မဂ်နှင့် သောတာပန်

badbabylay09@gmail.comAugust 21, 20101min1431

“မဂ်” ၏ အဓိပ္ပါယ်
ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။
– လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊
– မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။
လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။
မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ “မ” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ “ဂငယ်” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။
ဝိဂြိုဟ် ဆိုလိုက်တော့
“ကိလေသေ- မာရေတီတိမော
ဂစ္ဆတီတိဂေါ – မောစသော ဂေါစာတိမဂ္ဂေါ”
အဓိပ္ပါယ်က “မ” သဒ္ဒါက ကိလေသာတို့ကို သတ်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
“ဂ” သဒ္ဒါက လားခြင်း ရောက်ခြင်း လို့ အဓိပ္ပါယ်ထွက်တယ်။
နှစ်ခုပေါင်းလိုက်တော့ ကိလေသာတို့ကို သတ်ဖြတ်၍ သွားတတ်သော်ကြောင့် “မဂ်” လို့ အဓိပ္ပါယ်ရတယ်။

သောတာပန်ဟုတ် မဟုတ် တိုင်းတာသောပေတံ

၁) အောက်ဆုံး သောတာပတ္တိမဂ်ဉာဏ်ကို မိမိရတယ်ဆိုရင် ကိလေသာအကျယ် ထောင့်ငါးရာ အကျဉ်း၁ဝပါးထဲက အယူမှားတဲ့ ဒိဋ္ဌိနဲ့ သို့လောသို့လော တွေးတောယုံမှားခြင်း ဝိစိကိစာ္ဆကိလေသာတို့ သေသွားရမယ်။ အမြစ်ပြတ်ပျောက်သွားရမယ်။
ဒီတော့ မိမိကိုယ်ကို ပြန်စစ်။ ငါမှ ငါလို့ အယူမှားတဲ့ သက္ကာယဒိဋ္ဌိကြီး ရှိသေးသလား။
မရှိတော့ဘူးဆိုရင် အဲသလိုမရှိတာဟာ တဒင်္ဂ- ခေတ္တခဏမရှိတာလား။ ဝိက္ခမ ္ဘန – ခပ်ကြားကြာလေးမရှိတာလား။ ဒါမှမဟုတ် သမုစ္ဆေဒ – ဘယ်ဘဝမှ ပြန်မလာတော့ဘဲ အမြစ်ပြတ်ပြုတ်ခြင်းလား ဆိုတာလို့ ဆန်းစစ်ရမယ်။
ဝိစိကိစာ္ဆကတော့ ဒိဋ္ဌိရဲ့နောက်လိုက်မို့ သူ့ကို အဓိကထားပြီးပြောစရာ မလိုပါဘူး။ ဒိဋ္ဌိပြုတ်ရင် သူပြုတ်တာပါပဲ။ ငါရှိတယ်ဆိုတဲ့အယူစွဲကြီး ဘယ်သောအခါမှပြန်မလာတော့ဘဲ ပြုတ်ခြင်းမျိုးနဲ့ပြုတ်ထားပြီး ငါ သူတစ်ပါးရှိတယ်ဆိုတာကို ဘယ်သူကဘယ်လိုပြောလို့မှ မယုံကြည်တော့ဘူးဆိုရင်တော့ သောတပန်လို့ပြောနိုင်ပါပြီ။ ပထမအဆင့် နှုတ်ဖြေအောင်သွားပြီပေါ့။

၂) ဒုတိယအဆင့် ရေးဖြေနဲ့စစ်ကြဦးစို့။
ကလျာဏပုထုဇဉ်လည်း ငါးပါးသီလ လုံခြုံတယ်။ သောတာပန်အရိယာလည်း ငါးပါးသီလ လုံခြုံတယ်။ ဘယ်လိုထူးသလဲ။
ကလျာဏပုထုဇဉ်လည်း ငါးပါးသီလ လုံခြုံတယ်ဆိုတာ အကြောက်တရားကြောင့်ပါ။ အပါယ်ကျမှာကြောက်လို့၊ သူတစ်ပါးကဲ့ရဲ့မှာကြောက်လို့၊ ထောင်ကျမှာကြောက်လို့ စတဲ့အကြောက်တရားတွေကြောင့် ငါးပါးသီလကို လုံခြုံအောင်စောင့်နေတာပါ။
သောတာပန်အရိယာလည်း ငါးပါးသီလ လုံခြုံမှုကတော့ ဒီလိုမဟုတ်ပါဘူး။ သောတာပတ္တိမဂ်ကနေ ငါးပါးသီလကို ကျူးလွန်ချင်တဲ့စေတနာဆိုးတွေကို အတွင်းကနေ ဖြတ်ချလိုက်တာဆိုတော့ ငါးပါးသီလကို ဖောက်ဖျက်ချင်တဲ့စေတနာဆိုးတွေကို ပေါ်မလာတော့ပါ။ ကလျာဏပုထုဇဉ်လို ကျူးလွန်ချင်ရဲ့သားနဲ့အောင့်အည်းပြီးနေရတာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ယောဂီများအနေနဲ့ သောတာပန်ဖြစ် မဖြစ် မိမိကိုယ်ကို ဆက်စစ်ဆေးကြည့်ရမှာ ငါးပါးသီလကို ဖောက်ဖျက်ချင်တဲ့ စိတ်တွေပေါ်လာသေးရင် သောတပန် မဟုတ်သေးဘူး။ ပေါ်မလာတော့ဘူးဆိုရင်တော့ သောတာပန်လို့ ဆုံးဖြတ်နိုင်တာပေါ့။ ဒီအချက်ကို ဘေးက စစ်လို့မရပါဘူး။ မိမိကိုယ်မိမိ စစ်ရတာပါ။ လိမ်လို့လည်း မရနိုင်ပါဘူး။

၃) သောတာပန်ရဲ့ တတိယမြောက် ထူးခြားချက်က အရိယာဖြစ်သွားပြီဆိုတာနဲ့ ရတနာသုံးပါးကို ပုထုဇဉ်ဘဝကထက်ပိုပြီး ကြည်ညိုသွားတယ်။ ပုထုဇဉ်အနေနဲ့ ရတနာသုံးပါးကို ဘယ်လောက်ကြည်ညိုတယ်ပြောပြော သေတာနဲ့ သရဏဂုံပျက်သွားတာပဲ၊ နောက်ဘဝကျ ဘာသာခြားဖြစ်ချင်ဖြစ်သွားတာပဲ။ သောတာပန်ရဲ့သဒ္ဓါကတော့ ဘယ်လိုအကြောင်းကြောင့်မှ မပျက်စီးတော့ပါဘူး။ ဒီဘဝတင်မကဘူး။ ဘဝအဆက်ဆက် ဘယ်ဘဝရောက်ရောက် ရတနာသုံးပါးအပေါ်ကြည်ညိုတဲ့သဒ္ဓါတရားတွေဟာ မပျက်စိးတော့ဘူး။ မြတ်စွာဘုရားက တရားတော်တွေကိုဟောခဲ့လို့ သံဃာတော်များက ဒီတရားတော်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့သာ ငါဟာ ဒီတရားထူးကိုရတာပါလားဆိုတဲ့အသိကြောင့် သောတာပန်ဟာ ရတနာသုံးပါးကို ဆတက်ထမ်းပိုးပို၍ကြည်ညိုလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သောတာပန်အရိယာတွေဟာ ရတနာသုံးပါးကို မဖူးမျှော် မနေနိုင်၊ မလှူဒါန်းဘဲ မနေနိုင်အောင် ဖြစ်ကြတာပါ။
ဗုဒ္ဓလက်ထက်က ကျောင်းအမကြီးဝိသာခါနဲ့ ဥတ္တရာဥပါသိကာမလေး ဆိုရင် ငယ်ရွယ်စဉ်ကတည်းက သောတာပန်တည်ခဲ့ကြတာပါ။ ကံမကောင်းအကြောင်းမလှတော့ အိမ်ထောင်ကျတဲ့အခါ နှစ်ယောက်စလုံးမိစာ္တဒိဋ္ဌိအယူရှိတဲ့ ယောကျာ်းများနဲ့တွေ့ဆုံခဲ့ကြပါတယ်။ ဝိသာခါဆိုရင် မိဂါရအမည်ရှိတဲ့ မိစာ္ဆဒိဋ္ဌိ ယောက္ခမကြီးနဲ့ပြဿနာအမျိုးမျိုးကို ဖြေရှင်းပြီး ဘုရားဖူးခွင့်၊ တရားနာခွင့် သံဃာတော်များအား လှူဒါန်းတန်းခွင့်များကို မရအောင် ယူခဲ့ပါတယ်။ ဥတ္တရာဥပါသိကာမလေးဆိုရင်လည်း (၁၅) ရက်လောက် ဘုရားဖူး၊ တရားနာ၊ လှူခွင့်တန်းခွင့်ရရေးအတွက် လင်ယောကျာ်းဖြစ်တဲ့သူဋ္ဌေးသားကို သီရိမာဆိုတဲ့ ပြည့်တန်ဆာမနဲ့အပျော်ခိုင်းခဲ့ရပါတယ်။ ဒီသာဓကတွေထောက်ကြည့်ရင် အရိယာဖြစ်သွားသူများဟာ ရတနာသုံးပါးကျေးဇူးကို ပိုသိလာတဲ့အတွက် ပိုကြည်ညို၊ ပိုလှူဒါန်း၊ ပိုပူဇော်တယ်ဆိုတာ သေချာပါတယ်။
ယခုခေတ် အရိယာဖြစ်တယ်ဆိုတာသာပြောတာ။ ဘုရားဟောနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။ တရားစခန်းကထွက်လာတဲ့ ဒကာမကြိးတစ်ယောက်ဟာ ရဟန်းတော်တွေကို ရှိမခိုးတော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သောတာပန်အရိယာဖြစ်သွားပြီ (သူတို့ကမ္မဋ္ဌာန်းဆရာ၏အပြော) တွေ့နေရတဲ့ ရဟန်းတွေက ပုထုဇဉ်ပဲရှိသေးတယ်။ ဒါ့ကြောင့် ရှိမခိုးတာပါတဲ့။ အပေါ်အချက်သုံးချက်နဲ့ကိုက်ကြည့်မယ်ဆိုပါက ထိုဒကာမကြီးသည် အရိယာမဟုတ်နိုင်ကြောင်း ထင်ရှားပါတယ်။
ဗုဒ္ဓက မုနိသုတ္တန်မှာ –
“အနာဂါမီ ပိစေဘိက္ခဝေဂိဟီဟောတိ၊
တေနတဒဟုပဗ္ဗဇ္ဇိတဿာပိ သာမဏေရဿ၊
အဘိဝါဒနာဒိဟိကတ္တဗ္ဗာနေဝ။”

လူပုဂ္ဂိုလ်ဟာ အနာဂါမ်ဖြစ်နေပါစေ။ ယနေ့မှရှင်ပြုတဲ့ သာမဏေငယ်လေးကိုသော်လည်း ရှိခိုးခြင်းကို ပြုရမယ်။
ရဟန်းဆိုရင်တော့ ပြောဖို့မလိုပါဘူး။ ဘာဖြစ်လို့ အနာဂါမ်အရိယာပုဂ္ဂိုလ်ဟာ ပုထုဇဉ်ရဟန်းသာမဏေကို ရှိခိုးရသလဲဆိုရင် မြတ်စွာဘုရားသာသနာစည်ပင်တိုးပွားအောင် ရဟန်းကသာလုပ်နို်င်တယ်။ အနာဂါမ်လူပုဂ္ဂိုလ်က ဘာမှလုပ်၍မရသောကြောင့်တည်း။ ဒီကိုရင်ကလေးက ရဟန်းဖြစ်လာတဲ့အခါ သိမ်ထဲဝင်ပြီး ရဟန်းပေါင်းမျာစွာကို ကမ္မဝါစာဖတ်ပေးပြီး တိုးပွားစေနိုင်တယ်။ လူအနာဂါမ်က ဘာမှလုပ်လို့မရပါဘူး။
ရှိခိုးတယ်ဆိုတာ – ရှိခိုးခံရသူကဘာမှ ရမသွားပါဘူး။ အာဋာနာဋိယသုတ်မှာ –
“အဘိဝါဒန သီလိဿ၊ နိစ္စံဝုဎ္ဍုပစာယိနော၊
စတ္တရောဓမ္မာဝဎ္ဍန္တိ၊ အာယဝဏ္ဏောသုခံဗလံ။”
အဓိပ္ပါယ်က မိမိထက်အသက်သိက္ခာဂုဏ်ဝါကြီးတဲ့သူများကို ရှိခိုးသူ၊ အရိုအသေပြုသူများမှာ ဖြစ်ရာဘဝ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဆိုတဲ့ အကျိုးလေးမျိုးကို ရရှိပါတယ်။ ရှိခိုးခံရသူမှာတော့ ဘာကောင်းကျိုးမှမရတဲ့အပြင် ရှိခိုးခံထိုက်တဲ့ သီလ၊ သမာဓိ၊ ပညာမရှိခဲ့ရင် အပြစ်တောင်ရပါသေးတယ်။

အရှင်ဇဝန (မေတ္တာရှင်- ရွှေပြည်သာ)

One comment

  • bigcat

    August 21, 2010 at 5:11 pm

    ဒီပို့စ်ကို ဖတ်ရလို့ ဗဟုသုတ ပွားရတဲ့ အတွက်ကျေးှဇူးပါ။ အရိယာဖြစ်သွားလို့ ပုထုဇဉ်ဘုန်းကြီးကို မရှိခိုးဆိုတာနဲ့ ပတ်သက်လို့ နဲနဲပြောချင်ပါတယ်။ ရတနာသုံးပါးမှာ ပညတ်နဲ့ ပရမတ်လို့ နှစ်မျိုးရှိပါတယ်။ အရိယာတကယ်ဖြစ်သွားလို့ မိမိစိတ်ကလေးအတိုင်း နေပြီး ပရမတ်ကိုပဲ အာရုံပြုနေတာဆိုရင် အပြစ်ပြောသူသာ နစ်နာပါလိမ့်မယ်။ တကယ်အရိယာ မဟုတ်ဘဲ အထင်မှားပြီး ပညတ်ကို အာရုံမပြုတာဆိုရင် မပြုသူမှာရမဲ့ ကံဆုံးပါမယ်။ အရိယာဖြစ်သွားရင် စေတီထိုက်ပါတယ်။ ရဟနာ္တဖြစ်ပြီး ဓာတ်တော်ကျမှရယ်မဟုတ်ပါ၊ ဘယ်ဟာက အရိယာလည်းဆိုတာ ခွဲရခက်လို့သာ မကိုးကွယ်ကြတာပါ။ ကိလေသာ အာသဝေါကုန်ဆုံးသွားသူဟာ မိမိစိတ်လေးအတိုင်းပဲ နေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဖြစ်လိုက်ရင် ဆင်းရဲသွားလို့ပါ။ အတိတ်ဘဝက ပါလာတဲ့အထုံ သဒ္ဓါတို့ ဘာတို့တော့ကွာမှာပေါ့လေ။ ပညာတတ် သုံးခွမြို့သုဿန်ကျောင်း ဆရာတော်ဟာ ဝါတော် ၃၅ ရှိပြီးမှ ၈ ဝါသာရှိသေးတဲ့ သဲအင်းဂူဆရာတော်နဲ့ တွေ့တာပါ။ သူကဝါကြီးလို့ အစမှာ ဓမ္မတာအတိုင်း သဲအင်းဂူရဲ့ ရှိခိုးမှုကို ယူပါတယ်။ များမကြာခင် သဲအင်းပေးတဲ့ ပရမတ် ခန္ဓာကိုယ်တွေ့တရားကို ခံစားလိုက်ရပြီးမှာ သူက သဲအင်းဂူဆရာတော်ကြီးကို တောင်းပန်ပြီး စတင်ရှိခိုးပါတော့တယ်။ ဒါ ပရမတ်သံဃာနဲ့ ပညတ်သံဃာ ကွာခြားချက်ကို သိသွားသူတယောက်ရဲ့ လက်တွေ့ဖြစ်ရပ်တခုပါ။ http://www.mediafire.com/kotseikkosit က ဝ၁-ဟောတရား နံပတ် ၂၆ သုဿန်ဆရာတော်ရဲ့ ဆရာနှစ်မျိုးမှာ အကျယ်ကို နာနိုင်ပါတယ်။ ဝ၇-သဲအင်းအမေးအဖြေက ဆရာတော် ဦးဥတ္တရရဲ့ ကိုယ်တွေ့ အပိုင်း ၁ မှာလဲ လေ့လာနိုင်ပါတယ်။ သာသနာဟာ နှစ်ပေါင်း ၂၅၀ဝ ကျော်ခဲ့ပါပြီ၊ အေးအေးချမ်းချမ်း သက်တောင့်သက်သာ ဖြတ်သန်းခဲ့ရတာ မဟုတ်ပါ။ အချို့ကိစ္စတွေမှာ စာအတိုင်းဖြစ်ရမယ်လို့ လှေနံခါးထစ် ယူဆရန်မဖြစ်နိုင်လို့ထင်ပါတယ်။ စာမှားသည်ဟု မဆိုလိုပါ၊ ကာလံ ဒေသံ အလိုက် ချဉ်းကပ်ပုံတူမည်မဟုတ်ကြပါ။ ဘုရားဟောဆိုတိုင်း လက်ခံရအောင် လက်ခံသူမှာ တကယ်ကော ဟုတ်မဟုတ် ဆန်းစစ်နိုင်တဲ့ ပညာညဏ်မျိုး ရှိမရှိ သိဖို့လိုပါတယ်။ သဒ္ဓါအခြေပြု ပညာမဲ့ယုံကြည်မှုသည် ဝိမုတ္တိခေတ်သာသနာ အတွက်မဟုတ်ပါ။ လက်တွေ့ဆန်တိုင်း မကောင်းသလို စာသိပ်ဆန်လွန်းရင်လဲ သင်ငြာသာရပါလိမ့်မည်။ စွန်းလွန်းဆရာတော်ကြီးပြောသလို ပညတ်၊ ပရမတ်ကို (တွဲ၊ကွဲ)ထက်စပ်သိသူသာ မြတ်ပါလိမ့်မည်။
    ကျေးဇူပြု၍ မေတ္တာရှင် ဆရာတော် အရှင်ဇဝန အီးမေးလ်ရှိလျှင် မျှစေလိုပါသည်။ လျှောက်စရာ တခုရှိ၍ဖြစ်ပါသည်။

Leave a Reply