မြန်မာစာမြန်မာစကား – မောင်စွမ်းရည်
မြန်မာနိုင်ငံမှာ မြန်မာစာကို နိုင်ငံခြားဘာသာတရပ်အနေနဲ့ သင်ကြားရေးကိစ္စဆွေးနွေးနေကြတယ်လို့ ကြားရပါတယ်။မြန်မာဂေဇက်မှာလဲ အမေရိကားမှာ မြန်မာစာသင်ကြားသူဆရာတစ်ဦးနဲ့ မြန်မာဂေဇက်အယ်ဒီတာတို့ ဆွေးနွေးခန်းကို မကြာခင်ကပင်ဖတ်လိုက်ရပါတယ်။ ကျနော်ဟာ မြန်မာနိုင်ငံမှာတုန်းကလဲ နိုင်ငံ ခြားသားကိုမြန်မာစာသင်ကြားပေးဖူးပါတယ်။ အမေရိကားရောက်မှလဲ အမေရိကန်များကို မြန်မာစာသင်ကြားပေးဖူးပါတယ်။ ဒါ့အပြင် မြန်မာစာသင်ရိုးအဖွဲ့မှာလဲ အလုပ် လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့် မြန်မာစာခေတ်မှီတဲ့သင်ကြားနည်းကို အသေအချာသင်သိသလားဆိုရင် မသိဘူးလို့ဘဲ ဝန်ခံရပါမယ်။ခုရေးမှာက အတွေ့အကြုံကိုရေး မှာပါ။
ကျနော်မကြာခင်ကပဲ မြန်မာပြည်ကို အလည်အပတ်ပြန်သွားခဲ့တော့ မိုးမခရဲ့အစီအစဉ်နဲ့ မြန်မာစာပေဆွေးနွေးပွဲတရပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။မြန်မာစာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဇော်မြင့် (ဇော်ဇော်အောင်)နဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့လဲ ပါဝင်ကြပါတယ်။ မြန်မာစာသင်ကြားရေးခေတ်မီဖို့လိုအပ်ကြောင်းဆွေးနွေးဖြစ်ပါ တယ်။မြန်မာစာသင်ကြားရာမှာ အခြေခံပညာမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် အဓိကအားဖြင့်တော့ စကားပြေပြန်တာနဲ့ ရှေးရိုးစနစ်အတိုင်း ဂုဏ်၊ရသ၊အလင်္ကာ နည်းနဲ့ဝေဖန်တာလောက်ပဲရှိပါတယ်။အထူးသဖြင့် ဘာသာစကားလေ့လာရေးမှာ ခေတ်နောက်ကျကျန်နေရစ်ပါတယ်။ မြန်မာဘာသာစကားကိုရော၊ တိုင်းရင်းသား ဘာသာစကားကိုရော ဘာသာသိပ္ပံနည်းကျလေ့လာရေးနဲ့ သင်ကြားရေးမလုပ်နိုင်သေးပါဘူး။
မြန်မာစာသင်ကြားရေးခေတ်မမီတာဟာ မြန်မာစာဆရာတွေညံ့လို့မဟုတ်ပါဘူး။ အစိုးရညံ့လို့ပါ။ဘာဆိုင်လို့လဲလို့မေးချင်ကြပါလိမ့်မယ်။ဘာသာစကား လေ့လာရေးမှာဘာသာသိပ္ပံပညာ ဘာသာဗေဒပညာရပ်များတတ်ဖို့လိုပါတယ်။ဘာသာသိပ္ပံဆိုတာ ကိုယ့်ဆီမှာကောင်းကောင်းမတတ်သေးတော့ နိုင်ငံခြားသွားသင် ရပါတယ်.အင်္ဂလိပ်စာသင်ကြားသူဆရာတချို့ဆိုရင် နိုင်ငံခြားကိုသွားပြီး ဘာသာသိပ္ပံပညာရပ်တွေသင်ယူဖူးပါတယ်။ မြန်မာစာဆရာများကိုတော့ နိုင်ငံခြားသွားပြီး ဘာသာသိပ္ပံပညာသင်ယူဆည်းပူးခွင့်မပေးခဲ့ပါ။ ဦးနေဝင်း(ဗိုလ်နေဝင်း)ကမြန်မာစာကို မြန်မာလူမျိုးထက်တတ်သူမရှိနိုင်ဘူး။မြန်မာဆရာက မြန်မာစာကိုနိုင်ငံခြား သွားပြီးသင်ယူဖို့မလိုဘူးဆိုပြီး ဘုမသိဘမသိနဲ့ ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံခြားတက္ကသိုလ်များကိုတော့ မြန်မာစာပို့ချပေးဖို့ မြန်မာစာဆရာတွေသွားခဲ့ကြပါတယ်။။သိပ် မပြတ်ပါဘူး။အမေရိကန်ပြည်ထောင်စုမှာ ဆရာဦးဆွေထွန်း(ယခင်မြန်မာစာဆရာ)နဲ့ ဆရာဦးခင်မောင်ကြိုင်(ယခင်သတင်းစာဆရာ)တို့နှစ်ဦးမြန်မာစာသင်ကြားပို့ ချပေးနေတာကိုတွေ့ရဖူးပါတယ်။ဦးစောထွန်းကတော့ ဘာသာသိပ္ပံအခြေခံနဲ့ပို့ချနေသူဖြစ်ပါတယ်။ဦးခင်မောင်ကြီးဘယ်လိုသင်ကြားပို့ချနေသလဲဆိုတာမသိပါ။ ဦး စောထွန်းအနားယူလို့ဆရာမတယောက်ရောက်ရှိပို့ချနေပြီလို့သိရပါတယ်။
မြန်မာစာကိုဘာသာသိပ္ပံအခြေခံနဲ့ လေ့လာရေးသားနေသူ ကျနော်သိရသလောက် မြန်မာလူမျိုးထဲက ဦးစောထွန်း၊ ဦးထွန်းတင့်၊ ဦးသာနိုး တို့ပဲရှိပါတယ်။ အင်္ဂလိပ်လူမျိုးဂျွန်အိုကဲလ်(မြန်မာနာမည် ဦးလှသိန်း) တို့ပဲရှိပါတယ်။အင်္ဂလိပ်လူမျိုးဂျွန်အိုကဲလ် (မြန်မာနာမည် ဦးလှသိန်း)က မြန်မာစာသင်နည်းနဲ့ မြန်မာသဒ္ဒါကျမ်း များရေးသားပြုစုထားတာ ကောင်းလှတယ်လို့ကြားဖူးပါတယ်။ရွှေတံဆိပ်ချီးမြှင့်ခဲ့ရတယ်လို့လဲ ကြားဖူးပါတယ်။ဘယ်သူဘယ်အဖွဲ့ကချီးမြှင့်သလဲမသိပါ။
ကျနော့အဖို့ မြန်မာစာရေးသားတဲ့အက္ခရာနဲ့ မြန်မာတွေပြောတဲ့ စကားတို့ဟာ လာရာအရပ်တူတာကို သတိပြုမိကတည်းကဘာသာစကားပြဿနာတွေ ရှိနေမှာပဲလို့ တွေးမိပါတယ်။ မြန်မာအက္ခတွေ (ကကြီး၊ ခခွေး၊ ဂငယ် —) ဆိုတာတွေက ကုလားအက္ခရာတွေဖြစ်ပြီး အိန္ဒိယပြည်ကလာတယ်။ဗမာပြည်ထဲကိုတောင် အရပ်ကဝင်လာတာ မြန်မာစကားဆိုတာက တိဗက်-ဗမာစကားအုပ်စုဝင်ဖြစ်လို့ ဟိုမြောက်ဖက်(အရှေ့မြောက်ဖက်)ကဝင်ရပါတယ်။ မြန်မာလူမျိုးတွေဝင်လာတာနဲ့ အတူ မြန်မာစကားလဲ ပါလာခဲ့ပါတယ်။ မြန်မာစကားမှာ မပါတဲ့မလိုတဲ့အက္ခရာတွေ ကကြီး၊ ခခွေးထဲမှာပါနေတယ်။ကကြီး၊ ဏကြီး၊ ဠကြီးဆိုတာမျိုးတွေ ဋ-ဋ္ဌ-ဍ ဆို တာမျိုးတွေအပိုပါနေတယ်။ ကုလားပြည်ကလာတဲ့ပါဠိစာရေးရင်တော့ အသုံးဝင်တာပေါ့။ ပါဠိဆိုတာမြန်မာစာမှမဟုတ်ဘဲ။ဘုန်းတော်ကြီးများဟာပါဠိကို ပိဋကတ်သုံး ပုံကုန်အောင်သင်ဖူးပေမယ့် မြန်မာစာကျတော့ သင်ပုန်းကြီးပဲ သင်ဖူးကြတာများပါတယ်။ ခုခေတ်မှာ ‘ဘက’ ကျောင်းတွေရှိနေတော့ အတန်းကျောင်းက စာတွေပါ ကိုရင်လေးတွေသင်ယူနေကြရလို့ ပထဝီ၊ သမိုင်း၊ အခြေခံဗဟုသုတရနိုင်ကြတာ ဟန်ကျပါတယ်။မြန်မာစာမြန်မြန်တက်စေချင်ရင် သင်ပုန်းကြီးနည်းကိုစွန့်ပြီး အသုံး လုံးနည်း၊ ‘ဝထကလထ’ နည်းနဲ့သင်ရမှာပါ။
နောက်ထပ်ပြဿနာက မြန်မာစာမှာ “စာ” နဲ့ “စကား” ကွဲနေတာပါပဲ။ စာ ဆိုတာဘာလဲ။ စာဆိုတာ စကားကိုအက္ခရာသင်္ကေတနဲ့ ရေးမှတ်တာကိုခေါ်တာ ပါပဲ။ ခုတော့ မြန်မာစာနဲ့ မြန်မာစကားသိပ်ပြီးကွာဟနေလို့ နိုင်ငံခြားသားတွေသင်ပေးရမှာသာမက တိုင်းရင်းသားတွေကို သင်ပေးရမှာတောင် ဘာသာစကားနှစ်မျိုး သင်ရသလောက် ဒုက္ခရောက်ရပါတယ်။ ကျွန်တော်ကျောင်းသို့သွားသည် လို့ရေးထားတာဟာ စကားပြောတော့ ကျနော်ကျောင်းကိုသွားတယ် ဖြစ်လာပါတယ်။ စာဆိုတာပြောတဲ့ စကားသံကိုအက္ခရာနဲ့ရေးတာလို့ဆိုခဲ့ပါပြီ။ ပုဂံခေတ်မှာ ပုဂံခေတ်ကလူတွေပြောသလိုရေးခဲ့တာပဲ။ရှေးကရေးတာကို “စာကြီး၊ ပေကြီး အဖြစ်လေး စားလွန်ပြီး စာရေးတိုင်းရှေးကလို လိုက်ရေးခဲ့ကြတော့ ခုအခါမှာ ပြောစကားနဲ့ စာစကားတို့ ” အလွန်ကွာခြားကုန်ပါတယ်။
ကျနော်တို့ မန္တလေးစာရေးဆရာတွေ ဦးလှ ဒေါ်အမာအစ မောင်သာနိုး၊ မောင်စွမ်းရည် အဆုံးအားလုံးက ခေတ်ပေါ်စကားအတိုင်းရေးနေကြပါတယ်။ ရန်ကုန်မှာ စာနယ်ဇင်းတော်တော်များများကလဲ စကားပြောသလိုရေးပါတယ်။ကဲ- ဘယ်စာနဲ့သင်မလဲ။တချို့က “စကားပြောသလိုရေးတယ်”ဆိုတာကို “အသံထွက် အတိုင်းရေးတယ်ဆိုတာနဲ့” အထင်မှားတတ်ကြပါသေးတယ်။ စာက(၁) ကျွန်တော်ကျောင်းသို့သွားသည်။(၂) စကားပြောတော့ ကျနော်ကျောင်းကိုသွားတယ်(၃) စကားသံအတိုင်းရေးရင် ကျနော်ကျောင်းဂိုသွားဒယ်။ ကဲ ဘာသာစကားတခုထဲက သုံးမျိုးကွဲနေပြီ။ အသံထွက်အတိုင်းမသင်ရတာတော့ သေချာတယ်။ အသံထွက် ဥပဒေစည်းမျဉ်းရှိပါတယ်။ အင်တာနက်ပေါ်မှာရှာကြည့် မြောက်အီလီနွိုက်တက္ကသိုလ်ဆရာဦးစောထွန်း အင်တာနက်ပေါ်မှာတင်ထားတယ်လို့ ကြားဖူးပါတယ်။အင်္ဂ လိပ်လိုVoicing Rule လို့ခေါ်ပါတယ်။ စောင်းဒန်း၊ ခေါင်းကိုက်၊လာဒယ်၊ လာဘာ ဘယ်လိုရေးလို့ဘယ်လိုအသံထွက်သလဲ ။ပါဠိလို “သန္ဒိ” ခေါ်သတဲ့။နိုင်ငံတကာ ကလဲ ဒီအခေါ်ကိုယူပြီး သန္ဓိ (Sandhi) ခေါ်သတဲ့။ မြန်မာသဒ္ဒါမှာ “အပိတ်စပ်၊ အပွင့်စပ်” ဆိုတာရှိသတဲ့။ ဥပမာ စာစောင်၊ စာတမ်း၊ စာပေ၊ တိုင်းပြည်၊ မြို့ပြ စတဲ့ စကားလုံးတွေကို အသံထွက်ကြည့်ပါ။တချို့အသံကြောင့် တချို့မပြောင်းဘူး။ဒါတွေလေ့လာသင်ပြဖို့ရာ မြန်မာသဒ္ဒါထဲက ဃောသ၊ အဃောသ ဆိုတာတွေနဲ့ တုန်း ခေါ်သရသံ သရသံနိမ့်မြင့်တွေကို ( TONES) သိရပါအုံးမယ်။ဒါတွေသိမှ ပြောတက်မှ မြန်မာစာစကားအသံထွက်နည်းကိုသင်ပေးလို့ရပါတယ်။
ဦးဖေမောင်တင်၊ ဦးသာနိုး၊ ဦးစောထွန်း၊ ဦးခင်အေး၊ ဦးလှသိန်း (ဂျွန်ဘိုကဲလ်) တို့ရေးတာတွေရှာဖတ်ရပါတယ်။ကျနော်က သူတို့ရေးတာတွေဖတ်ပြီး အမြွက်လောက်ပဲပြောနိုင်တာပါ။သူတို့လို သိတာတက်တာမဟုတ်ပါ။ဒါကြောင့်ညွန်းရုံလောက်ပဲ ဖော်ပြလိုက်ပါတယ်။အဲဒီအသံထွက်စနစ်လောက်နဲ့ပဲ ချာချာလည် သွားနိုင်ပါတယ်။မြန်မာစာကို မျက်စိကန်း တစ္ဆေမကြောက် ဆိုသလိုသင်နေကြတာပါ။ မြန်မာစာတတ်လှချေရဲ့ဆိုပြီး ကမ္ဘာအေးဗုဒ္ဓကျမ်းစာဌာနမှာဆိုလား ဝင်ပြီး အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတယောက်ကို “ဝလုံး” အကြောင်းပြောရင်း “ဝ” ကိုအသံဘယ်နှသံထွက်နိုင်သလဲ။လေးသံထွက်ပြပါလို့ပြောတော့ သူကရယ်တယ်။ ကဲ စာဖတ်သူကမြန်မာဆိုပါတော့ (ဝ)ကို ဘယ်နှသံထွက်ပြမလဲ။ဒီဂျာနယ်မှာဖော်ပြပေးပါ။ ဂုဏ်ပြုပါရစေ။
မြန်မာပြည်မှာ မြန်မာစာကိုနိုင်ငံခြားဘာသာရပ်အဖြစ်သင်နည်းညီလာခံလုပ်နေသတဲ့။ သွားတက်ချင်တက်ကြ။ ညီလာခံပြီးရင်ထွက်လာမဲ့သတင်းတွေလဲ နားစွင့်ကြပေါ့။ကျနော်က သတင်းပေးရုံလောက်ပဲ တတ်နိုင်ပါတယ်။
မောင်စွမ်းရည်
၂၀၁၆ ဇန်နဝါရီ
မှတ်ချက်။ ။ မြန်မာ့ဂဇက် ဖေဖော်ဝါရီထုတ်တွင် ဖော်ပြပြီးဖြစ်သည်။
22 comments
kai
January 24, 2016 at 9:06 am
ဆိုတော့.. မှန်တဲ့သူကို ဒီနှစ်တွေ့ဆုံပွဲလုပ်ဖြစ်ရင်.. လက်ဆောင်ပေးမယ်လေ..။ ဖြေကြည့်ကြ..။ ကျုပ်လည်းအဖြေမသိ..။ 🙁
ကထူးဆန်း
January 24, 2016 at 11:21 am
၀
ဝလုံး
သုည
ဂိ.းးးးးးးးးးး
လုံမလေးမွန်မွန်
January 24, 2016 at 10:22 am
ဟုတ်တယ်ဆို .
သများကိုယ်တိုင် ကြုံတွေ့နေရတာ . .
တယ် နဲ့ ဒယ်
ကို နဲ့ ဂို
ဆယ် နဲ့ ဇယ်
အဲ့လောက်ပဲ သင်ပေးရသေး . . . လက်လျှော့ချင်နေကြပြီ . . .
naywoon ni
January 24, 2016 at 10:45 am
စေ နဲ့ ဇေ
စောက်နဲ့ ဇောက်
ချောက်နဲ့ ဂျောက် ကောပါဝူးလားဗျ 🙂
Mr. MarGa
January 24, 2016 at 4:40 pm
သများ ဆိုတဲ့စကားလုံးကိုရော ဘယ်လိုသင်သလဲဟင်
သများ ရဲ့ အဓိပ္ပါယ်က ဘာတုန်း :a:
ခင်ဇော်
January 25, 2016 at 6:17 am
တညားး ဒို့ ဂဒေါ့
ဂလိုဘဲ ရှင်းးပြလိုက်မယ်
သလားးး
:kwi:
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 24, 2016 at 11:23 am
ဝဆွဲ
လုံးကြီးတင်
သုည
ဝ
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 24, 2016 at 11:25 am
ဝ
-ွ
-ိ
၀
Ma Ma
January 24, 2016 at 12:29 pm
တော်လိုက်တဲ့ အူးမြောက်မြောက်
ဝလုံး
ဝဆွဲ
လုံးကြီးတင်
သုည
kai
January 24, 2016 at 4:31 pm
ဘဲဥ
ကြက်ဥ
ငှက်ဥ
စာကလေးဥ
အိမ်မြောင်ဥ
တောက်တဲ့ဥ
ကန်ဇွန်းရွက်ဥ
အာတာလွတ်ဥ
ko six
January 24, 2016 at 5:57 pm
ဝလုံးက နည်းနည်းထူးခြားတာတော့ အမှန်ပဲ။
ဥပမာ-၁။
ကကြီးရေးသေးသေးတင်= ကံ
ကကြီးရေးနသတ် = ကန်
( အသံထွက်တူညီခြင်း)
ထို့အတူ
ခကွေး ( ခ )
ဂငယ် ( ဂ )
စသည်တို့ကလည်း အသံထွက်ပုံတူညီကြသည်ကို တွေ့ရသော်လည်း
ဝလုံး သည်ကား
အသံထွက် မတူညီသည်ကို တွေ့ရသည်။
ဝံ = ဝန် ( ဝွန် ဟု မထွက်)
===========
ဝလုံး သည်
-ွ = ဝဆွဲ သုံးစရာမလိုခြင်း။
===========
ကံ
ခံ
ဂံ
ဃံ
….
…
…
တို့နှင့်ကွဲလွဲကာ
ဝံ သည် ကွဲလွဲနေခြင်း။
===========
ကတ်
ခတ်
ဂတ်
….
…..
….
ဝလုံးမှာကျတော့
ဝတ် ၏အသံသည် တခြားသောအသံ ဖြစ်ခြင်း။
အဲ
နောက်ထပ် သိတော့ဘူး။
ထင်တာတွေ စွပ်ပြောခဲ့သည်။
လာမည့်ကာလ၌ လွှတ်တော်ထဲ ရောက်ချင်၍ ယုတ်တန်း၊ရမ်းတုတ်ခဲ့ပါသည်။
kai
January 24, 2016 at 7:10 pm
သူ့ထင်ရာတွေက.. တော်တယ်ဟ…။
အဂ္ဂမဟာ ပြောင်ကြီး
January 24, 2016 at 10:03 pm
. မြန်မာစာ မြန်မာစကား အကြောင်းတုန်း စပ်မိစပ်ရာ ဝင်ပြောရရင်
. ခုလို mobile တွေ ထည်လဲ သုံးနေကြတဲ့ ခေတ်ကြီးထဲမှာ
. မြန်မာပြည်ကို လာလည်တဲ့ ဖော်ရိတ်နာတွေ အဆင်ပြေပြေ သုံးစွဲနိုင်မယ့်
. အခြေခံ စကားပြောလေးတွေကို သူ့ Category လေးနဲ့သူ စုစည်း ထားတဲ့ Myanmar English .. apk လေး တစ်ခုလောက် ရှိရင် ကောင်းမယ် ထင်တယ်
. ဥပမာ … How much? ဆိုရင် bal lout lae’ “ဘယ်လောက်လဲ” ဆိုပြီး ပြတဲ့ apk အမျိုးအစား လေးပေါ့ ..
လုံမလေးမွန်မွန်
January 27, 2016 at 11:55 am
ငင် . . . ဒါမိုး ကြားဖူးဘာဒယ်
ခင်ဇော်
January 25, 2016 at 6:30 am
မြန်မာ သဒ္ဒါ နဲ့ အင်္ဂလိပ် သဒ္ဒါ ကို
နှိုင်းးယှဉ် သင်ကြားးတာတို့
(အရေးး/အဖတ် အတွက်)
အသံထွက် နဲ့အရေးအသားး ကွာခြားချက်တို့
(အပြောနဲ့ နားထောင် အတွက်)
ကိုယ့် လူမျိုးအတွက် သင်တဲ့ သင်ရိုးးသီးးသန့် မဟုတ်ပဲ တခြားနိုင်ငံ ရပ်ခြားး လူမျိုး ခြားး က ပါ အစ ကနေ စသင် မိရင် မြန်မာစာ မြန်မာစကားကို လေ့လာသိမြင်နိုင်တဲ့ သင်ရိုးး အရှည် ပြဌာန်းးနိုင်ရင် ကောင်းးမယ်..
မြန်မာစာ မေဂျာ ယူ မှ သိရမယ့် အကြောင်းတွေ ပါ အပါပေါ့လေ..
ခုတော့ မေဂျာထဲတောင် သူက အမှတ်အနည်းဆုံးဆို ဝင်တာလားး မသိ 🙄
မြန်မာသဒ္ဒါ ကို မရေလည်ရင် English Grammer ကို နည်းလမ်းမှန် ချဉ်းကပ်လို့ ကို မရတာတော့ အသေအချာ..
ဆိုတော့
ပညာရှင်များးး ကူညီကြပါ..
:k:
သင့်အရိပ်
January 25, 2016 at 11:34 am
ကျနော် ငယ်ငယ်ကတော့… မြန်မာစာ/စကား ဆိုတာ…အလွန်တရာမှ…
ကျယ်ပြန့်နက်ရှိုင်းသော… တိကျသေချာပြီး ခမ်းနားသော ဘာသာစကားတစ်ခုအဖြစ် မြင်ခဲ့ဖူးတယ်။
စာတွေအတော်အတန်ဖတ်…ရေး…ပြီးတဲ့နောက်မှာတော့…
.မြန်မာစာ/စကားကို အားမလိုအားမရတာတွေ စိတ်တိုင်းမကျတာတွေ…
သူ့ရဲ့ မပြည့်စုံ မကြွယ်ဝမှုတွေ… မတိကျ မသေချာမှုတွေ …စသည်ဖြင့်..အပြစ်များစွာ တွေ့လာရတယ်…။
အဲ့ဒီနောက်တော့… ပိုစ့်မော်ဒန် ဝါဒီများရဲ့ အယူအဆအရ…
ဘာသာစကားကို တွန်းလှန်ပြီး ကဗျာတွေ ရေးချင်လာတယ်…
ဘာသာစကားဆိုတာဟာ ….
အဖုအထစ်များနဲ့ ပိတ်လိုတားဆီးလုပ်တတ်တဲ့ ကျောက်သားနံရံကြီးပဲ ဖြစ်တယ် လို့. မြင်လာပြီး….
ဘာသာစကားကို ဆန့်ကျင် တိုက်ထုတ်ပစ်လိုက်ချင်တယ်… ။
အထူးသဖြင့်…. ဆိုလိုချင်တဲ့အဓိပ္ပါယ်တိုင်းကို တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိတဲ့ ဘာသာစကားတွေကို…
ကဗျာ / ဝတ္ထု တွေဖန်တီးရာမှာ… အသုံးမပြုချင်တော့ဘူး…
ဘာသာစကား (အက္ခရာ)တွန့်တွန့်ကောက်ကောက်တွေ မပါဘဲ ( မသုံးဘဲ )
ကဗျာ / ဝတ္ထု ဖန်တီးလို့ မရဘူးလား….ဆိုတဲ့ မေးခွန်းဟာ ကျနော့်အတွေးထဲ မကြာခဏ ဝင်လာတယ်..
….
……….
…………
အောင် မိုးသူ
January 25, 2016 at 12:46 pm
ဝ
ဝလုံး
သုည
ဝဆွဲ
လုံးကြီးတင်
အရင်ကကျော်စွာဦးကြီးမိုက်
January 25, 2016 at 3:30 pm
.“၀”အကြောင်းခုထိမသိကြသေးဘူးလား…အံ့ပါ့…သယံဇာတဖြင့်ကုန်တော့မယ် :))
kai
January 29, 2016 at 1:59 pm
ဆိုတော့…
ရေးတော့.. ဝှေးစေ့… တဲ့..။ ဖတ်တော့.. ဂွေးဇိ တဲ့..။ ဝ က.. ဂ ဖြစ်သွားသတဲ့…။ တခု..။ :k:
သင့်အေးရိပ်
January 30, 2016 at 6:50 pm
ရေးတော့ ဝလုံး သုံးပြီး ဝှက် ထားတယ်
ဖတ်တော့ ”ဖ”အသံကြီးနဲ့ ဖွက်ထားတယ် တဲ့
😆
kai
February 1, 2016 at 5:26 am
ရေးတော့ “ဝှက်”.. ဖတ်တော့.. “ဖွက်” ပေါ့…။
နောက်တခု.. :k:
Kyi Lwin
February 3, 2016 at 9:19 am
တင်ပေးထားတာကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကို ဖဘ မှာပြန်ရှယ်ချင်လို့ ကူးယူသွားပါပြီ။
မူပိုင်ခွင့်နဲ့တော့ အရေးမယူဘူးမို့လား။