ဆရာဝန်ဘွဲ့ရပြီးတော့ မြန်မာပြည်မှာ အလုပ်လုပ်ခဲ့တဲ့အကြောင်း။
ကျနော်ဘွဲ့ရတော့ US ရောက်နေတဲ့ ကျနော့်အစ်ကိုအကြီးဆုံး ဒေါက်တာ Christopher Lee က US ကိုလာခဲ့ဖို့ခေါ်တယ်။ ကျနော့်ညီ Thomas  Lee နဲ့ကျနော့်ကို ECFMG ဖြေခိုင်းတော့ ဖြေကြတာ ၂ယောက်လုံးအောင်တယ်။ ညီကအရင်ဆုံး US ထွက်သွားတယ်။ ကျနော်က ချက်ချင်းမထွက်ဘဲ နာဂတောင်တန်းမှာ Volunteer ဆရာဝန်အဖြစ် ၃နှစ်လုပ်တယ်။ (ဒေါက်တာသန်းထွဋ် ) ၊ ဒေါက်တာတင်ရှိန် နဲ့ ကျနော်၃ယောက်သွားလုပ်ကြတာ။ နာဂတောင်တန်းက ၇၂ရွာမှာ ရွ၇ဝကိုကျနော်ရောက်ခဲ့တယ်။ လမ်းလျှောက်ပြီးဆေးသွားကုရတဲ့ရွာတွေကိုလဲ သွားခဲ့တယ်။ အဲဒီ့ကနေ ရန်ကုန်ဆေးရုံကြီးမှာ Medicine, Surgery, Anasthesai Practice လုပ်ပြီး ၁၉၇၁ မှာ US ထွက်ခဲ့တယ်။
#  US ရောက်တော့ ဆရာ OB/ GYN ကို ရွေးချယ်ဖြစ်ပုံက။
ကျနော်က နဂိုထဲက ခွဲစိတ်အထူးကုဝါသနာပါတယ်။ ဆရာဦးကြည်ပေါလက်အောက်မှာလဲ လုပ်ခဲ့ဘူးတယ်။ US ကို ၂နှစ်စောရောက်တဲ့ ကျနော့်ညီ Thomas Lee က ဒီမှာ Surgeryဒီမှာ Surgeon တွေများနေတယ်။ OB/ GYN က အလုပ်ပေါတယ်ဆိုတာနဲ့ New York, Buffalo မှာ ၄နှစ်လုပ်တယ်။ ရာသီဥတုဆိုးတာနဲ့ California ကို ၁၉၇၅မှာပြောင်းလာတယ်။
၁၉၇၅ ကနေ ၂၀၀၆ထိ OB/ GYN လုပ်သက်၃၁နှစ်လုပ်ခဲ့တယ်။ Anahein Memorial Hospital, Martin Lutha Hospital, Western Medical Center (Anahein), St. Jude Hospital ( Fullerton ), Orange County ( Brea) တို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။
# ဆရာက အငြိမ့်လူရွှင်တော်လုပ်တဲ့ အနုပညာကို ဝါသနာပါတယ်နော်။ အရင်က မြန်မာ အနုပညာပွဲတော်တော်များများမှာလဲ ဆရာ့ကို တွေ့ခဲ့ရတယ်။ ဒီနှစ်ဆရာဝန်အသင်းမှာ ကဖြစ်တာက။ ကျနော် မန္တလေးမှာကျောင်းတက်တုန်းက မန်းရာပြည့်ပွဲ၁၉၆၉ မှာ ဖိုးသူတော်ယိမ်း
စကတယ်။ ရန်ကုန်ဆေးကျောင်းပြောင်းတော့ ဆရာကြီးဦးဘသန်းလက်ထက် ၁၉၆၄-၆၅ မှာ၊ အဲ့ဒီ့ဖိုးသူတော်ယိမ်းပဲ ပြန်ကတယ်။ ကျနော် California ပြောင်းလာတော့ Orange County မှာ ၁၉၇၉ မှာ ဒေါက်တာကျော်ဝင်းတို့က ဗမာအသင်းစဖွဲ့တော့ နှစ်တိုင်းဗမာအငြိမ့် လုပ်တာ ၁ဝနှစ်ကျော်ထိပဲ။ ကျနော်၊ ဇေယျ၊ (ရှီးရှို) တို့ လူရွှင်တော်တွေလုပ်တယ်။ ဆန်ဖရန်၊ နယူးယောက်မြို့တေထိသွားကခဲ့ကြတာ။ ဟေမာနေဝင်းရောက်လာတော့ တေးပန်းချီဆိုတဲ့ တီးဝိုင်းစဖွဲ့တော့ ကျနော်ပဲငွေစိုက်ပြီးလုပ်တယ်။ ၁၉၉၀ဝန်းကျင်မှာ မာမာအေး၊ မြင့်မြင့်ခင်၊ ခင်သန်းနု၊  မေဆွိ၊ မိုးနတ်သူဇာ၊ သီတာဝင်း တို့ရောက်လာတော့လည်း ပွဲကဖြစ်တယ်။ အရင်က ဆရာဝန်အသင်းမှာ ကျနော်၊ ဒေါက်တာကိုလေး၊ (ဒေါက်တာကျော်စိန်)၊ ဒေါက်တာကျော်ဝင်းတို့ လူရွှင်တော်လုပ်ပြီး ၂ကြိမ်ကဖူးတယ်။ ကင်းကောင်နဲ့မိုးဒီ ၂၀၀၅မှာရောက်လာတော့လဲ ကျနော်နဲ့ ဘုရားကျောင်းက ညီညီနဲ့ လူရွှင်တော်ဝင်လုပ်ကြတယ်။ ခုဒီနှစ်ဆရာဝန်အသင်းမှာ ပြန်ကဖြစ်တာပေါ့။ အသင်းကိုမေးပါတယ်။ အချိန်ရှိရဲ့ လားလို့။ အငြိမ့် ရဲ့သဘောက အချိန်ယူရတော့ သီချင်းဆိုတဲ့သူတွေမဆိုရရင် စိတ်ဆိုးမှာစိုးလို့ပါ။ ဖြစ်တယ်ဆိုလို့ ကဖြစ်တာပါ။
#  Burmese American Medical Association မှာ အရင်ကဆရာပါဝင်ဖြစ်ခဲ့တဲ့အကြောင်းပြောပြပါဦး။
ဒီအသင်းစထောင်ထဲက ကျနော်တို့ ပါဝင်ခဲ့ပါတယ်။ ပါဝင်တယ်ဆိုတာ ဟိုရာထူး၊ ဒီရာထူးသဘောမျိုးကို ပြောတာမဟုတ်ပါဘူး။ အဲဒီလိုနေရာယူ ရတာတွေလည်း ကျနော်ဝါသနာမပါဘူး။ ၂၀၀၅ မှာတော့ ကျနော့်ကို ဥက္ကဌလုပ်ဖို့ပြောလာတဲ့အတွက် လုပ်ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ကျနော်က နောက်ကနေလိုအပ်တာတွေ Support လုပ်ရတာကို ပိုစိတ်ပါတယ်။
#  ဒီနေ့ပွဲကိုရော ဆရာဘယ်လိုမြင်လဲ။ ပြက်လုံးတွေရော ဘယ်လိုထုတ်လဲ။
ဒီနေ့ပွဲက အားရစရာကောင်းပါတယ်။ ဆရာဝန် အသင်းက အများကြီးတိုးတက်အောင်မြင်လာလို့ ဝမ်းသာတယ်။ နောက်လာတဲ့ ဆရာဝန်တွေအတွက် အလုပ်ရှာ၊ အင်တာဗျူးကအစ ကူညီပေးတဲ့အတွက်ချီးကျူးစရာကောင်းပါတယ်။ ပြက်လုံးတွေကတော့ အစက မြန်မာပြည်ကလူရွှင်တော်တွေဘယ်လိုဟာသပြောသလဲ လေ့လာတယ်။ နောက်ပိုင်းတော့ ကိုယ့်ဟာကိုယ် စာဖတ်ရင်း၊ TV ကြည့်ရင်းနဲ့ ပြက်လုံးတွေရှာတယ်။
#  ဆရာ လွန်ခဲ့တဲ့၈နှစ်က အမှုဖြစ်ခဲ့တဲ့အကြောင်းပြောပြပါဦး။ ဘာများပြောချင်တာတွေရှိလဲ။
အမှန်က ကျနော်အသုံးမကျတာ။ သတိမထား မိတာတွေပါတာပေါ့။ အမှုဖြစ်တာက ခင်မင်ရင်းနှီးတဲ့ ၊ (ကျနော်ကိုယ်တိုင် မွေးပေးခဲ့တဲ့ကလေး) မိန်းကလေး လူနာကို ကျနော်က ဆေးခန်းမှာမဟုတ်ဘဲ အိမ်မှာ စမ်းသပ်မိတယ်။ နောက်တခါ Attendant မထားမိတာ။ ဒီနေရာမှာ တခြား OB/ GYN တွေကိုလည်း လူနာစမ်းသပ်တဲ့အခါ  မိန်းကလေး Attendant ထားဖို့ သတိပေးလိုပါတယ်။ လူတွေက ဒီမိန်းကလေးမိသားစုက တရားစွဲတယ်ထင်နေကြတယ်။ အဲ့ဒါမဟုတ်ပါဘူး။
Child Protection Service က Child Molestration အမှုနဲ့တရားစွဲတာပါ။ ၂၀၀၆ မတ်လက ဖြစ်ခဲ့တာပေါ့။ အပြင်မှာ ကောလဟာလထွက်နေတဲ့ ကျနော်က ဘာတွေလျော်လိုက်ရတယ် ဘာညာဒါတွေကလည်း မဟုတ်ပါဘူး။ တရားရုံးမှာ အမှုဖြစ်တော့ ကြာလာတော့ ကျနော်လည်း ရှေ့နေခ မတတ်နိုင်တော့ဘူး။ ငြင်းနေပြန်လဲ နိုင်ဖို့က 50-50 Chance ပဲရှိတာမို့ Plea Bargain နဲ့ ၃နှစ်ထောင်အကျခံလိုက်ပါတယ်။ ကျနော့်ဆေးကုခွင့်လိုင်စင်ပြန်အပ်လိုက်ပြီး  Retire လုပ်လိုက်တယ်ပေါ့။ ထောင်ဒဏ်၃နှစ်မှာ ကျနော်၁နှစ်ခွဲပဲ ထောင်ထဲနေခဲ့ရတယ်။ ထွက်လာပြီးတော့ Parole နဲ့ ၃နှစ်နေဖို့ အမိန့်ချရာမှာ ကျနော် ၂နှစ်နဲ့ နေခဲ့ရတယ်။ အမှုက ကျနော့်အပြစ်အများဆုံးပါပါတယ်။
#   OB/ GYN တယောက်အနေနဲ့ ထောင်ထဲမှာနေခဲ့တဲ့ တနှစ်ခွဲမှာ ဘာတွေလုပ်ဖြစ်လဲ။ ဆရာ့ဘဝမှာ ဒီအဖြစ်အပျက်ကို ဘယ်လိုသုံးသပ်မိလဲ။
ဖြစ်သွားတာက တကယ်ဖြစ်သွားတာပဲပေါ့ သမီးရယ်။ ဘာရင်မဆိုင်စရာရှိလဲ။ ကျနော့်စိတ်ထဲမှာလဲ တဘက်ကို ရန်သူလို့ သဘောမထားပါဘူး။ ဝဋ်ရှိလို့ ခံရတယ်ပဲသဘောထားပါတယ်။ ထောင်ထဲမှာက ကျနော် Bible ဖတ်တာ တအုပ်လုံးပြီးတယ်။ ဒီကထောင်တွေကလည်း ညှင်းပန်းနှိပ်စက်တာမရှိဘဲ လူကိုလူလိုထားတယ်။ အားကစားလုပ်ဖြစ်တယ်။ တခုပါဘဲ။ ကျနော်က OB/ GYN အလုပ်ခွင်ထဲမှာ သိပ်ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေကလဲ ချစ်ခင်ကြတယ်လေ။ တညတညကို ကလေးအယောက်၆၀၊ ၇ဝလောက်မွေးပေးရတာလေ။လိုင်စင်ပြန်အပ်လိုက်ရတဲ့အတွက် စိတ်မကောင်း
ဘူးပေါ့။ ဒါပေမယ့် တဘက်ကကြည့်ပြန်ရင်လဲ ကျနော့် Personal အတွက်၊ မိသားစုအတွက် အချိန်ပိုပေးနိုင်တယ်ပေါ့။ ခုဆို တပတ်ကို ၄ရက် ကြက်တောင်ပြန်
ရိုက်နိုင်ပြီ။ နောက်တခုက ကျနော့်အပေါ် အစစအရာရာနားလည်မှုပေးတဲ့ ကျနော့်ဇနီး Naw Mu Sheila ကို ကျေးဇူးသိပ်တင်တယ်။
# ဘုရားသခင်ဂုဏ်တော်ချီးမွမ်းပေးပါဦး။
ကျနော်ကိုက Accident တွေဖြစ်တတ်တဲ့ကံများတယ်။ ၃တန်းက ပျော်ပွဲစားထွက်တော့ ဧရာဝတီမြစ်လယ်မှာ ရေကူးရင်းနစ်တာ ကံကောင်းလို့ မသေတယ်။
ဟောက်ဆာဂျင်မဖြစ်ခင် သင်္ကြန်ထွက်လည်တာ ကားပေါ် ကပြုတ်ကျပြီး အုတ်ဆက်နဲ့လမ်းနဲ့ရိုက်တာ ဦးနှောက်သွေး ယိုပြီထင်တာ
မသေဘူး။ နာဂတောင်တန်းက ရန်ကုန်ပြန်လာတော့ ၁၉၆၈က ရန်ကုန်မှာ လူ၆ယောက်က ဝိုင်းလုပြီး ဓားနဲ့အထိုးခံရတာ Liver ကိုထိတာလဲ မသေခဲ့ဘူး။ ခုဒီအမှုကလည်း ၃နှစ်ထောင်ထဲနေရမှာ ၁နှစ်ခွဲဘဲနေခဲ့ရပြီး Parole မှာလဲ ၂နှစ်နဲ့ပြီးခဲ့တယ်။ ခုကျနော်အသက်၇ဝကျော်တဲ့ထိ ကျန်းကျန်းမာမာနဲ့ ဘာရောဂါမှ မရှိဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတွေကြောင့်ပါ။
#  OB/ GYN တယောက်အတွေ့အကြုံနဲ့ ကိုယ်ဝန်ဆောင် တယောက်ဟာ ကလေးမွေးတဲ့အခါ သဘာဝအတိုင်းမွေးလို့ရတဲ့အခြေအနေရှိပါလျက်နဲ့ ခွဲစိတ်မွေးဖို့ တောင်းဆိုတဲ့အပေါ် သုံးသပ်ပေးပါဦး။
Caesarean Section လုပ်ကြတာက ဆရာဝန်ဘက်ကကြည့်ရင်
၁။ ၁၅မိနစ်နဲ့ ကလေးကထွက်တယ်။ အကြာကြီးထိုင် စောင့်စရာမလိုဘူး။
၂။ ပိုက်ဆံရတယ်။ နောက်ပိုင်းကျတော့ Insurance တွေက ခွဲမွေးမွေးဘာမွေးမွေး ပိုက်ဆံကတူတူဘဲ။ အဲ့ဒီ့တော့ ဆရာဝန်
အတွက်ပိုက်ဆံက အဓိကမကျတော့ဘူး။ လူနာဘက်ကကျတော့ ရိုးရိုးသဘာဝအတိုင်းမွေးတယ်ဆိုရင် Cervix muscles တွေ Relaxtion ဖြစ်တယ်။အသက်ကြီးတဲ့အခါ Cystocele (ဆီးအိမ်ကျခြင်း)၊ Rectocele (အစာဟောင်းအိမ်ကျခြင်း) တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Elective Caesarean Sectionကိုတောင်းဆိုကြတာဖြစ်ပါတယ်။
#  သားအိမ်ခေါင်းကင်ဆာအတွက် Pap Smear စစ်ပြီး  Negative ဖြစ်တဲ့အမျိုးသမီးဟာ HPV ( Human Papilloma Vaccine) ထိုးဖို့ တချို့ငြင်းဆိုကြတာ၊ Late Stage မှ သိကြတဲ့ Ovarian Cancer (သားဥအိမ်ကင်ဆာ) နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦးဆရာ။
Pap Smear Negative ဖြစ်သော်လည်း Sexually Active ဖြစ်တဲ့အရွယ်အမျိုးသမီးများဟာ HPV ထိုးကို ထိုးသင့်ပါတယ်။ ကိုယ့်ကိုကိုယ်စိတ်ချလွန်းတယ်ဆိုရင်တောင် ကိုယ့် Sexual Partner က ကိုယ့်နောက်ကွယ်မှာ ဘယ်သူနဲ့ဆက်ဆံတယ် မပြောနိုင်တဲ့အတွက် ကိုယ့်ဆီကို ရောဂါအချိန်မရွေးရောက်လာနိုင်ပါတယ်။ Ovarian Cancer အတွက်က Family History ရှိတယ်ဆိုရင် အသက်၄၀-၆ဝအရွယ်အမျိုးသမီးတွေက Pelvice Examination နဲ့ Ultrasound ကို နှစ်စဉ်လုပ်ရပါတယ်။
#  အခု US မြန်မာအသိုင်းအဝိုင်းကို ဘယ်လိုမြင်ပါလဲ။
အရမ်းကိုတိုးတက်လာပါတယ်။ ကျနော်တို့ရောက်စကဆို LA မှာ လူ၁ရာ၃ရာလောက်ရှိတာ။ခုဆို ဘုန်းကြီးကျောင်းတွေ၊ Church တွေများလာတာ ဝမ်းသာတယ်။ မြန်မာအသင်းကလည်း ပွဲတွေလုပ်နိုင်တယ်။  ယခင် မြန်မာအသင်းတုန်းက  ကျနော်တို့ ၁၉၈ဝကနေ ၁၉၉ဝ ထိ ကျနော်တို့ Burmese Association News Letter ဆိုပြီး ၃ရွက်ခေါက်ချိုးစာစောင်ထုတ်ဘူးတယ်။ ခုဆို တကယ့်သတင်းစာထုတ်နိုင်တယ်။ ဆရာဝန်အသင်းဆိုလည်း လူငယ်တွေအများကြီးပါဝင်လာတာ။ အချင်းချင်းရိုင်းပင်းကြတာ အားရစရာပါ။
#   မြန်မာ Community ကိုဘာပြောချင်ပါလဲ။
ကျနော်က မြန်မာအသိုင်းအဝိုင်းမှာ ဟိုးအရင်ထဲက လိုအပ်တာတွေပံ့ပိုးပြီး ကိုယ်တိုင်ပါဝင်ခဲ့သူမို့ လိုအပ်တဲ့ ကျန်းမာရေးပညာပေးပွဲတွေမှာ ဟောပြောရမယ်ဆိုလည်း ကူညီဖို့အသင့်ပါပဲ။ ကျန်းမာရေးအတွက် သိချင်တာတွေမေးမြန်းနိုင်ပါတယ်။ နောက်တခုက ခုဆိုမြန်မာပြည်က ပြန်ပွင့်သွားတော့ နိုင်ငံရပ်ခြားက မြန်မာတွေက သွားမနေနိုင်တောင် Tourism အနေနဲ့ သွားလည်ကြပါ။ ကိုယ့်ကို ကျွေးမွေးခဲ့တဲ့ အမိမြေ၊မြို့ခံတွေဆီ တတ်နိုင်သလောက်ပြန်အကျိုးပြုကြဖို့နဲ့ မြန်မာပြည်ကို မမေ့ကြဖို့ တိုက်တွန်းပါတယ်။
#  မြန်မာ့ဂဇက်ဖတ်ဖူးလားဆရာ။ ဘယ်လိုမြင်လဲ။
ခု မြန်မာ့ဂဇက်သတင်းစာက ဟိုဘက်မယိမ်း၊ ဒီဘက်မယိမ်းဘဲ မျှမျှတတရေးတာမို့ သဘောကျပါတယ်။ အယ်ဒီတာ့အာဘော်
ကအစဖတ်ဖြစ်တယ်။ အားလုံးကို အသိဉာဏ်ပေးတာမို့ ဝမ်းသာအားရပါတယ်။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၄ ဂျွန်၊ဂျူလိုင်လထုတ်သတင်းစာတွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။

ဆရာသည် ၂၀၁၅ ဖေဖော်ဝါရီလ ၂ရက်နေ့မနက် ရနာရီ၄ရမိနစ်က ကယ်လီဖိုးနီးယား၊ အန်နာဟိုင်းဆေးရုံကြီး(Anahein Memorial Hospital)တွင် အသည်းရောဂါဖြင့်ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သားဖွားမီးယပ်အထူးကုဆရာဝန်အနေဖြင့် အမေရိကတွင် ဆရာမွေးပေးခဲ့သော မြန်မာ-အမေရိကန်ကလေးငယ်များ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ ဆရာ၏ကျေးဇူးများကိုအောက်မေ့သတိရလျှက် အမှတ်တရပြန်လည်ဖေါ်ပြလိုက်ပါကြောင်း..။

4 comments

  • pooch

    February 4, 2015 at 9:37 am

    လွန်ခဲ့တဲ့ ၂ ရက်ကမှ ဆုံးသွားတာကိုး
    ဆုံးသွားတော့ ဘယ်နှစ်နှစ်ရှိပြီလဲ ၈ဝ ဝန်းကျင်လောက်ထင်တယ်
    အဲ့အသက်ထိနေနိုင်တာကိုက အတော်ကျန်းမာနေပြီ
    မထင်မှတ်တာလေး တခုနဲ့ ထောင်ကျသွားတာ နှမြောစရာကောင်းတယ်

  • Ma Ma

    February 4, 2015 at 9:47 am

    ၂၀၁၅ ဖေဖော်ဝါရီလ ၂ရက်နေ့မနက် ရနာရီ၄ရမိနစ်က ကွယ်လွန်သွားတဲ့ ဒေါက်တာ Anthony Lee အတွက် အကောင်းဆုံး အမှတ်တရလေး လုပ်ပေးနိုင်လိုက်တာပဲ။

  • Mike

    February 4, 2015 at 1:30 pm

    .ဆရာဝန်ကြီးဖြစ်ရက်နဲ့ လူရွှင်တော်တက်လုပ်တာတော့ တော်တော်ဝါသနာကြီးလို့ပဲနော်

  • အလင်းဆက်

    February 5, 2015 at 2:09 pm

    လူရွှင်တော် ရုပ် မဟုတ်ဘူး… လူရွှင်တော် ရုပ် မဟုတ်ဘူး..
    သူ့ ဥပတိနဲ့ သူ့ စိတ်ဓါတ်မှာ ပေါ်နေတာက……
    …..

Leave a Reply