Editorial, အယျဒီတာ့သငျပုနျး June 2019
Dress Code ဟူ၍ရှိသည်။
မည်သည့်အဝတ်အစားသတ်မှတ်ချက်ကို မည်သူက မည်သည့်အချိန်တွင်ဝတ်ဆင်ရမည်ဟူ၍ဖြစ်၏။ Uniform ဆို၍ဝတ်သည်။ အဖွဲ့အစည်း/အသင်းအဖွဲ့/ဂိုဏ်းဂဏဝင်များက ဝတ်ဆင်ကြရမည့် အဝတ်အစားစုံညီဖြစ်သည်။ ရိုးရာယဉ်ကျေးမှု ဓလေ့အဝတ်အစား ဘာသာရေးအဆင်အပြင် Culture/Religious clothing ပြဌာန်းသည်။ လူမျိုးနွယ်၊ ဘာသာရေးအုပ်စု နိုင်ငံသားတို့က ဆိုင်ရာဒေသရာသီထွက်ကုန်တို့နှင့်ကိုက်ညီအောင် တိုးတက်ပြင်ယူသတ်မှတ်လိုက်သည့် အထိမ်းအမှတ်ပြယုဂ်အဝတ်အစားဖြစ်သည်။
စားဝတ်နေရေးဟု ၃ပိုင်းဖြတ်လျှင် မြန်မာ့မူလတွင် “ဝတ်”ဟူသည် ဘဝနေထိုင်မှုအတွက် ၃ပုံတပုံအထိပင်အရေးကြီးအချိုး ရှိပါသည်။ တောင်းမှာအကွပ် လူမှာအဝတ်ဆိုထားသည်။ ခေတ်သစ်တွင် သန်း၈ထောင်ချီလာသော ကမ္ဘာလူဦးရေအတွက် ဖက်ရှင်နှင့်ဝတ်စားဆင်ယင်မှုသည် လူတဦးအား မျက်မြင်တိုက်ရိုက်ချက်ခြင်းဆုံးဖြတ်နိုင်ရာ First Impressions ထင်ရှားပေါ်တင် ဖြစ်ပြီမဟုတ်ပါလော။
အဝတ်အစားကို ဟီရိဩတ္တပ္ပလုံခြုံစေရေး၊ ရာသီဥတုနှင့်မျှတစေရေး၊ အသွင်သဏ္ဌာန်တင့်တယ်စေရေးတို့အတွက် ဝတ်ဆင်ကြရအဆင့်ထားခဲ့ကြသည်။ ယခုထိုမျှမကတော့ချေ။ ဝတ်စားဆင်ယင်မှုသည် ပုဂ္ဂလိကနှင့်ဆိုင်သည်။ မိမိအပေါ်ပထမထိတွေ့ဆုံးဖြတ်ခံရသည့် မူလဖြစ်၏။
အောင်မြင်သူတို့သည် အဝတ်အစားကို အထူးသတိထားကြသည်။ အောင်မြင်သည့်နိုင်ငံတို့ ဝတ်စားဆင်ယင် ဖက်ရှင်ကို အရေးတကြီးထားသတ်မှတ်သည်။
Formal wear, formal attire or full dress
မေလ၁ရက်နေ့က ဂျပန်နန်းပြောင်း ဧက္ကရာဇ်လဲခဲ့သည့်အခန်းအနားကျင်းပခဲ့သည်။
အမျိုးကြီးမြင့်လှပါသည်ဆိုကာ ဂုဏ်ယူသောဂျပန်တို့ အမျိုးသားဝတ်စုံ ကီမိုနိုကို ချွတ်ချခဲ့သည်မှာ မဲဂျီဧက္ကရာဇ် (၁၈၆၈-၁၉၁၂) လက်ထက်က,စသည်။ အစိုးရ၊နန်းတွင်းနှင့်စစ်တပ်မှာ အနောက်တိုင်းအဝတ်အစားသာဝတ်ဆင်ကြရန်ဥပဒေပင်ထုတ်ခဲ့သည်။ လူထုကိုလည်း ရိုးရာကီမိုနိုအစား အနောက်တိုင်းဝတ်စုံသာဝတ်ရန် တိုက်တွန်းလုပ်စေခဲ့သည်မှာ ယခု ၂၀၁၉နန်းပြောင်းအခမ်းအနားတွင်မူ ရိုးရာကီမိုနိုဝတ်ထားသည့် နိုင်ငံရေးသမား၊ နန်းတွင်းသားတယောက်ကိုမျှမတွေ့ရတော့ပေ။
ဗြိတိသျှမင်းသားဟာယ်ရီနှင့်မင်းသမီးမက်ဂန်တို့ မေလ ၆ရက်နေ့ကသားတော်လေးကို ဖွားမြင်ပါသည်။ အင်္ဂလန်နန်းတွင်းအဝတ်အစားနှင့်မရှိ။ ပုံမှန်အနောက်တိုင်းဝတ်စုံဝတ် မင်းသားဟာယ်ရီကိုသာရှိသည်။
မေလဆန်းက ထိုင်းဘုရင် ၏ ဘိသိက်ခံနန်းတက်ပွဲလုပ်ပါသည်။ ထို့နောက် မိဘုရားသစ်အားအဆောင်အယောင်ချီးမြှောက်ပွဲတွင် ဘောင်းဘီ၊ရူးဖိနပ်နှင့်စစ်ဝတ်စုံကိုဝတ်ဆင်ထားသော ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းကို တွေ့ကြရမည်။
ယဉ်ကျေးမှု နှစ်၃၀၀ဝကျော်ခရီးဖြတ်ခဲ့သော ချိုင်းနားပြည် ပါတီကွန်ဂရက်အစည်းအဝေးကြီး၌ပင် အနောက်တိုင်းအဝတ်အစား တူညီဝတ်ဆင်ထားကြသည့် ကိုယ်စားလှယ်ပါတီဝင်ကွန်မြူနစ်များသာတည်း။ ချိုင်းနားသမ္မတ ရှီကျင်ပင်း အနောက်တိုင်းအဝတ်အစားနှင့်သာသွားလာနေပါသည်။
အာဆီယံနိုင်ငံများထိပ်တန်းအစည်းအဝေး ASEAN Summit တွင်လည်း (မြန်မာသမ္မတဦးဝင်းမြင့်အပါအဝင်)အပြည်ပြည်ဆိုင်ရာနိုင်ငံရေးခေါင်းဆောင် ယူနီဖောင်းဝတ်များသာပါ။
The dress code policy
လူသားသည် လူယဉ်ကျေးမှုအစောပိုင်းခေတ်များကထဲက ဖက်ရှင်/အဝတ်အစားကို စနစ်တကျပြင်ဆင်ပြောင်းခဲ့ကြသည်။
ဆိုင်ရာဒေသ လူမျိုးအသီးသီး၏ Dress Code ကိုယ်စီရှိကြပါ၏။ သို့သော် ၂၁ရာစုလူသားနှင့်အဆင်အပြေဆုံးဖက်ရှင်ကား အဘယ်နည်း?
မြန်မာတို့လည်း ပြောင်းခဲ့ကြသည်။ မြန်မာအင်ပါယာဟူ၍ထင်ရှားရှိခဲ့သော သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်က ဘုရင်/နန်းတွင်းသားနှင့် တိုင်းပြည်လူထု၏အဝတ်အစားမတူ ပြတ်သားစွာခွဲခြားထားပြီး ဆင်သည်/တူသည်ဆိုကရာဇဒဏ်သင့်အရေးယူသည်အထိ ရှိခဲ့သည်။ ၁၈၉ဝကဓာတ်ပုံအထောက်အထားအရ ယောင်ထုံး။ ခေါင်းပဝါစည်း။ ရင်ဖွင့်သားမွေးအင်္ကျီနှင့်တောင်ရှည်ပုဆိုးဝတ် မြန်မာကြီးကိုမြင်ကြရသည်။ အင်္ဂလိပ်ကိုလိုနီခေတ်နှောင်း၁၉၃ဝလောက်က
မြန်မာနိုင်ငံတွင်းသို အခြားတိုင်းသားပြည်သူတို့ဝင်ရောက်များလာသည်နှင့်အမျှ မြန်မာတို့၏အမျိုးသားဝတ်စုံကိုလည်း ခေတ်နှင့်ညှိပြင်ခဲ့သည်ကိုတွေ့ရသည်။ ထိုအမျိုးသားဝတ်စုံအား ထူးကဲထွေပြားပြင်ဆင်ခြင်းမရှိမူပဲ နှစ်၁၀ဝခန့် ယခုထိ မြဲနေသည်ကိုသတိထားမိသည်။
ခေါင်းစည်းပုဝါပတ်မှ ခေါင်းထုတ်။စက္ကူ၊ကြိမ်မှသည် ဝါးနှီးခံခေါင်းပေါင်းနှင့် အတွင်ဘိုကေခေါ်သော ကမ္ဘာသုံးဆံပင်ပုံဟန်။ အတွင်းရှပ်အင်္ကျီအဖြစ် ၁၉၂ရခုနှစ်တွင် အမေရိကနယူးယောက်မှတီထွင်ချုပ်လုပ်သော Grandad Collar Shirt( ကော်လာအပေါ်ထိ ကြယ်သီးတပ် ကော်လာကတုံးရှပ်)။ အပြင်ဝတ်မှာမူ ချိုင်းနီးစ်အမျိုးသားဝတ် Tangzhuang အဝတ်ကြယ်သီးထုံးနှင့်တိုက်ပုံ။ ထို့နောက်အိန္ဒိယ/မလေးသားများ၏ လုံခြည်(ပုဆိုး) ကိုပတ်ဝတ်ကြသည်။ ခြေနင်းကား မန္တလေးကတ္တီပါဖိနပ်(ခြေချောင်းမြင်/နောက်ဖိနောင့်ပွင့်) ညှပ်ဖိနပ်တည်း။
Dress for success. First impressions matter
အမျိုးသမီးများအတွက် ဖက်ရှင်သည် ဧရာမ စီးပွားရေးဈေးကွက်ကြီးဖြစ်ပေရာ အမျိုးသားဝတ်စုံ အမှတ်ထား အထူးတလည် တို့ထိရန်မလိုပေ။
အမျိုးအစုံဝတ်ပါ။ လှအောင်စမတ်ကျအောင်သာဝတ်ဆင်ကြပါ။ နိုင်ငံရပ်ခြားမှလာသူတို့သည် ထိုထိုနိုင်ငံရောက်ကြပါလျှင် ထိုနိုင်ငံသားအမျိုးသမီးတို့၏နေ့စဉ်အဝတ်အစားဆင် အလှအပြင်ကို ထိုထိုနိုင်ငံ၏ စီးပွားရေး။ ယဉ်ကျေးမှုတို့နှင့်နှိုင်း၍ အဦးဆုံး ကြည့်ကြဆုံးဖြတ်ပါ၏။ နိုင်ငံ၏ First Impressions ပထမဆုံးဖြတ်ချက်ကျရာဖြစ်ပါ၏။ ကျောင်းသူ။ဆယ်ကျော်သက်မှသည် အလုပ်သမ။ဝန်ထမ်းအမျိုးသမီးများအထိ Dress Code အလွန်အရေးကြီးသည်။ တန်ဖိုးကြီးဆန်းထွင်နေရန်မလို။ သေသပ်စမတ်ကျဖို့ရန်သာ လိုပါသည်။ ထမီအဝတ်များလာလျှင် မြန်မာချည်ထိုးပိုးယက်ထည်လုပ်ငန်းတို့တိုးတက်လာပေမည်။ ဘောင်းဘီ/စကပ် ဖက်ရှင်အဝတ်များလျှင် ဖက်ရှင်ဒီဇိုင်းနာများ အလုပ်အကိုင်အခွင့်အလန်း ပွင့်ပေမည်။ အမျိုးသမီးတို့၏မူလ ဘဝပေးတာဝန်မှာလှပသေသပ်စမတ်ကျစွာ ဆွဲဆောင်နိုင်ရန် ဖြစ်ရကား ခန္ဂာကောက်ကြောင်း အရွယ်လုံးပေါ်စေသည့် ဖက်ရှင်အဆင်အပြင် လိုပါသည်။ မြန်မာအမျိုးသမီးတို့သည် “ဝတ်”အတွက် မိမိဝင်ငွေ၏ ၁ဝရာခိုင်နှုန်း+ သုံးသင့်သည်။
Globalization ခေတ်ကမ္ဘာအနှံ့ အခုသွား ဒီနေ့ရောက်ခေတ်ဖြစ်ရာ မြန်မာအမျိုးသားနှင့်ယဉ်ကျေးမှုနေရန် လိုပါသလော?
မိမိနိုင်ငံ၏ ဟီရိဩတ္တပ္ပသည် အခြားလူမျိုးအမြင်အတွက် ရိုင်းပွင့်နေသည်လည်းဖြစ်နိုင်သည်။
ထင်ရှားပြရလျှင် မြန်မာတို့ပွဲနေပွဲထိုင်ဝတ်သော မန္တလေးကတ္တီပါဖိနပ်သည် ခြေချောင်းမြင်/ဖိနောင့်ပွင့်ဖြစ်ရာ ကမ္ဘာ ပွဲနေပွဲတက်အမြင်အရတွင်ရိုင်းသည်။
လူကြားတွင် ပုဆိုးဖြန့်ပြင်ဝတ်ခြင်းသည်လည်း ဘေးလူတို့ကိုမသက်မသာဖြစ်စေသည်။
အမျိုးသားတို့ အရွယ်ရောက်လာသည်နှင့် ထွက်လာသောအတွင်းဗိုက်ပူကို ခါးပုံစပါသိမ်း၍ တိုက်ပုံကြယ်သီးအပြည့်တပ် တင်းကြပ်တုတ်နေခြင်းက ခန္ဂာအချိုးမကျ ဗိုက်ထုတ်ပြသလိုဖြစ်နေသည်။
သာမန်အားဖြင့် အရပ်အမောင်းပုပြတ်တုတ်ခိုင်သည် မြန်မာအမျိုးသားကိုယ်လုံးအနေအထားတွင် ပုဆိုးဝတ်ပတ်လိုက်ခြင်းသည် ဖက်ရှင်အမြင်အရ တိုင်ကီအဝတ်ပတ်ဟန်ကျနေကာ အဆင်မပြေပါချေ။
ပါလီမန်ဒီမိုကရေစီခေတ်က ဤသည်တို့ ရိုင်းတတ်မှန်းသိ၍ ရှူးဖိနပ်ကောက်စွပ်သည်လည်း ရှိသည်။ ပြင်ဖြန့်ဝတ်ရန်မလိုအောင် လုံချည်ကို ခါးပတ်ကောက်ပတ်လိုက်သည်လည်းဖြစ်ခဲ့၏။
မြန်မာအမျိုးသားတို့မှာ နှစ်ရာချီသက်တမ်းရောက်လာပြီဖြစ်သည့် အမျိုးသားဝတ်စုံကို ပြင်ကြရန်အချိန်ဖြစ်ပါသည်။
မကြာမတင်စစ်အစိုးရခေတ်များက မိမိ၏အမျိုး/နိုင်ငံကို ကမ္ဘာမှသိသာ သတိထားမိစေရန်ရည်ရွယ်၍ မြန်မာဟူသော အိုင်ဒတတီကို ထင်ရှားစေရန် အနောက်နိုင်ငံများတွင်ပင် တိုက်ပုံပုဆိုးဝတ်ပြခဲ့ကြပါ၏။
မဟတ္တမဂန္ဒီသည် ရိုးရာအဝတ်ဝတ်၍ ချည်ငင်ယက်သော လက်မှုလုပ်ငန်းကိုအားပေးကာ ဝံသာနုကန်င်ပိန်းလုပ်ပြီး လူထုကို အနုနည်းနှင့်အင်္ဂလိပ်ကိုတော်လှန်ရန်စည်းရုံးခဲ့သည်။
အမျိုးသားရေးဝတ်စုံသည် တော်လှန်သောအချိန်၌(သာ) အသုံးတည့်ပါသည်။ ယခု ရပ်ရတော့မည့်အချိန်ကျပါပြီ။ ပုဆိုးများချွတ်လိုက်ပါ။ အဝတ်ပတ် ခြေတုပ်ထားခြင်းသည် ယခုခေတ်၏ နေ့စဉ်အလုပ်အကိုင်တို့နှင့် အဆင်မပြေပါချေ။
ပွဲသွားပွဲထိုင်တို့တွင် ကမ္ဘာ့နိုင်ငံရေး/စီးပွားရေးသမားတို့၏ ကမ္ဘာသုံးယူနီဖေါင်းဖြစ်လာသည့် အနောက်တိုင်းဝတ်စုံ စနစ်တကျဝတ်ဆင်ပါ။
မြန်မာရာသီဥတုနှင့်မကိုက်ညီထင်လျှင် အပါးဝတ်ပါ။ အဝတ်ပါးနှင့် ကုတ်ကို တီထွင်ပါ။ အဲယားကွန်းဖွင့်ပါ။ ပါတ်ဝင်းကျင် အခန်းတွင်း လေထုကိုအေးအောင်မှ မလုပ်နိုင်လျှင် နိုင်ငံစီးပွားရေး တိုးတက်အဆင့်ကို မမှန်းပါလင့်
ကမ်ယာမြေပုံကြည့်ပါ။ ဥတုရာသီအေးသည် လူတို့၏တိုးတက် ချမ်းသာခြင်းကို တိုက်ရိုက်ကိုယ်စားပြုပါသည်။ သဘာဝလေထုအေးများမလာလျှင် လေများကိုအေးချမ်းအောင်လုပ်ပါ။
ရိုးရာဝတ်စုံဟူသည် အစဉ်ပြောင်းလဲနေပါသည်။ အနောက်တိုင်းဝတ်စုံတို့၏မူလ အနောက်တိုင်း US, UK, Europe တိုင်းသားတို့၏ရှေးနှစ်၁၀ဝ နိုင်ငံရေးသမား ကွန်ဂရက် ပါလီမန်တို့တွင်းဝတ်ဆင်ကြပုံသည်ပင် ရှေးကကဲ့သို့ မဟုတ်မူ ပြောင်းနေသည်ကို သမိုင်းကြည့်သိနိုင်သည်။ အားကစားဝတ်စုံနှင့်ချိန်ဆ ပေါ့ပါးသုံးလွယ်အောင် ဦးစားပေးပြင်ယူနေကြသည်။ ယခုခေတ်မှာမူ အင်တာနက်ကျေးဇူးဖြင့် လူတိုင်း ဒိဗ္ဗစက္ကုရကုန် ကြပေရာ အထူသဖြင့် ကမ္ဘာ့နိုင်ငံရေးသမားများ တန်းညီဝတ်ဆင်လာသည်ကို တွေ့ကြရမည်။ ကမ္ဘာ့နိုင်ငံရေး၏ ဝတ်စားမှု သတ်မှတ်ချက် တပါးတည်း။
မြန်မာတို့ ကမ္ဘာ့တန်းဝင်လိုလျှင် လွှတ်တော်တွင်း ဝတ်စားဆင်ယင်မူများကိုလည်း ကမ္ဘာနှင့်တန်းညှိရမည်။ ကမ္ဘာစီးပွားရေးအင်အားအကောင်းဆုံး ၁-၂-၃-၄-၅ တို့၏နိုင်ငံရေးသမားတို့အတိုင်း အနောက်တိုင်းဝတ်စုံ တပြေးညီဝတ်ဆင်သင့်သည်။
ကမ္ဘာနှင့်အညီ ဝတ်ဆင်လိုက်ခြင်းဖြင့် ကိုယ်၌ဆီက အတွင်းစိတ်မသိစိတ်တို့ စမတ်ကျကာ ခန့်ညားလာသည်ကို ခံစားကြည့်မိသိပါမည်။ ယူနီဖောင်း၏ဆွဲအားကို ခံစားနိုင်ပါလိ့မ်မည်။
ပြင်ဝတ်လိုက်စို့ သူငယ်ချင်း။ ။