မိဘတို.မှာ……..မိဘတို.မျာ

ko noSeptember 2, 20101min1925

ဒီစာလေးကိုဖတ်ပြီးသူငယ်ချင်းတို့ရင်ထဲမှာတခုခုကျန်ခဲ့မယ်လို့မျှော်လင့်ပါတယ်

“ကားပြင်တုန်း ကတော့ ဒီလောက် ကုန်လိမ့်မယ်လို့ မထင်မိဘူး အဖေ။ သံချေး လိုက်နေတဲ့ ကားဘော်ဒီက ကြွတဲ့ နေရာကကြွ၊ ဆေးကွာတဲ့ နေရာကကွာ၊ အဲဒီလို ဖြစ်နေတော့ မပြင်မဖြစ်ပေဘူး ဆိုပြီး ပြင်လိုက်မိတာ အဖေရယ် လက်ထဲက ငွေနဲ့ မလောက်ဘဲ ဖြစ်နေ တာမို့ ကိုကြီးဆီက ငွေဆယ်သိန်းလောက် ခဏ လှည့်ပေးဖို့ ဖေဖေ ပြောပေးပါလား။ သား ကိုယ်တိုင် သွားပြောရင် မမလှိုင်က သိပ် အကင်း ပါးတာ တစ်ခုခု အကျပ် တွေ့နေလို့ လာအပူကပ် တာပဲ ဆိုပြီး ကိုကြီး အနားကကို ခွာတော့မှာ မဟုတ်ဘူး။ ပိုက်ဆံ ချေးမယ့် ကိစ္စ
သူ့ရှေ့သွား စကားစလိုက် တာနဲ့ သူ့အိမ်မှာ ပိုက်ဆံ ကျပ်တာ၊ မလောက်ငတာ ငွေမလည်ဘဲ ဖြစ်နေတာဆိုပြီး စကားကို ပိတ်ပြောမှာ အသေအချာပဲ အဖေ” အဖေ လုပ်သူထံ ဖုန်းဆက် ပြောနေပါသည့် သား အငယ်ကောင်၏ အသံကလည်း တကယ့်ကို စိတ်ညစ်နေသံ။ ဦးဖေငယ် စိတ်ထဲမကောင်း။ ဟုတ်တော့လည်း ဟုတ်သည်။ အကြီးကောင်က မယား အရိပ်အကဲ အလွန်အကြည့်ကောင်း။

ပိုက်ဆံ ချေးငှားသည့် ကိစ္စက ဘေးတစ်စိမ်းက ပြောတာ ဆိုလျှင်တောင် ခက်ချင်မှ ခက်မည်။ ညီအစ်ကိုချင်း ချေးတာမျိုး ဆိုလျှင်တော့ ချွေးမ မိလှိုင် ပို၍ စိတ်ပူမှာ သေချာသည်။ ပြန်မဆပ်လျှင် ညီအစ်ကိုချင်း ကိစ္စ ဆိုတော့ ပြောရကျပ်သည် မဟုတ်ပါလား။ တစ်အိမ်တည်း အတူ နေရ သည်မို့ ကိုယ့်ချွေးမ အကြီး အကြောင်း သိသည်ပေါ့။ စေ့စေ့ငုငု လွန်လုပ်သည့် ချွေးမ။ ဈေးဝယ် ပြန်လာ လျှင်တောင် မှ ပိုပိုလျှံလျှံ အဖြစ်ခံတာ မဟုတ်။ ခြစ်ခြစ်ကုတ်ကုတ် ဝယ်သည်။ ကတ်ကတ်သတ်သတ် ချက်သည်။ အိမ်ထောင်သက် ဆယ့်နှစ် နီးပါး ရှိပြီ ဖြစ်ပေမယ့် သားသမီးကလည်း မထွန်းကားသေး။ ယောက္ခမ ဖြစ်သည့် သူနှင့် ကိုယ့်ခင်ပွန်းသည် အပြင် ကိုယ်ပါမှ သုံးယောက်တည်း ရှိသည့် အိမ်ထောင် ဖြစ်ချေသည့် အတိုင်း ဟင်းအိုး သေးသေးလေးနှင့် ချက်သည်။ ထမင်း ပိုပင် သိပ်မကျန်အောင် ချက်သည်။ အိမ်မှာ အပို ကျွေးစရာ ဆို၍ ခွေးနှင့် ကြောင်ပင် မွေး မထား။ ဤသို့သော ချွေးမ။

“ကိုကြီးက အင်ဂျင်နီ ယာကြီးပဲ အဖေရာ ဆောက်လိုက်ရတဲ့ တိုက်တွေ အလုပ် အပ်ကြတာ နည်းမှ မနည်းတာ။ ပိုက်ဆံ လွယ်ပါတယ် အဖေ။ သားမှာက ထွေးထွေး ကလည်း အလုပ်ရှိတာ မဟုတ်ဘူး။ ကလေးကလည်း လေးယောက်။ ဆင်းရဲသား ရပ်ကွက် တစ်ခုမှာ ဆေးခန်းဖွင့် နေရတဲ့ ဆရာဝန်ဆိုတော့ အဖေ တွေးကြည့်ယူပါ အဖေ။ မြို့လယ်ကောင်မှာ ဆေးခန်း ဖွင့်ဖို့ ဆိုတာက ပိုက်ဆံရှိမှ။ ပြီးတော့ သမားတော်ဖြစ်မှ။ သားက ရိုးရိုးဆရာဝန်ပါ အဖေ။ ရသမျှထဲက စုဆောင်းတာလေးတော့ အတန်အသင့် ရှိပါတယ် အဖေ။ ဒါပေမယ့် ကားပြင်တော့ မလောက်မင ဖြစ်လာလို့ပါ။ အဖေ့ကို သားကိုယ်တိုင် လာပြောရင်လည်း အဲဒီ အိမ်မှာပဲ မမလှိုင် ရှေ့မှာပဲ ပြောရမှာမို့ ဖုန်းနဲ့ ပြောရတာပါ အဖေရယ်။ ပြောပေးပါနော် အဖေ။ ကိုကြီးက သဘော ကောင်းပါတယ်။ မမလှိုင် မသိအောင် ငွေချေး လိုက်ရင် ပြဿနာ မဖြစ်ပါဘူး။ သားကလည်း ပြန်ဆပ်မှာပါ”

တတွတ်တွတ် ပြောနေသံသည် တိုးဖွဖွ နိုင်နေလျက် ငိုသံပင် မစို့မပို့လေး ပါလာနေပြီ။ သားငယ် စိတ်ထိန်း ထားဟန်တူသည်။ မထိန်းနိုင် ရှာ၍ ငိုသံပါလာတာ ဖြစ်မည်။ ဦးဖေငယ်
ရင်ထဲ မကောင်းတော့ပြီ။ မျက်ရည် စို့လာ၏။ ကိုယ်မှာလည်း ပိုက် ဆံအပိုရယ်လို့ ရှိတာမဟုတ်။ ပင်စင်စား တစ်ယောက်ပေပဲ လေ။ ပင်စင် ယူစဉ်က ရလိုက်သည့် အထဲမှာ
လက်ကျန်ငွေ အဆုပ်အခဲ ဆိုတာကလည်း ဘဏ်မှာ စုထားသည့် ငါးသိန်းတော့ ရှိသည်။ ဤသည်ကလည်း လှူချင်လျှင် လည်းလှူ။ ကိုယ့်နာရေး ကိစ္စ ပေါ်လာလျှင်လည်း သုံးတန်
တာသုံးဖို့ ချန်ထားသည့်ငွေ။ နာရေး ဆိုသည့်ထဲမှာ နေမကောင်း ဖြစ်တာလည်း ပါသည်။ သေသွားမှာလည်း ပါသည်။ ကိုယ်သေလျှင် မြေချဖို့ ကိစ္စ မပူရဖို့ ဆိုတာက ငွေရှိတော့
ပိုသင့်မည်ဟု နား လည်ထားသည်မို့ သားနှစ် ယောက်အပေါ် အပူအပင် တာဝန်တွေလည်း မချန်ခဲ့ချင်သည့် ဦးဖေငယ်။ အသေ ကိစ္စ အတွက်ပါ ဘဏ်မှာ ငွေလေးချန်ချန်
စုစုလုပ်ထားရ ပါ၏။ မတော်၍များ နေထိုင် မကောင်း ဖြစ်လာလျှင် ငွေလိုသဟဲ့၊ ဆေးဝယ်မဟဲ့ ဆိုတာတွေဖြစ်လျှင် ဘဏ်ကငွေထုတ် သုံးဖို့ အကြီးကောင်ကို ပေး
လိုက်ဖို့ပဲ ရှိသည်။ ကိုယ်သေ လျှင်လည်း ဤသို့နှင်နှင်…။

ခုကိစ္စက ငွေဆယ်သိန်း ဖြစ်နေသည်။ ကိုယ်ကလည်း တစ်လုံးတစ်ဝ ပြည့်ပြည့်အင့်အင့် မပေးနိုင်။ ဒီတော့ အကြီးကောင် ဆီက တကယ် ပဲ ကြားက ပါးစပ်အငှား လိုက်ပြီး
အငယ်ကောင် အတွက် ငွေချေးဖို့ ပြောပေး လိုက်လျှင် ကောင်းချေမည်လား။ ဒါပေမယ့် သားအဖချင်း ကိစ္စ ဆိုပေမယ့် ချွေးမ ရှိသည်။ မိလှိုင် ကြည်ဖြူဖို့ ဆိုတာ အတော်ကြီး
ခက်မည့် ကိစ္စ။ ဒါကိုတော့ သိနှင့် နေသည်မို့ ခုထိ ဦးဖေငယ် နှုတ် ဆွံ့နေသည်။ အငယ်ကောင် ကို ကတိမပေးရဲ။ အာမ မခံ ဝံ့။ ရစေမယ်ဟု ပြောပေးပြီးမှတော့ တကယ်ရမှလည်း
ကောင်းမည်လေ။

“ထွေးထွေးကလည်း ပြောရှာ ပါတယ်လေ။ အမေ့ လက်ဝတ် လက်စားတွေမို့ မဖျက်ဆီး ရက်ဘူးတဲ့။ အမေ့ လက်ဝတ် လက်စားတွေ ကလည်း ရှေးစိန်တွေ မဟုတ်လား။ အပေါင်
အပြုတောင် မလုပ်ရဲဘူးတ အဖေ။ မတော် စိန်တွေကို လဲပစ်လိုက်ရင် ဘယ့်နှယ့် လုပ်မလဲတဲ့။ အမေ့ လက်ဝတ် လက်စားတွေကို အဖေ့မြေးတွေ မင်္ဂလာဆောင်တဲ့ အခါမှ
ခွဲဝေပြီး လက်ဖွဲ့မှာတဲ့ အဖေ။ ထွေးထွေးက အမေ့ ပစ္စည်းတွေကို အဲသလောက် တန်ဖိုးထားပြီး မြတ်နိုး ရိုသေတာ အဖေ”

အငယ်ကောင် စကားကြောင့် ဝေနေ ထွေနေသော စိတ်သည် ကွယ်လွန်ခဲ့သော ဇနီးသည် သူတော်ကောင်းမကြီး အေးဆီသို့ လွင့်၏။ မအေးခက် ဆိုသည့် အမည်ကို အေး ဟူ၍
အဖျားဆွတ်ကာ ချစ်၍ ခေါ်ရပါသော ဇနီးသည်။ အိမ်ထောင် ကျသည်မှ ကွယ်လွန်ချိန် အထိ ခင်ပွန်းသည် အပေါ် ရိုသေ ကြည်ညိုသည် နှင့်အမျှ သစ္စာရှိစွာ၊ မြတ်နိုးစွာ မယား
တာဝန် ကျေပါသော ဇနီး။ အကြီးကောင် အိမ်ထောင်ပြုတော့ ခင်ပွန်းသည်နှင့် တိုင်ပင်ကာ နေထိုင်ရာ အိမ်ကို လက်ဖွဲ့ ခဲ့ပါသော မအေးခက်။ အငယ်ကောင် အိမ်ထောင် ပြုတော့လည်း စိန်ထည် လက်ဝတ်လက်စား တစ်ဆင်စာကို လက်ဖွဲ့ခဲ့ပါ လေသော အေး။ သားကြီး သားငယ်ကို မျှမျှတတ ချစ်ခဲ့ ပါသော သားတို့၏ အမေ။ အသက်လည်း မရှည်ရှာသော အေး။ အသက် ငါးဆယ့်လေးနှစ် အရွယ်မှာပဲ အေးဆုံး ခဲ့ရှာသည်။ အငယ်ကောင်၏ သား အောင်ကိုဦး တစ်ယောက်ကိုသာ ပွေ့ချီခွင့် ရ သွားရှာသည်။
ခု အငယ် ကောင်မှာပင် ကလေး လေးယောက် ထွန်းကားပြီ။ မြေးတွေ ချစ်ဇောဖြင့် တစ်ပတ် တစ်ခါတော့ အငယ်ကောင် အိမ်သို့ ဦးဖေငယ်ရောက် သည်။ မြေးတွေနှင့် တစ်ည အိပ်သည်။ မနက်ဘက် ကော်ဖီသောက်၊ မုန့်လေး ဘာလေးစားပြီး ဘတ်စ်ကား စီး၍ အိမ်ပြန်သည်။ ဒါ အပတ်စဉ် ကိစ္စ။ မအေးခက် ရှိစဉ်တုန်းကတော့ မအေး ခက်လည်း ဘေးက ပါသည်ပေါ့။ ခုကျတော့ တစ်ယောက် တည်းသွား။ တစ်ယောက် တည်းပြန်။ ဘက်စ်ကားနှင့် သွား။ ဘက်စ်ကားနှင့်ပြန်။ အငယ်ကောင်မှ ကားဖြင့် မကြိုတာ။ မပို့တာကို ချွေးမကြီး မိလှိုင်ကတော့ မြည်တွန်ချင်သည်။ မအားရှာ ပေဘူးလေကွယ်ဟု မအေး ခက်ရှိစဉ်တုန်းက ပြုံးစကား ဆိုခဲ့သည်။ ခုကျတော့လည်း ထိုစကားမျိုးကိုပဲ ဦးဖေငယ် ပြောသည်ပါပဲ။ ခု အငယ်ကောင်၏ ကားပြင်သည့် ကိစ္စ၊ ငွေလိုသည့်ကိစ္စ၊ အချေး အငှားစကားကို ဖုန်းဖြင့် ပြောလာပြီ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အငယ်ကောင် အိမ်သို့ ရောက်ခဲ့သည်ပဲ။ အိပ်ခဲ့သည်ပဲ။
ကားက အိမ်မှာ ရှိနေသေးသည်။ ကားက အတော်ကြီး မီးခိုးလိုက် နေသည်။ အိပ်ဇောပိုက်မှ
အူထ နေအောင် ထွက်သည့် မီးခိုး။

“အင်ဂျင်ကလည်း ကိုင်ရမယ် အဖေ၊ ကားကမပြင် လို့မဖြစ်တာနဲ့ ပြင်ရတာပါ။ သားလည်း ဆေးခန်းကို ဘတ်စ်ကားနဲ့ လောလော ဆယ်မှာ သွားနေရတယ် အဖေ။ အဲဒါ ကားဖာတာ၊
ဆေးမှုတ်တာ၊ အင်ဂျင်ကိုင် တာတွေ အမြန် လုပ်ပေးဖို့လည်း အားဂျင်းဖီးစ် ပေးရတယ် အဖေ။ ကားမရှိတော့ သား ဆေးခန်း သွားရတာ အလွန် ကသီပါတယ် အဖေ။ လူနာတွေက ဆေးခန်းမှာ ကြိုရောက် နေရပြီ။ အဲဒီလို ဖြစ်နေတာ” လူနာတွေတော့ များပုံရသည်။ လူနာတွေက စောင့်နေ ရသည်တဲ့။ ပြောသည့်အထဲမှာ ပါလာပြီ။ အားနာသည်တဲ့။ အေးလေ ဒါကြောင့်လည်း အတန်အမျှတော့ စုထား ဆောင်းထားရ နိုင်ချေသည်ပေါ့ ဟုတွေးဖြစ် ပြန်သည်။ ငွေဆယ်သိန်း ကိစ္စ နှုတ်ကတော့ ဆွံ့နေဆဲ။

“သား မျက်နှာငယ်တယ် အဖေ။ သားက မိန်းမအိမ် လိုက်နေရတာ။ စီးနေတဲ့ ကားကလည်း မိန်းမ မိဘတွေ ချန်ခဲ့တဲ့ကား။ ဒါတောင်မှ ထွေးထွေးက တစ်ဦးတည်းသော သမီးမို့ ဘယ်သူမှ အမွေ ခွဲတာတွေ မရှိလို့သာ ဒီလို အိမ်နဲ့ကားနဲ့ နေဖြစ်တာပါ။ မိန်းမဘက်က ရတဲ့ ကားနဲ့ အလုပ်သွား အလုပ်ပြန် နေရတာကို သားလိပ်ပြာငယ်တယ် အဖေ။ ခု ကားတစ်စီး ဝယ်ပေးဖို့ နေနေသာသာ ကားပြင်ခတောင် မတတ်နိုင်ဘဲ ဖြစ်နေတော့လည်း သား ရင်ထဲ အနေခက်တယ် အဖေ။ ထွေးထွေးက ပြောတယ်။ ကားမပြင် နိုင်တော့ ရင်လည်း ရောင်းပစ် လိုက်ပါ တော့တဲ့။ သူလည်း စိတ်ထဲ ကောင်းပုံ မရပါဘူး။ သူ့မိဘရဲ့ချန်ခဲ့တဲ့ အမွေပစ္စည်းပဲ။ မြတ်နိုး ရှာမှာ” ဟု စကားကုန်ပြော လာတော့ ဦးဖေငယ်ရင်ထဲ ဆို့လာသည်။

ဪ… မယားအိမ် တက်နေ ရသည် တဲ့လား။ မယားဘက်က ပါသည့် ကားကို စီးနေရသည် တဲ့လား။ သိမ်ငယ်ရှာသည့် ဘဝကို သားငယ် အပေါ်မှာ အပ်နှံ ပေးလိုက်သည့်နှယ် ခံစားရ ပြန်သည်။ စုဆောင်း ထားသမျှ ငွေတွေထဲက အကြီးကောင်ကို အင်ဂျင်နီယာကြီး ဖြစ်အောင်၊ အငယ်ကောင်ကို ဆရာဝန်ကြီး ဖြစ်အောင် အတွန့်အတို မရှိ၊ အားလုံးပုံ၍ သုံးခဲ့တာ လောက်ပဲ ကိုယ့်ဘက်က တာဝန်ကုန် လုပ်ခဲ့ သည်ကိုး။ ပေးချင် သည်ပေါ့။ သားနှစ်ယောက်ကို ငွေတွေ၊ အိမ်တွေ၊ ကားတွေ တစ်ခုတည်း မဟုတ်။ အိမ်လေးငါးလုံး၊
ကားလေးငါးစီး၊ လက်ဝတ် ရတနာတွေ လေးငါးမျိုး တစ်ဆင်စာတွေ ပုံအော၍ လက်ဖွဲ့ချင်သည်ပေါ့။ ဌာန တစ်ခုမှ အရာရှိတစ်ဦး အဖြစ် ရိုးရိုးသားသား နေခဲ့သည်။
စုဆောင်းခဲ့သည်။ ရှိသည့် အထဲမှ သားတွေကို ခွဲဝေ ပေးခဲ့သည်။ ဤမျှပဲ တတ်နိုင်သည့် အဖေကြောင့် သားများမှာ မျက်နှာမလှ ဖြစ်ရချေ ပြီတဲ့လား။ ဖျတ်ခနဲ မအေးခက်ကို
မြင်သည်။ ရှိရှာလျှင်ဖြင့် ငိုပေလိမ့်မည်။ ခုလို တစ်ယောက်တည်း ရင်ဆို့နေ သည့်ခံစားချက်မျိုး မအေးခက် ခံစားလိုက်ရတာကို ပြန်၍ ဖြေယူနိုင်ဖို့ အားအင်ကို
မွေးယူ မိပြန်သည်။

“အဖေ ပြောကြည့်မယ် သားငယ်၊ ဒါပဲ မဟုတ်လား၊ အဖေ ဖုန်းချလိုက် တော့မယ်။ မြေးတွေ နေကောင်းရဲ့မဟုတ်လား။ သားက ဆရာဝန်ပဲလေ။ ဂရုတစိုက် အမြဲ ရှိနိုင်တာပဲ
ဟုတ်လှပါပြီ။ ဆရာဝန် သားသမီး ဖြစ်ရတာ ကံကောင်းကြပါ တယ်ကွယ်” ဟုပြောတော့ နေကောင်းကြပါတယ် အဖေ ဆိုသည့် အသံက အတန်မျှတော့ တက်ကြွသံ ပါလာသည်။ ငွေချေးသည့် ကိစ္စ ပြောပေးမည် ဆိုတာကြောင့်ပဲ ဖြစ်ချေမည်။ အဖေ နေကောင်းရဲ့လားဟု မေးဖို့ ဆရာဝန်ဖြစ်သည့် အငယ်ကောင် မေ့နေပုံရသည်။ ကားပြင်ဖို့ လိုနေသည့် ငွေဇောကြီးသည် ကြီးမားသော သောက တောင်ထုကြီး အဖြစ် သားငယ်၏ ဦးနှောက်ကို ဖို့အုပ် ထားပုံ ရပါ၏။ တယ်လီဖုန်းကို ခပ်လေးလေး ချလိုက်ကာ ဧည့်ခန်းမှာ ခပ်ငိုင်ငိုင် ထိုင်သည်။ ချွေးမတော် မိလှိုင်ကတော့ ဈေးသွားနေသည်။ မရှိတာပဲ ကောင်းသည်။

အကြီးကောင် အလုပ် မသွားသေး။ အိမ်ကိုပြန်၍ ပြင်ထားသည်မို့ ယခင်က လျှာထိုးခင်း၊ လျှာထိုးကာ၊ သွပ်မိုးနှစ်ထပ် ပျဉ်ထောင် အိမ်ကြီးသည် သင်္ဘောဆေး ရောင်သစ်သစ်
လွင်လွင်ဖြင့် ရှိနေသည်။ ဆင်ဝင်တစ်ခု ထပ်ချဲ့တိုးထားတာမို့ ဟန်ပန် တင့်တင့် ထည်ထည်တော့ ဖြစ်နေသည်။ ဝန်ထမ်းဘဝက ဝယ်ထားသည့် မြေနှင့် ဆောက်ခဲ့သည့် အိမ်။
အတန်မျှ ကျယ်သည့် ခြံထဲမှာ မန်ကျည်းပင်၊ မာလကာပင်၊ သံပရာပင်နှင့် ဆီးတော်ပင် တို့ရှိသည်။ ပြီးတော့ အေး စိုက်ခဲ့သည့် ပန်းပင်တွေ။ ခုတော့ ချွေးမ မိလှိုင်ထပ်၍
စိုက်ထားသော ပန်းတွေဖြင့် ခြံသည် သံပန်းခတ် ခြံစည်းရိုးတွေ ဘာတွေနှင့် သပ်သပ် ခပ်ခပ်တော့ ရှိနေသည်မှာ ပါပဲ။ လှလှပပဖြစ်နေသည် ပါပဲ။ အရင်တပ်ထားသည့်
မှန်ကြည်ပြတင်းတွေ နေရာ မှာ ရောင်စုံမှန်ပြတင်းတွေ ဖြစ်နေတာမို့ အိမ်ဟောင်း သည် အိမ်သစ်နှယ်ပင် ဖြစ်နေချေ၏။ အကြီးကောင် အိမ် ပေါ်မှ ဆင်းလာတာမို့ ကမန်းကတန်း
ဦးဖေငယ်ထရပ်သည်။ သား၏ မျက်နှာကြည်ကြည် သာသာ ရှိနေသည်။ ပြော၍ ဆို၍တော့ ဖြစ်နိုင်ချေမည် ထင့်။

“သားကို အဖေ ပြော စရာလေးရှိလို့ သားရယ်၊ ခြံထဲ ခဏ ဆင်းထိုင်ကြတာပေါ့”

ဆင်ဝင်အောက်မှာ ရပ်ထားသော မနေ့ကမှ ဝယ်ထားသည့် စူပါဆလွန်းကား လေးသည် လက်တောက်နေ၏။ အငယ်ကောင်၏ ကားက လက်အို လက်ဟောင်း။ အကြီးကောင် စီးပွား လိုက်၍ အလယ်အလတ် ကားထဲက သန့်သန့်လေး တစ်စီးကို ရလိုက်တာမို့ ဦးဖေငယ် ဝမ်းသာသည်။ အငယ်ကောင်ကိုလည်း ကားသစ် မဝယ်နိုင် သော်မှ ကားဟောင်းလေး တော့ ပြင်စီး နိုင်စေ့ချင်သည်။ ဆေးလေးဘာလေး အသစ်သုတ်၊ အင်ဂျင်လေးကောင်း နေလျှင်တော့ဖြင့် ကားအိုကား ဟောင်းလေးသည်လည်း ကားအလယ် အလတ်တန်း စားလေးလောက်တော့ ကောင်းသွားချေမည်ပေါ့။

“တကယ်ဆို မောင် အဲဒီလို ငွေထုတ်ချေးမယ်ဆိုရင် လှိုင့်ကိုတော့ ကြိုပြီး တိုင် ပင်သင့်တာပေါ့မောင်။ ခုကျတော့ အဖေက ပြောလိုက်တာနဲ့ အလွယ်တကူ ထုတ် ပေးလိုက်တာကိုက မဟုတ် သေးတာ” “အခန်းထဲပြောတာဆို ပေမယ့် အဖေ့အခန်းက ဟို ဘက်မှာပဲရှိတာ လှိုင်၊ အဖေ ကြားသွား ပါ့မယ်ကွယ်။ အဖေ ဘယ်တုန်းက ငွေရေး ကြေးရေးကိစ္စ ပြောဖူးလို့လဲ။ ဒီတစ်ခါပဲ ပြောရှာတာပါ လှိုင်ရယ်”

“အို အဖေ့ အတွက်ဆိုရင် ထားပါ။ ခုကိစ္စက ကိုငယ် အတွက် ဖြစ်နေတာပဲ မောင်။ လှိုင်က ပိုက်ဆံစုနေတာ။ အိမ်ကို တူတူတန်တန် ဆောက်နိုင်ဖို့၊ ရွှေဝယ်ဖို့၊ နောက်ထပ်
အမြင့်ကားတစ်စီး လဲနိုင်ဖို့ စုနေတာ။ အိမ်မှာ ချွေချွေတာတာစား၊ မောင့်ကိုသာ လူကြားထဲမှာ ဟန်ပြည့် မာန်ပြည့် သိက္ခာ ပြည့်နိုင်အောင် အဝတ်အစားက အစ ဘယ်လောက်
တန်ဖိုးကြီးကြီး ဝယ်ဆင်တာ။ လှိုင်က လူသူတိုးနိုင်ရုံ၊ အမြင့်တင် နိုင်ရုံပဲ ဝယ်ဝတ်တာ။ အဲဒီလောက် ချွေတာပြီး စုရဆောင်းရ လုပ်နေတဲ့ အချိန်မှာ လှိုင့်ကို
အပ်ရမယ့် ငွေတွေထဲက ဆယ်သိန်းကို မောင်မို့ မမေးမစမ်း သွားပြီး အဖေ့ကို ပေးရက်တယ် မောင်။ အဖေ့ကို ဘယ်လောက်များ ကိုငယ် ညည်းပြနေမှန်းမှ မသိတာ။ အဖေက
ရိုးတော့ ပြောပေးတာ ဖြစ်မှာပေါ့။ ညီအစ်ကိုချင်း ချေးတဲ့ငှားတဲ့ ကိစ္စ ပြန် မရတော့ တရားတဘောင် ဖြစ်ကောင်းတာမှ မဟုတ်တာ၊ ဆုံးရုံပဲ ရှိမယ်”

တဖျစ်တောက်တောက် ပြောနေသံသည် မနက် လေးနာရီလောက်မှာ ဖြစ်နေသည်။ ဦးဖေငယ် ရင်ထဲ မွန်းကျပ်နေ၏။ အငယ်ကောင် ချေးထားသည့် ငွေ ဆယ်သိန်း ဆိုတာ ကလည်း ခြောက်လထဲ ရောက်လာပြီ။ မိလှိုင် စိတ်သောက ဖြစ်မည် ဆိုလည်း ဖြစ်ချိန်သင့်ပြီ။ ကားဆေးရောင် လွင်လွင် သစ်သစ်ဖြင့် အငယ်ကောင် ကားတဝီဝီ မောင်းနေတာပဲ ကြာလှပြီ။ ဆေးခန်း သွားလိုက် ပြန်လိုက်ဖြင့် ရသမျှထဲက စုဆောင်းထားသည် ဆိုလျှင်လည်း တချို့ တစ်ဝက်လောက် တော့ခွဲ၍ ဤဆယ်သိန်းသော ကြွေးကို တန်သလောက်တော့ ဆပ်သင့်ပြီ။ ခုက ငြိမ်နေသည်။ တစ်ဖက်က အေးစက် ငြိမ်သက်လျက် အကြောင့်အကြ ကင်းနေချိန် မှာ တစ်ဖက်က မနေနိုင် မထိုင်နိုင်ဖြစ်အောင် စိတ်တွေ ကြောင့်ကြ ပူပန်နေရပြီ။

ခုလည်း မနက် လေးနာရီလောက် အများ အိပ်မောကျ နေချိန်မှာ အစောကြီး နိုးနေလျက်၊ ချေးလိုက်သည့် ငွေဆုံးမှာ ကြောက်သည့်ဇောသည် အကြီးကောင်တို့ လင်မယားကို အုပ်မိုး
နှိုးနေ ချေပြီထင့်။ ပိုဆိုး သည်က ချွေးမ မိလှိုင်။ မိန်းမသားပေ ပဲလေ။ ပူပန်ရှာ မှာချေမည်ပေါ့။ ငွေကလည်း နည်းသည်မဟုတ်။ ဆယ်သိန်း။ ဤဖြစ်ရသည့် ကိစ္စမှာ ကိုယ်ကလည်း တာဝန်မကင်း။ ကိုယ့်ပယောဂ မကင်း။ တာဝန် အရှိဆုံးလူသည် အငယ်ကောင်ဖြစ်ဖို့ သင့်တာ မှန်ပေမယ့် ကိုယ်က ပြောပေး၍ အငယ်ကောင်က ပိုက်ဆံ ရသွားခြင်းပေမို့၊ ပိုက်ဆံ ပေးဖြစ်အောင် အကြီးကောင်ကို ပြောပေးမိသည့် ကိုယ်ကပဲ တာဝန် အရှိဆုံးလူ ဖြစ်နေသည်။ ခုတစ်လော ချွေးမကြီး ဖြစ်သူ မျက်နှာ မကောင်း။ ဦးဖေငယ်ကို စကားပင် ဟက်ဟက်ပက်ပက် မပြောချင်။ မျက်နှာခပ် ညိုညို ဖြစ်နေတာ မဟုတ်။ ခပ်ညို့ညို့ ဖြစ်နေတာ ကြုံနေ ရသည်။ ကြာတော့လည်း တစ်အိမ်တည်း နေနေရတာမို့
နေရခက်သည်က ဦးဖေငယ်။

“အဲဒီလိုလည်း စကားကို အဆုံး မပြောနဲ့လေ။ အကယ်၍ တကယ်ပဲ ညီလေးက ပိုက်ဆံ ပြန်မပေးလို့ ဆုံးသွားရရင်လည်း ညီအစ်ကိုချင်းပဲ လှိုင်ရယ်။ ဘာဖြစ်လဲ မောင်က အကြီးပဲ။ ညီကို စောင့်ရှောက်ရမယ့် တာဝန်တောင် ရှိသေးတယ်။ ပြီးတော့ ခုတစ်လော လှိုင်အဖေ့ကို စကားပြောတာဆိုတာ သိပ် မကြည်လင်တာလည်း မောင် မြင်နေရတယ်။ မလုပ် ပါနဲ့ လှိုင်ရယ်။ အဖေက အတူ တူနေနေရတဲ့သူပါ။ နေရ ခက်ပါလိမ့်မယ်။ ပြီးတော့ မောင်တို့နေနေတဲ့ အိမ်က အဖေ့အိမ်ပါ။ အဖေနဲ့ အမေ လက်ဖွဲ့ခဲ့တဲ့အိမ်ပါကွယ်။ မောင်တို့နဲ့ အတူတူနေရင်း အသက်ကြီးမှ အဖေ စိတ်ထဲ သိမ်ငယ်သွားမှာ မောင် စိုးရိမ်တယ်”

“ဪ… ဪ… ကိုယ့်ညီဆိုတော့ ပြောပေး တယ်ပေါ့။ ပိုက်ဆံဆုံးလည်း ဆုံးပါစေပေါ့ ဟုတ်လား။ လိုက်လည်းလိုက်တဲ့ သားအဖ ပေပဲမောင်။ အဖေလုပ်သူ ကလည်း
ချေးဖို့ ငှားဖို့ ပြော ပေးလိုက်တာ တစ်ခုပဲရှိ တယ်။ ပိုက်ဆံ ပြန်ဆပ်ဖို့ကျ တော့ သားအငယ်ကို မပြော ပေးတော့ဘူး။ သူ့ဘက်က တော့ ဘာထူးနေလို့လဲ။ ဟို ဘက်ကလည်း
သားပဲကိုး”

“အသံက ပိုကျယ်လာပြီ လှိုင်။ အဖေ ကြားပါမယ်ကွာ။ လူကြီးဆိုတာ အအိပ်အနေ နိုးဆတ်တယ်။ နိုးသွားပါမယ် လှိုင်ရာ။ ပိုက်ဆံရှာတာ မောင်ပါလှိုင်။ မောင်ပင်ပန်း ပြီးရတဲ့
ပိုက်ဆံ မောင့်ထက်ပို ပြီး လှိုင် ဝင်မနှမြောနေ ပါနဲ့။ မောင်ပြောထား တယ်နော်၊ ဒီ အိမ်ဟာ အဖေတို့ ပေးတဲ့အိမ်။ အဖေ့အိမ်မှာ မောင်တို့ နေနေ ကြတာ။ အဲဒါကို မမေ့နဲ့”

“ဪ… အဲဒါ လက်ဖွဲ့ ပေးလိုက်တာလေ။ ကိုငယ့် ကိုရော အမေ့စိန်တွေ လက်ဖွဲ့ လိုက်တာပဲ မဟုတ်လား။ ဒီကာလ ဈေးနဲ့ဆိုရင် အဲဒီ စိန်တစ်ဆင်စာဟာ နည်းတဲ့ တန်ဖိုးလား။ သူ့ကားပြင်တာ သူ့စိန်တွေ ထုတ်ပါလား။ အိမ်က ပိုက်ဆံကို ကြေးတန်း ထိုးပြီး ဘာလို့ ယူကြရတာ တဲ့လဲ။ လှိုင် ဖွင့်မပြောချင် လို့ ကြည့်နေတာ သိရဲ့လား။ လှိုင့်မှာရင်သွေးရှိတာမဟုတ် ဘူး။ အဖေကအစ ဟိုဘက် က မြေးတွေဆီ သွားသွားပြီး အိပ်ရတာနဲ့၊ မြေးတွေ အတွက် မုန့်ဝယ်သွားရတာနဲ့၊ မောင်ရှာတဲ့ ပိုက်ဆံ အဖေ့ကို
ပေးတာ မပြောချင်ပေမယ့် အဲဒီ ပိုက်ဆံနဲ့ မြေးတွေ အတွက် ဆိုပြီး ဝယ်သွားတဲ့ မုန့်ဆိုတာ ဟိုလင်မယား လည်းစားဖို့ ဝယ်သွားတာပဲ မဟုတ်လား။ ဟိုက အပြန် တစ်ခုခုများ လှိုင့်အတွက် ဆိုပြီး မှတ်မှတ်ရရ အဖေ ဘာဝယ်လာ ဖူးလဲ။ မောင့်ရှာစာနဲ့ ဟိုက သား၊ မြေး၊ ချွေးမကို သာ ဝယ်ဝယ်ကျွေးတာ။ မောင့်မယားကို ကျတော့ ဝယ်ကျွေးရမှန်း မောင့်အဖေ ဘယ်တုန်းက တွေးဖူးသလဲ၊ ဟင်… လှိုင်ချက်ကျွေးတာ ကို လက်ဆေးစား။ ပန်းကန်ကအစ ဒီတိုင်း ချန်ထားခဲ့ပြီး စည်းစိမ်နဲ့ နေနေတာက ဒီအိမ်မှာ။ သွားပြီး ကျွေးဟယ်၊ မွေးဟယ်နဲ့ နေနေတာ က ဟိုအိမ်”

“လှိုင် မပြောနဲ့လို့ ဆိုတာ မရပ်ဘူးလား”

“အို… ပြောလက်စနဲ့ ပြောတော့မှ ဖြစ်မယ်မောင်။ မျိုသိပ်နေတာ ကြာလှပြီ။ ဒီ အိမ်ကလည်း လှိုင်တို့လက်ထဲ စရောက်တုန်းက ဘာရှိလို့လဲ။ ပျဉ်ထောင် အိမ်အို အိမ်ဟောင်းကြီး တစ်လုံး။ အထဲမှာလည်း တူတူ တန်တန်ရယ်လို့ ပရိဘောဂ ကောင်းကောင်း ရှိလို့လား။ အခေါင်းချည်းသက် သက်ရှိတဲ့ အိမ်အိုကြီးတစ်လုံး ပါ။ လှိုင်နဲ့မောင် ကံစပ်လို့ ဝင်ငွေကောင်းလို့ အိမ်ထဲလည်း ပရိဘောဂရယ်လို့ တူတူတန်တန် ဖြစ်လာရတာ။ အိမ်လည်းဆေးသုတ်ပြင်ဆင်၊ ကားလည်းရှိလာရတာ။ မောင့်ကိုကျတော့ အိမ်အိုကြီး တစ်လုံးပေးပြီး သူတို့လည်း နေကြတယ်။ ဟိုဘက်ကို ကျတော့ ရွှေတွေ ထည်နေအောင် ပါတဲ့ စိန်ထည်တွေ ပေးလိုက်တာ။ မောင့်မိဘတွေကလည်း သားငယ်ဆိုပြီး ဟိုဘက်ပါတယ်။ ပြီးတော့
အိမ်မှာကျတော့ အစက မောင့်အမေနဲ့ အမေတွေပါ တင်ကျွေးထားရတာ။ အခု လည်း မောင့်အဖေကို တင်ကျွေး နေရသေးတာပဲ။ လူတစ်ယောက် စရိတ်တောင်မှ ကိုငယ်တို့ဘက်က
ခံချင်လို့လား။ သူ့ကိုလည်း ဆရာဝန် ဖြစ်အောင် သင်ပေးခဲ့တာပဲ။ အဖေတို့မှာ ဟိုတစ်လှည့် ဒီတစ်လှည့် နေတာမျိုးတောင် မရှိခဲ့ဘူး။ ခုလည်း လှိုင်ချက်
ကျွေးတာစားပြီး ဟိုကို အလည်သွား၊ ဟိုကိုကျွေးမွေး နေတာ မောင့်အဖေပါ မောင်။
အဲဒီအပြင်… ငွေဆယ်သိန်း လည်း ဆုံးရပြီ”

“ဟာ… ဒီမိန်းမ… ငါ့ အဖေကို ပြောတာ ဒီလောက် ပစ်ပစ်ရက်ရက် ရှိရသလား။ အဲဒါ ငါ့အဖေကွ”

အုံး ဒိုင်းနှင့် အသံတွေ ကြားရသည်။ ရိုက်ပြီဆိုတာ ဦးဖေငယ် သိသည်။ မဖြစ် စဖူးသည့် ရန်ပွဲ။ ရင်ထဲမှာ မကောင်းနိုင်တော့ပြီ။ ဝင်တား၍လည်း ပိုဆိုးကုန်ဖို့ပဲ ရှိမည်။ ချွေးမဖြစ်သူက အလွန်တရာကိုမှ ခံစား ပေါက်ကွဲနေချိန် ဖြစ်နေပြီ။ ကိုယ့်မျက်နှာ မြင်လျှင် ပို၍ ပေါက်ကွဲ ပြောချလိုက်ဖို့ ဝန်လေးတော့မှာ မဟုတ်။ ပေါ် ပေါ်ထင်ထင် ပြောချေလျှင် သားကြီးက အဖေဇောနှင့် ပို၍ ရိုက်နှက်ပစ်မည်။ လင်မယား ကွဲနိုင်သည်။ ကိုယ် အိပ်သည့် ခုတင်ကလည်း နံရံ အနီးမှာ ကပ်လျက်ရှိနေတာ မို့ တစ်ဖက်ခန်းဆီမှ ငိုသံ၊ အကြီးကောင်၏ ဒေါသသံ၊ ဝုန်းခနဲ တွန်းချလိုက်သည့် ခုံတစ်ခု၏ ပြိုကျသံ။ ဦးဖေငယ် မျက်ရည်ကျ နေသည်။ ရင်ထဲမှာလည်း တဝုန်းဝုန်း ပြိုနေပြီ။ ကြေကွဲစွာ ရိုက်ခတ် လိုက်ပါသည့် အားငယ်ခြင်း၊ သိမ်ငယ်ခြင်း များ၏ မုန်တိုင်းကြောင့် ပြိုကျနေကြသည်က နှလုံးအိမ် တစ်ခုလုံး ဖြစ်နေသည်။

ဦးဖေငယ် ဘဏ်သို့ သွားကာ လက်ကျန် ငွေငါးသိန်းကို ထုတ်သည်။ အိမ်သို့ ပြန်ရောက်တော့ မီးဖိုခန်းထဲမှာ မျက်နှာ မသာမယာနှင့် ချက်ပြုတ်နေသည့် ချွေးမကို အားတောင့်အားနာ အနေရ ကျပ်ခြင်းတို့ဖြင့်ကြည့်ကာ…
“အဖေ… မနက်စော စောပဲ လမ်းလျှောက်ထွက် သွားလိုက်တယ် သမီးလှိုင်။ အပြင်မှာပဲ လက်ဖက်ရည်နဲ့ မုန့် ဝယ်စားလိုက်တယ်။ ဒါက သမီးစားဖို့ သမီးကြိုက်တဲ့ မုန့်ဟင်းခါး သုပ်လေး ဝယ်လာတယ်။ ပဲကပ်ကြော်နဲ့ ငါးဖယ်ဆုပ်လည်း ပါတယ် သမီး” ဟု ပြောကာ မုန့်ဟင်း ခါးသုပ်အထုပ်လေးကို ထမင်းစား စားပွဲပေါ်ချတော့လည်း မိလှိုင် လှည့်မကြည့်။ နေရခက်နေပုံ ရသည်။

မနက်က ကိစ္စ ကြားခဲ့ပြီ ဟုလည်း နားလည် ထားပုံရ၏။ တကယ်က အပြင်စာလေး ဘာလေး ဝယ်လာမိလျှင်ဖြင့် စနစ် ဇယားကြီးသော ချွေးမ က အပို ငွေကုန်သည်ဟု ငြိုငြင်မှာ
စိုးစိတ်ဖြင့် ဟိုတုန်းက မဝယ် လာရဲခဲ့ခြင်း ဆိုတာ ဖွင့်လည်း မပြောချင်တော့ ရှင်းပြလိုက်ခြင်း ဖြင့်လည်း ပို၍ ဆိုးသွားကာ နေရထိုင်ရ ပိုကျပ်တာပဲ အဖတ်တင်ကျန်မည်။ ဤအတိုင်း နေလိုက် သည်ကမှ ကောင်းမည်ဟု ဦးဖေငယ် မှတ်ယူပါ၏။

“သားကြီးရော… အလုပ် သွားလိုက်ပြီလား”
ချွေးမဖြစ်သူ၏ ခေါင်းအညိတ်သည် ခပ်လေးလေး ရှိ၏။ ပြောမိခဲ့သည့် စကား အတွက်လည်း တောင်းပန်ရ မှာ မျက်နှာ အပြရကို ခက်နေ သည့်ဟန် ဖြစ်နေသည်။ အားလုံး
ကြားသွားပြီးပြ ီဟုလည်း နားလည်ထားဟန် ရှိသည်။ သူကလည်း ကြားထားရသည်မို့ မနက်မှာ ဆုံရမှာ အနေရ ကျပ်သည်နှင့် ခပ်စောစော ထ၍ ဘယ်သူမှ မမြင်နိုင်သေးခင်မှာပဲ
လမ်းလျှောက် ထွက်ခဲ့သည်။ လူ သုံးယောက်ရှိသည့် အိမ်မှာ မနက် လေးနာရီလောက်က ဘာတွေဖြစ်ခဲ့သည် ဆိုတာ လူသုံးယောက် စလုံးက သိနေ ကြပြီးပြီ ဆိုတာကို ဤလူသုံး
ယောက်စလုံး ကလည်း အလိုလို နားလည်ထားပြီး ဖြစ်ခဲ့ ကြပြီပဲလေ။

“အဖေ ငွေပိုလည်း သိပ်မလိုတာနဲ့ ဘဏ်က ငွေငါးသိန်း ထုတ်ခဲ့တယ် သမီး။ အငယ်ကောင် ပိုက်ဆံ ဆပ်ရမယ့် ဆယ်သိန်းထဲက ငါးသိန်းကို အဖေဆပ်လိုက် တယ်လို့ပဲ မှတ်ပါ
သမီးရယ်။ ကဲ… ကဲ… အကြွေးကိစ္စ ကြာလည်း ကြာလှပေါ့။ အဖေ အငယ်ကောင်ဆီ သွားလိုက်ဦးမယ်။ နေ့လယ်စာ လမ်းမှာပဲ ဝယ်စားလိုက်မယ် သမီး။ အငယ်ကောင့်အိမ်မှာ
ညအိပ်ဖြစ်မှာလည်း မဟုတ်ဘူး။ ညစာပဲ အဖေ ဒီမှာ စားမယ်”
ဟု ပြောကာ ဦးဖေငယ် အိမ်မှ ထွက်၏။ နေ့လယ်စာ နီးနေပြီပဲ အဖေ၊ ဒီမှာ စားပြီးမှ သွားပါလားဟု ချွေးမဖြစ်သူ ထံမှ စကား ထွက်ကျမလာ။ ငိုင်ကျန်ခဲ့၏။ ငွေငါးသိန်း
ကတော့ ထမင်းစားစားပွဲ ထက်မှာ ငြိမ်သက် ကျန်ခဲ့လေ၏။

“ဪ လက်စသတ်တော့ နေ့လယ်စာ အမီ ဒီကို လာပြီး ကိုကို့ဆီက အကြွေး တောင်းဖို့ ရောက်လာတယ် ဆိုပါတော့။ ကိုကို့အဖေက ဘယ်လိုကြီးလဲ ကိုကို။ ဒါကြောင့်ဖြစ်မှာ။
အကြွေး တောင်းတဲ့ ကိစ္စ ပြတ်ပြတ် ပြောနိုင်အောင် ဆိုပြီး အိမ်မှာ နေ့လယ်စာ ထမင်းတောင် မစားဘူး။ စားလာပြီးပြီတဲ့။ မျက်နှာကလည်း ပျက်နေ လိုက်တာ။ သူ့သားကြီး
အကြွေး ဆုံးတော့မှာ ကျနေတာပဲ။ ခု ကိုကို ပြန်လာတော့ ခြံထဲခေါ်ပြီး ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ အကြွေး လာ တောင်းတယ် ဆိုပါတော့။ ပြောလိုက် ကိုကို။ မဆုံးစေရ
ပါဘူးလို့”

ထမင်းစားခန်းဆီမှ စကားသံသည် ဧည့်ခန်းသို့ တိုင်လွင့်၏။ သားငယ်ကို အကြွေးကိစ္စ ခြံထဲခေါ်၍ ချွေးမငယ် ထွေးထွေး မကြားအောင် တိုးတိုးသက်သက် ပြောခဲ့သည့် ကိစ္စ
အရာမထင် အကျိုးမရှိဘဲ ဖြစ်ကုန်ရပြီ။ ထမင်းစားခန်းမှာ သားက တိုးတိုး ပြောပေမယ့် ချွေးမက အသံကျယ်ကျယ်ဖြင့် ပြောနေပြီ။ တမင် ပြောခြင်း ဟုလည်း နားလည်လာသည်။ ဧည့်ခန်းမှာတော့ ယောက္ခမ လူအိုကြီး ထိုင်နေသည်ကို သိထား သည်ပဲလေ။ ဦးဖေ ငယ်ရင်ထဲ မကောင်းတော့ပြီ။ ဤ ငွေဆယ်သိန်း ကိစ္စ ပေါ်လာမှ သောကတွေ များလိုက် ရသည့်အဖြစ်။ ခါတိုင်းလို မနက်စာ ကော်ဖီလေး သားကြီး၊ ချွေးမကြီးတို့နှင့် အတူစားသောက်၊ လမ်းလေးဘာလေး ထွက်လျှောက်။ စိတ်ထဲပေါ် လာလျှင်လည်း လက်ဖက်ရည်ဆိုင် ခဏဝင်ထိုင်။ လက်ဖက်ရည် ကျဆိမ့်လေး တစ်ခွက် လောက်သောက်။ ဘိန်းမုန့်လေး တစ်ခုလောက်စား။ အိမ်သို့ပြန်။ တရား စာအုပ်လေးဖတ်။ အေးချမ်းလိုက်ပါ သည့်ဘဝ။ အခုကျတော့ အားလုး ပြုတ်ပြိုဆင်းသွား ကုန်ပြီ။ နေ၍ ထိုင်၍ကို မရ။ သားငယ်အိမ်မှာလည်း မျက်နှာပျက်ရ၊ သားကြီး အိမ်မှာလည်း မျက်နှာမလှ။ တခြား နေစရာကလည်း မရှိ။ အိုကြီးအိုမနှင့် ဘယ်သွား နေရပါ့။

“မအော်နဲ့ ထွေး။အဖေက ပိုက်ဆံရအောင် ချေးပေးတာ။ ပြန်ဆပ်ဖို့လည်း လာပြောမှာပေါ့။ ကိုကို အပ်ထားတဲ့ ပိုက်ဆံတွေ ပေးကွာ။ အဖေ့ လက်ထဲပြန်ထည့် လိုက်မယ်။ ကိုကြီးကို ကြွေးဆပ်မယ် ဆိုပြီး ထွေးဆီက ကိုကိုတောင်းတိုင်း မပြည့်သေးဘူး မပြည့်သေးဘူးနဲ့ လုပ်နေတာ။ ခု အဖေက ငါးသိန်း ဘဏ်ကထုတ်ပြီး ပေးလိုက်ရ ရှာပြီ။ ဆယ်သိန်း မပြည့်လည်း ရှိသလောက်ပေး။ အဖေ့လက်ထဲပဲ ထည့်ပေး လိုက်ပါတော့လို့ အဖေက ပြောနေတာ။ ကိုကြီးဆီကို ကိုကို ကိုယ်တိုင်လည်း သွားပေး မနေပါနဲ့တော့တဲ့။ အလုပ် ပျက်ပါတယ်တဲ့”

“ဪ… သူ့သားကြီး ပိုက်ဆံပြန်ရအောင် အသေအချာ လုပ်နေတာပေါ့လေ။ ဘာလဲ ထွေးတို့ ဆပ်မယ် ဆိုတာ မယုံတဲ့ သဘောလား။ ဒီမယ် ထွေးတို့က ကိုကို့ကို အိမ်ပေါ် ခေါ်တင် ထားတာပါနော်။ ကားဆိုရင်လည်း ကိုကို့လက်ထဲ သော့အပ်ခဲ့တဲ့ ထွေးရဲ့မိဘတွေပါ။ ခု ထွေး ရဲ့မိဘတွေ မရှိတော့ပေမယ့် ခုထိလည်း ကိုကိုဟာ ထွေးရဲ့ မိဘ အရိပ်မှာပဲ ခိုနေရဆဲ မဟုတ်လား။ ကိုကို့အမေရဲ့ စိန်တွေ၊ ရွှေတွေဆိုတာက ကိုကို့အစ်ကိုကြီး ရလိုက်တဲ့ မြေနဲ့ အိမ်ကြီးရဲ့တန်ဖိုးနဲ့ ဆိုရင် အဖျား အနားလေးပါ။ ကိုကိုဟာ မဖြစ်စလောက် စိန်ထည်လေးတွေ ပေးပြီး ဆရာဝန်ဆိုတဲ့ လူတစ်ယောက် အဖြစ် အိမ်ပေါ် တက်လာတဲ့ ယောက်ျား တစ်ယောက်ပါ။

ခုလည်း ဟိုမိန်းမကို ငွေငါးသိန်း သွားပေးလိုက်သတဲ့။ ဟင် အဲဒီ ငွေငါးသိန်း ဆိုတာက နှစ်သိန်းခွဲ ကိုကိုအမွေ ရထိုက်တဲ့ ငွေတွေရှင့် သိရဲ့ လား။ အခု ဟိုကို ရောက်သွားပြီ။ ဒီမယ်ကိုကို ဆယ်သိန်းလုံး ပြန်ပေးလိုက်တယ်ပဲ ထား။ ဟိုကို ကိုကို့ အဖေက အားလုံး ပြန်အပ်လိုက်မှာပဲ။ ဒီတော့ ဟိုငါးသိန်းကို ကိုကို့ အဖေ ပြန်ရမယ်များ မှတ်သလား။ ဟိုကောင်မ အပိုင်စီး သွားမှာ။ သူက ငါးသိန်း စလုံး အုပ်အုပ်ခဲခဲ လက်ထဲ ဆုပ်ထားလိုက်ရတာ။ ဒီမှာ ဖြင့် ကလေး လေးယောက်နဲ့ ကသီနေလိုက်တာ။ ကလေး မရှိ ဘာမရှိနဲ့ အဲဒီကောင်မ သူ့လင်လုပ်စာနဲ့ ပေါလျှံနေတဲ့ ဥစ္စာ။ ငွေဆယ်သိန်း လောက်များ ဒီဘက်ကို တဂျီဂျီလုပ် နေရက်တယ်။ အဖေက လည်း အဖေ။ သူ့သားကြီး ငွေတွေဆုံးမှာ စိုးနေတာကိုး။ ရှင်လည်း အဖေ့သားပါပဲ။ ဒီလောက်အထိ အဖေက သားကြီးဘက် ပါနေဖို့ မကောင်းပါဘူး။ လူကြီးပဲ ဥစ္စာ”

“ဟာကွာ… မင်း လွန် လာပြီနော်။ ကဲ… ကဲ ဟာ”

ပြိုကျသံ၊ ငိုယိုသံ။ ဦးဖေငယ် ထမင်းစားခန်းထဲ မဝင်တော့ပါ။ ရင်ထဲမှာ ပြိုနေပြီ။ နှလုံးသားတွေ ပဲ့ကြွေ နေရုံမျှသာ မဟုတ်တော့ပြီ။ သောခနဲ ဝေါခနဲ ပြိုဆင်း ကုန်ပြီ။ မျက်ရည်ကျလျက် ဦးဖေငယ် အိမ်ပေါ်မှ တိတ်ဆိတ်ငြိမ်ကျစွာပဲ ဆင်းခဲ့ပါ ၏။ ထမင်းစားခန်းဆီမှ ပန်းကန်ခွက်ယောက်ကွဲသံ တွေက ကျယ်လောင်လွင့်ပျံ့ လာနေသည်။

တကယ်တမ်း မနက်စာ၊ နေ့လယ်စာလည်း ဘယ်မှာမှ စားခဲ့တာ မဟုတ်။ နေပူ ကဲကျဲကြီးထဲမှာ ယောင်နန နိုင်စွာပဲ ခြေလှမ်းနှေးနှေးဖြင့် ဦးဖေငယ် လျှောက်သည်။ အပူရှိန်သည် ခေါင်းတည့်တည့်ကို ထိုးသည်သို့ ရှိ၏။ နှလုံး တည့်တည့်သို့လည်း လောင်သည်သို့ ရှိ၏။ အာခေါင်တွေ ခြောက်ခြောက် နေလျက် ရင်သည် ဆို့နေ၏။ လည်ချောင်းတွေပါ ခြောက်လာသည်။ အားတွေ ပြုတ် ပြုတ်ပြုန်းအောင် ထုချေ ဆုတ်ဆင်းနေသည်သို့ ရှိ၏။ ဘတ်စ်ကားမစီးဖြစ်ဘဲ လျှောက်လာလိုက်သည့် အချိန်တွေသည် မနည်းလှ။ ခြေတွေက သွားနေကျလမ်း တွေမို့ အိမ်သို့တိုင်အောင် ပလက်ဖောင်းတွေ အတိုင်း လူကူး မြင်းကျားတွေကို ဖြတ်သန်း၍ လာခဲ့သည်။ ကားသံ တွေကို ကြားခဲ့တာရှိသည်။ လူသံတွေကိုလည်း ကြားခဲ့ တာတွေရှိသည်။ ဝိုးတဝါး လူရိပ်တွေကို ကျော်ဖြတ်ခဲ့တာ ရှိသည်။ ဒါပေမယ့် အာရုံ သည် မကြည်လင် မပီပြင်ခဲ့ သည်ကောဟု နားလည်လာ နေရသည့်
ဦးဖေငယ်။

အိမ်သို့ ပြန်ရောက်ချိန်သည် ဘယ်နှနာရီ ထိုးနေပြီ ဆိုတာကိုပင် မခွဲခြားနိုင်စွမ်း တော့အောင်ဖြစ်နေသည်။ မျက်စိတွေ ပြာနေ၍ ညနေဟု ထင်နေရသည်လား။ ညနေ တကယ်ပဲ ဖြစ်လာ နေပြီလား။ ဝိုးတဝါး အရိပ်တစ်ခုသည် ထမင်းစားခန်း ဘက်ဆီမှ လာနေသည်။ ဦးဖေငယ် အနိုင်နိုင် ဧည့်ခန်းသို့ ခြေကိုသယ်သည်။ ရင်သည် ဆို့နေ၏။ ခြေသည် ညွတ်၏။ ပြိုကျ ပြုတ်ကျနေပြီ ဆိုတာကို သိနေပေမယ့် ထိန်းရန် အားအင် မကျန်တော့။ အလွန် လျင်မြန်စွာပဲ လက်ကျန် အားအင် တည်းတည်းမျှင်မျှင် သည် လွင့်ခနဲလွင့်ခနဲ ကိုယ်ထဲမှ ထွက်ခွာ နေကြသည်ဟု ခံစားရ၏။ ကြမ်းပြင်သို့ ကျသည့် အရှိန်သည် ခေါင်းကို လည်းထိ၏။ ရင်ကိုလည်း ဆောင့်၏။ ပွေ့လိုက်တာကို သိနေသည်။ မော့အကြည့်မှာ အမြင်သည် ချွေးမ မိလှိုင် ဖြစ်နေသည်။ အမြင်က ဝါးဝါး ရိပ်ရိပ်လှုပ်နေသည်။

အကြွေး… အကြွေး ဆယ်သိန်း… ငါးသိန်းပဲ ကျေနိုင်ခဲ့ပြီ။ ငါးသိန်းကျန် နေပြီ။ ကိုယ့်ပယောဂကြောင့်၊ ကိုယ့်တာဝန် မကင်းခြင်းများ ကြောင့် သားကြီးနှင့် ချွေးမ တို့မှာ ငွေငါးသိန်း ဆုံးရချေ တော့မည်။ ကိုယ်သည်လည်း ကျေအောင်ဆပ်နိုင်ရန် အားအင်မရှိ။ အချိန်မကျန်။ အရွယ်မမျှ။ ဘာမျှမတတ်နိုင် သည့် သူအိုတစ်ယောက်သည် မကျေသော ကြွေးကို လောကကြီးမှာ ချန်ထားရစ်ခဲ့ ရတော့မည်။

မအေးခက်ကို မြင်သည်။ ဇနီးသည် အေး၏ လှမ်းသည့် လက်ကိုလည်း မြင်နေရပြီ။ ဒါပေမယ့် နောက်ဆံ ငင်နေသည့် ဇောက ရှိနေသည်။ “အကြွေး… အကြွေး ကို… ကျေ… ကျေ… ပေး ဖို့… သားကြီးကို ပြော… ပြောပြ…ပေးပါ… သမီးက လည်း … အဲဒီ… အကြွေး ကို… ကျေ… ပေး… ပါ” အားစိုက်၍ မနည်း ပြောရသည်။ သားကြီး အလုပ်မှ ပန်မရောက်သေးတာကို သိနေသည်။
သားငယ်၏ ရန်ပွဲသည်ကော အဆုံးသတ် ပါရဲ့လား။
“သမီးလှိုင်… အဖေ လေ… အကြွေး… မကျေခဲ့တဲ့ အတွက်… စိတ်… မကောင်း… ပါ… ဘူး”

ဇောသည် အကြွေးထဲမှာ နစ်နေသည်။ နောက်တော့ အကြည့်သည် ဘုရား စင်ထံမှာ တန့်၏။ ဦးဖေငယ်၏ မျက်ဝန်းတွေက ပွင့်နေသည်။ ဒါပေမယ့် မမြင်ရ တော့ပြီ။ မသိမသာ ဟနေသည့် နှုတ်ခမ်းသည် ဖြူဖျော့ နေ၏။ မနက်ကတည်းက ဘာမျှ မစားခဲ့ရဘဲ ဝမ်းဟောင်းလောင်းဖြင့် သားနှစ်ယောက်၏ ရင်ငွေ့နှင့် ဝေးကင်းနေရင်းဖြင့် အဖေ တစ်ယောက်သည် အကြွေး မကျေမှာကို စိုးသည့်ဇော၏ နှိပ်စက်မှု အောက်ဝယ် ကွယ်လွန်ခဲ့ရ ချေပြီတကား။

ကျေးဇူးကြွေး၊ မေတ္တာကြွေးတို့ကို မည်သူကျေအောင် ဆပ်မည်နည်း။
သွားလေသူက သွားလိုက်ပြီ…။
ဝတ္တရားကြွေးတွေ တင်ကျန်ရစ်သူက ကျန်ခဲ့ပြီ…။

5 comments

  • bigcat

    September 3, 2010 at 1:39 am

    ကိုယ့်ဒုက္ခကိုယ်ရှာတယ်လို့ပဲ ကိုယ်ချင်းမစာ ဆိုပါရစေ။ သိပ်ကောင်းတဲ့ စာတပုဒ်ပါ။

  • eros

    September 3, 2010 at 6:30 am

    ခက်တယ်ဗျာ။ ခက်တယ်။ လင်၊ မယား၊ ယောက်ခမ(၂ဖက်စလုံး)၊ ဆွေမျိုးတွေ ရဲ.မာန်တွေ၊ တလွဲမာနတွေ၊ နားလည်မပေးမှုတွေ၊ ကြောချင်တာတွေကြောင့်ပါ။ တကယ်တော့ ဘာမှမဟုတ်တဲ့၊ ကြီးကြယ်တဲ့ပြဿနာမဟုတ်ပါဘူး။ တခါတလေ အိမ်ထောင်ပြုရမှာတောင်ကြောက်လာတယ်။

  • thihayarzar

    September 4, 2010 at 3:57 am

    မသိတက်တဲ့ချွေးမတွေပါလား ….. ကောင်းပါတယ်ဗျာ … အရေးအသားကော ဇာက်လမ်းလေးကလည်းကောင်းတယ် ….. နောက်ဆုံးတော့ သိတက်တဲ့သူပဲ အပူတွေနဲ့ကျန်ခဲ့တော့တယ် ….

  • search123

    September 4, 2010 at 6:03 am

    ရွှေအမြုတေ Magazine မှာ June or July လလောက်က ပါခဲ့တဲ့
    မဟူရာ(လွိုင်ကော်) ရဲ့ဝတ္ထုလေးပါ အရမ်းကောင်းပါတယ်။

  • winkyawaung

    September 11, 2010 at 9:00 am

    ရွှေမှာပါတဲ့ ဝထ္ထုကိုး ။ ရတနာပုံနေပြည်တော်မှာ သီးခြားရေးတင်တဲ့ ဝထ္ထုဆိုရင်တော့ ကျွန်တော်က ရသဝထ္ထုဆု ပေးမလို့ပါ..။

Leave a Reply