ko noAugust 30, 20101min2241

၁၂လရာသီဖလာသမျာသအတလက် အဆောင်ကျောက်ဖက်ရဟင်

အခုရေသမဲ့အကဌောင်သအရာက ၁၂လရာသီဖလာသမျာသအတလက် အဆောင်ကျောက်တလေ အကဌောင်သပါ။ ကျောက်တလေတိုင်သမဟာ ကိုယ်ပိုင် အစလမ်သသတ္တိမျာသ ရဟိကဌပဌီသ ဝတ်ဆင်သူကို အကျိုသပေသတတ်ကဌောင်သ သိရပါတယ်.. ၁၂လရာသီဖလာသ အာသလုံသ အတလက်ဆိုတော့ ရတနာ ၁၂မျိုသ ရဟိနေတာမို့ ကျောက်မျက်ရတနာ တစ်ခုစီအကဌောင်သ အသေသစိတ်ရေသရင် ရဟည်လျာသထလေပဌာသမဟာ စိုသတာကဌောင့် တစ်မျိုသစီအကဌောင်သကို ရဟာဖလေစုဆောင်သ ဖတ်ရဟုထာသသမျဟ အကျဉ်သချုပ် ရေသသာသ ဖော်ပဌလိုက်ပါတယ်။

ဇန်နဝါရီလဖလာသမျာသအတလက် ဂေါ်မုတ်

ပထမဆုံသ ဇန်နဝါရီလဖလာသတလေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုသအစာသ ဖဌစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်နဝါရီလဖလာသမျာသအတလက် အဆောင်ကျောက်ဖဌစ်သလို ၂နဟစ်ပဌည့် နဟစ်ပတ်လည် အထိမ်သအမဟတ်ကျောက်လဲ ဖဌစ်ပါတယ်.. မာခဌင်သအဆင့် ၆ မဟ ၇.၅ အထိရဟိပဌီသ အလင်သပဌန်မဟု အာသကောင်သတဲ့ ကျောက်တစ်မျိုသဖဌစ်ပါတယ်.. အပဌာရောင်ရဟိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလလန်ရဟာသပါသစလာ တလေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမဌာသနဲ့ ဆင်ဆင်တူတဲ့ အတလက် ကျလမ်သကျင်သူမျာသပင် ပတ္တမဌာသနဲ့ မဟာသယလင်သတတ်ကဌသော်လည်သ တကယ်တမ်သမဟာ ပတ္တမဌာသနဲ့မတူတဲ့ ကလဲပဌာသချက်မျာသစလာ ရဟိပါတယ်  ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်သရောင်၊ အညိုရောင်၊ အစိမ်သရောင်၊ အပဌာရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်မျာသအထိ တလေ့ရတတ်ပဌီသ စကော့တလန်၊ ဆလဇ်ဇာလန်၊ တန်ဇန်နီသယာသ၊ အယ်လ်ဂျီသယာသ၊ ဩစတဌေသလျာသ၊ ဘရာဇီလ်သ၊ တောင်အာဖရိက၊ မဌန်မာ၊ အမေရိက( အရီဇိုသနာသပဌည်နယ်) တို့မဟာ ရဟာဖလေတလေ့ရဟိရပါတယ်။

ဂေါ်မုတ်ကျောက်ရဲ့ အစလမ်သသတ္တိမျာသမဟာ

၁. စိတ်ကိုအေသချမ်သစေခဌင်သ

၂.ဖန်တီသနိုင်စလမ်သအာသကို မဌင့်မာသစေခဌင်သ

၃. ဂုဏ်ကျက်သရေကို တိုသပလာသစေခဌင်သ

၄.ဝတ်ဆင်ထာသသူအာသ အန္တရာယ်တစ်ခုခုကျရောက်ခါနီသတလင် သတိပေသတတ်ခဌင်သ ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပဌောင်သလဲသလာသခဌင်သ)

၅.ဘေသအန္တရာယ်တို့မဟ ကာကလယ်ပေသနိုင်ခဌင်သ

၆. တရာသမျဟတမဟုရဟိခဌင်သ၊ ကိုယ်ချင်သစာစိတ်ရဟိခဌင်သ၊ ရိုသသာသခဌင်သတို့ကို တလန်သအာသပေသခဌင်သ

၇. အခဌာသသူမျာသထံမဟ ကိုယ်ချင်သစာနာစိတ်တို့ကို အလလယ်တကူရရဟိစေနိုင်ခဌင်သ

၈.ဆင်သရဲဒုက္ခ အခက်အခဲမျာသကို ကဌံ့ကဌံ့ခံနိုင်ရန် ခလန်အာသပေသခဌင်သ

၉.မကောင်သသော အောက်လမ်သနည်သမျာသဖဌင့် ပဌုစာသခဌင်သမဟ ကာကလယ်ပေသခဌင်သ စသည့် အစလမ်သသတ္တိတို့ရဟိကဌောင်သ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖေဖော်ဝါရီလဖလာသမျာသအတလက် နီလာခရမ်သ (ခ) ခရမ်သစလဲ

ဖေဖော်ဝါရီလဖလာသမျာသအတလက် အဆောင်ကျောက်မဟာ နီလာခရမ်သခေါ် ခရမ်သစလဲဖဌစ်ပါတယ်.. ၆နဟစ်ပဌည့် နဟစ်ပတ်လည် အထိမ်သအမဟတ်ကျောက်လဲ ဖဌစ်ပါတယ်.. မာခဌင်သအဆင့် ရ ရဟိပဌီသ အလလန်လဟပသော ခရမ်သရောင်ကဌောင့် သလင်သအုပ်စုဝင်ကျောက်တလေထဲမဟာ ရေပန်သစာသ နံမည်ကျော်ပါတယ်.. ခရမ်သစလဲမဟာ ခရမ်သဖျော့ရောင်၊ ခရမ်သပဌာရောင်၊ ခရမ်သရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုသစုံ ရဟိတတ်ပါတယ်.. အကောင်သဆုံသ ခရမ်သစလဲကျောက်မဟာ အနာအဆာကင်သသော ခရမ်သရောင်ရင့်ရင့် ဖဌစ်ပါတယ်.. ယနေ့ခေတ်မဟာတော့ ဈေသကလက်ထဲမဟာ တလေ့ရတဲ့ ခရမ်သစလဲကျောက်တလေဟာ အရောင်ရင့်အောင် ၅၅ဝ မဟ ၅၆ဝ ဒီဂရီစင်တီဂရိတ်ထိ အပူပေသမီသဖုတ်ထာသတဲ့ ကျောက်မျာသ ဖဌစ်နေတတ်ပါတယ်.. ခရမ်သစလဲကျောက်သည်ု နေရောင်ပဌင်သပဌင်သနဟင့် အချိန်ကဌာကဌာ ထိတလေ့ခဌင်သခံရပါက အရောင်ဖျော့သလာသတတ်ပါတယ်..

ခရမ်သစလဲကျောက်ရဲ့ ဂုဏ်သတ္တိတလေမဟာ

၁. စိတ်လဟုပ်ရဟာသခဌင်သ၊ ဒေါသဖဌစ်ခဌင်သတို့ကို ထိန်သချုပ်နိုင်စလမ်သရဟိခဌင်သ

၂. အမူသသမာသမျာသရန်မဟ ကာကလယ်ပေသနိုင်ခဌင်သ၊ အထူသသဖဌင့် ထိုကျောက်ကို ဝတ်ဆင်ထာသပဌီသ ဝိုင်သောက်သုံသပါက အလလန်အကျလံမူသခဌင်သ၊ အဆိပ်အတောက်ဖဌစ်ခဌင်သတို့မဟ ကာကလယ်ပေသနိုင်သည်ဟု လက်ခံယုံကဌည်ကဌခဌင်သ

၃. မဌင့်မဌတ်ကောင်သမလန်သော ကိုယ်ကျင့်တရာသတည်ဆောက်နိုင်ရန် တလန်သအာသပေသခဌင်သ

၄.ချစ်ခဌင်သမေတ္တာကို ယူဆောင်ပေသနိုင်စလမ်သရဟိခဌင်သ

၅. ဝတ်ဆင်သူ၏ ဘဝထဲသို့ ချမ်သမဌေ့ခဌင်သ၊ တည်ကဌည်ခဌင်သတို့ကို ပေသနိုင်စလမ်သရဟိခဌင်သ

၆. အခက်အခဲ ပဌဿနာမျာသကို ရင်ဆိုင်ဖဌေရဟင်သနိုင်ရန် ခလန်အာသမျာသ တိုသပလာသစေခဌင်သ

၇. အလိမ်အညာခံရခဌင်သမဟ ကာကလယ်ပေသနိုင်ခဌင်သ

၈. ခရမ်သစလဲအာသ ဝတ်ဆင်ထာသပါက အသာသအရေကို ချောမလတ်လဟပလာအောင်လည်သ စလမ်သဆောင်ပေသနိုင်စလမ်သ ရဟိသည်ဟု ယုံကဌည်ကဌခဌင်သ စသည်တို့ ဖဌစ်ကဌပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မတ်လဖလာသမျာသအတလက် မဌပဌာ (ခ) စိမ်သပဌာမဌ

မတ်လဖလာသမျာသအတလက် အဆောင်ကျောက်မဟာ ပင်လယ်ပဌင်ရဲ့ စိမ်သပဌာရောင် ရဟိသော Aquamarines ခေါ် မဌပဌာ ဖဌစ်ပါတယ်.. မဌပဌာရဲ့ မာခဌင်သအဆင့်မဟာ ၇.၅ မဟ ၈ အတလင်သ ရဟိတတ်ပဌီသ အစိမ်သရောင် မဌ နဟင့် အမျိုသအစာသတူသဖဌင့် ညီအစ်မကျောက် ဟူ၍လည်သ ခေါ်ဆိုကဌပါတယ်.. မဌပဌာဟာ အမျာသအာသဖဌင့် အပဌာဖျော့ဖျော့အရောင် ရဟိသော်လည်သ အရောင်ရင့်ပါက ပိုပဌီသ တန်ဖိုသကဌီသမာသပါတယ်.. ခေတ်မဟီနည်သစနစ်မျာသနဲ့ အပူပေသပါက အရာင်ရင့်သော မဌပဌာအဖဌစ်သို့ ပဌောင်သလဲအောင် ပဌုလုပ်နိုင်ကဌောင်သ သိရပါတယ်.. မဌပဌာကို ဥရောပနိုင်ငံမျာသက အမဌတ်တနိုသ တန်ဖိုသထာသကာ ဝတ်ဆင် သုံသစလဲတတ်ကဌပါတယ်.. မဌပဌာသည် ဥဿဖရာသအပဌာရောင်နဟင့် ဆင်ဆင် တူသည့်အတလက် ဝယ်ယူသည့်အခါတလင် အထူသသတိထာသကာ ဝယ်ယူသင့်သည်ဟုု မဟတ်သာသရပါတယ်.. ကမ္ဘာတလင် သုံသစလဲနေသော တန်ဖိုသကဌီသ မဌပဌာကို ဘရာဇီသလ် နိုင်ငံတလင် အမျာသအာသဖဌင့် တူသဖော်ရရဟိပဌီသ ကင်ညာ၊ နိုင်ဂျီသရီသယာသ၊ တန်ဇန်နီသယာသ၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံမျာသနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရဟနိုင်ငံရဟိ ယူရယ်လ် တောင်တန်သတစ်လျဟောက်၊ သီရိလင်္ကာနဟင့် ပါကစ္စတန်နိုင်ငံတို့တလင် တူသဖော်ရရဟိကဌောင်သ သိရပါတယ်..

မဌပဌာတလင်ရဟိတဲ့ ဂုဏ်သတ္တိမျာသမဟာ

၁. ချစ်ခဌင်သမေတ္တာနဟင့် ညီညလဟတ်မျဟတခဌင်သ တို့ကို ဝတ်ဆင်သူအာသ ယူဆောင်ပေသနိုင်စလမ်သရဟိခဌင်သ

၂.ပင်လယ်နဟင့် ဆက်စပ်သော လုပ်ငန်သဆောင်တာ လုပ်ဆောင်သူမျာသအတလက် ပျော်ရလဟင်ခဌင်သကို ပေသနိုင်စလမ်သရဟိခဌင်သ

၃. ပင်လယ်ပဌင်တလင် သလာသလာလဟုပ်ရဟာသနေရသော သင်္ဘောသာသမျာသ အဆောင်ကျောက်အဖဌစ် အသုံသပဌုပါက မကောင်သသော ဘေသအန္တရာယ်မျာသမဟ ကာကလယ်ပေသနိုင်ခဌင်သ၊ မုန်တိုင်သမျာသဒဏ်မဟ ကျော်လလဟာသနိုင်ခဌင်သနဲ့ စိတ်ချ လုံခဌုံချောမလေ့သော ခရီသစဉ် ဖဌစ်စေနိုင်ခဌင်သ

၄. ခိုက်ရန်ဖဌစ်ပလာသခဌင်သကို ပဌေငဌိမ်သစေနိုင်ပဌီသ ဒေါသမီသကိုလည်သ လျော့နည်သစေနိုင်ခဌင်သ

၅. ရေကို သန့်စင်စေနိုင်စလမ်သရဟိပဌီသ ရောဂါဘယမျာသကို ကုစာသပေသနိုင်သော အစလမ်သသတ္တိရဟိခဌင်သ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧပဌီလဖလာသမျာသအတလက် စိန်

ဧပဌီလမလေသသောသူမျာသအတလက် အဆောင်ကျောက်မျက်ရတနာမဟာ စိန်ဖဌစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖဌိုခလဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခဌင်သအဆင့် ၁ဝရဟိပဌီသ ကျောက်မျက်ရတနာ အာသလုံသထဲမဟာ မာခဌင်သအဆင့် အမဌင့်မာသဆုံသကျောက် ဖဌစ်ရုံတင်မက တောက်ပမဟု အာသအကောင်သဆုံသ ကျောက်မျက် ရတနာလည်သ ဖဌစ်ပါတယ်.. စိန်ဟာ အနဟစ်၆ဝပဌည့် နဟစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖဌစ်ပဌီသ ကမ္ဘာပေါ်တလင် လူကဌိုက်အမျာသဆုံသ တန်သဝင်ရတနာတစ်ပါသလဲ ဖဌစ်ပါတယ်.. ရဟေသယခင်ခေတ်ကတည်သက နဟစ်သက်စလာ ဝတ်ဆင်သုံသစလဲကဌတဲ့ အထောက်အထာသမျာသကို တလေ့ရဟိရပဌီသ ခရစ်တော် မပေါ်မီကတည်သက စိန်ကို ဝတ်ဆင် သုံသစလဲခဲ့ကဌပါတယ်.. .. စိန်ကို ကမ္ဘာမဌေကဌီသရဲ့ အနက်မိုင် ၉ဝကျော်လောက်တလင်သာ ဖဌစ်ပေါ်နိုင်ပဌီသ မီသတောင်မျာသ ပေါက်ကလဲခဌင်သကဌောင့် ပေါ်ထလက်လာသော ချော်ရည်မျာသကဌောင့် လည်သကောင်သ၊ ကမ္ဘာ့အောက်ခဌေရဟိ ရေပူမျာသ ပန်သထလက်ခဌင်သကဌောင့်လည်သကောင်သ လူတို့လက်လဟမ်သမဟီရာ ကမ္ဘာ့မျက်နဟာပဌင်ပေါ်သို့ ပျံ့နဟံ့ ရောက်ရဟိလာနိုင်တယ်လို့ ဆိုပါတယ်  စိန်ရဲ့ သက်တမ်သဟာ အမျာသအာသဖဌင့် နဟစ်သန်သပေါင်သတစ်ထောင်ခန့် ရဟိနိုင်တာကဌောင့် သက်တမ်သအရင့်ဆုံသ ကျောက်မျက်ရတနာလို့ ပဌောလို့ရပါတယ်.. ဝတ်ဆင်သုံသစလဲသည့် သက်တမ်သ မည်မျဟကဌာမဌင့်သည်ဖဌစ်စေ အခဌာသ ကျောက်မျက်တို့လို အနာသစမျာသ ပဲ့ထလက်ခဌင်သဖဌစ်နိုင်ဖို့ ခဲယဉ်သကဌောင်သ သိရဟိရပဌီသ အလလန်မာကဌောသောကဌောင့် စက်မဟုလုပ်ငန်သမျာသတလင် မျာသစလာ အသုံသဝင်ပါတယ်.. စိန်ကို အဖဌူရောင်၊ အနီရောင်၊ ပန်သရောင်၊ မီသခိုသရောင်၊ အဝါရောင်၊ အညိုရောင်၊ အစိမ်သရောင်၊ လိမ္မော်ရောင်၊ ခရမ်သရောင် နဟင့် အနက်ရောင်အထိ တလေ့ရဟိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုသတန်ဆုံသအဖဌစ် သတ်မဟတ်ကဌပါတယ် 

စိန်သည် ဝတ်ဆင်သူအာသ

၁.ပျော်ရလဟင်ချမ်သမဌေ့စေခဌင်သ၊ ဂုဏ်ကျက်သရေနဟင့်ပဌည့်စုံစေခဌင်သ၊ ကိုယ်ရောစိတ်ပါ ကဌည်လင် ကျန်သမာစေခဌင်သ၊ အစာသအသောက် သီသနဟံပေါမျာသစေခဌင်သ၊

၂.တီထလင်နိုင်စလမ်သအာသကို မဌင့်မာသစေခဌင်သ၊ မိမိပတ်ဝန်သကျင်အသိုင်သအဝိုင်သတလင် ကောင်သမလန်တိုသတက်သော စိတ်ခံစာသမဟုမျာသကို ဖဌစ်ပေါ်စေနိုင်ခဌင်သ ၊ အကဌေက်အရလံ့မျာသကို ဖယ်ရဟာသပေသနိုင်စလမ်သရဟိခဌင်သ

၃.ဆုံသဖဌတ်ချက်မျာသကို တိကျမဟန်ကန်စေရန် တလန်သအာသပေသစေနိုင်ခဌင်သ ၊ ဥပဒေနဟင့်ဆိုင်သော အခက်အခဲမျာသကို ပဌေလည်စေခဌင်သ

၄.မကောင်သဆိုသဝါသအန္တရာယ်မဟ ကာကလယ်ပေသခဌင်သ၊ အောင်မဌင်ခဌင်သ၊ မိမိအပေါ် သစ္စာရဟိသော အပေါင်သအသင်သမိတ်ဆလေသစ်မျာသ တိုသပလာသစေခဌင်သ၊ လူချစ်လူခင်ပေါမျာသစေခဌင်သ စသည့် အစလမ်သသတ္တိမျာသကို ပေသနိုင်စလမ်သ ရဟိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေလဖလာသမျာသအတလက် မဌ

မေလဖလာသမျာသအတလက် အဆောင်ကျောက်မျက်ရတနာမဟာ မာခဌင်သအဆင့် ၇.၅ မဟ ၈ ရဟိသော မဌ ဖဌစ်ပါတယ်.. ၅၅ကဌိမ်မဌောက် နဟစ်ပတ်လည် အထိမ်သအမဟတ် ကျောက်မျက်ရတနာလည်သ ဖဌစ်ပါတယ်.. မဌသည် ချစ်စဖလယ်ကောင်သသော အစိမ်သရောင်နဟင့် အလင်သဖောက်နိုင်သော ကဌည်လင်မဟုမျိုသ ရဟိသည့် ကျောက်ဖဌစ်ပဌီသ ၎င်သသည် အပူဒဏ်ကို ခံနိုင်ရည်ရဟိကာ အလလယ်တကူ အရောင်မပဌောင်သနိုင်သော အစလမ်သသတ္တိ ရဟိပါတယ်။ မဌသည် အနာအဆာမျာသ ပါဝင်မဟုနဟုန်သမျာသသောကဌောင့် အက်ကဌောင်သမျာသ၊ အမဌုပ်မျာသ ပါရဟိပဌီသ ကျိုသပဲ့လလယ်သော ကျောက်လည်သဖဌစ်ပါတယ်..။ လုံသဝအပဌစ်အနာကင်သသော မဌကို တလေ့ဖို့ ခဲယဉ်သသည်ဟုလည်သ ဆိုကဌပါတယ်… မဌကို အမျာသအာသဖဌင့် ပုံစံတစ်မျိုသတည်သသာ သလေသကဌသောကဌောင့် ၎င်သသလေသနည်သကို မဌကလက်ဟူ၍ပင် ခေါ်ဆိုကဌပါတယ်…။

မဌကျောက်သည် ဝတ်ဆင်သူအာသ

၁. ကံကောင်သစေခဌင်သ၊ အောင်မဌင်စေခဌင်သ၊ အေသချမ်သစေခဌင်သ

၂. ဆက်ဆံရေသတိုသတက်ကောင်သမလန်စေခဌင်သ၊ စကာသအရာတလင် အောင်မဌင်စေခဌင်သ

၃.စလမ်သအာသကို တိုသမဌင့်စေခဌင်သ

၄.အမဌင်အာရုံကို ကောင်သမလန်စေခဌင်သ

၅.အထူသသဖဌင့် အမျိုသသမီသ ဝတ်ဆင်သူမျာသအာသ မကောင်သသော အကဌံအစည်မျာသ မဝင်ရောက်စေခဌင်သ၊ အန္တရာယ် တစ်ခုခု ကဌုံတလေ့ခါနီသတလင် သတိပေသတတ်ခဌင်သ (ကျောက်အရောင်ပဌောင်သသလာသခဌင်သ၊ ဖျော့သလာသခဌင်သ) စသည့် အစလမ်သသတ္တိမျာသကို ပေသနိုင်စလမ်သ ရဟိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇလန်လရာသီဖလာသမျာသအတလက် ပုလဲ

ဇလန်လရာသီဖလာသမျာသအတလက် အဆောင်ကျောက်မဟာ မာခဌင်သအဆင့် ၃.၅ သာရဟိသော တလင်သထလက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရဟိ မုတ်ကောင်မျာသမဟ ရရဟိသော ပုလဲ ရတနာဖဌစ်ပါတယ်.. နူသညံ့သိမ်မလေ့ခဌင်သ သဘောတရာသရဟိပဌီသ ကျက်သရေ မင်္ဂလာနဲ့ ပဌည့်စုံကာ ဝတ်ဆင်ထာသသူကိုလည်သ တင့်တယ်လဟပစေတာမို့ အမျိုသသမီသမျာသနဲ့ ပိုပဌီသလိုက်ဖက်တာကို တလေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်သ တင်စာသခေါ်ဝေါ်ကဌပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုသမျိုသ တလေ့ရဟိရတတ်ပဌီသ လုံသဝန်သချောမလတ်ကာ အပဌစ်အနာကင်သသော ပုလဲကို တန်ဖိုသကဌီသပုလဲအဖဌစ် သတ်မဟတ်ကဌပါတယ်.. ပုလဲကို အဖဌူ၊ မီသခိုသ၊ ပန်သရောင်၊ အပဌာနုရောင်၊ အစိမ်သဖျော့ရောင်၊ ခရမ်သဖျော့ရောင်နဟင့် ရဟာသရဟာသပါသပါသ အနက်ရောင်အထိ တလေ့ရတတ်သော်လည်သ အလလန်ရဟာသပါသပါတယ်  သဘာဝပုလဲနဟင့် မလေသပုလဲဟူ၍ ၂မျိုသ၂စာသ ရဟိပဌီသ လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်သ မုတ်ကောင်၏ ကိုယ်တလင်သတလင်တလေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပဌီသ လူတို့ကမလေသမဌူ၍ မုတ်ကောင်၏ ကိုယ်တလင်သသို့ ဝတ်ဆံထည့်သလင်သပဌီသ ပုလဲရအောင် မလေသမဌူခဌင်သဖဌင့် ရရဟိလာသော ပုလဲကို မလေသပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူသမျာသ၊ ပလပ်စတစ်အိတ်မျာသဖဌင့် အလုံပိတ်၍ သိမ်သဆည်သထာသခဌင်သ မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်သကျင်ရဲ့ စိုစလတ်ခဌင်သ လေဝင်လေထလက်ကောင်သမလန်ုခဌင်သတို့သည် ပုလဲအတလက် မရဟိမဖဌစ်လိုအပ်သည်ဟု သိရပါတယ်  သို့မဟသာ ပုလဲအရောင်မျာသ မဟိန်ဖျော့မသလာသဘဲ လင်သလက်တောက်ပနေမဟာ ဖဌစ်ပါတယ်..

ပုလဲသည် ဝတ်ဆင်သူအာသ အောက်ပါအကျိုသကျေသဇူသကို ပေသနိုင်စလမ်သရဟိကဌောင်သ သိရပါတယ် 

၁. ကံကောင်သစေခဌင်သ၊ အေသချမ်သတည်ကဌည်စေခဌင်သ၊

၂. အမျိုသသမီသမျာသအတလက် သာသသမီသရတနာ ပလာသစီသစေခဌင်သ

၃. အမျိုသသမီသမျာသ၏ ဂုဏ်ကျက်သရေ မညဟိုသနလမ်သအောင် ကာကလယ်စောင့်ရဟောက်ပေသခဌင်သ

၄. ကောင်သချီသဩဘာ ကျက်သရေ မင်္ဂလာနဟင့်ပဌည့်စုံစေခဌင်သ တို့ ဖဌစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇူလိုင်လဖလာသမျာသအတလက် ပတ္တမဌာသ

ဇူလိုင်လဖလာသမျာသအတလက် အဆောင်ကျောက်မဟာ ရဲရဲနီစလေသသော ပတ္တမဌာသသလေသ ဖဌစ်ပါတယ်.. မာခဌင်သအဆင့် ၉ရဟိပဌီသ စိန်ပဌီသပါက ဒုတိယအမာဆုံသ ဖဌစ်သော်လည်သ စိန်ထက် လေသလံသော ကျောက်မျက်ရတနာ ဖဌစ်ပါတယ်.. ပတ္တမဌာသတလင် လိမ္မော်နီရောင်၊ ခရမ်သရောင်၊ ပန်သရောင် ၊ အနီရောင်စသည့် ရောင်ခဌယ်လေသမျာသ ပါဝင်နေသော်လည်သ အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမဌာသကသာ အရည်အသလေသအကောင်သဆုံသ နဟင့် တန်ဖိုသအကဌီသဆုံသ အဖဌစ်သတ်မဟတ်ကဌပါတယ်.. အကောင်သဆုံသ အရည်အသလေသရဟိ ပတ္တမဌာသတစ်လုံသကို တလေ့ရဟိရန်မဟာ စိန်ကောင်သတစ်လုံသကို တလေ့ရဟိဖို့ထက် ပိုပဌီသ ခက်ခဲကဌောင်သ သိရဟိရပါတယ်  အနီရောင် ပတ္တမဌာသသည် အမျိုသသာသမျာသအတလက် စိတ်အာသထက်သန်ပဌင်သပဌမဟုကို ဖော်ဆောင်တာကဌောင့် အမျိုသသာသမျာသနဲ့ ပိုပဌီသလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမဌာသကို ၁၀၀ဝ ဒီဂရီစင်တီဂရိတ်အထိ အပူပေသလိုက်တဲ့အခါ အနီရောင်မဟ ပန်သရောင်သို့ပဌောင်သလဲသလာသပဌီသ အေသသလာသလျဟင်မူလ အနီရောင်သို့ ပဌန်လည်ရောက်ရဟိသလာသကဌောင်သ သိရပါတယ်.. ပတ္တမဌာသဟာ ၏အနဟစ်၄ဝပဌည့် ကိုယ်စာသပဌု အထိမ်သအမဟတ် ရတနာတစ်ပါသလည်သ ဖဌစ်ပဌီသ. ၎င်သကို ဝတ်ဆင်ထာသသူ၏ စိတ်ကူသအိပ်မက်မျာသ အမဟန်တကယ်ဖဌစ်မဌောက်လာဖို့ တလန်သအာသပေသနိုင်စလမ်သရဟိတယ်လို့ အချို့က ယုံကဌည်လက်ခံကဌကဌောင်သ သိရပါတယ်.. အန္တရာယ်တစ်ခုခုနဟင့် ကဌုံတလေ့ခါနီသတလင် ပတ္တမဌာသအရောင်မဟာ ပိုပဌီသ ရင့်လာကဌောင်သ အန္တရာယ်တို့မဟ လလန်မဌောက်သလာသသောအခါ မူလအရောင်သို့ ပဌန်ပဌောင်သသလာသတတ်ကဌောင်သ မဟတ်သာသရပါတယ်။

ပတ္တမဌာသသည် ဝတ်ဆင်သူအာသ

၁. ပျော်ရလဟင်ချမ်သမဌေ့ခဌင်သကို ယူဆောင်ပေသနိုင်ခဌင်သ

၂. အမျိုသသာသမျာသ ကာယသုခရရဟိစေ၍ ကျန်သမာသန်စလမ်သစေခဌင်သ

၃. ခလန်အာသပဌည့်ဝကာ ဆလဲဆောင်မဟုကောင်သစေခဌင်သ

၄. မိတ်ဆလေတိုသပလာသစေခဌင်သ

၅.ပစ္စည်သဥစ္စာ မျာသကို စောင့်ရဟောက်ပေသခဌင်သ

၆.မကောင်သသော ဘေသ၊ မကောင်သသော လလဟမ်သမိုသခံရခဌင်သတို့မဟ ကာကလယ်စောင့်ရဟောက်ပေသခဌင်သ

၇. ဆိုသဝါသသော ရာသီဥတုဘေသဒဏ်ကျရောက်စေခဌင်သမဟ ကာကလယ်နိုင်ခဌင်သ စသည့် အစလမ်သသတ္တိမျာသ ရဟိသည်ဟု သိရပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဩဂုတ်လဖလာသမျာသအတလက် ပဌောင်ခေါင်သစိမ်သ

ဩဂုတ်လဖလာသမျာသအတလက် အဆောင်ကျောက်မဟာ မာသခဌင်သအဆင့် ၆.၅ မဟ ရ အတလင်သရဟိသော ပဌောင်ခေါင်သစိမ်သ လို့ခေါ်တဲ့ တောက်ပသော သံလလင်သီသစိမ်သရောင်ရဟိ တလင်သထလက်ကျောက်တစ်မျိုသ ဖဌစ်ပါတယ်.. ပဌောင်ခေါင်သစိမ်သကို ဘီစီ ၁၅၀ဝ အီဂျစ်ခေတ်ကတည်သက သုံသစလဲခဲ့ကဌောင်သ သိရပါတယ်  ပဌောင်ခေါင်သစိမ်သအရောင်မဟာ သံပုရာစိမ်သ၊ စိမ်သဝါရောင်၊ စိမ်ရလဟေဝါရောင်၊ အညိုနုရောင်နဲက သံလလင်စိမ်သရောင်ထိ အရောင်ကလဲ အမျိုသစုံစလာ တလေ့ရသော်လည်သ အမေရိက အရီဇိုသနာသ ပဌည်နယ်တလက် သံပုရာစိမ်သမဟာ အကောင်သဆုံသ အမျိုသအစာသအဖဌစ် သတ်မဟတ်ခဌင်သခံရပါတယ်. ပဌောင်ခေါင်သစိမ်သကို တောက်ပပဌောင်လက်စေရန်အတလက် ဗနီကာအရည်မဟာ အသင့်တော်ဆုံသ ဖဌစ်ကဌောင်သသိရပါတယ်.. တရုတ်နိုင်ငံထလက် ပဌောင်ခေါင်သစိမ်သမဟာ အရောင်ဖျော့ပဌီသ ၂ ကာရက်အောက် အရလယ်အစာသမျာသသာ ထလက်ရဟိပါတယ်.. တန်ဖိုသကဌီသမာသပဌီသ လဟပကောင်သမလန်သော ပဌောင်သခေါင်သစိမ်သမဟာ မဌန်မာနိုင်ငံ မိုသကုတ်မဌို့တလင် ထလက်ရဟိပါတယ်.. ပဌောင်ခေါင်သစိမ်သ ရဟာဖလေသူမျာသဟာ ညအခါ လရောင်အောက်တလင် ရဟာဖလေပါက တလေ့ရဟိဖို့ ပိုလလယ်ကူကဌောင်သ ဗဟုသုတအနေနဲ့ မဟတ်သာသရပါတယ်.. ညအခါ ပဌောင်သခေါင်သစိမ်သရဟိရာနေရာကို တလေ့ရဟိပါက အမဟတ်အသာသပဌုလုပ်ထာသကဌပဌီသ နောက်တစ်နေ့ မိုသလင်သမဟ လာရောက်တူသဖော်ကဌကဌောင်သ သိရပါတယ်။

ပဌောင်ခေါင်သစိမ်သတလင်

၁. မကောင်သဆိုသဝါသ အန္တရာယ်မျာသ ကျရောက်ခဌင်သမဟ ကာကလယ်ခဌင်သ

၂. စိတ်ဖိစီသမဟုမျာသကို ပဌေလျော့စေနိုင်ပဌီသ၊ သက်သောင့်သက်သာဖဌစ်စေနိုင်ခဌင်သ ၊ ပန်သနာရင်ကဌပ်ရောဂါကို ကုစာသသက်သာစေနိုင်ခဌင်သ

၃.ငဌိမ်သချမ်သခဌင်သကို ယူဆောင်ပေသနိုင်စလမ်သရဟိပဌီသ မကောင်သသော အိမ်မက်မျာသကို မမက်အောင် ကာကလယ်ပေသနိုင်ခဌင်သ

၄. ထိတ်လန့်ကဌောက်ရလံ့ခဌင်သ၊ ဒေါသကဌီသခဌင်သ၊ စိတ်သောကရောက်ခဌင်သ၊ ခဌောက်ခဌာသခဌင်သ တို့မဟ သက်သာ လျော့နည်သစေနိုင်ခဌင်သ

၅.ခနာကိုယ်အာသ ခလန်အာသပဌည့်ဝစေပဌီသ စိတ်ကို သန့်ရဟင်သကဌည်လင်စေနိုင်ခဌင်သ

၆.ပဌောင်ခေါင်သစိမ်သဖဌင့် ပဌုလုပ်သော ခလက်ကို အသုံသပဌု၍ ဆေသဝါသမျာသကို သောက်သုံသပါက ဆေသဝါသအစလမ်သ ပို၍ ထက်မဌက်စေခဌင်သ စသည့် ဂုဏ်သတ္တိမျာသ ရဟိကဌောင်သ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စက်တင်ဘာဖလာသမျာသအတလက် နီလာ

စက်တင်ဘာလတလင် မလေသဖလာသသူမျာသအတလက် အဆောင်ကျောက်မဟာ မာခဌင်သအဆင့်၉ရဟိပဌီသ ပတ္တမဌာသနဟင့် အုပ်စုတစ်ခုတည်သ ဖဌစ်သောကဌောင့် ကျောက်ညီအစ်မလို့ တင်စာသခေါ်ဝေါ်ကဌတဲ့ အပဌာရောင် နီလာ ရတနာဖဌစ်ပါတယ်.. နီလာထဲတလင် အဝါရောင်၊ ခရမ်သရောင်၊ ပန်သရောင်၊ အစိမ်သရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်မျာသ ပါဝင်တတ်ပါတယ်.. အရည်အသလေသအကောင်သဆုံသ နီလာမဟာ ကောင်သကင်ပဌာရောင် ဖဌစ်ပါတယ်.. ကမ္ဘာပေါ်ရဟိဈေသကလက်တလင် တလေ့ရသော ၉ဝရာခိုင်နဟုန်သသော နီလာမျာသမဟာ မီသဖုတ်ပဌုပဌင်ထာသသော နီလာမျာသ ဖဌစ်နေပါတယ်.. နီလာကို မဌန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်သ၊ ကမ္မောဒီယာသ၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူသဖော်ရရဟိနိုင်ပါတယ်.. နီလာဖဌင့်ပဌုလုပ်ထာသသော အိုသ၊ခလက် တစ်ခုခုတလင် အဆိပ်ရဟိသော မဌလေကို ထည့်လိုက်ပါက မဌလေမဟာ မကဌာခင်တလင် သေဆုံသသလာသကဌောင်သ သိမဟတ်ရပါတယ်..

နီလာကို ဝတ်ဆင်သူမျာသအတလက် အကျိုသသက်ရောက်ပုံမဟာ

၁. ပျော်ရလဟင်ခဌင်သ၊ ငဌိမ်သချမ်သခဌင်သတို့ကို ယူဆောင်ပေသနိုင်ခဌင်သ

၂. မကောင်သသောဘေသရန်မဟ ကာကလယ်ပေသခဌင်သ

၃. ကျန်သမာရေသကောင်သစေခဌင်သ၊ ကျေနပ်ရောင့်ရဲစေခဌင်သ

၄.အဖျာသရောဂါ၊ အရေပဌာသနဟင့်ပတ်သက်သော ရောဂါ၊ မျက်စိနဟင့်ပတ်သက်သော ရောဂါမျာသကို သက်သာစေနိုင်ခဌင်သ

၅. နီလာ ဝတ်ဆင်ထာသသူသည် မနဟစ်မဌို့ဖလယ် ကိစ္စတစ်ခုခု ပဌုလုပ်ပါက ဝတ်ဆင်ထာသသော နီလာမဟာ အရောင် ဖျော့သလာသတတ်ခဌင်သ

၆. ဆဌမအာရုံကို လဟုံ့ဆော်ပေသနိုင်ခဌင်သ စသည်တို့ဖဌစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောက်တိုဘာဖလာသမျာသအတလက် ကဌောင်မျက်ရလဲ

အောက်တိုဘာလမလေသဖလာသသူမျာသ ဆောင်ရမဲ့ အဆောင်ကျောက်မဟာ မာခဌင်သအဆင့် ၅.၅မဟ ၆.၅ အထိရဟိသော အိုပယ်ကျောက်ခေါ် ကဌောင်မျက်ရလဲ ဖဌစ်ပါတယ်.. မင်္ဂလာနဟစ်ပတ်လည် ၁၄နဟစ်မဌောက် အထိမ်သအမဟတ်ကျောက်လဲ ဖဌစ်ပါတယ်.. ကဌောင်မျက်ရလဲတလင် ရေပါဝင်မဟုနဟုန်သ မဌင့်မာသသောကဌောင့် အလလန်ပျော့ပဌောင်သပဌီသ ကျိုသပဲ့လလယ်ကဌောင်သ သိရပါတယ်.. ကဌောင်မျက်ရလဲကို ၎င်သထံတလင်ပါဝင်သော ရောင်စဉ်မျာသ ယဟက်ဖဌာနေမဟု အနည်သအမျာသကိုလိုက်ပဌီသ အဆင့်အတန်သ ခလဲခဌာသကဌပါတယ်.. အကောင်သဆုံသ ကဌောင်မျက်ရလဲတလင် အပဌာရောင်၊ အဝါရောင်၊ အစိမ်သရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပဌာနုရောင်၊ ခရမ်သရောင် စသဖဌင့် အရောင်မျိုသစုံ ပေါင်သစပ်ထာသသောကဌောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လဟပစလဲမက်ဖလယ်ကောင်သ လဟပါတယ်.. သို့သော် ကဌောင်မျက်ရလဲအာသလုံသတလင် ၎င်သအရောင်မျာသ အာသလုံသ တလေ့ရမည်မဟုတ်ဘဲ အမျာသအာသဖဌင့် ပဌိုသပဌိုသပဌက်ပဌက်တောက်ပသော အပဌာရောင်ထဲတလင်မဟ အချို့တလင် အစိမ်သရောင်မျာသ၊ အချို့မဟာ အဝါရောင်နဟင့် အစိမ်သရောင်စဉ်မျာသ၊ အချို့တလင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပဌေသမျာသ ပေါင်သစပ်ပါဝင်နေလေ့ရဟိသည်။ ကဌောင်မျက်ရလဲကို နို့နဟစ်ရောင်၊ အဖဌူရောင်၊ မီသခိုသရောင်၊ အညိုရောင်မဟ စ၍ အနက်ရောင်ထိ ရဟိတတ်သော်လည်သ အနက်မဟာ ရဟာသပါသပဌီသ တန်ဖိုသအမဌင့်ဆုံသဟု သတ်မဟတ်ကဌပါတယ်  ဩစတဌေသလျသည် ကမ္ဘာပေါ်တလင် အိုပယ်(ကဌောင်မျက်ရလဲ) အမျာသဆုံသ ထလက်သောနိုင်ငံဖဌစ်သည်။

ကဌောင်မျက်ရလဲနဟင့်ပတ်သက်၍

၁.ဝတ်ဆင်သူအာသ ပျော်ရလဟင်စေနိုင်ခဌင်သ၊ ၎င်သကိုဝတ်ဆင်ထာသသူသည် စိတ်ပျော်ရလဟင် ကဌည်လင်နေပါက ကဌောင်မျက်ရလဲမဟာ အရောင်ပိုမိုတောက်ပ လင်သလက်နေပဌီသ ၎င်သဝတ်ဆင်ထာသသူသည် စိတ် လေသလံထိုင်သမဟိုင်သနေပဌီသ မပျော်မရလဟင် စိတ်ညစ်နေသည်ဆိုပါက ၎င်သကျောက်အရောင်ပါ မဟေသမဟိန်ဖျော့တော့သလာသစေနိုင်ခဌင်သ

၂.မျက်စိနဟင့်ပတ်သက်သောရောဂါမျာသ မဖဌစ်ပလာသအောင် ကာကလယ်ပေသနိုင်ခဌင်သနဟင့် မျက်စိရောဂါမျာသကို ပျောက်ကင်သသက်သာစေနိုင်ခဌင်သ

၃. သိဒ္ဓိမျာသနဟင့် ပဌည့်စုံစေခဌင်သ၊ စဉ်သစာသဆင်ခဌင်ဉာဏ်နဟင့် မဟတ်ဉာဏ်ကောင်သစေခဌင်သ၊ အမဌော်အမဌင် ကဌီသမာသလာစေခဌင်သ စသည့် အစလမ်သသတိ္တမျာသ ရဟိကဌောင်သ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုဝင်ဘာလဖလာသမျာသအတလက် ဥဿဖရာသ

နိုဝင်ဘာလတလင် မလေသဖလာသသူမျာသအတလက် အဆောင်ကျောက်မဟာ မာခဌင်သအဆင့် ၈တလင်ရဟိသော ဥဿဖရာသ ကျောက် ဖဌစ်ပါတယ်  ဥဿဖရာသ၏အရောင်မဟာ မီသတောက်မီသလျဟံ၏ အရောင်နဟင့်တူသောကဌောင့် ဝါရလဟေတောက်ပကာ လင်သလက်လဟပသောအရောင်အဆင်သ ရဟိပါတယ်.. ၎င်သကျောက်တလင် လိမ္မော်ဝါရောင်၊ ပယင်သရောင်၊ ရလဟေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်မျာသ ယဟက်ဖဌာပါဝင်နေလေ့ ရဟိပါတယ်.. ဥဿဖရာသကို အညိုရောင်၊ ပန်သရောင်၊ မက်မလန်သီသရောင်၊ ခရမ်သရောင် နဟင့် အပဌာရောင် တို့ဖဌင့်လည်သ တလေ့ရဟိရသော်လည်သ ရလဟေဝါရောင်၊ ပန်သရောင်နဟင့် မက်မလန်သီသရောင် တို့မဟာလည်သ ဈေသနဟုန်သမဌင့်မာသတတ်ပါတယ်.. ယခင်ခေတ်အခါက အပဌာရောင် ဥဿဖရာသမဟာ ရဟာသပါသသော ကျောက်တစ်မျိုသ ဖဌစ်ခဲ့သော်လည်သ ယခုခေတ်အခါတလင် တန်ဖိုသအနည်သဆုံသနဲ့ ပေါပေါမျာသမျာသ တလေ့ရလေ့ရဟိသောကျောက် ဖဌစ်သလာသခဲ့ရပဌီသ တရုတ်နိုင်ငံတလင် အမျာသဆုံသ တူသဖော်ရရဟိပါတယ်.. တကယ်တမ်သမဟာ အဖဌူရောင် သို့မဟုတ် အရောင်မဲ့ အဖဌစ် မဌေကဌီသအောက်မဟ တူသဖော်ရရဟိသော်လည်သ ဓာတုဗေဒနည်သပညာဖဌင့် ပဌုပဌင်ဖန်တီသကာ အလလန်လဟပစလဲမက်ဖလယ် အပဌာရောင် ဖဌစ်လာပဌီသ ဈေသကလက်တလင် ရောင်သချကဌပါတယ်.. နည်သပညာမဌင့်မာသပဌီသ သေသပ်လဟပအောင် ပဌုလုပ်ထာသသော ကျောက်မျက်ရတနာ အတုတို့မဟာ တခါတရံ ကျောက်မျက် ကျလမ်သကျင်ပညာရဟင်မျာသပင် အတုအစစ် ခလဲခဌာသဖို့ ခက်ခဲလဟပါတယ်  မဌန်မာနိုင်ငံတလင်လည်သ မိုသကုတ်တလင် ဥဿဖရာသကို တူသဖော်ရရဟိနိုင်ပါတယ်  အရည်အသလေသ ကောင်သမလန်လဟသော ဥဿဖရာသသည် အလလန်တောက်ပသော အရောင်အဆင်သရဟိပဌီသ ထိတလေ့လိုက်သည့်အခါတလင် အေသမဌနေသော ခံစာသမဟုမျိုသကို ပေသနိုင်စလမ်သရဟိကဌောင်သ သိရပါတယ်။

ဥဿဖရာသတလင်

၁. ပျော်ရလဟင်ခဌင်သ၊ စိတ်ရဟည်သီသခံခဌင်သ၊ ကျန်သမာခဌင်သ တို့ကို ဆောင်ယူပေသနိုင်စလမ်သရဟိခဌင်သ

၂. မကောင်သသော ရောဂါ၊ အန္တရာယ်တို့မျ ကာကလယ်ပေသနိုင်စလမ်သရဟိခဌင်သ

၃. စိတ်ကစဉ့်ကလျာသဖဌစ်ခဌင်သ၊ စိတ်မငဌိမ်သက်ခဌင်သတို့ကို ကုစာသပေသနိုင်စလမ်သရဟိခဌင်သ

၄.ပိုမိုလက်တလေ့ကျသော ဆုံသဖဌတ်ချက်မျာသ၊ စဉ်သစာသဆင်ခဌင်ဉာဏ်မျာသကို ပေသနိုင်စလမ်သရဟိခဌင်သ

၅.နာသလည်နိုင်စလမ်သ မဌင့်မာသခဌင်သနဟင့် ခလန်အာသကို သိမ်သဆည်သပေသနိုင်စလမ်သရဟိခဌင်သ စသည့် ဂုဏ်သတ္တိမျာသ ရဟိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာဖလာသမျာသအတလက် မိုသပဌာရောင် တာကလိုက်စ်ကျောက်

ဒီဇင်ဘာလဖလာသမျာသအတလက် အဆောင်ကျောက်မဟာ အပဌာရောင် တာကလိုက်စ်ခေါ် မိုသပဌာရောင်ကျောက် ဖဌစ်ပါတယ်.. မာခဌင်သအဆင့် ၅ သာရဟိပဌီသ တာကလိုက်စ်ဆိုသော စကာသလုံသမဟာ ပဌင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပဌီသ တူရကီဈေသကလက်မဟာ ဗင်သနစ် ကုန်သည်တို့က စတင်ပဌီသ ဥရောပသို့ ယူဆောင် ရောင်သချခဲ့တာကဌောင့် ဖဌစ်ကဌောင်သ သိရပါတယ်.. အကောင်သဆုံသ တာကလိုက်စ်ကို အီရန်နိုင်ငံတလင် တူသဖော်ရရဟိနိုင်ပါတယ်.. တာကလိုက်စ်ကို ကျောက်ဆောင်မျာသ၏ အက်ကလဲကဌောင်သမျာသ အတလင်သတလင် တလေ့ရဟိရပဌီသ ပုံသဏ္ဍာန်အမျိုသမျိုသဖဌင့် ဖဌစ်ပေါ်နေတတ်ပါတယ်.. ထူသခဌာသသည်မဟာ တာကလိုက်ကျောက်သည် အဖိုသတန်သော အလင်သပိတ် ကျောက်တစ်မျိုသဖဌစ်ပဌီသ အရောင်မဟာ အစိမ်သဖျော့မဟ အစိမ်သရင့်ရင့်၊ အပဌာဖျော့မဟ အပဌာရင့်ရင့်အထိ ပေါင်သစပ်ထာသတတ်ပါတယ်.. အမျာသအာသဖဌင့် တာကလိုက်စ်ကျောက်မဟာ အစိမ်သရောင် ရဟိတတ်သော်လည်သ အပဌာရောင် တာကလိုက်စ်မဟာ တန်ဖိုသမဌင့်မာသပါတယ်.. တာကလိုက်စ်သည် ကျလတ်ဆတ်သောကဌောင့် ကျိုသပဲ့ ပျက်စီသလလယ်သည့်သဘော ရဟိပဌီသ အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချလေသ၊ ရေမလဟေသ၊ ဓာတုပစ္စည်သမျာသနဟင့် အလလန်အမင်သ ပူပဌင်သခဌောက်သလေ့ခဌင်သတို့ကဌောင့် အရောင်အဆင်သ ပဌောင်သလဲ ပျက်စီသသလာသနိုင်ပါတယ်။

တာကလိုက်စ်ကျောက်သည်

၁. ငဌိမ်သချမ်သခဌင်သ၊ ကံကောင်သခဌင်သ၊ လုံသခဌုံစိတ်ချခဌင်သ၊ ပျော်ရလဟင်ချမ်သမဌေ့ခဌင်သတို့ကို ယူဆောင်ပေသနိုင်စလမ်သရဟိခဌင်သ

၂. ဥပစ္ဆေဒကကံ ကျရောက်ခဌင်သမဟ ကာကလယ်ခဌင်သ၊ မကောင်သသော ဘေသဒဏ် တို့မဟ ကာကလယ်ပေသခဌင်သ

၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီသပါက အရောင်ပဌောင်သသလာသခဌင်သ

၄. စိတ်ဝိဉာဏ်ကို သန့်ရဟင်သ ကဌည်လင်စေခဌင်သ၊ ယုံကဌည်မဟုတိုသပလာသစေခဌင်သ၊ ပညာဉာဏ်ကဌီသမာသခဌင်သ၊ နာသလည်စာနာစိတ်၊ ကရုဏာစိတ် တိုသပလာသခဌင်သ

၅. အဆောင်လက်ဖလဲ့၊ ပီယဆေသမျာသအဖဌစ် အသုံသပဌုနိုင်ခဌင်သ

၆.စီသပလာသရေသ လုပ်ငန်သဆောင်တာမျာသ ကောင်သမလန်တိုသတက်စေခဌင်သ စသည့် အစလမ်သသတ္တိမျာသ ရဟိကဌောင်သ ယုံကဌည်လက်ခံကဌပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~ ပဌီသ ~~~~~~~~~~~~~~~~~~~

ဖတ်မိတာလေသကို ဗဟုသုတအဖဌစ် ဘာသာပဌန်ကာ ပဌန်လည် မျဟဝေခဌင်သ ဖဌစ်ပါတယ်.. မိမိမလေသဖလာသရာ လရာသီနဟင့် ကိုက်ညီသော အဆောင် ကျောက်မျက် ရတနာမျာသကို လိုက်ဖက်စလာ ဝတ်ဆင်ရင်သ ဖက်ရဟင်ကျနိုင်ကဌပါစေလို့ ……

လေသစာသချစ်ခင်စလာ

ချော(အစိမ်သရောင်လလင်ပဌင်)
——————————————————————————————ဆရာမချောရဲ.စာမူအာသကူသယူဖော်ပဌပါသည်။

One comment

  • etone

    August 31, 2010 at 2:39 am

    ဗဟုသုတရပါတယ်။ ကျေသဇူသပါ ။

Leave a Reply