စကားနောက် တရားပါ

badbabylay09@gmail.comSeptember 4, 20101min1721

လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို
မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို
မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။
အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို
တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။
ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့
တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက်
တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ “စကားနောက် တရားပါ”ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင် အဲဒီစကားရဲ့
တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း
ဆိုလိုတာဖြစ်ပါတယ်။
စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဒီတော့ကား
စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ
ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ
ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို ရှင်းလင်းဖော်ပြပါတယ်။ စကားပြောတဲ့အခါ
ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့

၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
၄။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုးကို ရှောင်ကြဉ်ကြရမယ်လို့ စာပေက
ဆိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့

၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၄။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့ သူတပါး
မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့
ဒီစကားနှစ်မျိုးကိုပဲ
ပြောဆိုတော်မူပါတယ်။ ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက လေးခွန်းကိုပယ်ပြီး နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။
ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့
လမ်းစဉ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။
တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ်
ပြောလေ့ရှိတတ်ကြပါတယ်။ လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ဝန်မလေးသလို မြှောက်ပြောရမှာလည်း ဝန်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင်
အပြစ်ပြောရမှာလည်း ဝန်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း
ဝန်မလေးတတ်ပါဘူး။ ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း
ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊
မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။ မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ
မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား
ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ
ဖြစ်ပါတယ်။

အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက် မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက် မတရားတဲ့ အရာတွေ ပါကုန်တာ
ဖြစ်ပါတယ်။ သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့
ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။ ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက် သီလသိက္ခာပုဒ်
တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ
အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို
ပိတ်လို့လွယ်တယ်၊
ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင် နေ့စဉ်ပါးစပ်က
ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ
ဖြစ်ပါတယ်။
ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့
သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ
များနေတတ်တာကို တွေ့ရတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ စကားစတာတွေ
ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့
ဝန်မလေးတော့ပါဘူး။

မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ
မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို
နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ
သူ့စကားနဲ့သူ့ကိုပြန်ပြီး
ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ အနံ့အသက်မကောင်းဘဲ စကားမပီ
သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။
အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က “မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း”လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကို ပြောဆိုတတ်တဲ့
သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။
ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု အကျိုးတရားတွေကို
ဖြစ်စေမှာ ဖြစ်ပါတယ်။

အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က “နတ်သား… သင်နတ်ပြည်ရောက်လာတာ
ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက
“အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော်
လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊
ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့
လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး
တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”လို့
ပြန်လျှောက်ပါတယ်။ ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့
ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ
ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက ပါနေကြမှာ ဖြစ်တဲ့အတွက်
ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ
ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ အကောင်းပြောရင်
အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက်
အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကား၊
ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ
ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့ စားသမျှအစားတွေမှာလည်း
လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ
ပါအောင်သာ ကြိုးစားကြပါလို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေ ပါနိုင်ကြပါစေ…။

One comment

  • kopauk mandalay

    September 4, 2010 at 3:26 pm

    တကယ်တမ်းပြောရရင် လူတော်တော်များများသည် ဘယ်လိုကောင်းနေရမယ်ဆိုတာကို သိဘူး ကြားဘူးတာတော့
    မှန်ပါတယ်။
    ဒါပေမယ့်လက်တွေ့ဘဝကို ဖြတ်သန်းကြတဲ့အခါမှာတောင် အဆင်ပြေအောင်ကြည့်နေရတော့
    အမြဲတမ်းကောင်းအောင်လုပ်ဘို့ကတော့ သိပေမယ့်လဲကျင့်သုံးဘို့ခက်တာကိုတွေ့ရပါတယ်။
    (မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့)ဟာလေးကို ဘုရားဟောတဲ့ထဲပါတယ်ပြောသင့်တယ်ဆိုပြီးပြောကြည့်လိုက်လို့မရပါဘူး။
    ဒါကတော့ လက်တွေ့ကျကျပြောတာပါနော်။

Leave a Reply