စာဖတ်ခြင်း စာရေးခြင်း စာစောင်ထုတ်ခြင်း – ဝင်းအောင်ကြီး
၂၀၁ဝ ခု၊ မေလ ၁ဝ ရက်နေ့က VOA မြန်မာပိုင်းမှာ ၁၅ နှစ်လုပ်ခဲ့လို့ ဂုဏ်ပြုပွဲ၊ ပြန်လည်ပြောကြားတဲ့ ကျေးဇူးတင်စကားထဲ ကျနော်ဟာ စာမဖတ်ပဲ မနေနိုင်လောက်အောင် အရူးအမူးဘဝကနေ စာရေးဆရာဖြစ်လာပုံ ထည့်ပြောခဲ့ပါတယ်။ တောရွာမှာ ဆင်းရဲနွမ်းပါးတဲ့ မိဘရဲ့ သားသမီး ၁၂ ယောက်ထဲ ပါဝင်တဲ့ ကျနော် ဒီလိုဖြစ်လိုရတာ စာဖတ်လို့ပါ။
လူတွေ စာဖတ်၊ စာရေးတတ်ကြဖို့ နှစ်ပေါင်းများစွာ တစတစနဲ့ကြိးပမ်းကြပြီးမှ ဖြစ်လာရတယ်။ စောစောတုန်းက အာဂုံဆောင် အလွတ်ကျက်ထားတာတွေ စာနဲ့ရေးလာနိုင်တော့ ပိုမိုတိကျ ကြာရှည်ခံလာပြီ။ စာဖတ်တတ်သူတိုင်း ဖတ်လာနိုင်ကြပြီ။ အာဂုံဆောင်ထားတာတွေသာမက တခြားရေးစရာများလည်း တွေးလာကြပြီ။
အဲဒီလောက်နဲ့ပဲ စာရေးစာဖတ်ခြင်းဟာ လူ့ယဉ်ကျေးမှု တိုးတက်ရေးမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာထင်ရှားနေပြီ မဟုတ်ပါလား။
လူတွေဟာ အစုအဝေးနဲ့ စနေလာကြကတည်းက လူအချင်းချင်း ဆက်သွယ်ရေး နည်းလမ်းတမျိုးမျိုး ရှိခဲ့ကြတဲ့ထဲ စာဖတ်ခြင်း စာရေးခြင်းကို ဘယ်လိုထည့်သွင်းမလဲ၊ လူတယောက်ရေးတဲ့စာ လူအများဖတ်နိုင်ဖို့ ကြိုးစားလာကြတယ်၊ အဲဒီကနေ စာစောင်တွေပေါ်လာရပြီ။
လူ့ယဉ်ကျေးမှု ( Human Culture) သာမက လူနေမှုအဆင့်အတန်း ( Standard of Living ) မြင့်မားရေး၊ မြှင့်တင်ရေးမှာ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့စာစောင်ထုတ်ခြင်းတို့ဟာ အရေးကြီးတဲ့ နေရာကပါဝင်နေတာ။ မြန်မာပြည်အောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်က သတင်းစာပေါ်လာတော့ မန္တလေးမှာလည်း ရတနာပုံသတင်းစာ ထုတ်လာတယ်။
နေ့စဉ်ထုတ်တဲ့ သတင်းစားတွေနည်းတူ၊ တပတ်တကြိမ် သို့မဟုတ် နှစ်ပတ်တကြိမ် ထုတ်တဲ့ ဂျာနယ်တွေ၊ တလတကြိမ်ထုတ်တဲ့ မဂ္ဂဇင်းတွေ ကမ္ဘာနဲ့အမီ မြန်မာပြည်မှာလည်းရှိလာပြီ။ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းများကို ခြုံငုံပြီးခေါ်တဲ့ စာ-နယ်-ဇင်း ဆိုတဲ့ဝေါဟာရရဲ့ အနှစ်သာရသာမက အနက်အဓိပ္ပါယ် ဘယ်လောက်ထိ အရေးပါသလဲဆိုတာ ဒီဆောင်းပါး ဆက်ဖတ်ရင် တွေ့လာပါလိမ့်မယ်။
ယနေ့ခပ်မြန်မြန် ဖြစ်ထွန်းလာနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်း တွေကိုလည်းခြုံငုံကာ ခေါ်ဝေါ်သုံးစွဲတဲ့ မီဒီယာရဲ့ အခြေခံက စာ-နယ်-ဇင်း မဟုတ်ပါလား။ မြန်မာပြည် လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ကြတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလုထုကြား စာ-နယ်-ဇင်း ကသာ အဓိက ဆက်သွယ်ပေးတာပါ။
ဥပမာ၊ လူထုတရားပွဲမှာ ခေါင်းဆောင်တွေ မိန့်ကြားတာကို တက်ရောက်နားထောင်သူတွေသာ ကြားနိုင်တယ်လေ၊ စာ-နယ်-ဇင်း မှာရေးသား ဖော်ပြလိုက်တော့ စာစောင် ဘယ်လောက်အထိ ရောက်သလဲ၊ အဲဒီနေရာက စဖတ်တတ်သူ အားလုံးသိနိုင်ကြပြီ။ ဒါတင်မက စာ-နယ်-ဇင်း တွေက ဝေဖန်သုံးသပ်ပြတာမို့ စာဖတ်သူတို့လည်း ကိုယ့်ဘာသာစဉ်းစား ဆုံးဖြတ်လာနိုင်ပြီမဟုတ်လား။
ဆောင်းပါးများသာမက ဝတ္ထု၊ ကဗျာ၊ ပြဇာတ်စတဲ့ ရသစာပေတွေ မဂ္ဂဇင်းများက ဖော်ပြပေးတာမို့ စာမျိုးစုံဖတ်ကြရသလို စာရေးဆရာမျိုးစုံလည်း ပေါ်လာကြရပြီလေ။ အထင်ရှားဆုံး အားရစရာအကောင်းဆုံး ကာလကတော့ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာပါ။ စာ-နယ်-ဇင်း အသစ်တွေထွက်လာကြ၊ စာရေးဆရာ အသစ်တွေ မွေးလာကြတယ်၊ အတွေးအခေါ်အသစ် ပုံစံသစ်တွေနဲ့ ရေးကြလို့ စာဖတ်သူတွေလည်း စစ်ဘေးဒဏ်ခံစားခဲ့ ကြရတတွေတောင် ခဏမေ့ကုန်ကြဟန်တူတယ်။
သတင်းစာတွေကလည်း အရည်အတွက်ရော၊ အရည်အသွေးပါ မြင့်မားတာမို့ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးတိုက်ပွဲမှာ ဧရာမအားထားစရာကြီးပါ။ နိုင်ငံပြန်လည် ထူထောင်ရေးမှာလည်း စာ-နယ်-ဇင်း အရေးပါရပြန်ပြီ။လူတွေစာဖတ်အား ကောင်းလာလေတော့ စာအုပ်ဆိုင်တွေ၊ စာဖတ်အသင်းတွေ၊ စာကြည့်တိုက်တွေ နိုင်ငံအနှံ့ပေါ်လာကြရတယ်။
ပွင့်လင်းတဲ့လူ့အဖွဲ့အစည်း ( Open Society ) တွေမှာ၊ သို့မဟုတ် စာ-နယ်-ဇင်း ကို အားပေးတဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စာတတ်သူနှုန်းထားမြင့်မား စာဖတ်သူဦးရေ များပြားတာ၊ လူတွေစာဖတ်ဖို့ လွယ်ကူအဆင်ပြေတာ တွေ့ရပေလိမ့်မယ်။ လူတွေရဲ့ အသိဉာဏ်နဲ့ အတွေးအခေါ် အတူလိုက်ပြီး မြင့်မားနေတာလည်း မြင်ရပေလိမ့်မယ်။ အဲဒါကြောင့်လည်း စာ-နယ်-ဇင်းဟာ လူ့ယဉ်ကျေးမှု ( Human Culture) သာမက လူနေမှုအဆင့်အတန်း ( Standard of Living ) မြင့်မားရေး၊ မြှင့်တင်ရေးမှာ အားထားရတာပေါ့။
သို့သော်လည်း စာ-နယ်-ဇင်းကို အားမပေးတဲ့၊ လူ့အဖွဲ့အစည်းမျိုး၊ စာ-နယ်-ဇင်းကို ကြောက်တဲ့ အစိုးရမျိုးရှိတာလည်း ကြည့်တတ်ရင် မြင်နေရပေလိမ့်မယ်။ အဲဒီတော့ ဆိုးကျိုးအနေနဲ့ လူတွေရဲ့ အသိဉာဏ်နဲ့ အတွေးအခေါ် အတူလိုက်ပြီး နိမ့်ညံ့၊ အကျင့်စာရိတ္တပျက်ပြား၊ အဂတိလိုက်စား စသဖြင့် စသဖြင့် ရှိလာကြပြီ။
စာဖတ်သူက မေးချင်လာပေလိမ့်မယ်၊ လူတွေအဲဒီလို ဖြစ်အောင် လိုလားတဲ့ လူ့အဖွဲ့အစည်းမျိုး၊ အစိုးရမျိုးရှိနိုင်ပါ့မလား၊ ဘာဖြစ်လို့ ရှိရတာလဲ။ အဖြေကဒီလိုပါ၊ လူတွေ ညံ့ရင်၊ ဖျင်းရင် ထုံရင် နုံရင် လွယ်ကူစွာ အုပ်စိုးလို့ရတာရယ်၊ အကျင့်စာရိတ္တပျက်ပြား၊ အဂတိလိုက်စားတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ မတော်မတရား စီးပွါးရှာ အမြတ်ထုတ်ရလို့ဖြစ်တယ်။
ဒီလိုဆိုလိုက်လို့ စာ-နယ်-ဇင်းက လူ့အဖွဲ့အစည်းတခုလုံးကို၊ တနိုင်ငံလုံးကို ဦးဆောင်တယ်လို့တော့ ကောက်ချက်မချလိုက်ပါနဲ့။ အစိတ်အပိုင်းတရပ်အနေနဲ့ အတိုင်းအတာတခု အထိသာ၊ သို့သော်လည်း အရေးပါ ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။
ကောင်းပြီ၊ နိဂုံးချုပ်ကြပါစို့။
စာဖတ်သူတို့အတွက် ကျနော်တို့ စာရေးတယ်၊ အဲဒီလိုရေးတဲ့စာကို စာဖတ်သူတို့ထံ ရောက်အောင် စာစောင်ထုတ် ဖော်ပြတယ်။ စာဖတ်သူ၊ စာရေးသူ၊ စာစောင်ထုတ်သူ သုံးဦးသုံးဖလှယ်အနက် ဘယ်သူကမှ ဘယ်သူ့ထက် အမြဲတမ်းပိုမမြင့်၊ စာတတ်လို့ စာဖတ်တာ၊ ဒါကိုမေ့လို့မရ။ တာဝန်ကိုယ်စီလည်း ရှိကြလို့ ယူကြရမယ်။
စာဖတ်သူက ပေါ့ပေါ့တန်တန် အပေါ်ယံလျှပ်ပြီးဖတ်သွားရင် စာဖတ်ပြီးတွေးတောရတဲ့ အလေ့အထနဲ့ ပိုဝေးသွားမယ်။ စာရေးသူကလည်း အချိန်ပေးဖတ်ချင်တဲ့ အဆင့်မျိုးမရေးနိုင်ပါက ဒီနာမည် ပြန်တွေ့ရင် ရှောင်သွားပေလိ်မ့်မယ်။ စာစောင်ထုတ်သူကလည်း အပြည့်အဝ မဟုတ်သည့်တိုင် စာ-နယ်-ဇင်းကျင့်ဝတ်ကို အတော်အသင့်လေးတောင် အလေးမထားရင် သူတကာက စကြာဝဋ္ဌာ အပြင်ဘက်ထိုးဖောက်နေစဉ်၊ ဝါးလုံးကောင်းထဲ မောင်းသွင်းရာရောက်ပေလိမ့်မယ်။
အဲဒါကြောင့် စာဖတ်တတ်မှ စာတတ်ရကျိုးနပ်မယ်၊ တာဝန်သိမှ စာရေးရကျိုးနပ်မယ်၊ ကျင့်ဝတ်သုံးမှ စာစောင်ထုတ်ရကျိုးနပ်မယ်။
၂၀၁၅ ခု၊ စက်တင်ဘလ ၈ ရက်
( နိုင်ငံတကာ စာမတတ်သူပပျောက်ရေးနေ့)
မှတ်ချက်။ ။ မြန်မာ့ဂဇက် အောက်တိုဘာလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
2 comments
Mike
September 24, 2015 at 10:06 am
.အမှန်ပါပဲ
ဇီဇီခင်ဇော်
September 25, 2015 at 12:09 pm
အခုဆို အွန်လိုင်းမှာ ဖတ်ပါများလို့လားမသိ။
စာအုပ် က စာလုံး တွေကို သေချာခံစားဖတ်တဲ့ အကျင့်ပျောက်သွားပြီ။
:a: