မြ
Faces Magazine
Jan_2018
ဗိုက်ကလေးပေါ် လက်တင်ပြီး တစ်နေရာကိုငေးနေတဲ့ မြ ဆိုတဲ့ မိန်းကလေးကိုကြည့်ရတာဟာ သိပ်ပြီးတော့ မူမမှန်ချင်ဘူး။ တခါတခါ ငိုလိုက်ရယ်လိုက်နဲ့ရှိနေတတ်ပေမယ့် ဒီကနေ့တော့ ထူးဆန်းစွာပဲ မြ ဟာ နုတ်ဆိတ်လို့နေခဲ့တယ်။ ကြည့်ရတာ ငိုရလွန်းလို့ပဲ မောသွားခဲ့လေသလား။ ဒါမှမဟုတ် ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီးပြန်တွေးရတာက မြ ဟာ မကြံကောင်းမစည်အပ်တာတွေများ တွေးနေခဲ့သလားလို့ပေါ့။ ဟော လာကြပြီ။ ရပ်ထဲ ရွာထဲက လူကြီးတွေလာကြပြီ။ ဒီတော့ မှ မြ ဟာ ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နေရာက လူးလူးလွန့်လွန့်ရှိလာခဲ့တယ်။ မြ ရဲ့ မျက်ဝန်းတွေကိုကြည့်တော့ ငြိမ်သက်နေသယောင်ပါပဲ။ ဒီတော့ ကျွန်မက ထိုင်ရာကနေထပြီး ရောက်လာတဲ့ လူကြီးတွေကို ဧည့်ဝတ်ပြုဖို့ရာပြင်ရတယ်။ ကျွန်မကို ကူဖော်လောင်ဖက်အဖြစ် လာနေပေးတဲ့ရွာထဲက လှဖူးဆိုတဲ့မိန်းကလေးကတော့ သွက်သွက်လက်လက်နဲ့ ရေနွေးဗန်းတွေ ချဟယ်ပြုဟယ်ပေါ့။ ကျွန်မက
“ ကျွန်မ မနေ့ကတည်းက မျှော်နေတာ။ ဆရာတို့ ဆရာမတို့ ရောက်လာမှပဲ ကျွန်မလည်း ဒီကိစ္စ ဘာဆက်လုပ်ရမလဲဆိုတာ သိနိုင်မှာမလား။ ဒါနဲ့ မမသိမ့် ကျွန်မပြောစရာရှိတာကို ဒီမှာပဲပြောလိုက်တော့မယ်နော်။ “
ကျွန်မတို့ရပ်ကွက် ဥက္ကဌရဲ့ ဇနီးဖြစ်တဲ့ မမသိမ့်က
“အင်း ပြောလေ ဆရာမ။ ဆရာမ မပြောလည်း မမသိမ့်တို့က မေးမလို့လာတာပါ။ ဒီကိစ္စ ရပ်ကွက်ထဲရော တစ်မြို့လုံးပါ သိချင်နေကြတယ်လေ။ ဖြစ်လာတဲ့ကိစ္စကို ဖုံးလို့ဖိလို့လည်း ရတာမဟုတ်တော့ အားလုံးတိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကို ဝိုင်းဝန်းအဖြေရှာဖို့ရာလည်း လိုတယ်မလား။ ပြောပါ။ “
“ဟိုလေ ကျွန်မ အတန်းထဲက ကျောင်းသူဖြစ်တဲ့ မြမြလွင် ဆိုတဲ့ ကလေးမမှာ ကိုယ်ဝန်သုံးလ ရှိနေတာတော့ သိပြီးကြရောပေါ့။ ကျွန်မ ခု တိုင်ပင်ချင်တာက မြမြလွင်ရဲ့ ကိုယ်ဝန်ဟာ ဘယ်သူနဲ့ရသလဲဆိုတာ ဝိုင်းဝန်းအဖြေရှာကြဖို့ပဲ“
ကျွန်မစကားဆုံးတော့ မမသိမ့်က သိပ်တော့ အံ့ဩဟန်မပြဘူး။ ကျန်တဲ့ လူကြီးတွေလည်း တိတ်ဆိတ်ငြိမ်သက်နေပေမယ့် သူတို့မျက်လုံးတွေကိုကြည့်ရတာဟာ ကျွန်မပြောမယ့် စကားကို တွက်ဆ ထားခဲ့ဟန်တူတယ်။
“ထင်တဲ့အတိုင်းပါပဲ။ အဲဒီတော့ ဆရာမ ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ“
“ကျွန်မသဘောကတော့ မြ ကို ကျွန်မဆီမှာ ခေါ်ထားလိုက်ချင်တယ်။ ပြီးတော့ မေးစရာလေးတွေတော့ ချော့မေးရမှာပဲ။ မမသိမ့်တို့လည်း ကူညီပါ။ ခုလောလောဆယ်တော့ မြကို ဘာမှ မေးလို့မရသေးဘူး။ စကားလည်းမပြောဘူး။ မြ အနားမှ တစ်ယောက်ယောက်ကို အစောင့်အရှောက်သဘောမျိုးလည်း မိန်းကလေးတစ်ယောက်လောက်ထားချင်တယ်။ ကောင်မလေးကြည့်ရတာ ပုံမှန်မဟုတ်ချင်သလိုပဲ“
ပုံမှန်မဟုတ်ချင်သလိုပဲဆိုတဲ့ စကားကိုတော့ ကျွန်မ လေသံနှိမ့်ပြီး တိုးတိုးလေး ပြောလိုက်မိတယ်။ မြ ကို လှမ်းကြည့်တော့ ထိုင်ရာက မထ။ မျက်ဝန်းတွေဟာ ပကတိငြိမ်သက်လို့။ ကျွန်မစိတ်ထဲမှာတော့
“မြ သမီးရယ်။ သမီး မပြောသင့်ဘူးထင်တဲ့ စကားတွေက ဘယ်သူ့ကြောင့်မို့ လွယ်လွယ် မထွက်နိုင်ရတာလဲ။ ဘာကြောင့်များ ဆွံ့အနေရတာလဲ။ ဖြစ်နိုင်ရင် သမီး ဆရာမကို ပြောပြပါလားကွယ်“
(၁)
တကယ်တော့ မြဆိုတဲ့ မြမြလွင်လေး ကျွန်မ အတန်းထဲကိုရောက်လာတာ ခုနှစ်တန်းနှစ်မှပါ။ မြမြလွင်ရဲ့ အမေ မသန်းရီကိုယ်တိုင် ကျောင်းလာအပ်တော့ အတန်းပိုင်ဖြစ်မယ့် ကျွန်မကို မြမြလွင်အကြောင်း သေချာပြောပြီး အပ်ခဲ့တာကို မှတ်မိနေသေးတယ်။ မြမြလွင်ဟာ သူ့အမေရဲ့နောက်မှာ မျက်နာလေးငုံ့ပြီး ကွယ်နေတာကို သတိထားမိရင်း ကျွန်မ မြင်မြင်ချင်းပဲ မြမြလွင် ကို ချစ်ခင်မိသွားတယ်။ မြမြလွင်က စကားနည်းတယ်။
အပြုံးအရယ်လည်း နည်းတဲ့ ကလေးရယ်လို့ ကျွန်မ မြင်မြင်ချင်းမှတ်ချက်ပြုမိရတယ်။ နောက်ပိုင်းတော့ မြမြလွင်ဆိုတဲ့ နာမည်အစား ကျွန်မက သူကလေးကို မြ လို့ရယ် တစ်လုံးတည်း အဖျားစွတ်ခေါ်မိရတဲ့အထိ မြမြလွင်ဟာ ချစ်ခင်စရာကောင်းပြီး လိမ္မာတဲ့ မိန်းကလေးတစ်ယောက်။ ကျွန်မ မြ ရဲ့ မိသားစုအကြောင်း ကွယ်ရာမှာ စုံစမ်းကြည့်လိုက်တဲ့အခါ မြ ဟာ တစ်ဦးတည်းသော သမီးတစ်ယောက်။ အမေဖြစ်သူက ပဲပင်ပေါက်ဖောက်ရောင်းပြီး အိမ်ရဲ့စားဝတ်နေရေးကို တစ်ပိုင်တစ်နိုင် ဖြေရှင်းနေရတဲ့သူ။ မြ မှာ အဖေတော့မရှိတော့ဘူး။ မြ ငယ်ငယ်ကလေးထဲက အိမ်ကပဲ ထွက်သွားသလိုလို၊ လူမသိ သူမသိ တစ်မြို့တစ်ရွာမှာပဲ သေဆုံးသွားသလိုလို ပြောကြဆိုကြတယ်။ ဒီတော့ ကျွန်မမှာ မြကို ဖတဆိုးသမီးလေးရယ်လို့ သနားချစ်ခင်စိတ်ကလေးနဲ့ အရာရာကို ဖေးဖေးမမ ရှိခဲ့ရတယ်။ မြ ဘာကြောင့် စကားနည်းတယ်။ အပြုံးအရယ်နည်းတယ်ဆိုတာကို ကျွန်မ ရိပ်မိသလိုရှိခဲ့တယ်။ ဒါကြောင့် မြကို စကားတွေပြောလာအောင် အတန်းထဲက ကလေးတွေနဲ့ ပြောပြောဆိုဆို ပြောရဲဆိုရဲရှိအောင် ကျွန်မ လေ့ကျင့်ပေးမယ်လို့လည်း ဆုံးဖြတ်ထားခဲ့တယ်။ မြ ကို အထူးလည်း ဂရုစိုက်ဖြစ်တယ်။ ဒါကြောင့် မြ ကို ကျွန်မ အိမ်မှာ ခေါ်ထားဖို့ စဉ်းစားပြီး မြရဲ့ အမေ ကို တစ်ရက်သားခေါ်တွေ့ခဲ့ရတယ်။
“အဲဒီတော့ မသန်းရီရယ် မြ ကို ကျွန်မ ခေါ်ထားပါရစေ။ ကျွန်မမှာလည်း မိန်းမဖော်မရှိဘူးမလား။ မြ ရှိတော့ ကျွန်မလည်း အဖော်ရတယ်။ မြ အတွက် ကုန်ကျမယ့် ကျောင်းစရိတ်ကိုလည်း ကျွန်မ ကုန်ကျခံပေးပါရစေ။ ကျွန်မ မြကို သမီးလေးတစ်ယောက်လို ညီမလေးတစ်ယောက်လိုလည်း ချစ်မိတယ်။ ဒီမှာဆို စာလည်း ပြပေးလို့ရတယ်လေ။ မသန်းရီဘယ်လို သဘောရသလဲ။“
ဒီလိုပြောတော့ မြရဲ့ အမေက တွေတွေဝေဝေ။ ဘာတွေစဉ်းစားနေသလဲ မသိပေမယ့် မြ အမေက
“ကျွန်မ စဉ်းစား ပါရစေဦး ဆရာမရယ်။ ကျွန်မမှာ ကိုယ်ခွဲလည်းမရှိဘူးလေ။ သူရှိတော့ တချို့အလုပ်တွေ ကျွန်မ ခိုင်းလို့ပြုလို့ရသေးတယ်။ ခက်တာက သမီးက မလှုပ်တချက် လှုပ်တစ်ချက်ရယ်။ ကျွန်မတောင် အာပေါက်အောင် ပြောရဆိုရတာ။ ဆရာမဆီမှာ ဆို စိတ်မရှည်တဲ့အခါမျိုး ငြိုငြင်မှာ စိုးတယ် ဆရာမရယ်။ ခက်တာက ကျောင်းစရိတ်ကို ဆရာမထောက်ပေးမယ်ဆိုတော့ ကျွန်မ စဉ်းစားပါရစေဦးနော် ဆရာမ“
ဘယ်တတ်နိုင်မလဲလေ။ သူများသားသမီးဆိုတော့လည်း အုပ်ထိန်းသူကို ခွင့်တောင်းပြီး ခွင့်ပြုပါမှ အဆင်ပြေမှာကိုး။ မြရဲ့ အမေခမျာမှာလည်း စဉ်းစားရမပေါ့။ သူတပါးအိမ်မှာ ထားရမှာဆိုတော့လည်း ကိုယ့်သားသမီးဖြစ်တဲ့အတွက် ငြိုငြင်စိတ်ထား ရှိမှာ၊ ဆူဆူပူပူ ရှိမှာ ဘယ်မိဘက လိုလားလေလိမ့်မလဲဆိုတာလည်း ကျွန်မ တွေးမိပါတယ်။ ဒီလိုနဲ့ မြ အမေ ရဲ့ စဉ်းစားပါရစေဦးဆိုတာ တစ်ရက်မှ နှစ်ရက်။ နှစ်ရက်မှာ တစ်ပတ်သာကြာသွားတယ်။ မြကို ကျွန်မအိမ်မှာ ထားမယ် မထားဘူးဆိုတာ စကားပြန်မလာခဲ့ဘူး။ ကျွန်မမှာတော့ ကျောင်းဖွင့်ရက်တွေတိုင်း မြ ကို သမီး အမေက သမီးကို ဘာပြောသေးလဲလို့မေးတဲ့အခါ မြ ပြန်ဖြေတာက။
“ဟင့်အင်း“တဲ့။
(၂)
မြ အမေ ယောကျာ်း ယူလိုက်ပြီတဲ့ ဆိုတဲ့ သတင်းက ကျွန်မ နားထဲရောက်လာတယ်။ ကျွန်မ အိမ်ကို လာလာ လည်တတ်တဲ့ ရပ်ကွက်ဥက္ကဌရဲ့ဇနီးဖြစ်တဲ့ မမသိမ့်ကိုယ်တိုင် ပြောတယ်ဆိုတော့လည်း ယုံရခက်ခက် မယုံရခက်ခက်။
“မမသိမ့်ရယ် မြလေး သနားပါတယ်။ မြ အမေက ဘယ်လိုကြောင့် ခုမှ ယောကျာ်း ထ ယူရသလဲ မသိဘူးနော်“ ဆိုတော့
“အားကိုးပေါ့ ဆရာမရယ်။ မိန်းမသားတွေမှာ အားကိုးဆိုတာရှိဦးမှရယ်လေ။ တစ်ယောက်တည်း မြမြလွင်ကို ဒီအရွယ်ထိ ပြုစုပျိုးထောင်ပေးနိုင်တာကိုကြည့်ရင် တော်တော်လေး တောင့်ခံခဲ့လို့ပဲ။ မသန်းရီခမျာ တစ်ယောက်တည်း ရုန်းကန်ရတာမလား။ မြမြလွင်ရဲ့စိတ်ကိုလည်း ငဲ့ခဲ့တာ ပါမယ်ထင်တာပဲ။
မမသိမ့် သိသလောက်တော့ မြမြလွင်က ငယ်ငယ်ကတည်းက တစ်မျိုးပဲ။ ခုတော့ မြမြလွင်လည်း အရွယ်ရောက်လာပြီဆိုတော့ တွေးနိုင်တောနိုင်ပြီထင်လို့ ယူလိုက်တာနေမယ်။ “
“ဒါတော့ ဒါပေါ့ မမသိမ့်ရယ်။ ကျွန်မတော့ သိပ်တော့ သဘောမကျဘူးရယ်။“
“ဆရာမ သဘောမကျလည်း မသန်းရီမှာ အရွယ်ကရှိသေးတာကို။ သေချာကြည့် မသန်းရီက ပြင်ပြင်ဆင်ဆင်မနေလို့သာ။ အရွယ်ကောင်းသေးတော့ ကျတဲ့သူကလည်း ကျတာနေမှာပေါ့။ စကားတောင်ရှိတယ်လေ။ တံခွန်မရှိတဲ့ ကုက္ကား အလံမရှိတဲ့ရထား မတင့်တယ်လို့ရှိတယ်မလား။ ယောကျာ်းမရှိတော့ ထိကပါးရိကပါးရှိတတ်ကြတယ်။ နုတ်ဆော့ လက်ဆော့ချင်ကြတယ်။ သမီးလေးကလည်းရှိတော့ အကာအရံဆိုတာ ပိုလို့တောင်လိုတယ် မမသိမ့်တော့ထင်တယ်။ မနေ့က ရုံးမှာ လက်မှတ်ထိုးကြတော့ မမသိမ့်လည်း ရှိတယ်။ ခုယူတဲ့ ယောကျာ်းကတော့ ရုပ်ကလေးလည်း တည်တည်ကြည်ကြည်ရှိတယ်။ အလုပ်အကိုင်လေးလည်းမဆိုဘူးဆိုတော့ မသန်းရီ ကံကောင်းမှာပါ။“ တဲ့။
ကျွန်မတော့ စိတ်ထဲမှာ မြ တော့ ဘယ်လိုခံစားနေရမှာပါလိမ့်လို့တွေးပူမိတာအမှန်ပဲ။ ခုထက်ထိလည်း မြ ကို ကျွန်မအိမ်မှာ ထားမယ် မထားဘူးဆိုတာ စကားမပြန်။ ဒီလိုနဲ့နွေရာသီကျောင်းပိတ်လို့ကျွန်မလည်း ကျွန်မ မြို့ ကျွန်မပြန်။ ကျောင်းဖွင့်ခါနီးမှ မြ တို့ မြို့ကို ပြန်ရောက်တယ်။ ကျောင်းလာအပ်တော့ မြ အမေ မသန်းရီရဲ့ မျက်နာလေး ဝင်းပနေတာကိုသတိထားမိတယ်။ ကျောင်းရဲ့စနစ်က အတန်းတူတက်ခွင့်ပေးထားတော့ မနှစ်က ကိုယ့်ကလေးတွေနဲ့တစ်ပြိုင်တည်းလိုက်တတ်ရတာဆိုတော့ ဒီနှစ်လည်း မြရဲ့ အတန်းပိုင်ပါပဲ။ ဒီလိုနဲ့ ကျောင်းတွေဖွင့်တယ်။ ဒီနှစ် မြ ဟာ အဌမတန်းကျောင်းသူတစ်ယောက်ပေါ့။ ထူးဆန်းတာက ကျောင်းဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ မြ ရဲ့ အမူအယာတွေဟာ မနှစ်ကနဲ့ အခြားနားကြီးခြားနားသွားတာပဲ။ ကျွန်မမှာ မြဟာ မြ မှ ဟုတ်ပါလေစ လို့တွေးရတဲ့အထိ။ ကျွန်မ မြင်မြင်ချင်း အပြေးလေးလာပြီး လက်ကလေးကို ကိုင်ဆွဲလို့
“ဆရာမ သမီးလေ ဆရာမကို သတိရနေတာ။ ပြီးတော့ အမေ့ကိုလည်း ခွင့်တောင်းထားတယ်။ ကျောင်းပိတ်ရက်တိုင်း ဆရာမအိမ်မှာသွားအိပ်မယ်လို့လေ။ သမီး လာခဲ့မယ်နော် ဆရာမ။“
ကျွန်မ နုတ်တွေဟာရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အနေခဲ့တယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေ အတွင်း မြ ဟာ ဒီလောက်အထိ သွက်လက်ချက်ချာလာသတဲ့လား။ ဘယ်သူတွေကများ မြကို ပြောင်းလဲလာအောင် စွမ်းဆောင်သွားနိုင်ခဲ့သလဲ။ အရင်ကလို စကားမနည်းတော့။ အရင်ကလို အနေ မငြိမ်တော့။ အတန်းထဲမှာ မြရဲ့ သွက်လက်မှုတွေ ဖျတ်လတ်မှုတွေဟာ အရင်တစ်နှစ်တုန်းကနဲ့တော့ ဆီနဲ့ရေ ကွာခြားသွားခဲ့ပြီ။ ဒီတော့ ကျွန်မ မြ ရဲ့ အမူအယာပြောင်းလဲလာတဲ့အကြောင်းအရင်းကို သိချင်လာခဲ့တယ်။ တစ်ရက် မမသိမ့်ကို တွေ့တော့ ကျွန်မ မေးကြည့်မိတယ်။ မမသိမ့်ပြောတဲ့ အကြောင်းတွေက တကယ့် အမှန်တရားတွေပါရဲ့လား။ ဖြူစင်မှုတွေပါရဲ့လားဆိုတာကို ကျွန်မတော့ သံသယရှိတယ်။
(၃)
“ဆရာမ သိလား သမီးရဲ့အဖေ မသေဘူး သိလား။ ခု အိမ်ပြန်ရောက်နေပြီ“
“ဗုဒေါ္ဓ“ လို့ ကျွန်မ စိတ်ထဲမှာ မြ ရဲ့ စကားကိုကြားကြားချင်းမှာပဲ ပြောမိသွားတယ်။ ကျွန်မ သိတဲ့ မြ ရဲ့အဖေဆိုတာဟာ မြ ငယ်ငယ်ကလေးထဲက သေသွားတယ်ဆိုလား။ ခု ဘယ်လိုကြောင့် အဖေ မသေဘူး။ အိမ်ပြန်ရောက်နေပြီလို့ မြ ဘာကြောင့်ပြောတာပါလိမ့်။
“ မြ အဖေ ဟုတ်လား“
“ဟုတ်တယ် ဆရာမရဲ့ သမီး အဖေက သမီးငယ်ငယ်ကလေးထဲက အိမ်ကထွက်သွားတာ တဲ့ ။ ခု အမေ ယူလိုက်တာ နောက်ယောကျာ်းမဟုတ်ဘူးတဲ့။ သမီးရဲ့အဖေအရင်းပဲတဲ့။ သမီးလေ အဖေမရှိဘူးဆိုပြီး ဝမ်းနည်းနေခဲ့ရတာ။ ခုတော့ ပျော်လိုက်တာ။ “
“နေပါဦး မြ ရဲ့ မြရဲ့ အဖေရင်းလို့ ဘယ်သူကပြောတာလဲ“
“အမေ ပြောတာလေ “
ကျွန်မ ဘာပြောရတော့မလဲ။ မြ ရဲ့အမေဟာ သူ နောက်ယောကျာ်းယူတာကို ကြည်ဖြူဖို့အရေး မုသားဖြူတွေ သုံးမှ အဆင်ပြေမယ်လို့ တွေးမိသွားပြီကိုး။ မြ ဟာ အဖေ့မေတ္တာငတ်သူတစ်ယောက်မှန်းလည်း သိနေခဲ့သူဆိုတော့ ခု ယောကျာ်းဟာ အဖေအရင်းပါလို့ ပြောလိုက်ရုံနဲ့ မြ ဟာ အလွယ်တကူပဲလက်ခံလိမ့်မယ်လို့ တွက်ဆထားခဲ့ဟန်တူတယ်။ မြ ဟာ ဘာကြောင့်များ အမေပြောတဲ့စကားကို အကြွင်းမဲ့ယုံကြည်ခဲ့ပါလိမ့်။ မြ ရဲ့ လူမသိတဲ့ စကားနည်းရခြင်း အကြောင်းတွေက အဖေမရှိလို့အားငယ်နေတဲ့စိတ်ကြောင့်ဖြစ်နေတာတဲ့လား။ ဒါဆို မြ ဟာ အဖေတစ်ယောက်ရဲ့မေတ္တာတွေ တိတ်တဆိတ်လိုချင်နေခဲ့တာတဲ့လား။
“ဆရာမ သိလား သမီးရဲ့ အဖေကလည်း သမီးကို သိပ်ချစ်တာ။ သမီးလိုချင်တာတွေလည်း ဝယ်ပေးတယ်။ အလုပ်လည်းမခိုင်းဘူး။ သမီး အမေက ခိုင်းရင်တောင် မခိုင်းနဲ့လို့တားတာ ဆရာမရဲ့။ သမီးလိုချင်ခဲ့တာ အဲဒီလို အဖေမျိုးပေါ့။ အဖေပြန်မရောက်လာတုန်းကဆိုရင် နွယ်နွယ်တို့ သူဇာတို့က သူတို့အဖေအကြောင်းတွေ ပြောရင် သမီးမှာ တိတ်တိတ်ကလေးနေနေရတာလေ။ အဲဒီတုန်းက သမီးမှာ အဖေမှ ရှိမနေတာ။ အမေ့ကိုမေးတိုင်းလည်း အမေက သေသွားပြီပဲပြောခဲ့တာကို။ နောက်မှာ သမီးသိတာက အဖေက အမေနဲ့ရန်ဖြစ်ပြီးအိမ်ကဆင်းသွားတာတဲ့။ အမေကလည်း စိတ်နာလို့ အဖေ့ကိုသေပြီလို့ပြောခဲ့တာတဲ့။ အဖေက သမီးကို မုန့်ဖိုးတွေလည်းပေးတယ်။ ဘာလိုချင်လဲ ဝယ်ပေးတယ်။ သမီးအဖေလောက်ကောင်းတာ ဘယ်သူရှိဦးမလဲနော် ဆရာမ“
“အင်းပေါ့ မြရယ်။ မြ ကံကောင်းတာပေါ့“
ကျွန်မ ဘာမှဆက်မပြောတတ်တော့။ ပြုံးရွှင်နေတဲ့ မျက်နာလေးနဲ့ စကားတွေ အားရပါးရ ပြောနေပါတဲ့ မြ ။ မျက်ဝန်းလေးတွေအရောင်တွေတောက်နေလောက်အောင် ရွှင်မြူးနေတဲ့ မြ။ ကျွန်မ မြ ကို မနှစ်ကတစ်နှစ်လုံး ဒီလို ပျော်ရွှင်တက်ကြွနေတာမျိုးကို တခါမှ မမြင်ခဲ့ရဘူးမလား။ ကျောင်းမှာလည်း မြ က စာကြိုးစားလာခဲ့သလို စာလည်း မှန်မှန်လုပ်လာတယ်။ ကျွန်မ မြကိုကြည့်ပြီး ကြည်နူးနေခဲ့မိတာပေါ့။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ မြ က ကျွန်မဆီ ပုံမှန်လာတယ်။ ကျွန်မရဲ့ပိတ်ရက်မှာ လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်ကူလိုက် စာလုပ်လိုက်နဲ့ တစ်စ တစ်စ ပြောင်းလဲ လာတဲ့ မြ။ ကျွန်မမှာ ရှိနေခဲ့တဲ့ ပြောင်းလဲခြင်းတရားတွေအပေါ်ရှိနေတဲ့ သံသယဟာလည်း ပါးလျ လို့လာခဲ့ပါတယ်။ ဒါပေမဲ့ မိုးဆိုတာ ခြိမ်းတိုင်းလည်း မရွာသလို၊ မခြိမ်းဘဲ ရွာတတ်တာကိုလည်း ကျွန်မ သတိမပြုခဲ့မိဘူးပေါ့။
(၆)
“ကျွန်မကိုက မှားတာပါ ဆရာမရယ်။ ကျွန်မ အပြစ်တွေပါ။ ကျွန်မကိုသာ အပြစ်တင်လိုက်ပါတော့ ဆရာမရယ်။“
တရှုပ်ရှုပ် ငိုနေတဲ့ မသန်းရီ။ မသန်းရီကိုပဲ အပြစ်တင်ရမလား။ ဘာဆက်လုပ်ရမလဲ မှန်းလဲမသိ။ ကျွန်မတို့ကျောနောက်မှာရှိနေတဲ့ ဆေးခန်းထဲမှာတော့ မြ ရှိနေတယ်။ ကြားကြားချင်း သိသိချင်း ကျွန်မ မယုံနိုင်။ နားနှစ်ဖက်စလုံးပိတ်ပြီး ဦးခေါင်းများပင် ချာချာလည်လို့နေတဲ့အချိန် မမသိမ့်ကလည်း အပြေးကလေးရောက်လာတယ်။ အကြောင်းက မနက်ကျောင်းတက်ချိန် ကျွန်မ အတန်းထဲဝင်ဝင်ချင်း အတန်းသူ အတန်းသားတွေ မတ်တပ်ထ နုတ်ဆက်ချိန် မြ က ပုံလျှက်သား မေ့လဲသွားရာကစတယ်။ ဆေးခန်းရောက်လို့ မြ ကို စမ်းသပ်ပြီးချိန်မှာတော့ ဆေးရုံက ဆရာဝန်လေးရဲ့ စစ်ဆေးချက်က ဆရာမဖြူနှင်းရဲ့ တပည့် မြမြလွင် မှာ ကိုယ်ဝန် သုံးလ ရှိနေပါသတဲ့။ ဘုရား ဘုရား။
“မမသိမ့် ကျွန်မ ဘယ်လို လုပ်ရမလဲဟင် မြ မှာ မြ မှာ“
“စိတ်ကို အေးအေး ထားပါ ဆရာမရယ်။ ဖြစ်လာပြီပဲ ဘာတတ်နိုင်မှာမို့လို့လဲ။ ကဲ မသန်းရီ ဒီကိစ္စ ပေါ့လို့တော့မဖြစ်ဘူး။ မသန်းရီ ရဲ့ သမီးမှာ ရှိနေတဲ့ ကိုယ်ဝန်“
“မ ….မမေးပါနဲ့ မသိမ့်ရယ်။ ကျွန်မ ရင်နာလွန်းလို့ပါ။ ဒါ ဒါ ဟိုကောင့် လက်ချက်ကလွဲလို့ ဘယ်သူရှိဦးမလဲလေ။ “
“ဘယ်ကောင်လဲ ပြောစမ်းပါ မသန်းရီ ။ ဘယ်သူလဲ “
“ကျွန်မ ယောကျာ်း ပဲ နေမှာပေါ့“
“ဘာ“
ဘာ ဆိုတဲ့ တစ်ခွန်းက ကျွန်မ နှုတ်က ခပ်မာမာထွက်သွားခြင်းပါပဲ။
“ကျွန်မ ကျွန်မ ကိုသာ အပြစ်တင်လိုက်ပါတော့ ဆရာမတို့ ရယ်။ ဒင်း က သမီးအပေါ် အဖေတစ်ယောက်လို့ ပြုစုစောင့်ရှောက်တယ်ဆိုတာကို ကျွန်မ ယုံကြည်မိတယ် ဆရာမရယ်“
“အဲလောက်အထိ ယောကျာ်းကိုယုံစရာလား မသန်းရီရယ်။ ခက်တာပဲ။ ကျားဆိုတဲ့အမျိုးကတော့ ဘယ်တော့မှ ဥပုပ်စောင့်မှာမဟုတ်ဘူး။ သမီးပျိုပေါက်လေးနဲ့ ဒီလို လွှတ်ထားစရာလား။ ကဲ ဘယ်နှယ့်လုပ်မလဲ။ သေချာအောင်တော့ မြ ကိုမေးမှရမယ်။ ကဲ ဆရာမ အိမ်ကိုသာ လိုက်ခဲ့ကြတော့။ မသန်းရီအိမ်ကိုပြန်ရင်လည်း အများသိတော့မယ်။ ခုတိုးတိုးတိတ်တိတ် မေးရမယ်။ မမသိမ့်ပါ ကျွန်မ အိမ်ကို ခဏလောက်လိုက်ခဲ့ပါနော်။ “
“လိုက်ရမှာပေါ့ ဆရာမရယ်။ ကဲ မသန်းရီ ခေါ်ခဲ့တော့ မြ ကို“
ကျွန်မ လမ်းလျှောက်နေတာက ခြေနဲ့ လမ်းမထိသလိုပဲ။ လေထဲမှာ လမ်းလျှောက်နေရသလိုလို ဟာတာတာနဲ့ ဦးခေါင်းထဲ မူးဝေချင်သလိုလိုဖြစ်လာတယ်။ မြ ။ ရိုးလှတဲ့ မြ။ ဖြူစင်လှတဲ့ မြ။ ဘုရား ဘုရား သူကလေးကိုမှ ရက်စက် ယုတ်မာလိုက်လေခြင်း။ ကျွန်မ အိမ်ရောက်တော့ မြ ကို ကျွန်မက စမေးရတယ်။
“သမီး မြ။ ဆရာမေးမယ်နော်။ အမှန်အတိုင်းဖြေ။ ခု သမီးမှာ သမီးမှာ။ ကိုယ်ဝန်ရှိနေတယ်“
“ရှင်“
“မရှင်နဲ့ သမီး။ အဲဒါ ခု ဆရာမနဲ့ မမသိမ့်ရယ် သမီး အမေရယ်ပဲရှိတယ်။ အမှန်အတိုင်းဖြေနော်။ သမီး ကိုယ်ဝန်ဟာ ဘယ်သူနဲ့ရခဲ့သလဲ။“
“မဟုတ်ဘူး မဟုတ်ဘူး။ ဘယ်သူနဲ့မှမရဘူး။ “
မြ က ကျောက်ကန် ကန်ပြီး ငြင်းတယ်။ မသန်းရီကတော့ ငိုနေရှာပြီ။ သမီးကို ရိုက်ပြီးမမေးသလို ပုတ်ပြီးလဲ လာမမေးဘူး။ မမသိမ့်က
“သမီးရယ် မဟုတ်တာ။ ဘယ်သူနဲ့မှ မဖြစ်ဘဲနဲ့ သမီး ဘယ်လို ကိုယ်ဝန်ရမလဲ။ သမီး အဖေနဲ့များ“
“အိုး မဟုတ်ဘူး မဟုတ်ဘူး။ သမီး အဖေနဲ့ ဘာလို့လာမေးနေတာလဲ။ မဟုတ်ဘူးနော် သမီး ခေါင်းမူးတာပါ ကိုယ်ဝန်ရှိတာမဟုတ်ဘူး။ ဆရာမ တို့ သမီးကို ဘာလာမေးနေတာလဲ။“
အဲဒီနေ့က မြ ကို ဘာမှ မေးလို့မရခဲ့။ မသန်းရီ ခမျာလည်း ဘာမှ မပြောနိုင်ခဲ့။ ကျွန်မ မှာလည်း ရင်မော စိတ်မောနဲ့ ဘာဆက်လုပ်ရမလဲဆိုတာလည်း မသိနိုင်ခဲ့။ မြ ကတော့ ငို လိုက် ရယ်လိုက် ငြိမ်သွားလိုက်နဲ့။
(၇)
လူကြီးတွေ ဆုံပြီ။ မသန်းရီရဲ့ ယောကျာ်းက ခေါင်းကြီးငိုက်စိုက်ချလို့ လူပုံအလယ်မှာ မလှုပ်မယှက် ထိုင်နေတယ်။ အားလုံးရဲ့အကြည့်တွေက မနှစ်မြို့တဲ့အကြည့်မျိုးတွေနဲ့။ တချို့ တီးတိုး တောက်ခေါက်သံလေးတွေ ပြုကြတယ်။ ဥက္ကဌအိမ်ရဲ့အပြင်ဘက်မှာလည်း သိချင်သူ စပ်စုသူတွေနဲ့ လူတွေရှုပ်ထွေးနေတယ်။ မြို့ကလည်း ငယ်တော့ ခု ကိစ္စဟာ မြို့စွန် မြို့ဖျားမကျန် သိကြ ကြားကြပြီပေါ့။ တစ်ရှက်က နှစ်ရှက် ဖြစ်လာတဲ့ကိစ္စကို ခုချိန်မှာ ဖုံးမရ ဖိမရတော့ပြီ။ မြ ကိုလည်း ဘာဆို ဘာမှ မေးလို့မရခဲ့။ ခု မသန်းရီရဲ့အမျိုးတွေကလည်း အပြေးရောက်လာလို့လာ။
မသန်းရီရဲ့ မောင်ဝမ်းကွဲတွေ ဆိုတာများ ဓါးကြိမ်းကြိမ်းလား ကြိမ်းရဲ့။ သတ်မယ် ဖြတ်မယ် တကဲကဲ လုပ်သူလုပ်ရဲ့နဲ့ ထိန်းရ သိမ်းရ ဆွဲရလွှဲရ မြင်ရ ကြားရသမျှ ဘာတစ်ခုမှ ကျွန်မ အတွက် မသက်သာခဲ့ဘူး။ တစ်ကိုယ်တည်း အပျိုကြီးဘဝနေလာခါမှ သူတပါးအပူနဲ့ စိတ်မအေးရတဲ့ အဖြစ်ကို ကိုယ့်အပူလို့ မျှဝေခံစားပေးနေတာကလည်း မိန်းမသားပါလားဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိနေလို့ပဲ ဖြစ်လိမ့်မယ်။ ခု လူတော်တော်စုံပြီ။ မြ က ဥက္ကဌအိမ်ရဲ့ ထောင့်တစ်နေရာမှာ အိမ်နံရံကို မှီလျှက်ထိုင်နေတယ်။ မျက်ဝန်းတွေက ဘာကို ငေးလို့ ငေးနေမှန်းမသိ။ ဟိုရက်တွေက မေးမရ ပြုမရခဲ့ဘူး။ ငိုလိုက်ရယ်လိုက် စိတ်ထဲရှိတာ ပြောလိုက်နဲ့ စကားတွေက တောင်ရောက် မြောက်ရောက်။ ကျွန်မက လှဖူးလေးကို မြ ကိုသေချာစောင့်ကြည့်ဖို့ သေချာမှာထားတော့ လှဖူးမှာလည်း မြ ကိုအရိပ်တကြည့်ကြည့်။
“အဟမ်း“
“ကဲကဲ မသန်းရီ ဘယ်လို လုပ်ကြမလဲ။ မသန်းရီ ယောကျာ်းကတော့ သူပါ လို့ဝန်ခံလိုက်ပြီ“
ဟာ၊ ဟင် ဆိုတဲ့အသံတွေ နေရာစုံကထွက်လာတယ်။ စိတ်ထဲ မချိတင်ကဲနဲ့ မြ ကို လှမ်းကြည့်မိသေးတယ်။ မသန်းရီက ခေါင်းမမော့လာတော့။ လူတကာရဲ့အကြည့်တွေကို ဘယ်လိုအင်အားမျိုးနဲ့ တုန့်ပြန်ကြည့်နိုင်တော့မလဲ။
“မဟုတ်ဘူး။ အဲဒါ အဖေမဟုတ်ဘူး“
မြ ရဲ့ အသံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့။ အားလုံးရဲ့အကြည့်တွေက မြ ဆီမှာ။ မသန်းရီက မြ ဆီပြေးဖက်တယ်။ မသန်းရီရဲ့အမျိုးတွေကပါ မြ ဆီမှာ ဝိုင်းလို့။ အဲဒီထဲက မိန်းကတစ်ယောက်ဆို
“သန်းရီ နင် သိပ်မိုက်တယ် သိလား။ နင် မိုက်တယ်။ ခုတော့တို့ တူမလေ ရေတိမ်နစ်ပြီ။ တို့တူမလေး ရေတိမ်နစ်ပြီ သိလား။ နင်ဟာလေ သမီးကို မပြောသင့်တဲ့စကားပြောတယ်။ မလိမ်သင့်တဲ့စကား နင်ပြောတယ်။ ခုဘယ်လိုလုပ်မလဲ။ ရှက်လိုက်တာ။ လူတွေကြည့်နေတယ်။ နင်သိလား။ ဖြစ်ရလေ တူမလေးရယ်။ မလူးမလွန့်ဖြစ်နေတဲ့ တူမလေးကိုမှ နင်က….“
ဆက်မပြောတော့ ရှိုက်ငိုတယ်။ ကျွန်မ နားထဲမှာ မလူးမလွန့်ဖြစ်နေတဲ့။ ဘုရားရေ မြ ဟာ။ မြ ဟာ စိတ်ဝေဒနာ တစ်ခုခုရှိနေခဲ့တာများလား။ မသန်းရီ ကိုကြည့်တော့
“ကျွန်မ မှားပါတယ် ကျွန်မမှားပါတယ်။ သမီး သမီးလေး။ “
မြက
“ဘာလို့ငိုနေတာလဲ အဖေ့ကို မစွတ်စွဲပါနဲ့နော်။ အဖေ မဟုတ်ဘူး အဖေမဟုတ်ဘူးလေနော်။ အဖေက သမီးကို သိပ်ချစ်တာ။ သမီးလိုချင်တာတွေလည်းဝယ်ပေးတယ်။ သမီးကိုလည်း ဂရုစိုက်တယ်။ သမီးကို ဘာမှမခိုင်းဘူး။ အမေမရှိတဲ့အခါမျိုးဆို သမီးကို ဖက်အိပ်တယ်။ သမီးကြောက်နေရင်လည်း ဖက်ထားပေးတယ်။ သမီးကို ချစ်လို့ဆိုပြီး ခဏခဏ နမ်းတယ်။ ပြီးတော့ ခဏခဏ“
“ဟာကွာ ခွေးမသား။ အဲဒီကောင်ကို သတ်“
“ဟုတ်တယ် ချ ချ။“
“လူမဆန်တဲ့ကောင်“
ကျွန်မ နားထဲမှာ ဘာမှမကြားတော့ပြီ။ မမသိမ့် ငိုပြီ။ လှဖူးလေးရှိုက်လို့နေပြီ။ အတန်းထဲက နွယ်နွယ်တို့ သူဇာတို့ရော ငိုလေပြီ။ ကျွန်မ ပါးပြင်ထက်မှာလည်း မျက်ရည်တွေ တာ ကျိုးသလို ဒလဟော စီးဆင်းကုန်ပြီ။ ဖြစ်ရလေ သမီးလေး မြရယ်။ အဖေ ငတ်လို့ အဖေ့ မေတ္တာကိုရပြီဆိုပြီး ဘာကိုမှ မသိ။ အမေ ပြောသမျှ မစဉ်းစား မသိနိုင်တော့တဲ့အထိ အဖေ့ မေတ္တာ ငတ်နေခဲ့ရသတဲ့လား မြ ရယ်။
မိုးတိမ်တို့ ပြိုလေပြီ။ အတားအဆီးမဲ့ ရွာသွန်းလိုက်တဲ့ မိုးက တိတ်များပင် မတိတ်တော့မယ့်အလား အငြိုးနဲ့ရွာလေပြီ။ မြ ကတော့ မိုးကောင်းကင်ထက်ကို မော့ကြည့်ရင်း စကားတစ်ခွန်းကိုသာ သွင်သွင်ပြောနေသံကို ကျွန်မ ကြားနေခဲ့ရတယ်။ မြ နုတ်ဖျားက တိုးတိုးလေးပြောနေတာ
“အဖေ မဟုတ်ဘူး အဖေ မဟုတ်ဘူး“ တဲ့။
မြ ပြောတဲ့ အဖေမဟုတ်ဘူးဆိုတာ အဖေ အရင်းမဟုတ်လို့ အဖေမဟုတ်တာကိုပြောတာလား။ ဘာကိုဆိုလိုနေခဲ့သလဲ မရေရာ။
သော်ဇင်၊လွိုင်ကော်၊
3 comments
Shar Thet Man
May 12, 2018 at 10:44 am
အာ့ကြောင့်ကြားဖူးတာ..ကိုသော်ဇင်ကို
Thint Aye Yeik
May 14, 2018 at 10:58 am
ရသ ရေးလက် … လူငယ်လက်သစ်တွေထဲမှာ
ကိုသော်ဇင်ကို
ကျနော် တော်တော် အားရ အားကျမိပါတယ်။
manawphyulay
May 17, 2018 at 1:53 pm
ဒီလိုစာတွေ မဖတ်ချင်ဘူး။ ရင်ထဲလည်းမကောင်းဘူး။ လက်ရေးပဲ အရမ်းတက်လာသလားသော်ဇင်ရယ်…