သက်ဆိုင်သူများ အားလုံး သို့
ကြောင်ကြောင် ပြောတဲ့ “ဒီရွာထဲမှာကို အဲလိုမျိုး သာဓက များစွာရှိတယ်။ ဆန်းစစ်ကြည့်ရင် ကိုယ့်လူထိလို့ ပြန်လုပ်တယ်လို့ တွေ့နိုင်တယ်။” ဆိုတာကိုဖတ်လိုက်မိလို့ပါ။
“အပြေးချန်ပီယံ ကျော်ကိုကို” ကို ပြောခဲ့တာ ကိုယ်ကတော့ သေချာပြီး ရွာထဲ တစ်ခြားဘယ်သူရှိသေးလဲတော့ မမှတ်မိ။
ဒါနဲ့ဘဲ ရေးမလား၊ မရေးရမလား စဉ်းစားရင်းနဲ့ လိုနေတဲ့ အချိန် ကို ဖြုန်းရင်းရေးလိုက်ပါတယ်။
အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားပြန်ဖွင့်ရရင် ၈၈အရေးအခင်းမှာ ကိုယ်တိုင်ကျောင်းသားတစ်ယောက် အနေနဲ့ ပါခဲ့တာတွေပါ။
အဲဒီအချိန်မှာ မာစတာတန်းကျောင်းသူ။
လူပေါင်း ၈ ယောက်ဘဲ ရှိခဲ့တဲ့ အတန်းမှာ နိုင်ငံခြားက နေ ဘွဲ့တွေယူလာတဲ့ ဆရာကြီးများ ရဲ့ စေတနာ အပြည့်နဲ့ သင်ကြားတဲ့ စာတွေ ကို ဆည်းပူးနေခဲ့သူပါ။
တိုင်းပြည်ရဲ့ ဘက်စုံ ချွတ်ခြုံကျလာတဲ့ အခြေအနေ မှာ ကိုယ့်ရဲ့ ပညာရေးစနစ် လဲ သားကောင်ဖြစ်နေရတာ ကို သိနေခဲ့တဲ့ အချိန်လဲ ဖြစ်ပါတယ်။
ဘာဖြစ်လို့ သိလဲ ဆိုတော့ စာသင်မှုတွေ မှာ ကန့်သတ်ချက်တွေ၊ စည်းကမ်းတွေ နဲ့ ကြားက သင်စရာရှိတာ ကို သတိပေးခံပြီး သင်ကြားပေးနေတဲ့ ဆရာကြီး တစ်ချို့ ရဲ့ ကျေးဇူးကြောင့်ပါ။
တစ်ချို့ဆို သတိပေးနေလဲ “ဆိုရှယ်လစ် စနစ်” နဲ့ “ဒီမိုကရေစီ စနစ်” ကို နှိုင်းပြပြီး သင်လွန်းလို့ ရာထူး အတိုးမခံရ၊ သက်တမ်းမြင့်နေလဲ ဝန်ထမ်းအိမ်မရ စတဲ့ ဖိနှိပ်ခံ ပညာရေး ကို မျက်ဝါးထင်ထင် မြင်နေခွင့် ရခဲ့ပါတယ်။
ကိုယ့်သင်တဲ့ ဘာသာရပ်ဟာ ဟိုးတုန်းကလိုဆို နောက်ဆုံးနှစ်တွေမှာ လက်တွေ့လုပ်တာ နဲ့ ယှဉ်ပြီး သင်ရပါတယ်။
ကိုယ့်ခေတ်မတော့ ဒါမျိုးတွေ ကို ပညာရေးဌာန က ပံ့ပိုးဖို့ စိတ်မဝင်စားတော့ပါဘူး။
လူငယ်တွေ စာတွေ ပိုပိုပြီး တတ်လာမှာကို ကြောက်နေတဲ့ အစိုးရ လက်ထဲ မှာ ပညာရေး ဆိုတာကြီး ဟာ နာမည်ဖြစ်ရုံ၊ အသက်ရှင်ရုံ နဲ့ ငွေ့ငွေ့လေးဘဲ ရှင်နေတော့တာ ဆန်းတော့ မဆန်းပါဘူး။
ကိုယ့်နယ်ပယ် တင်ဘဲလား ဆိုတော့ မဟုတ်ပါဘူး။
ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရင်းနှီးမြှပ်နှံရေး စတာ တွေမှာလဲ အနာ တွေ ကိုယ်စီ နဲ့ပါဘဲ။
ဒီလိုနဲ့ အကြောင်းသင့်လာချိန် အဲဒီအစိုးရ ကို ပြန်တွန်းဖို့ အခွင့်ရခဲ့ကြတယ်။
သမိုင်းစဉ် ထုံးစံအတိုင်း ငပွကြီး အစပျိုးသူတွေက ပညာရေး က “ကျောင်းသား” များပါဘဲ။
ဒါပေမဲ့ အဲဒီအချိန် ဘယ်သူ၊ ဘယ်ကျောင်းသား ကမှ ငါတို့ “ပညာရေး ကိုသာ အဓိကထား ပြင်ပေး” လို့ အမြင်ကျဉ်းမြောင်းစွာ ဆန္ဒကို မဖော်ထုတ်ခဲ့ပါဘူး။
တစ်ပါတီစနစ်ဖျက်သိမ်းပေးဖို့၊ ဒီမိုကရေစီ စနစ် ကို ဖော်နိုင်ဖို့၊ အာဏာရှင်လို ဖိနှိပ် မှု တွေကို ရပ်တန့်ဖို့ စတာတွေ ကို ဘဲ အင်အားစိုက်တောင်းခဲ့ကြတာပါ။
အဲဒီမှာ နယ်ပယ်ပေါင်းစုံ က လာပြီး ပေါင်းခဲ့တယ်။
ဒါပါဘဲ။
ပြောလိုတာက ၈၈တုန်းက ကျောင်းသားသပိတ်ဟာ အခု ကျောင်းသားသပိတ် ကာလလို အစိုးရ ရဲ့ အတိုက်အခံပါတီကြီး မရှိဘူး။
နိုင်ငံရပ်ခြား ကစောင့်ကြည့်အားပေးသူတွေ မရှိဘူး။
ကိုယ်ပိုင် အသိဉာဏ်၊ ခွန်အား နဲ့ ရှေ့မှာ ရပ်ပေးမဲ့ သူ မရှိတဲ့ ကြား က ပြည်သူတွေ အားလုံး လက်တွဲပြီး အုံကြွပြခဲ့ နိုင်ပါတယ်။
အနည်းဆုံးတော့ ဆိုရှယ်လစ်စနစ် ကို ဖြုတ်လိုက်နိုင်တာပါဘဲ။
နောက်ပိုင်းကတော့ “တော်ချိန်မှာ မတော်ခဲ့တဲ့ လူတစ်ချို့ကြောင့် တိုင်းပြည်ဟာ ဒီလို ဘဝ ရောက်ခဲ့တာပါဘဲ။
အဲဒီ လူတွေထဲ က တစ်ချို့ ကတော့ ကောင်းစားသွားပါရဲ့။
တစ်ချို့ကတော့ သူတို့ ကံကြောင့်လား၊ သူတို့ ရဲ့ ပင်ကိုယ် အသိဉာဏ် အားနည်းတာကြောင့်ဘဲလား၊ ရောက်လေရာ စည်းလုံးမှု မရှိ ရန်ဖြစ်တတ်တဲ့ ဗီဇ သတ္တိကြောင့်လား ဟိုမရောက် ဒီမရောက် မှာ သူတို့ ပြသနာ တွေ နဲ့ သူတို့ မအောင်မမြင် ဖြစ်နေခဲ့သပေါ့။
ဒီတော့ အဲဒီလူများ ရဲ့ အငြိုးအတေး တွေဟာ ပိုပိုပြီး တစ်အုံနွေးနွေး ကြီးလာခဲ့တယ်။
အဲဒီအချိန် နိုင်ငံတွင်းမှာ အာဏာရဲ့ အရသာ ကို မြည်းလိုက်နိုင်တဲ့ စစ်ဗိုလ်ကြီးများ တစ်ချို့ ရဲ့ ကိုယ်ကျိုးရှာ အတ္တတွေ ကြားမှာ တိုင်းပြည် က ပိုပြီး ရေတိမ်နစ်ခဲ့ တယ်။
အာဏာကို လက်ကိုင်ဒုတ်လုပ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များ အတွက် စီပွါး ကို ကြီးထွားစေမဲ့ အတုအယောင် ဒီမိုကရေစီ ကို ဟန်ပြပေးခဲ့ တယ်။
အဲဒီနောက်မှာ နိုင်ငံ ရဲ့ ကုန်သွယ်မှု တံခါးပေါက် တွေ ဟာ စည်းကမ်းမဲ့ ဒိုးယိုပေါက် ပွင့်ခဲ့တော့တယ်။
ပြည်သူလူထု ရဲ့ အကျိုးစီးပွါး အတွက် စဉ်းစားခြင်း တစ်စက် မှ မရှိတဲ့ တံခါးဖွင့် စီပွါးရေးစနစ် မှာ အာဏာပိုင် တွေ နဲ့ သူတို့ ရဲ့ စီးပွါးဖက်တွေ ဟာ တစ်ဟုန်ထိုးချမ်းသာလာခဲ့ တယ်။
လူတန်းစားကွာဟ မှု တွေ များလာတယ်။
ကွာဟ လာတဲ့ လူနေမှုစတိုင် တွေ ကြားမှာ ဝင်လာတာ ကတော့ လူအများ ရဲ့ နိမ့်ကျလာတဲ့ စာရိတ္တ နဲ့ ညံ့ဖျင်းလာတဲ့ အတွေးအခေါ် တွေပါဘဲ။
ကြားလာနေကျ စကားလုံး တွေမှာ အတ္တတွေ၊ လောဘ တွေ ပြည့်လာပြီး အလိုမပြည့် တော့ ဒေါသ နဲ့ စိတ်ဓာတ်ကျမှု တွေ သာ ကြီးစိုးလာတာ မြန်မာပြည် ရဲ့ နေ့စဉ် မြင်ကွင်း တွေ မှာ မြင်သာပါတယ်။
သူများချမ်းသာတာ တွေ ကို ကြည့်ပြီး သူတို့လို ချမ်းသာဖို့ အတွက် လူငယ် အများစု ကြိုးစားလာတာ ဟာ နည်းလမ်းမှား တွေ ဖြစ်နေတာ မဆန်းလောက်ပါဘူး။
ငွေရဖို့ အတွက်သာ မြင်နေကြတဲ့ လူငယ်တွေ ရဲ့ အသိမှာ ဆင်ခြင်တုံတရားတွေ၊ ထိုးထွင်းတီထွင် လိုမှုတွေ၊ ကိုယ့်ဘဝ အတွက် ကိုယ်တိုင်ကြိုးစားချင်စိတ် တွေ မရှိနိုင်ကြတော့။
ဒါဟာ သူတို့ ကို ငါးစာ လို အသုံးချဖို့ အင်မတန် လွယ်ကူသွားစေတဲ့ အဓိကအချက်ပါဘဲ။
ကျွန်မ ကို စွပ်စွဲတတ်သူ လို့ ပြောချင်လဲ ပြောကြပါ။
ထို ကလေးများ ကို အသုံးချ ဖို့ ကြိုးစားခဲ့ တဲ့ လူတန်းစား နှစ်ရပ် ရှိကြောင်း ပြီးခဲ့ တဲ့ ရက် ကလဲ ပြောပြီးပါပြီ။
အခုလဲ ထပ်ပြောပါတယ်။
အပေါ်မှာလဲ ထိုလူတန်းစား နှစ်ရပ် ကို ညွန်းပြီးပါပြီ။
(၁) အပြင်က ခွက်ပျောက် နဲ့ (၂) အတွင်းက ခွက်ပျောက် များ ပါ။
ထို လူတန်းစား များက လူငယ်များ ကို တိုင်းပြည် မငြိမ်တဲ့ အခြေဖြစ်အောင် ချပြီး ကစားခဲ့ပါတယ်။
(ကျောင်းသား သပိတ် ဆိုတာ စ ကထဲ ကျွန်မ အမြဲ သတိပေးနေတာ ကို ကြောင်ကြောင် သိပါတယ်)
အခုလဲ ဆက်ပြီး အသုံးချဖို့ ကြိုးစား နေကြဆဲပါ။
အခု သပိတ်မှောက်လူများ ကို လွှတ်ပြီးချိန်မှာ အဲဒီ အသုံးချ တာတွေ ဟာ လယ်ပြင်မှာ ဆင်သွားသလို ပိုပြီး ထင်ရှားသွားပါတယ်။
တကယ်တော့ ထိုလူတန်းစားနှစ်ရပ် ပေါင်း ကြဖို့ သင့်ပါတယ်။
သို့သော် ပေါင်းလဲ သိပ်ပြီး ကြာရှည်ခံမည် မဟုတ်ပါ။
အားလုံး က ဆရာ့ ဆရာကြီး များ ငါစွဲ ကြီး သူများ ဖြစ်နေတာမို့ တစ်ယောက် တစ်ပေါက် ရန်ထ ဖြစ်မှာပါဘဲ။
ပြောထားပြီးသော လူတန်းစား နှစ်ရပ် သိထားစေလိုပါတယ်။
ဒီနေ့ မြန်မာပြည် က လူတန်းစားများ ဟာ ၈၈ ကလို အမေတို့ ခေတ် အိမ်တွင်းပုန်း အများစု မဟုတ်တော့ပါ။
အမေတို့ ကာလ ကလို နိုင်ငံရပ်ခြား က ပညာတတ် တွေ နဲပါးပြီး ပြင်ပအတွေ့အကြုံ ဗဟုသုတ မရှိသူ များတာမျိုး၊ သူလဲ ငွေမရှိ၊ငါလဲ ငွေမရှိ အခြေအနေမျိုး မဟုတ်တော့ပါ။
လူရည်လည် ပညာတတ်များ များနေခဲ့ပါပြီ။
လူရည်လည် လုပ်ငန်းရှင်များ များနေခဲ့ပါပြီ။
အဲဒီလူ တွေ က ဘယ်အစိုးရ တက်တက် အဆင်ပြေပြေ နေနိုင်သူ လူတန်းစားများပါ။
သူတို့ က ပါတီဝင် တွေ မဟုတ်ပါဘူး။
ဒါပေမဲ့ အစိုးရကောင်း ကို ပိုပြီး လိုချင်ကြပါတယ်။
လက်ရှိချမ်းသာနေပြီး ခရိုနီကြီး အများစုတောင်မှ ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင် အဖြစ်မြင်လိုပါတယ်။
ဒါကြောင့်ဘဲ သူတို့ ရဲ့ အားပံ့ပိုးမှု တွေလဲ ပါဝင်တာမို့ ရွေးကောက်ပွဲ ဟာ ပွဲပြတ်ခဲ့ပါတယ်။
ထပ်ပြောပါတယ်။
ဒီတစ်ခါ နိုင်ငံရေး အရွေ့ဟာ ဒီ ကျောင်းသား သပိတ် တွေ နဲ့ ဘာဆို ဘာမှ မဆိုင်ဘူးလို့ ကျွန်မ ဆိုပါမယ်။
သူတို့ ကြောင့် အရွေ့ နှေးသွား တယ်လို့ တောင် ကျွန်မ ပြောပါမယ်။
အရင်ကလဲ ပြောခဲ့ပါတယ်။ ဒီသပိတ်ဟာ ပြည်သူတွေ အကျိုး အတွက် အဖျက်အမှောက် သက်သက်ပါ။
အခု ပြောနေကြတဲ့ ပညာရေးပြင်ဆင်ဖို့ ၁၁ချက် ဟာ အခု အစိုးရသစ် ပြောင်းအပြီး မှာ တန်ဖိုး ဘာမှ မရှိပါဘူး။
နဂိုကလဲ အားလုံး မမှန်ပါဘူး။ လက်ခံလို့ မရပါဘူး။
သုည ကနေ ပြန်ပြီး အုတ်မြစ်ချရ မဲ့ ပညာရေး စနစ် ကို နွားခြေရာခွက် ထဲ က အမြင် ကျဉ်းကျဉ်း လေး နဲ့ ကြည့်မြင်ပြီး ဘယ်သို့ ဘယ်ပုံ ပြောင်းရမယ်လို့ တောင်းဆိုနေတဲ့ အဖွဲ့ ဟာ
– ပညာရေး စနစ် အညံ့ စားကြီး အတွင်း မှာ ပညာ ဆုံးခန်းမတိုင် သေးတဲ့၊
– ကမ္ဘာ မှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတောင် လေ့လာမှုအား မရှိ တဲ့၊
– အလုပ်တစ်ခု ဟာ လုပ်သင့် မလုပ်သင့် ဆိုတာ တောင် ဆင်ခြင်နိုင်အားမရှိတဲ့၊
– ကျောင်းသားခေါင်းဆောင် အမည်ခံပြီး ခေါင်းဆောင်ရဲ့ အရည်အချင်း ရှိသင့်တာတွေ မရှိတဲ့
လူ တွေ နဲ့ ဖွဲ့စည်းထားတာ မို့လဲ အဓိပ္ပါယ်မရှိပါဘူး။ အဲဒီ အဖွဲ့ ထဲ မှာ တစ်နိုင်ငံလုံးကျောင်းသား ရဲ့ ဘယ်လောက်% သော ကျောင်းသားများ ပါ ပါ သလဲ။
ဒီလို ဘာလိုမှ သုံး မရ အောင် စုတ်ပြတ်နေတဲ့ လူများက အရင် ပညာမဲ့ အစိုးရ အစုတ် ကို ကန့်လန့်တိုက်တာ ထားပါတော့။
လက်ခံလို့ ရပါတယ်။
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နိုင်ပါတယ်။
ဒါပေမဲ့
အခုချိန်မှာ အများပြည်သူလူထု လိုလားတဲ့ ခေါင်းဆောင် နဲ့ အစိုးရသစ် ကို ရနေပါပြီ။
သူတို့ လက်ထဲမှာ လုပ်ကိုင်နိုင်ခွင့် ပါဝါ ပေးထားလိုက်ပါပြီ။
အင်မတန် အရေးကြီးတဲ့ ပညာရေးစနစ် ကိုလဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး ပြည်တွင်း ပညာရှင်ကြီးများ သာမက ပြည်ပ နိုင်ငံ မှ အကူအညီများ နဲ့ အကောင်အထည် စပြီး ဖော်ဖို့ လုပ်နေပါပြီ။
ဒါကြောင့်မို့ ဒီအချိန်ဟာ “စိန်ကောင်း ကျောက်ကောင်း ရောင်း ဝယ်ကြတော့ မဲ့ အချိန်” ပါ။
ကိုယ့်ဘဝ ကို တောင် အောင်မြင်အောင်၊ ကိုယ့်ပါတ်ဝန်းကျင် က လူများ ရဲ့ ယုံကြည်မှု ရအောင် မလုပ်နိုင်သေး တဲ့
“ဆေးရိုးသည် များ” ကန့်လန့် ကန့်လန့် လုပ်မနေကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဆက်လုပ်လဲ လှုပ်လေ မြှပ်လေ ဖြစ်ပြီး လူ ရီဖွယ်ဟာသ မောင်မယ် များ ဖြစ်တော့မှာ ကို သတိပြုကြပါ။
အစိုးရ နဲ့တောင် ထိပ်တိုက် မတွေ့ခင် ပြည်သူ့ချဉ်ဖတ် တွေ ဖြစ်တော့မယ်။ ဖြစ်လဲ ဖြစ်နေပါပြီ။
ဒီတော့ ရပ်သင့်ချိန်မှာ ရပ်ကြပါ။
ဒါ့အပြင် နောက်က မြှောက်ပေးနေတဲ့ သူ တွေ ကိုသိနေမှ တော့ပိုလို့ဆိုး။ ဘယ်လို မှ အဖတ်ဆယ် လို့ မရတော့ပါ။
သင်ခန်းစာ ကြည့်ချင်ရင် သာဓက ရှိပြီးပါ။
ဇွန်ကြီးတို့၊ ဇာကြီးတို့ မှာ နာမည်ကြီး တာတော့ ဟုတ်ပါရဲ့။
လူတွေ အများက သူတို့ အပြုအမူ ကို မကြိုက်ကြ။
ဒါကို သူတို့ဟာသူတို့ စည်းတားပြီး နေရင် အကြောင်းမဟုတ်။
ဖွတ်များ က နောက်ခံ ပြီး စင်တင် လဲ ပြလိုက် တော့ ခဲပေါက်ခံရရော။
အခု သပိတ်မှောက် အဖွဲ့ထဲ က ကျောင်းသား အစစ် လေးများ တိုင်းပြည်အတွက် ပညာရေး ကို အကောင်ထည်ဖော်ရာမှာ အမှန်တကယ် စိတ်စေတနာ နဲ့ တစ်တပ်တစ်အား ပါဝင်ချင်ရင်
ကိုယ့်ဘဝ ကို အရင် မြင့် အောင် မြှင့်ကြပါ။
စာသင်ခန်းထဲ ကို ပြန်ဝင်ပြီး အနည်းဆုံး ဘွဲ့ လေး တစ်ခု တော့ ယူကြပါ။
ကိုယ့်နိုင်ငံ ထဲ မှာ ဖောဖောသီသီကြီး ကို ရနေတဲ့ ဘွဲ့ ၃၊ ၄ ခု ပိုင်ရှင် တွေ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိနေတာ ကို သတိပြုကြပါ။
သူတို့ တောင် ဘာမှ မပြောဘဲ ပါးစပ်ပိတ် နေမှဖြင့်ကွယ်။
သူတို့ လောက်တောင် အတွေ့အကြုံ မများ တဲ့ သူတို့ က ပြောနေတော့ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဖြစ်ရောဘဲ။
အခုတော့ စကားပြောရင်တောင် သာမာန်လူပြိန်း လောက်တောင် အဆင့်မရှိဘဲ နောက်က ကိုယ့်ဘို့ တစ်ဖက်ပိတ်သမားတွေ မြှောက်ပေးတိုင်း အဟုတ်မှတ်ကာ ပြောနေကြတော့ ခက်ရော။
ငွေရလို့ လုပ်ပြ နေတာဆိုရင်တော့ လဲ မပြောတော့ပါ။ ကိုယ့် ဘဝ ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။
ဒါပေမဲ့ ကိုယ့်အတ္ထကိုယ်ကျိုး အတွက် အများအကျိုး ကို ထိပါး လာလို့ တော့ မရပါ။ ထိပါးခွင့် ၊ လူပါးဝခွင့် အခွင့်မရှိပါ။
PS – သူတို့ ပညာရေး ဝန်ကြီး ကို မကြိုက် သလို ကျွန်မ လဲ စီမံဘဏ္ဍာ ဝန်ကြီး ကို မကြိုက်ပါ။ ဒါပေမဲ့ သင့်တော်လို့ ထည့်ထားတာ လို့ ယုံကြည်လို့ ဘာမှ အတွန့်တက်ပြ နေစရာ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံပြီးပါ။
သူ့လောက် အစစအရာရာ မတော်တာမို့ ဒီလို ကမ်းမမြင်သေးချိန် လမ်းစ ပျပျ သာမြင်သေးချိန် မှာ သူ့နောက် က ဖြောင့်ဖြောင့်လိုက်ဖို့သာပါဘဲ။
ကျွန်မ ဒီလို ရေးလို့ သူကြီးမင်း ခေါင်းကျိန်းနေရင် စောဒီး ပါ။ ရေးခွင့်ပေးထားလို့ တော့ ကျေးဇူးတင်ပါတယ်။
19 comments
ဦးဦးပါလေရာ
April 12, 2016 at 12:50 am
လောလောဆယ်တော့ ..
ကျောင်းသား ဆိုတဲ့နာမည်ကို ရှေ့ကတင်ပြီး ဖျာခင်းနေရာခင်းချင်တဲ့သူတွေ
ပြည်ပမှာရော ပြည်တွင်းမှာရော ရှိနေတာ တွေ့လာရတယ်။
ကျောင်းသားကို ဆေးဆိုးပြီး ခွပ်ခိုင်းချင်တဲ့အဖွဲ့ကြီးတခုကလဲ ရယ်ဒီပဲ….
သိပ်တောင်ဟန်မဆောင်နိုင်ဘူး..
လက်ရာခြေရာလေးတွေ ခပ်စိပ်စိပ် မြင်ရတယ်…
ဒီတော့ ဘာဖြစ်သလဲဆိုတော့
ဘာမှ မဖြစ်ပါဘူး..
ပြောရရင် အဲဒါက အဖြေတစ်ခုခု လမ်းကြောင်းတခုခုကို ဖေါ်ဆောင်နိုင်တဲ့ အား မရှိပါဘူး..
အရင်အစိုးရတုန်းကလဲ အကြောက်လွန်ပြီး သွားရိုက်လို့ ဆိုးသွားတာပါ
လွှတ်ပေးလိုက်ရင် ဘာမှမဖြစ်ပါဘူး…
အခုလဲ စိတ်ချ..
သပိတ်မကလို့ ကြိုက်တာမှောက်..
လက်ရှိလက်ရည်အရဆို ဒီအစိုးရနဲ့ အစိုးရလမ်းစဉ် ဘာမှမဖြစ်…
…..
…..
တစ်ခုပဲ…….
ကျုပ် အရမ်း အရမ်း နှမြောတာက..
ကျောင်းသား … ဆိုတဲ့ နာမည်ပဲ..
…
အဲဒါကြီးကို အလွဲမသုံးခင်က
အဲဒါကြီးက အင်မတန် အရှိန်အဝါကြီးတာ..
အဲ… ကြီးခဲ့ တာ…..
..
မြစပဲရိုး
April 12, 2016 at 3:09 am
မှန်ပါတယ် ကိုပါ။
ကျောင်းသား ဆိုတဲ့ အစဉ်အလာ ကြီးမား ခဲ့ တဲ့ မျက်နှာကို အသုံးချဖို့ မျက်နှာဖုံး အတုလုပ်ခဲ့တာ ကို ကျွန်မ ဆတ်ဆတ်ခါ နာခဲ့ပါတယ်။
ကျွန်မ တို့ တုန်း က ကျောင်းသားဟာ တစ်ခြားမှာသာ ဗရုတ်ကျချင်ကျမယ် အမှန်တရား အတွက် အမြဲရပ်ပေးဖို့ အတွက် ဘယ်တော့မှ ဝန်မလေးကြပါဘူး။
ကျွန်မတို့ ရှေ့မှာ မတရားလုပ်နေတာ တစ်ခု မြင်ရရင် မျက်ကွယ်ပြုလိုက်ဖို့ အတော်ခဲယဉ်းကြပါတယ်။
အဲဒါ ကို ဘဲ ပြည်သူလူထု က ချစ်ခင် အားကိုးခဲ့ ကြတာ လို့ မြင်ပါတယ်။
ဟိုးတုန်း က ကျောင်းသား တွေ လုပ်အားပေး၊ အ သုံးလုံး သင် စတာ တွေနဲ့ ပြည်သူတွေ အကြား ဟီးရိုးဖြစ်ခဲ့တာ မျိုး တွေ ကို ရပ်ပစ်လိုက်ခဲ့တာလေ။
ကျွန်မ ဆို နယ်ဖက်မှာ စာသင် လုပ်အားပေးရင်း ဆင်းရဲလှတဲ့ ပြည်သူတွေရဲ့ အပြစ်မဲ့ တဲ့ ကလေး တွေ အများကြီး ရှိတယ် ဆိုတာ သိခဲ့တယ်။
အခုထိ သူတို့ ကို အဲဒီ ဆင်းရဲတွင်းက ကယ်ထုတ်ပေးနိုင်ဖို့ တာဝန်မကျေသေးသလို ကျွန်မ ခံစားနေရတာပါ။
ဒီအတွက် တကယ်လုပ်နိုင်စွမ်းရှိသူ ကို ဝိုင်းဝန်းပေးချင်နေတာပါ။
ကျွန်မ ကိုယ်ကျိုးအတွက် တစ်ပြားသားမှ မပါပါဘူး။
kai
April 12, 2016 at 7:21 am
အကြမ်းအားဖြင့်တော့.. ဒေါ်အောင်ဆန်းစုကြည်က.. ဒီအချိန်မှာ ဆန်း.. လာဘ်အတက်ဆုံးအချိန်…
ဘာ.. ဘယ်ကောင်.. ဘယ်အဖွဲ့အစည်း… သွားပြီးအတိုက်အခံသွားဖြစ်ဖြစ်.. နိုင်ငံရေးသေတာပဲ..။
ကံဆိုးရင်.. လူပါသေ..။
အဲဒီလိုထင်..။ :k:
Ma Ma
April 18, 2016 at 3:14 pm
သဂျီးမင်းလည်း ဇာတာ ဆန်း လဂ်တွေကို အယုံအကြည်ရှိတာပဲကိုးးး
သဂျီးအတွက်လည်း ဇာတာ ဆန်း လဂ် တက်ဖို့ အစီအရင်တွေ လုပ်ပေးရမလားးး။
kai
April 12, 2016 at 7:31 am
ကျုပ်မြင်တာကတော့.. တခုထဲ…
ဘိုလို.. “The crying baby gets the milk”
ဗမာလို.. ငိုတဲ့ကလေး.. မုန့်ရ..။
အစိုးရသစ်လက်ထက်.. အသစ်ကလေးတွေရောက်ချိန်မှာ.. ဒီလို.. တက်ခ်တစ်ကို.. ကိုင်စွဲပြီး.. လုပ်တာက.. ကမ္ဘာမှာတော်တော်များများပဲ…။
ဗမာပြည်လည်း.. ရခိုင်ကစလုပ်.. အခု.. သမဂ္ဂလည်းလုပ်…။ မကြာခင်.. တိုင်းရင်းသားလက်နက်ကိုင်တွေလည်းလုပ်…
နောက်ပြည်ပရောက်တွေလည်းလုပ်…
နောက်ဆုံးအစိုးရယန္တယားထဲကလူတွေလုပ်….။
အစိုးရက.. အရေခွံထူရပါတယ်..။
တချို့ကို… ဥပက္ခာ..။ တချို့ကို.. မုဒိတာ..။ တချို့က… မေတ္တာ..။ တချို့ကို.. ဒုတ်စာ..။
သဘာဝ… ။ :k:
မြစပဲရိုး
April 12, 2016 at 11:56 pm
ကြည့်ရတာ သူကြီးမင်း ရဲ့ သတင်းစာလုပ်ငန်းကြီး အောင်မြင်တာလဲ “စန်း” ရှိလို့ ဖြစ်လိမ့်မယ်။ 😉
ကျွန်မ ကြားဖူးတဲ့ စကားပုံ ကတော့ “”the squeaky wheel gets the grease.” တဲ့။
တကျွိကျွိ မြည်လွန်းတာ ဆီထည့်ခံချင် နေလို့ပေါ့။
အနံ့တော့ ဆိုးလိမ့်မယ်။
Thint Aye Yeik
April 12, 2016 at 11:18 am
ဒီအခြေအနေကိုလည်း အမေစု ကိုင်ကွယ်နိုင်ပါလိမ့်မယ်လို့ပဲ တွေး ယုံနေမိတယ်
ဒါမှမဟုတ်လည်း ဘာမှ ပြောနေစရာမလိုလောက်အောင် ဘာမှ အထူးတလည် ကိုင်တွယ်ဖြေရှင်းစရာ မလိုအောင်
အမေစုက လုပ်စရာ ရှိတာကို လုပ်မြဲ ဆက်လုပ်သွားချင် သွားမှာပဲ။
ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရမှာပဲ ဆိုပါတော့
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 12, 2016 at 12:14 pm
သပိတ်မကလို့ ဒယ်အိုးပဲ မှောက်မှောက်
ရေဗူးတော့ မကမ်းဘူး သေးဗူးနဲ့ပဲ အပေါက်ခံရမယ်မှတ်
အူးကျောင်ကျီးမပါ အူးကျောင်ကျီးက နာ့အူးလေး
လုံမလေးမွန်မွန်
April 12, 2016 at 12:37 pm
တိုင်းပြည်ကို ပြန်အဖက်ဆယ်နေပါတယ်ဆိုမှ… ခလုတ်ကန်သင်းတွေက ဝင်လာတယ်…. ရှေ့လူတွေထားခဲ့တဲ့ အရှုပ်ထုတ်တွေ ဒီလောက်များတာ.. ခုဟာက ကူမရှင်းပေးတဲ့အပြင်..အမှိုက်ထပ်ဖွတော့… အမေပဲ ပင်ပန်းတာပေါ့… ဟုတ်တယ်.. အမေစု လုပ်နိုင်တယ်.. ဒါပေမယ့် အချိန်ကုန်တယ်.. လူပင်ပန်းတယ်.. နှောင့်နှေးတယ်…
တကယ်ကို ကျက်သရေတုံးတာတွေပါ… ဆန္ဒပြဖို့ အစီအစဉ်ဆွဲနေချိန်မှာ.. ပညာတစ်ခုခုကို လေ့လာလိုက်စားလိုက်ရင်တောင် ပညာရေးအတွက် အထောက်အကူပိုဖြစ်ဦးမယ်…
မြစပဲရိုး
April 12, 2016 at 11:56 pm
ဆက်ဆက် – အခု အစိုးရ လက်ထက် မှာ ကန့်လန့်တိုက်သူရှိခဲ့ရင် အစိုးရ က သိပ်ပြီး ဖြေရှင်းဖို့တောင်မလိုဘူး။
လက်သန်း တွေ အသီးသီး အစွမ်းပြ နေကြတာများ။
အားရစရာ။
စိန်ပေါက် – ရမလား စမ်းရင်း အကဲမလှတော့ တစ်မျိုးပြောင်း က ဖို့ လုပ်နေကြပေါ့။
မင်း ဦးလေးကြောင် ကလဲ အပြေးချန်ပီယံ ဘဲလား။
လုံမ ရေ – အလုံးစုံ အေးချမ်းဖို့ ကတော့ သိပ်တော့မလွယ်ပါဘူး။
အဖျင်း တွေ ပျင်း တော့ စားပေါက်ချောင်ရာ လိုက်နေကြသလိုပါ။
ဦးကြောင်ကြီး
April 14, 2016 at 9:20 am
ကေ ျာင်းသားတွေက မဟုတ်တန်းလ ျား ပုတ်ခတ်ဝေဖန်သူတွေကို တရားစွဲတော့မယ်တဲ့.. … ဖမ်းခံရတော့မယ်ဟေ့.. ဖမ်းခံရတော့မယ်…. ဝမ်းသာလိုက်ထှာ..
မြစပဲရိုး
April 15, 2016 at 3:07 am
အာ့ဆို နီ အရင် ဝင်ရမှာ။ နာ လဲ ကျောင်းသား ဟဲ့။
မပုတင် တောင် ပြချင်သေး။ 😉
Wow
April 14, 2016 at 12:20 pm
မိုးသီးကြောင်ကို ဆန့်ကျင်ကြ
မြစပဲရိုး
April 15, 2016 at 3:07 am
ဝေါင်း – ကြောင် က မိုးသီး ဆို နို့ဆီထည့်ပြီး ခလောက် သောက်လိုက်ကြရအောင်။ lol:-)))
ကထူးဆန်း
April 15, 2016 at 9:22 am
ဖြစ်ခဲ့ သမျှ ကေ ျာင်းသား အရေးအခင်းတွေ မှာ အဲ့ အချိန်က တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်
တစ်တိုင်းပြည်လုံး နီးပါး က ချစ်ခင်နားထောင်တဲ့ ခေါင်းဆောင် မရှိခဲ့ပါဘူး ..
ဒါကြောင့် ကေ ျာင်းသားသပိတ် ကေ ျာင်းသား ခေါင်းဆောင်တွေ လိုအပ်ခဲ့ပါတယ်
ခု ရှိနေပါပြီ …
ဒါကို ကျောင်းသားတွေ သတိချပ်မိစေချင်တာပါဘဲ ။
ဒါကြောင့် အချိန်တစ်ခု စောင့်ပြီး ခေါင်းဆောင် ရဲ့ လုပ်ဆောင်ချက် မှာ အနှောက်အယှက်မဖြစ်အောင် စောင့်ကြည့်သင့်တယ် ။
ကျောင်းသားတွေ ကို ကိုယ်ကပါ ပါဝင် အပစ်တင်တာလည်း ရပ်ပြီး နားလည်အောင် ဖျောင်းဖြသင့်ကြတယ် .. ကိုယ်လည်း ကေ ျာင်းသားဘဝ ဖြတ်သန်းလာတော့ မှန်တယ်ထင်ရင် လုပ်ချင်တာဘဲ …
အားလုံး ဆန္ဒတွေ မစော သင့် ကြပါ ..
ကရုဏာ ဒေါသောတွေ ထိန်းကြပါ
ခင်ဇော်
April 15, 2016 at 9:25 am
ကိုကိုထူးဆန်းပြောတာကို ထောက်ခံပါတယ်။
:k:
မြစပဲရိုး
April 15, 2016 at 1:35 pm
ကျောင်းသား တွေ ကို အပြစ်မတင်ပါ။ ကျောင်းသား မဟုတ် ဘဲ ကျောင်းသား ယောင်ဆောင်နေသူများ နဲ့ နောက် က မီးထိုးပေးနေသူများ ကို တော့ မြင်အောင် ပြ ရမှာပါဘဲ။
အဲဒီ မီးထိုးနေသူ တွေ က ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည် မှာ မအေးချမ်းတာ ကို အကြောင်းပြ ပြီး လုပ်စား နေသူများပါ။
ကျွန်မ နာမည်တွေ တပ်ပြီး မပြောချင်ဘူး။
မြစပဲရိုး
April 15, 2016 at 1:44 pm
သူတို့ တွေကြောင့် ကျွန်မ အွန်လိုင်းစုံးမ ဖြစ်နေရတာ ၆နှစ် ကျော်ပါပြီ ကထူးဆန်းရယ်။
ဝဋ်ကျွတ် ချင်ပါပြီ။
uncle gyi
April 16, 2016 at 5:49 pm
အခုထောင်ကထွက်လာတဲ့မျိုးဆက်တွေဘယ်သူတွေခေါင်ဆောင်ခဲ့သလဲကြည့်လိုက်ရင်ရှင်းပါတယ်
သူတို့ကနာမည်ကြီးမယ်ခေါင်းဆောင်တွေကအမြတ်ထွက်မယ်ဒီလောက်ပါပဲ
နောက်သူတို့ထဲမှာလဲမြုပ်ထားတဲ့ဆဲလ်တွေလဲပါအုန်းမယ်
သူတို့လုပ်ရပ်တွေနဲ့အခုရွေးကောက်ပွဲကစလို့အခုချိန်ထိ ၈၈ မျိုးဆက်ကလုပ်သွားတာတွေနဲ့ယှဉ်
ကြည့်ရင်ကွာခြားချက်သိသာလွန်းပါတယ်