အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၁၈

kaiOctober 28, 20182min2150

MAGA vs MSM
အမေရိကား၏ သတင်း၊စာနယ်ဇင်း၊မီဒီယာသည် အခြေခံဥပဒေအရအကာအကွယ်ပေးထား၏။
Mainstream media (MSM)တို့ကို တိုက်ခိုက်၍ Fake News ပြောလေ့ရှိသော MAGA သမ္မတထရမ့်သည်ပင် ဥပဒေကြောင်းအရ တိုက်ရိုက်တရားစွဲအရေးယူခဲ့ခြင်းမရှိ။ သူ့အားရည်စူးထုတ်ပြန်သော သတင်းမီဒီယာကြီးများကို ပြန်လည်တုံ့ပြန်ရန် Fox News နှင့်လက်ယာယိမ်းမီဒီယာတို့ကို အပိုင်တွဲယူထားကာ လိုအပ်လျှင် ထိုမိတ်ဖက်မီဒီယာများထံမှ တိုက်ရိုက်အကြံဉာဏ် အကူအညီယူသည်အထိလုပ်နေခဲ့သည်။

ရုရှန်းတို့သည် မီဒီယာ/ဆိုရှယ်မီဒီယာတို့သုံး၍ ၂၀၁၆သမ္မတရွေးကောက်ပွဲကိုပင်ဝင်ရောက်စွက်ဖက်ခဲ့သည်။ သမ္မတအိုဘားမားနှင့် သမ္မတထရမ့်တို့မှ စီးပွားရေးပိတ်ဆို့မှုများချကာ အရေးယူသည်။
အမေရိကပြည် ဂရင်းကဒ်ကိုင်ထားသူ ဝါရှင်တန်ပို့စ် သတင်းသမား Khashoggi သည် တူရကီ နိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးအတွင်း အစဖျောက်သတ်ခံခဲ့ရသည်။ ထိုလူသတ်မှုအပေါ် ထရမ့်က “that is no excuse” ဟုပြောခဲ့သည်။ ဒေါ်လာဘီလီယံရာချီသော စီးပွားရေးအကျိုးစီးပွားကိုပင် ရင်းစားကာ ရီပိုတာတဦးဖက်မှ ရပ်တည်ပြောကြားရပေသည်။
မီဒီယာဟူသည် လူ့ယဉ်ကျေးမှုနှင့်အတူ အစဉ်ရှိနေတော့မည်ဖြစ်ပြီး သမ္မတကဲ့သို့ရာထူးများမှာမူ အချိန်တန် အိမ်ပြန်ကြရသည်မဟုတ်ပါလား။

၄မဏ္ဍိုင်နှင့် Checks and balances
ဒီမိုကရေစီအစိုးရတို့တွင် မဏ္ဍိုင်သုံးရပ်နှင့် Checks and balances ရှိကြကုန်၏။ အတိုက်အခံပါတီရှိသည်။ အားလုံးကို လွှမ်းခြုံ၍ စတုတ္ထမဏ္ဍိုင်မှ ဝေဖန်စောင့်ကြည့်အားပေးနေ၏။ သို့နှင့် မီဒီယာဟူသည် အခြေခံဥပဒေအရ အကာအကွယ်ရထားသော လုပ်ချင်ရာလုပ်ခွင့်ရှိသည့် စတုတ္ထမဏ္ဍိုင်လော။ မဟုတ်ပေ။
မီဒီယာနှင့် စာနယ်ဇင်းသမား၊ ရီပိုတာတို့တွင် Professional Ethics ရှိနေပါ၏။ Code of Ethics ကိုယ်စီထားကာ ကိုယ့်ပရိုဖက်ရှင်နယ်အပေါ် စောင့်စည်းကြရသည်။ မစောင့်စည်းလျှင် ထိုထို ပရိုဖက်ရှင်နယ်အလုပ်အား မည်သူမှ အယုံအကြည်ရှိမည်မဟုတ်။ သို့ဆိုလျှင် ပရို၏ ဘဝနှင့်အလုပ်ပြုတ်ခြင်းမည်သည်။

ထရမ့်မှ “မျက်လုံးကသွေးတွေထွက်ကုန်ပြီ”ဟုပင် ပြောဆိုခံ ပြဿနာဖြစ်ဖူးသူ မက်ဂမ်ကယ်လီသည် အောက်တိုဘာ သူမ၏ ရုပ်သံလွှင့်မှုတခုတွင် ယခု “Halloween၌ လူဖြူများ မျက်နှာဖုံးမဲတပ်သင့်သည်” ပြောဆိုသည့်ကိစ္စဖြင့် တောင်းပန်လိုက်ရသည်။ လူမျိုးရေးသပ်လျှိုခွဲစကား ဖြစ်သည်ဆိုကြ၏။ ယခုနောက်ဆုံးသတင်းအရမူ တောင်းပန်သော်လည်း မမှီလေတော့။ NBC မှ “Megyn Kelly Today” ထုတ်လွှင့်ခြင်းရပ်ဆိုင်းခံရကာ တနှစ် ဒေါ်လာ၁ရသန်းရသည့် အလုပ်မှပင် ရာသက်ပန်ထွက်ရမည့်ကိန်းဆိုက်လေပြီ။ ဤအဖြစ်ကား မီဒီယာသမားတို့အတွက် အပြန်အလှန်ထိန်းညှိကြခြင်း ဥပမာတခုပါပေ။
မီဒီယာသမားတို့ ထောင်ကျ၊အချုပ်ကျခံရသည်ကို ကြောက်လေ့မရှိ၊ တကယ်ကြောက်သည်မှာ မီဒီယာအလုပ် တာဝန်မထမ်းရတော့ခြင်းသာတည်း။
တကယ်တော့ ထောင်တန်းကျရသည်ဆိုခြင်းသည်ပင် မီဒီယာလောကတွင် ပါဝါတခုရ အဆင့်တဆင့်တက်ရသည့်အခြေအနေဖြစ်သွားနိုင်သည် မဟုတ်ပါလော။ ကျင့်ဝတ်စောင့်တည်သော ထောင်ကျရီပိုတာများအတွက် ဂုဏ်ပြုဆုတို့ စောင့်လျှက်နေပါ၏။

Check သည် ကြော်ငြာ
လွတ်လပ်သော မီဒီယာကို အဓိကထိမ်းကြောင်းနိုင်မှု Check သည် ကြော်ငြာ၊ တနည်းအားဖြင့် လုပ်ငန်းရှင်များဖြစ်ပေသည်။
လုပ်ငန်းရှင်များသည်မိမိတို့၏ ထုတ်ကုန်၊ ဝန်ဆောင်မှုတို့ကို မီဒီယာပေါ်တင်၍ လူအများစုကိုအသိပေးကြော်ငြာရပေရာ တနည်းအားဖြင့် ထိုထိုမီဒီယာသို့ လူထုကယုံကြည်မှုမရှိတော့လျှင် Customer လူဦးရေအတွက်လည်းနည်းလေတော့သဖြင့် ကြော်ငြာခြင်းလည်း ပြုကြမည်မဟုတ်။ ကြော်ငြာမှ ဝင်ငွေ Check မရှိလျှင် အဘယ်သို့သော လွတ်လပ်မီဒီယာသည် Balance ရှိရပ်တည်နိုင်အံ့နည်း။ သတင်းစာတိုက်စရိပ်၊ ပုံနှိပ်ထုတ်ဝေခ၊ သတင်းထောက်လစာ တို့ မိုးပေါ်ကကျမလာ။ လူ့ယဉ်ကျေးမှုသမိုင်းတလျှောက် ကြားခံစစ်စစ်ဖြစ်သော ငွေကြေးနှင့် လွတ်လပ်သောမီဒီယာသည် တိုက်ရိုက်အချိုးချထား/ကျနေပါ၏။

အစိုးရ/အဖွဲ့အစည်းတို့မှ ထောက်ပံ့သော မီဒီယာဟူ၍ရှိနိုင်သည်။ အမေရိကားတွင် (ဥပမာ)NPR ကဲ့သို့သော ရေဒီယိုသည် အစိုးရ၊ တက္ကသိုလ်၊ အမြတ်မဲ့အဖွဲ့အစည်း၊ ကွန်ဂရက်မှ ချပေးသော ရန်ပုံငွေတချို့ဖြင့် လည်ပါတ်ရသည်။ မလောက်ငှလျှင် လူထုဆီမှ တိုက်ရိုက်အသံလွှင့်အလှူခံသည်။ လုပ်ငန်းရှင်တို့က လှူကြ ငွေထည့်ဝင်ကြသည်။
အစိုးရမှ တိုက်ရိုက်ဝါဒဖြန့်သော မီဒီယာတို့လည်းရှိသည်။ အမေရိကားတွင် VOA, RFA အစရှိသည်တို့ဖြစ်၏။
၁၉၄၈ ကထဲက အမေရိကပြည်တွင်းနေ အမေရိကန်များသို့ အစိုးရမှဝင်ရောက်၍ ဝါဒသတင်းဖြန့်မှု ထိမ်းချုပ်ထားသည့်ဥပဒေ Smith–Mundt Act ရှိသော်ငြား ယခုအင်တာနက်ခေတ် ၂၀၁၂တွင် မလိုအပ်တော့၍ လျေ့ာချပစ်ခဲ့သည်။ ထိုမီဒီယာတို့သည် လူထုတို့၏ငွေကြေးရန်ပုံငွေပေါ် မှီခိုခြင်းမရှိသည့် အစိုးရဌာနများသာဖြစ်ပါသည်။

ဂျာနယ်လစ်၊ ရီပိုတာ၊ သတင်းထောက်၊ အထောက်တော်
တကယ်တော့ မီဒီယာသည် လူထုကိုအသိပေးခြင်း၊ အပြန်အလှန်ဆက်သွယ်ရလိုခြင်းတို့အတွက် ကြားခံတခုထဲအနေနှင့်ရပ်တည်နေခြင်းသာမက အစိုးရ အုပ်ချုပ်သူတို့ကို အကူအညီပေးနေခြင်းလည်းဖြစ်သည်။

အစိုးရယန္တယားအတွင်း အဂတိလိုက်စားမှုများ ဖေါက်ပြန်ချွတ်ယွင်းမှုများကို လူထုသိအောင် ချပြရင်း ဆိုင်ရာ ရဲ ထောက်လှမ်းရေးများသို့လည်း သတင်းစကား အစ,ထုတ်ပေးသွားခြင်းဖြစ်ပေသည်။ အစိုးရ၊ ကော်ပိုရေးရှင်း၊ လုပ်ငန်းကြီင်္းများ၏ ပွင့်လင်းမြင်သာမရှိသောလုပ်ရပ်၊ ကိန်းဂဏန်းများကို ဖွင့်လှစ်ဖေါ်ထုတ်ရသည်လည်းဖြစ်သည်။ အမှန်တရားရှာဖွေပေးရသည်လည်းဖြစ်သည်။ မီဒီယာသည် ဥပဒေကိုစောင့်ရှောက်ကြသူ အစိုးရဝန်ထမ်းများထက် လူထုအတွင်းဝင်ရောက် အလုပ်လုပ်ရပိုလွယ်၍ လူများဆီမှလည်း အကူအညီပိုရကြသည်မဟုတ်ပါလော။ အပြန်အလှန်အားဖြင့် ပြစ်မှုကျုးထားသူူများက အစိုးရနှင့်လူအများသို့ ပြောလိုရင်း ရင်ဖွင့်စကားတို့ကို လက်ဆင့်ကမ်းဖေါ်ပြပေးရာလည်း မဟုတ်ပါလော။

မန်မာ့ဂဇက်
မြန်မာ့ဂဇက်သည် မည်သည့်အစိုးရ၊အဖွဲ့အစည်းထောက်ပံ့မှုမျှ မပါသော လုပ်ငန်းရှင်အများစု၏ကြော်ငြာဝင်ငွေဖြင့် ရပ်တည်နေသည့်နှစ်သက်တမ်းရှည် မြန်မာ-အမေရိကန်ပုံနှိပ်မီဒီယာဖြစ်သည်။ မြန်မာတို့လက်ထဲ အရေအတွက်များများရနိုင်စေရန် အခမဲ့ဝေသည်။ အမေရိကပြည်တွင်း ဆိုင်ရာ မီဒီယာ၊ ဂျာနယ်လစ်စ်အဖွဲ့အစည်းများသို့လည်း အဖွဲ့ဝင်အဖြစ်ဝင်ထားကာ ဆိုင်ရာ Code of Ethics တို့ကို လေးစားလိုက်နာသည်။ သက်တမ်းကြာလာသည်နှင့်အမျှ လူထုအသံ ကိုယ်စားပြုအင်အားအခြေခံရှိလာသည်။ လာရောက် စော်ကားတိုက်ခိုက်၍ပွတ်တိုက်မှုဖြစ်တိုင်း တုံ့ပြန်တန်းညှိလိမ့်မည်မဟုတ်။ ဤသည်မှာ ပရိုကျင့်ဝတ်သက်သက်သာ ဖြစ်ကာ မီဒီယာသမားအဖြစ် တာဝန်ယူတာဝန်ခံသူ၏ သမိုင်းလည်းဖြစ်ပေသည်။

မီဒီယာတွင် Bias ရှိရာသလော?
ဘက်လိုက်မှုရှိရပါသည်။ ရှိလည်းရှိသင့်ပါသည်။ သို့မှသာ အတိုက်အခံနှင့်လူသားဆန်သော မီဒီယာဖြစ်လိမ့် တိုးတက်လိမ့်မည်။
အမေရိကားတွင် လက်ဝဲ( လစ်ဘရယ်-လွတြ်ပန့်စွဲ)နှင့် လက်ယာ (ကွန်ဆာဗေးတစ်-ရှေးရိုးစွဲ) မီဒီယာဟူ၍ ထင်ရှားရှိသည်။ နိုင်ငံရေးကိုလည်း ဒီမိုကရက်တစ်/ရီပါ့ဗလစ်ကန်င်ပါတီကြီး၂ခုမှ ဤသို့ပင်ခွဲထားပေရာ ဆိုင်ရာပေါ်လစီများတွင် လက်ဝဲလက်ယာ ယိမ်း၍ တိမ်းကစားကြရသည်။

Social media
တယောက်-ကြားပေါက်မီဒီယာ သာလျှင်ဖြစ်ပေသည်။ ထိုပုဂ္ဂလိကဆိုင်ရာ သတင်းစကား ဗီဒီယိုတို့သည် မီဒီယာကြီးများထက် တာသွားနေသည်တို့ရှိ၏။ ကြည့်သူဖတ်သူ အရေအတွက်အလိုက် ဆိုရှယ်မီဒီယာ မူလကုမ္ပဏီကြီးမှ ကြော်ငြာဝင်ငွေမျှပေးသည် ဖြစ်ပေရာ ပေါ်ပြူလာဖြစ်မှု/လူကြိုက်မှုတို့သည် ဆိုရှယ်မီဒီယာ မူလကုမ္ပဏီ၏ ပေါ်လစီ၊ ဆုံးဖြတ်မှုတို့နှင့်တိုက်ရိုက်သက်ဆိုင်နေသည်။ ယခုနှစ်ဧပြီလက Youtube မှ သူ့ချာနယ်အားဖြုတ်ပစ်ပါသည်ဆို၍ ဆန်ဒီယေးဂိုမြို့မှ Youtubeရုံးချုပ်ရှေ့ထိ မိုင်၄၀ဝကျော်ကားမောင်းသွားကာ သေနတ်ပစ်လုပ်ကြံသူ။ ကိုယ့်ကိုယ်ကိုယ်လည်း သတ်သေသူ စိတ်ပျက်သွားသည့် အမျိုးသမီးတဦးပင်ရှိဖူးသည်။ ဆိုရှယ်မီဒီယာတွင် ငွေကြေးများစွာသုံး ငှားရမ်းထားရသော ကျွမ်းကျင်သူ တတ်သိပညာရှင်/အယ်ဒီတာများက ကြီးကြပ်နေခြင်းမရှိသည်ဖြစ်၍ အမေရိကားရွေးကောက်ပွဲကို ရုရှားဝင်စွက်ဖက်သကဲ့သို့ အကောက်တုများဖွင့်ကာ စာဖတ်သူ/ကြည့်သူလူထုကိုလိုရာကို ပုံဖျက်ဖေါ်တင်ပြရင်း အရူးလုပ်ယူသွားနိုင်သည့်အချက်ကို အထူးသတိထား နားလည်ကြရလိ့မ်မည်။ ထို့အပြင်ဆိုရှယ်မီဒီယာတွင် ခုတင်၊ ခုတက် ဖေါ်ပြနိုင်ခြင်းတို့သည် ဆိုင်ရာတဦးချင်းစီ၏ စိတ်လှုပ်ရှားနေမှု၊ ဘာသာရေး၊ ယဉ်ကျေးမှု နိုင်ငံရေးတို့လွှမ်းမိုးသက်ရောက် အစွဲပါနေသည်လည်း တမုံ့။ ကျင့်ဝတ်တို့နှင့်လည်း လွတ်နေသဖြင့် တာဝန်ယူ တာဝန်ခံခြင်းလည်း အားနည်းလှသည်။ သို့သော်မှားလျှင် မှားသလောက် ဝင်ရောက်ဖြည့်စွက် ပြင်ပေး မှတ်ချက်ရေးသွားသူများလည်းရှိတတ်ပေရာ အသွားအပြန်ရှိအနာဂတ်မီဒီယာတနည်းဟုပင်ပြော၍လည်းရနိုင်သည်။

NLD vs MSM
မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံဥပဒေတွင်ပင်လုံလောက်စွာကာကွယ်ပေးထားခြင်းမရှိပါ။ ရိုက်တာရီပို့တာနှစ်ဦးကို အင်္ဂလိပ်ကိုလိုနီဘဝ အစိုးရလျှို့ဝှက်ချက်ဥပဒေနှင့် ရနှစ်အထိ ထောင်ချအပြစ်ပေးခဲ့ကြသည်။

Eleven Media ၏ စက်သုံးဆီဆိုင်ကိစ္စ၊ ကျောင်းကားများကိစ္စ၊ ပြည်သူရှယ်ယာကိစ္စတို့ကို တမျက်နှာစာသတင်းဆောင်းပါးဖေါ်ပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားစွဲ၍ ဂျာနယ်တိုက်ကို ရဲမှဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။ နုစ ဒီမိုကရေစီ NLDအစိုးရ၏ အဆိုပါလုပ်ဆောင်မှုကြောင့် မြန်မာ့သတင်းစာလွတ်လပ်မှုအဆင့် ဂျုံးဂျုံးကျသွားပေရာ သမ္မတ၏ညွှန်ကြားစာဖြင့် ပြန်ကယ် စွက်ဖက်ဆောင်ရွက်ရသည့်အခြေအနေပင်ရောက်ရသည်။
ထိခိုက်သည်ဆိုပါသဖြင့်တုံ့ပြန်လိုလျှင် အခြား ကိုယ့်ပါတီဖက်ယိမ်းသော မီဒီယာတို့မရှိလော၊ ပို၍ပင်အားကောင်းသော အစိုးရမီဒီယာ သတင်းစာများလည်းရှိနေသည်မဟုတ်လော။
မီဒီယာကို မီဒီယာနှင့်ရှင်းနိုင်သောအခြေအနေရှိသလို ဖြေလျော့ညှိနှိုင်းပေးနိုင်သော အဖွဲ့အစည်း၊ မီဒီယာကောင်စီတို့လည်းရှိနေသည်မဟုတ်လော။
လက်ပါရန်ကားမလို။

မြန်မာနိုင်ငံတွင် မီဒီယာကို အရေးယူ၍ရသော ရှေးအင်္ဂလိပ်၊အာဏာရှင် ဥပဒေများရှိနေသည်ကို လူထုတင်မြှောက်ထားသော အစိုးရက ဖြုတ်/ဖျက်မပြင်။ ဥပဒေပြုမဏ္ဍိုင် လွှတ်တော်သည် ထိရောက်သောလှုပ်ရှားမှုနည်းလှကာ ပါတီ၏အသံကိုနားထောင်၍ စည်းချက်တိုင်းတာ က,နေရသည်။ ပါတီသည် တိုက်ရိုက်ရွေးကောက်ခံ မဟုတ်၊ ပါတီတွင်းမှ လူသား၊ ပါတီဝင်များကသာ ရွေးကောက်ခံများဖြစ်၍ ဒီမိုကရေစီ၏သားတော်များလည်း ဖြစ်ကြပါ၏။ နိုင်ငံသားတို့သည် နိုင်ငံတော်၊ ပါတီ၊ အစိုးရနှင့် ရွေးကောက်ထားသူတို့ကို ခွဲသိရမည်။ သိကြပုံမရချေ။

သို့ဆိုသော် စိုင်းထီးဆိုင်၏ “တန်ရာတန်ရာ” သီချင်းသာ ဆိုညည်းကြည့်ရန်ရှိတော့သည်။
♫ ♬ဘယ်သူမဆို ♭♫ ကိုယ်တန်ရာပဲရမယ် ♪ ♩