ရယ်စရာ မောစရာ ေဒေင်ဟာသများ…….
ကိုယ်ဝန်ဆောင်တစ်ဦးဟာ ဗေဒင်ဆရာဆီ ရောက်လာတယ်။
ဗေဒင်ဆရာ ။ ။ ကလေးမွေးလာရင် ကလေးအဖေ သေလိမ့်မယ်။
ကိုယ်ဝန်ဆောင် ။ ။ အို တော်သေးတာပေါ့။ ကျွန်မ ယောက်ျားကတော့ မသေနိုင်တော့ဘူး . . .
တစ်ခါက ဗေဒင်အရမ်းယုံကြည်တဲ့ အမျိုးသမီးတစ်ယောက်ရှိလေသတဲ့။ တနေ့တော့ ယောက်ျားဖြစ်သူက မိန်းမလုပ်သူကို ပုဆိုးချုပ်ထား ခိုင်းတဲ့နေ့မှာ အလုပ်လုပ်ရင်း အပ်ပျောက်သွားရှာတယ်။ ခမျာမှာ ယောက်ျားဖြစ်သူကို အရမ်းကြောက်ရတော့ သူ့ယောက်ျားသိရင် အဆူခံရမှာလဲဆိုး၊ အပ်ပျောက်တာ ကလည်း မတွေ့လို့ မဖြစ်နဲ့ ဗျာများရတာပေါ့။
ကဲ…ဖျတ်ဆို အားကိုးတကြီး သတိရမိတဲ့သူက “ဗေဒင်ဆရာ” လေ။ ကောင်းမိကောင်းရက်နဲ့ ဗေဒင်သွားမေးတော့ ဗေဒင်ဆရာက ဖြေပုံက ပျောက်တဲ့ နေရာမှာပဲ ရှာပါတဲ့။ ဗေဒင်မေးတဲ့ အဖိုးအခကတော့ ဆန်နို့ဆီဗူးသုံးလုံး ဉာဏ်ပူဇော်ရပါမယ်တဲ့။ (အဲဒီအခါက အပ်တစ်ချောင်း၏ တန်ဖိုးမှာ ၁ဝပြားဖြစ်သည်။) ဗေဒင်ဆရာက အခမဲ့ဟောပေးလိုက်တာက ယောက်ျားဖြစ်သူကို ဗေဒင်မေးတဲ့ အကြောင်း ပြန်မပြောပါနဲ့တဲ့…. ပြန်ပြောရင် ယောက်ျားဖြစ်သူက ရိုက်လိမ့်မယ်တဲ့။ အိမ်ပြန်ရောက်တဲ့အခါ ဗေဒင်ဆရာပြောတဲ့အတိုင်း ရှာကြည့်တော့ ပျောက်တဲ့အပ် ပြန်တွေ့တော့ “မှန်လိုက်တဲ့ ဗေဒင်ဆရာ” ဆိုပြီး တဖွဖွ ရေရွတ်နေမိသတဲ့။
ယောက်ျားလုပ်သူ အိမ်ပြန်ရောက်တော့ ဗေဒင်ဆရာမှန်ကြောင်း ပြောချင်လိုက်တာမှ မနည်းချုပ်တည်း ထားရရှာတယ်လေ။ ဒါပေမယ့် မနေနိုင်တဲ့အဆုံး ဗေဒင်သွားမေးတဲ့ အကြောင်းပြောလည်းပြောလိုက်ရော ယောက်ျားဖြစ်သူက…. ဘယ်ပြောကောင်းမလဲ… မိန်းမဖြစ်သူကို ဆန်ကုန်ခံ ဗေဒင်မေးတယ်ဆိုပြီး ရိုက်ပါလေရော။ အဲဒီတော့ မိန်းမဖြစ်သူက နာရကောင်းမှန်းမသိဘဲ အော်လိုက်ပုံက… “မှန်လိုက်တာ ဆရာရယ်… ယောက်ျားကို ဒီအကြောင်းပြောရင် အရိုက်ခံရမယ်ဆိုတာ…. မှန်လိုက်တာ..မှန်လိုက်တာ…”
ဗေဒင်ဆရာမ။ ။ ဟောရမှာစိတ်မကောင်းစရာပဲ။ ရှင်မကြာခင်မုဆိုးမဖြစ်လိမ့်မယ်။ ရှင့်ယောက်ကျားကို တယောက်ယောက်က ရက်ရက်စက်စက် သတ်လိမ့်မယ်။
အမျိုးသမီး ။ ။ ဒါဆိုတဆက်တည်း ဆက်တွက်ကြည့်ပါဦး… အဲဒီလူသတ်မှုက ကျွန်မလွတ်ပါ့မလားလို့။
ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့် လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်…
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့… ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ… နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ…”
ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား…”
ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့… ဒီမှာ ခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ…။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း “စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်…”
ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ…”
ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ… ကောက်ညှင်းပေါင်းလှူ…”
ကိုဘမောင်။ ။ “ဟုတ်လား… ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား…”
ဗေဒင်ဆရာ။ ။ “မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊ ကောင်းခြင်းတွေ ပေါင်းလာအောင်… ပြီးတော့ ဩဇာရှိအောင် ဩဇာသီးကို လှူ… ဒါလေးများ ဘာခက်တာမှတ်လို့… ပညတ်သွားရာ ဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ…”
ကိုဘမောင်။ ။ “ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ… ကျနော် အလုပ်ကလည်း ပြောင်းရွှေ့ကြဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်…”
ဗေဒင်ဆရာ။ ။ “မပြောင်ချင်ဘူးလား… အလွယ်လေး ကိုဘမောင်ရယ်… အိမ်ရှေ့ကခြံထဲမှာ… ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို စိုက်လိုက်…”
ကိုဘမောင်။ ။ “ဟုတ်၊ ဆရာ… အဲဒါဆို မပြောင်းရတော့ဘူးပေါ့…”
ဗေဒင်ဆရာ။ ။ “ဟုတ်တယ်လေ… အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့…”
ကိုဘမောင်။ ။ “ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး စဉ်းစားစရာတွေ ဖြစ်လာပါတယ်… ကျေးဇူးပါ”
ဗေဒင်ဆရာ။ ။ “ရပါတယ်ဗျ… ဓာတ်တူရင် နတ်ကူသတဲ့ဗျာ…”
ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက် ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း ဩဇာသီးတွေ၊ မင်းဂွတ်သီးတွေ ဘုရားလှူထားတာ တွေ့ရသည်။
ဗေဒင်ဆရာ။ ။ “ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက…”
ကိုဘမောင်။ ။ “ဆရာ့ နည်းစနစ်အတိုင်းလေ… မင်း Good သွားအောင်… မင်းဂွတ်သီးကို လှူထားတာ”
ဗေဒင်ဆရာ။ ။ “ဟုတ်လားဗျ”
ကိုဘမောင်။ ။ “ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို ခရီးထွက်မလို့…”
ဗေဒင်ဆရာ။ ။ “ရွှေတောင်… ဟုတ်လား…”
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ… ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့…”
ဗေဒင်ဆရာ။ ။ “ဟား… ဟား… ဟား…”
ကိုဘမောင်။ ။ “မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို ဟားပါလိမ့်မယ်…”
ဗေဒင်ဆရာ။ ။ “အော်… ကိုဘမောင်ရယ်”
ကိုဘမောင်။ ။ “မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊ ပြီးတော့ ကျွန်တာ့်ကိုလည်း “ကိုဘမောင်ရယ်” ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့…”
ဗေဒင်ဆရာ။ ။ “ဟိုက်၊ ခက်တော့တာပဲ…”
ကိုဘမောင်။ ။ “ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ လိုက်လာပါလိမ့်မယ်… ရော့ သောက်ဆရာ…”
ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။ ပြီးတော့မှ… ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်…
ဗေဒင်ဆရာ။ ။ “အာ… ဒါ… ဒါ… ဘာကြီးလဲ၊ ကိုဘမောင်…”
ကိုဘမောင်။ ။ “ဘကြီးလဲ လို့ မအော်ပါနဲ့ ဆရာ… ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့ ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်… ”
ဗေဒင်ဆရာ။ ။ “အာ… ခင်ဗျားဗျာ…”
ကိုဘမောင်။ ။ “ခုနက အရည်ကလေ… ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ် အဖန်ရည်ရယ် ရောသောက်တာလေ…”
ဗေဒင်ဆရာ။ ။ “ဟာ… ခင်ဗျားဗျာ… ဒီမယ်၊ ကိုဘမောင် ဗေဒင် ပညာကို အလွယ်လေး မှတ်နေလား…”
ကိုဘမောင်။ ။ “ပညာလို့ မပြောပါနဲ့ ဆရာ… ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။ ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ…”
ဗေဒင်ဆရာ။ ။ “အာ… ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား…“
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ် ဆရာပြန်သွားကတည်းက ကျွန်တော်တွေးမိတာလေ… ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ သိပ်မဟုတ်ဘူးလိုပဲ ဓာတ်ပျက်နေသလားလို့ပါ…”
ဗေဒင်ဆရာ။ ။ “ဟိုက်…”
ကိုဘမောင်။ ။ “မဟိုက်ပါနဲ့ ဆရာ… အလကားနေရင်း မောဟိုက်နေပါ့မယ်…”
ဗေဒင်ဆရာ။ ။ “အာ… ကိုဘမောင်…”
ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို တွေ့တယ်… ပြင်ပါဆရာ…”
ဗေဒင်ဆရာ။ ။ “ဗျာ… ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ…”
ကိုဘမောင်။ ။ “ဟောခန်းဆိုတာလေ ဆရာ…”
ဗေဒင်ဆရာ။ ။ “ဟုတ်ကဲ့…”
ကိုဘမောင်။ ။ “ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ… ရသမျှ ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ…”
ဗေဒင်ဆရာ။ ။ “အာ…”
ကိုဘမောင်။ ။ “ပြီးတော့… မနောမယ ဆိုတာလေ… မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့ အသံတူတယ်လေ… ပညတ်သွားသလို…”
ဗေဒင်ဆရာ။ ။ “တော်၊ တော်… ကိုဘမောင်…”
ကိုဘမောင်။ ။ “ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ ကျေးဇူးတင်ပါတယ်…”
ဗေဒင်ဆရာ။ ။ “အာ… ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ… ပြန်မလို့…”
ကိုဘမောင်။ ။ “သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့ မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော်ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ မထားတော့တာ…“
ဗေဒင်ဆရာ။ ။ “အာ… ဟာဗျာ…”
ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။
မေးသူ။ ။ ဟင့်အင်း… ဒါဆိုဆရာမှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။
ဗေဒင်ဆရာ။ ။ ဘာလဲ ခင်ဗျားက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။
++++++++++++++++++++++++++++++++++++
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
3 comments
bigcat
August 25, 2010 at 9:06 pm
Ko Ba Maung should be employed as a spiritual adviser to junta chief gen. Than Shwe.
nangkhamhtoo
August 26, 2010 at 3:26 am
ဖတ်လို့ကောင်းတယ်။ နောက်ထပ်လည်းတင်ပေးပါဦး။
etone
August 26, 2010 at 10:03 am
ရယ်ရတာ ဗိုက်ကြောတွေတောင်နာတယ် ။